မြန်မာမှ ထွက်ပြေးရမည်ကို အက်စ်တယ်လီ သိနေသည်။ အာဏာကို စိန်ခေါ်သောသည့် လက်နက်ကိုင် အဖွဲ့အစည်းအမျိုးမျိုးကို တိုက်ရန် တပ်အင်အား ဖြည့်တင်းရေးအတွက် အတင်းအကျပ် စစ်သားစုဆောင်းခြင်း စတင်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားပြီး အတင်းအကျပ် စစ်တိုက်ခိုင်းမည်ကို သူကြောက်နေသည်။
သူ၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန် အမည်ပြောင်းထားသည့် ထိုအစိုးရဝန်ထမ်းဟောင်းသည် အတင်းအကျပ် စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလတွင် ကြေညာပြီး ဧပြီလတွင် စတင် အကောင်အထည် ဖော်သောအခါ နေအိမ်များကို စွန့်ခွာခဲ့သူ လူထောင်ပေါင်းများစွာတွင် ပါဝင်သည်။
အချို့သူများသည် ၎င်းတို့၏ အသက်များကို ရင်းကာ တောတောင်များနှင့် မြစ်များကို ဖြတ်သန်းပြီး စာရွက်စာတမ်းမပါဘဲ အိမ်နီးချင်းနိုင်ငံများသို့ ဝင်ရောက်ကြသည်။ တရားဝင်လမ်းကြောင်းများမှ ထွက်ခွာရန် အလွန်ခက်ခဲအောင် စစ်တပ်က လုပ်ထားသောကြောင့် ထိုသို့ စာရွက်စာတမ်း မပါခြင်းဖြစ်သည်။ အချို့သည် စစ်ကောင်စီကို တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသော ဒေသများသို့ ထွက်ပြေးကြ၊ လက်နက်ကိုင်အဖွဲ့စည်းများသို့ ဝင်ရောက်ကြသည်။
ကျယ်ပြန့်သော ဆန္ဒပြပွဲများဖြစ်စေသည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် အပြင်းထန်ဆုံး အကျပ်အတည်းနှင့် စစ်ကောင်စီ ရင်ဆိုင်ရချိန်၌ ထိုသို့ အလုံးအရင်းဖြင့် ထွက်ခွာမှုများ ဖြစ်နေသည်။
ရက်စက်ကြမ်းကြုတ်သော ဖြိုခွဲမှုနှင့် ရင်ဆိုင်ရသည့် လမ်းမပေါ် ဆန္ဒပြပွဲများသည် လက်နက်ကိုင် ခုခံတော်လှန်မှုကို ဖြစ်စေပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် အင်အားစုသစ်များသည် မြန်မာမှ ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုသည့် တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားနှင့် ပူးပေါင်းကြပြီး စစ်တပ်အတွက် ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံးစိန်ခေါ်မှု ဖြစ်လာသည်။
အာဏာသိမ်းပြီးနောက်တွင် အမျိုးသမီး ၁,၀၀၀ ကျော်အပါအဝင် လူ ၅,၀၀၀ ကျော် သတ်ဖြတ်ခံရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောသည်။ လူ ၃ သန်းခန့်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
အက်စ်တယ်လီသည် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သောကြောင့် ပြည်ပသို့ သွားလာခွင့် ပိတ်ပင်ကန့်သတ်ခံထားရပြီး နိုင်ငံမှ ခိုးထွက်ရသည်။ သူနှင့် သူငယ်ချင်းတဦးသည် မော်လမြိုင်မှ ကားဖြင့် ထိုင်းနယ်စပ်သို့သွားရန် ဒေါ်လာ ၂၈၀ ခန့်နှင့် ညီမျှသည့် မြန်မာကျပ်ငွေပေးရပြီး နယ်စပ်ရောက်သောအခါ ၎င်းတို့ကို သောင်ရင်းမြစ် ဖြတ်ကူးခိုးသွင်းပေးမည့် မှောင်ခိုသမား ငှားရသည်။
