(သရော်စာ)
“ရန်ကုန်မှာ နေတဲ့ ကျနော် ဗုံးရှောင် ဗုံးခိုကျင်းတွေ တူးရတော့မလား” လက်ဖက်ရည်ဆိုင်မှာ ဆွေးနွေးတော့ မိတ်ဆွေများက သဘောမတူကြောင်း မဲပေးကြသည်။
ကျနော်က လက်မခံ။
စစ်မီးက ရန်ကုန်ကို ကူးစက်နေပြီဟု ရှင်းပြရသည်။
စစ်ကောင်စီက စစ်ဘောင်ချဲ့ပြီး တိုင်းရင်းသား စီးပွားရေးသမားတွေ၊ ဆန်ဆီ ကုန်သည်တွေ အပြင် နောက်ဆုံး ဘဏ် ၇ ဘဏ်ကိုပါ အရေးယူသည့် ကိစ္စကို ရည်ညွှန်းကြောင်း။
ထိုသို့ ပြောလိုက်မှ မိတ်ဆွေများက သဘောတူ ခေါင်းညိတ်ကြသည်။
“ပြေးလိုက်ကြတာ သကောင့်သားတွေ”
တယောက်က ပြောသည်။
စီးပွားရေးသမားတွေလည်း ဝရမ်းပြေးတွေ ဖြစ်။ စိန်ဂေဟာ၊ City Mart နဲ့ ဂျပန် တယောက်ကိုတောင် ဖမ်းလိုက်သေး။
“မလုပ်ရဲတာ ဘာမှ မရှိဘူး…”
တယောက်က ဝင်ပြော…
“အိမ်ရာ ချေးငွေ ပိုချေးလို့ အရေးယူတာ ရိုးမ၊ UAB ၊ ဧရာ၊ MCB တို့ပါပြီး KBZ ကျတော့ မပါပါလားဗျ”
“သူက Untouchable လေဗျာ…သူက တပ်ချုပ် အပါအဝင် အဘတွေ အားလုံးကို သူ့ရဲ့ အိတ်ကပ်ထဲမှာ ထည့်ထားတာ…”
“ဒါဆို သတိ မကိုင်ရ ဆိုပါတော့”
ပေါ့ကျ သောက်ရင်း ဝင်ပြောလာသူက A Bank မှာ စာရေးကြီး။
“သတိ မကိုင်ရ” ဆိုပေမယ့် KBZ အုပ်စုက Sean Turnell ကို ခြိမ်းခြောက်တာတွေကို တရားစွဲမယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါလား…။
ရှောင်ကြီးလည်း ထောင်ထဲကနေ မြန်မြန် လွတ်လို့နော်…ဒါမှမဟုတ်ရင် သူ့ကို ထောင်ထဲမှာပဲ မုန့်ဟင်းခါး ကျွေးချင်တဲ့ Banker ကြီးတွေ ရှိတယ်နော်…ပြေးပေါက် မှန်သွားလို့…။
ကျနော်က “နင်တို့ A ဘဏ်လည်း မထိပါလား”
“ဘောစိက ပိုင်တယ်ဗျ…စရဖ ကို ခွန့်ထားတာ…ပေါင်းတတ် သင်းတတ်၊ အဘတွေက သူ့ကို မျက်စိကျတယ်ဗျ။ ဒါကြောင့် ဒီလိုမျိုး ဆန်သမားကြီးတွေကို မဖမ်းခင်မှာ သူ့ကို ရန်ကုန်က စရဖ အရာရှိတွေက ကြိုသတင်းပေးပြီး ရှောင်ခိုင်းတာ၊ ဘန်ကောက်ကို ခဏပြေးတယ် ကြားတယ်…”
ဧရာဝတီတိုင်းမှာ ဧရာဟင်္သာ ကုမ္ပဏီ ထောင်ခဲ့သူ။ ဆန် တင်ပို့ရာမှာ ထိပ်ဆုံးက။ ဒါပေမယ့် အာဏာပိုင်သူများက သူ့ကို မထိပါ။ ထူးဆန်းတယ်နော်…။
ကျန်တဲ့ သူဌေးတွေတော့ ပြေးကုန်ကြပြီ။
မြောက်ပိုင်း စစ်ပွဲက ရန်ကုန် ဆင်းလာတယ်လို့တောင် ပြောနေကြသည်။
ဒီကောင်တွေ (စကစ ကို ဆိုလိုပုံ ရသည်) ငါတို့ကိုပါ လာပြီး ရန်ရှာနေတယ် ဟု ရန်ကုန် စီးပွားရေး အုပ်စုက ပြောနေကြသည် ဆိုပဲ။
အဲဒါ ရဲဝင်းဦး အမိန့်ပေးတာ လို့လည်း ပြောနေပါလား။
ဒီကောင်ကတော့ သူ့အဘ ခိုင်းတာ အကုန်လုပ်နေတာ ဆိုတော့။
တယောက်က ဝင်ပြောသည်။