အက်စ်တယ်လီသည် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သောကြောင့် ပြည်ပသို့ သွားလာခွင့် ပိတ်ပင်ကန့်သတ်ခံထားရပြီး နိုင်ငံမှ ခိုးထွက်ရသည်။ သူနှင့် သူငယ်ချင်းတဦးသည် မော်လမြိုင်မှ ကားဖြင့် ထိုင်းနယ်စပ်သို့သွားရန် ဒေါ်လာ ၂၈၀ ခန့်နှင့် ညီမျှသည့် မြန်မာကျပ်ငွေပေးရပြီး နယ်စပ်ရောက်သောအခါ ၎င်းတို့ကို သောင်ရင်းမြစ် ဖြတ်ကူးခိုးသွင်းပေးမည့် မှောင်ခိုသမား ငှားရသည်။
“ကျမတို့ မသိတဲ့ အမျိုးသားတယောက်နဲ့ ခရီးသွားနေတာ ကျမတို့ မိန်းကလေး နှစ်ယောက်တည်း” ဟု အက်စ်တယ်လီက ပြောသည်။ “ကျမတို့ အဖမ်းခံရတာ ဒါမှမဟုတ် လူကုန်ကူးခံရနိုင်တယ်” ဟု ပြောသည်။
အသက် ၃၆ နှစ်ရှိပြီ ဖြစ်သောကြောင့် အတင်းအကျပ် စစ်သားစုဆောင်းသည့် အသက်ကန့်သတ်ချက်ထက် ကျော်လွန်နေသော်လည်း ၎င်းတို့သည် စွန့်စားကြသည်။ အတင်းအကျပ် စစ်သားစုဆောင်းသည့် ကြေညာချက် ထွက်လာပြီး ကနဦးနေ့များတွင် စစ်ကောင်စီက ၎င်းတို့သည် အမျိုးသမီးများကို လတ်တလော ကင်းလွတ်ခွင့်ပြုမည်ဟု ပြောသည်။
သို့သော် အက်စ်တယ်လီသည် နေရပ်ပြန်တော့မည် မဟုတ်ပေ။ “အဲဒါတွေက အပြော သက်သက်ပဲ။ ကျမတို့ကို ဒုက္ခရောက်အောင် သူတို့ ဘယ်တော့လုပ်မယ်ဆိုတာ ကျမတို့သိရမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အရပ်သားဒေသများတွင် လေကြောင်းနှင့် အမြောက် အလွန်အကျွံအသုံးပြုခြင်း အပါအဝင် စနစ်တကျ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည်ဟု စစ်ကောင်စီကို အနောက်နိုင်ငံများက စွပ်စွဲသည်။ ထိုစွပ်စွဲချက်များကို စစ်ကောင်စီက သတင်းမှားများအဖြစ် ပယ်ချပြီး အကြမ်းဖက်သမားများကို ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု ပြောသည်။
ဧပြီလကုန်တွင် လူ ၅,၀၀၀ ခေါ်ယူပြီး နှစ်ကုန်လျှင် လူ ၆၀,၀၀၀ ခေါ်ယူရန် စီစဉ်ထားကြောင်း စစ်ကောင်စီက ပြောသည်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ အကျုံးဝင်ပြီး ဆရာဝန်ကဲ့သို့သော ပညာရှင်များတွင် အမျိုးသားများကို အသက် ၄၅ နှစ်နှင့် အမျိုးသမီးများကို အသက် ၃၅ နှစ်အထိ ခေါ်ယူမည်ဖြစ်သည်။
အတင်းအကျပ် စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ပြီးနောက် အမျိုးသမီးများနှင့် မိန်ကလေးများ လူကုန်ကူးခံရမှု တိုးလာသည့် သတင်းများကို အမျိုးသမီးအခွင့်အရေးအဖွဲ့များ ရနေကြောင်း ဇူလိုင်လတွင်း ထုတ်ပြန်သည့် အစီရင်ခံစာတစောင်တွင် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ တွမ်အင်ဒရူးက ပြောသည်။