ကျနော်က လက်ကျန် လက်ဖက်ရည်ကို မော့လိုက်ပြီး…
ဂျပန်ကြီး တယောက်လည်း ထိသွားတယ်နော်…
ဘေးမှ သူငယ်ချင်းက “ဒီ မအလ က ခုနစ်ရက် သားသမီးကို နေ့စဉ် ဒုက္ခပေးရမှ ကျေနပ်တာ…စားဝင် အိပ်ပျော်တာကွ…ဒါမှ တကယ့် အာဏာရှင် အစစ်…လက်နက်ကိုင် အနိုင်ကျင့်ပြီး…ခုနစ်ရက် သားသမီးကို အမျိုးမျိုး ဒုက္ခပေးတဲ့သူ…”
စကားအဆုံးတွင် ဝိုင်းမှာ ဆဲရေးသံများက စီခနဲ ပေါ်လာသည်။ ထည့်ရေးလို့ မကောင်းပါ။
မြန်မာ့ စီးပွားရေးကို အပြီးတိုင် ယိုင်လဲအောင် လုပ်နေတာ အဲဒီ အဘတွေပဲကွ…
ကျနော်က စကားကို အဆုံးသတ်လိုက်သည်။
မိတ်ဆွေများက ခေါင်းတညိတ်ညိတ်…။
ဟိုလူ့ သတင်းရော ကြားပြီးပြီလား…
အားလုံးက A Bank စာရေးကြီးကို ကြည့်ကြသည်။
ဦးသိမ်းဝေလေ…ရိုးမ ဘဏ်က…
ကျနော်က…Serge Pun လား…
ဟုတ်ပ…သူ့ကိုတော့ နေပြည်တော်မှာ ခေါ်စစ်တယ် ကြားတယ်…ပြန်လွတ်လာပြီး အူကြောင်ကြောင် ဖြစ်သွားတယ် ကြားတယ်…။
လွန်ခဲ့သော ၁၀ နှစ်ခန့်က ကျနော်ဟာ ၁၀၀ ရာခိုင်နှုန်း Clean ဖြစ်ပါတယ်…သန့်ရှင်းပါတယ် လို့ နိုင်ငံခြား မီဒီယာကို ကြွားခဲ့သူ…။
မကြာသေးခင်ကပဲ စစ်ကောင်စီ ဘက်က ခုခံ ပြောဆိုခဲ့သူ…။
ဒါ့အပြင် NLD အစိုးရ လက်ထက် ရန်ကုန် မြို့သစ် စီမံကိန်းမှာ စာရင်းဇယားတွေကို လိမ်လည်ပြီး သူ့အိတ်ထဲ ထည့်ခဲ့သူ…။
သူ့ဆီမှာ အတွင်းရေးမှူး လုပ်ဖူးသူက ဖွင့်ဟ ဝန်ခံခဲ့ဖူးတာကို အမှတ်ရသွားမိသည်။
အခု သူက လွတ်သွားပြီလား…
တယောက်က ဝင်မေးသည်။
ဘေးမှ မိတ်ဆွေက “ငါတော့ မကြားမိပါဘူး…Heart Attack နှလုံးရောဂါတောင် ရသွားတယ် ကြားတယ်…ဆေးရုံမှာလို့ ကြားတယ်…”
“စကစ က ကျောသား ရင်သား မခွဲဘူးနော်…”
ကျနော်က ဝင်နှောက်သည်။
KBZ တို့ CB တို့ A တို့လည်း မထိဘူး…
ဒါဆို အောင်ပြည့်စုံ တို့၊ သီရိသက်ညွန့် တို့ရော…
သူတို့က ပြေးရင် ဘန်ကောက်မှာ ဝယ်ထားတဲ့ ဒေါ်လာ သန်းကျော်တန် ကွန်ဒိုမှာ နေကြမှာပေါ့…
ဦးသိမ်းဝေ ကျတော့ ပိုက်ဆံတွေ အပြင်ကိုထွက်မှာ စိုးလို့ ထိန်းတာဆို…
မိတ်ဆွေက ဝင်ထောက်သည်။
အစိုးမရတဲ့ ခေတ်ကြီးမှာ အစိုးရတာ မရှိဘူး…
ဝင်ပြောလိုက်ပြီး လက်ဖက်ရည်ဖိုး ပိုက်ဆံ ရှင်းဖို့ ခေါ်လိုက်သည်။
ဒါကြောင့် ပြောတာ စစ်မီးက ရန်ကုန်ကို ကူးနေပြီလို့…
လက်ဖက်ရည်သောက်သူ မိတ်ဆွေများ သဘူတောကြပါသည်။
မြောက်ပိုင်းမှာတော့ ခွာစစ်ကနေ ပြေးစစ်ကို ရောက်နေပြီ။
ရန်ကုန်မှာလည်း စီးပွားရေးသမားတွေကြား၊ ခရိုနီတွေကြား စစ်ကြောရေးမှာ နေနည်း၊ ဖြေနည်း၊ ချော့နည်းများ အပြင် ပြေးပေါက် ရှာနေကြသည်။
ပြေးနိုင်မှ လွတ်မယ်နော်… ပြေးနိုင်မှ …။ ။