“အမျိုးသမီးများသည် အတင်းအကျပ် စစ်သားစုဆောင်းမည်ကို စိုးရိမ်ပြီး နိုင်ငံမှထွက်ပြေးရန် အန္တရာယ်များသည့် လမ်းကြောင်းများ အသုံးပြုနေကြပြီး လူကုန်ကူးမှုနှင့် အခြားပုံစံ အမြတ်ထုတ်သွေးစုပ်မှုအန္တရာယ် မြင့်မားနေသည်။ အတင်းအကျပ် စစ်သားစုဆောင်းရာတွင် အိမ်ထောင်ရှင် အမျိုးသမီးများကို ကင်းလွတ်ခွင့် ပေးသောကြောင့် မိန်းကလေးများနှင့် အမျိုးသမီးများအတွက် စောစီးစွာ အတင်းအကျပ် လက်ထပ်ပေးမည့် အန္တရယ်လည်း ရှိနေသည်” ဟု မစ္စတာ အင်ဒရူးက ရေးသားသည်။
လုံခြုံရေးအရ အမည်ပြောင်းထားသည့် ကက်သရင်းအတွက် ပြဿနာမှာ ရှင်းလင်းလှသည်။
“စစ်တပ်က အင်အားနည်းနေတယ်။ ဒါကြောင့် လူငယ်တွေကို ခေါ်နေတယ်။ အဲဒါ ကျမတို့အတွက် အဆင်မပြေဘူး။ ကျမတို့ လက်မခံဘူး” ဟု မြောက်ပိုင်းမြို့ကြီး မြစ်ကြီးနားမှ အသက် ၂၃ နှစ်အရွယ် ပန်းအလှပြင်သူနှင့် ရုံးလုပ်သား ကက်သရင်းက ဖုန်းဖြင့် မေးမြန်းစဉ် ပြောသည်။ “တခြားနိုင်ငံတွေမှာ စစ်မှုမထမ်းမနေရ ဥပဒေတွေက သူတို့ နိုင်ငံတွေကို ပြည်ပခြိမ်းခြောက်မှုကနေ ကာကွယ်ဖို့ လုပ်ထားတာ။ ဒါပေမယ့် ကျမတို့နိုင်ငံမှာတော့ ဒီဥပဒေက ကျမတို့ ပြည်သူတွေကို ကျမတို့ ပြန်သတ်ဖို့ဖြစ်နေတယ်” ဟု ပြောသည်။
ပန်း မဟုတ်သော ဂန်းများ
ကက်သရင်းနှင့် သူ၏ သူငယ်ချင်းများသည် အခြေအနေကို ပေါ့ပေါ့ပါးပါးဖြစ်အောင် ကြိုးစားကြသော်လည်း စိတ်ပူနေကြသည်။
“တချိန်တုန်းက ပန်းတွေ ကိုင်ခဲ့တဲ့လက်တွေက သေနတ်တွေကို င်ရတော့မယ်လို့ ကျမတို့ နောက်ပြောင်ပြောကြတယ်။ ကျမတို့တွေ နောက်ပြောင်နေပေမယ့် အခုလို အခြေအနေ ရောက်ရတာကို ကျမတို့ အရမ်းစိုးရိမ်ပြီး စိတ်ပျက်ကြတယ်” ဟု ၎င်းက ပြောသည်။
“တချိန်တုန်းက ပန်းတွေ ကိုင်ခဲ့တဲ့လက်တွေက ဂန်းတွေ ကိုင်ရတော့မယ်လို့ ကျမတို့ နောက်ပြောင်ပြောကြတယ်။ ကျမတို့တွေ နောက်ပြောင်နေပေမယ့် အခုလို အခြေအနေ ရောက်ရတာကို ကျမတို့ အရမ်းစိုးရိမ်ပြီး စိတ်ပျက်ကြတယ်” ဟု ၎င်းက ပြောသည်။
ကက်သရင်းသည် နိုင်ငံကူးလက်မှတ်ရရန် ကြိုးစားသော်လည်း ဖေဖော်ဝါရီလမှ စတင်ပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားသူ အလွန်များသောကြောင့် ရုန်းကန်နေရသည်။
အတင်းအကျပ် စစ်သားစုဆောင်းခြင်းသည် ငွေတန်ဖိုး ဆက်တိုက် ကျဆင်းစေသည့် စီးပွားရေး အကျပ်အတည်းနှင့် အလုပ်လက်မဲ့နှုန်း မြင့်မားချိန်တွင် ပေါ်ပေါက်လာသည်။ ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသည့် စီးပွားရေးအကျပ်အတည်းတွင် အထူးသဖြင့် အမျိုးသမီးများ အထိနာကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။
နေရပ်စွန့်ခွာ အမျိုးသမီးများကို စောစီးစွာ သို့မဟုတ် အတင်းအကျပ် အိမ်ထောင်ချပေးရန် တွန်းအားပေးနိုင်ကြောင်းနှင့် အိမ်တွင်းအကြမ်းဖက်မှု အန္တရာယ်လည်း မြင့်မားစေကြောင်း လူ့အခွင့်အရေးအဖွဲ့ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် တွဲဘက်အထွေထွေ အတွင်းရေးမှူး မွန်းနေလီက Thomson Reuters Foundation သို့ ပြောသည်။ “အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် လုံခြုံတဲ့နေရာ မရှိဘူး။ အန္တရာယ်များတဲ့ အခြေအနေတွေမှာ ရှင်သန်ဖို့ ရုန်းကန်နေရတယ်” ဟု ၎င်းက ပြောသည်။
အကြောက်တရား လွှမ်းမိုးနေ
အာဏာသိမ်းပြီး နောက်ပိုင်းတွင် အမျိုးသမီးများ၊ မိန်းကလေးများနှင့် LGBTQ+ များ ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုနှင့် အမြတ်ထုတ်မှုတို့မှ အပြင်းအထန် အကာအကွယ်မဲ့သွားကြောင်း မစ္စတာ အင်ဒရူးက အစီရင်ခံစာတွင် ပြောသည်။
၎င်းတို့၏ နေ့စဉ်ဘဝများသို့ စိတ်မသက်သာသည့် ခံစားချက်တခု စိမ့်ဝင်လာနေကြောင်း Thomson Reuters Foundation က တွေ့ဆုံမေးမြန်းခဲ့သော အမျိုးသမီးများက ပြောသည်။ “တခါတခါ စိတ်ပင်ပန်း နွမ်းနယ်နေတယ်။ အပြင်ကို တယောက်တည်း သွားရမှာကြောက်တယ်။ ကော်ဖီသွားဝယ်ဖို့တောင် မသွားရဲဘူး” ဟု ကက်သရင်းက ပြောသည်။
ထို့အပြင် လွန်ခဲ့သောလများအတွင်း အတင်းအကျပ် စစ်မှုထမ်းခြင်းမှ အမျိုးသမီးများ၏ ယာယီကင်းလွတ်ခွင့် ကုန်ဆုံးတော့မည့် လက္ခဏာများကို တွေ့နေရသည်။
စစ်အုပ်ချုပ်ရေးအောက်တွင် လုပ်ကိုင်နေသည့် ဒေသန္တရ စစ်တပ်လက်ပါးစေများသည် စစ်တပ်သို့ ခေါ်ယူမည့် အမျိုးသမီးများစာရင်း ကောက်နေသည်ဟု မီဒီယာအများအပြားက ဖော်ပြကြသည်။
ထိုပြောဆိုချက်များကို သတင်းတုများဖြစ်သည်ဟုဆိုကာ စစ်တပ်က ငြင်းဆိုသော်လည်း စစ်တပ်၏ လက်ကမ်းစာစောင်များနှင့် စစ်တပ်လိုလားသော မီဒီယာများကို မြန်မာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က ပြုလုပ်သည့် သရုပ်ခွဲလေ့လာမှုတွင် အမျိုးသမီးများကို သြဂုတ်လ၌ စီစဉ်ထားသည့် ပဉ္စမအသုတ် အတင်းအကျပ် စစ်သားစုဆောင်းရာတွင် ခေါ်ယူနိုင်ကြောင်း တွေ့ရသည်။
အမျိုးသမီးများကို အတင်းအကျပ် စစ်မှုထမ်းစေပါက ထူးခြားသော အန္တရာယ်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း BACS မှ ဦးဆောင်သုတေသနပြုသူ ဦးမင်းထက်အောင်က ပြောသည်။ “မြန်မာစစ်တပ်ဟာ ယောက်ျားတွေနဲ့ မဟာဖိုဝါဒ လွှမ်းမိုးတဲ့အဖွဲ့အစည်း ဖြစ်တယ်။ ဒါကြောင့် စစ်တပ်ထဲကိုဝင်ရတဲ့ အမျိုးသမီးတွေဟာ ခွဲခြားဆက်ဆံမှုနဲ့ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေ ခံရနိုင်တယ်” ဟု မေးခွန်းများကို အီးမေးလ်ဖြင့် အကြောင်းပြန်ထားသည်။
အမျိုးသမီးများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်ရာတွင်နှင့် စစ်တပ်ကို တိုက်ခိုက်ရန် လက်နက်ကိုင်တပ်များသို့ ဝင်ရောက်ရာတွင် ရှေ့တန်းမှ ပါဝင်သည်။ မြန်မာမှ နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ တွင် အမျိုးသမီး ၅ ပုံ ၁ ပုံ ပါဝင်ကြောင်း ဒေသခံလူ့အခွင့်အရေးအဖွဲ့တခုက ပြောသည်။
အမျိုးသမီးများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်ရာတွင်နှင့် စစ်တပ်ကို တိုက်ခိုက်ရန် လက်နက်ကိုင်တပ်များသို့ ဝင်ရောက်ရာတွင် ရှေ့တန်းမှ ပါဝင်သည်။ မြန်မာမှ နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ တွင် အမျိုးသမီး ၅ ပုံ ၁ ပုံ ပါဝင်ကြောင်း ဒေသခံလူ့အခွင့်အရေးအဖွဲ့တခုက ပြောသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ မွတ်ဆလင်လူနည်းစု ရိုဟင်ဂျာမှ အမျိုးသမီးများသည် နှစ်ပေါင်းများစွာ အခွင့်အရေး ချိုးဖောက်ခံရပြီးနောက် အခက်အခဲသစ်များကို ရင်ဆိုင်ရသည်။ ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲမှုသည် လူ ၇၃၀,၀၀၀ ဦးကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေသည်။ ထိုလုပ်ရပ်သည် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်သည့်လုပ်ရပ်ဖြစ်သည်ဟု ကုလသမဂ္ဂက ပြောသည်။
ရိုဟင်ဂျာများသည် နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရသောကြောင့် အတင်းအကျပ် စစ်သားစုဆောင်းရာတွင် အကျုံးမဝင်သော်လည်း စစ်တပ်သည် ဖေဖော်ဝါရီလမှ စတင်ပြီး အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် နိုင်ငံသားဖြစ်ခွင့်ကတိ လိမ်ပေးခြင်း အပါအဝင် နည်းလမ်းများကို အသုံးပြုပြီး ရိုဟင်ဂျာ အမျိုးသားနှင့် ယောက်ျားလေး ၁,၀၀၀ ကျော်ကို အတင်းအကျပ် စစ်သားစုဆောင်းထားကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ အစီရင်ခံစာအရ သိရသည်။
ထိုသို့လုပ်ခြင်းသည် အမျိုးသမီးများနှင့် ၎င်းတို့အိမ်ထောင်စုများ စီးပွားရေးအဆင်ပြေမှုကို ထိခိုက်စေသည်။ “မိသားစုတွေ စိတ်ပူနေကြတယ်။ အမျိုးသမီးတွေက သူတို့ခင်ပွန်းတွေကို မသွားစေချင်ကြဘူး” ဟု ရခိုင်မှ ရိုဟင်ဂျာ အမျိုးသမီးကာကွယ်ရေး ကျွမ်းကျင်သူ ဆိုဖီယာက ပြောသည်။ သူ၏အမည်ကိုလည်း လုံခြုံရေးအရ ပြောင်းလဲထားသည်။
အင်အားသုံးခြင်း
အတင်းအကျပ် စစ်သားစုဆောင်းသည့်အရွယ် အမျိုးသားများကို ပြည်ပတွင် အလုပ်လုပ်ခွင့် မပေးတော့ကြောင်းနှင့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို ရှောင်ရှားသူများအား ထောင် သုံးနှစ် ချမည်ဖြစ်ကြောင်း စစ်တပ်က မေလ ၃ ရက်နေ့တွင် ကြေညာသည်။
စစ်တပ်သည် ပြည်သူများကို ၎င်းတို့၏နေအိမ်များ၊ လမ်းဘေး စစ်ဆေးရေးစခန်းများ၊ လက်ဖက်ရည်ဆိုင်များနှင့် ဘားဆိုင်များမှ လိုက်လံဖမ်းဆီးနေပြီး တခါတရံ စစ်သားများသည် ထွက်ပြေးသူများ၏ မိဘများကို ခြိမ်းခြောက်ကြကာ ထိုနည်းသည် အစိုးရဆန့်ကျင်သူများကိုလည်း သုံးသည့်နည်းဖြစ်ကြောင်း ဦးမင်းထက်အောင် ပြောသည်။
“သူတို့ဟာ ဆန္ဒအလျောက် ဝင်တဲ့သူတွေကိုပဲ စစ်သားစုဆောင်းတယ်လို့ ဝါဒဖြန့်တယ်။ ဒါပေမယ့် တကယ်တော့ ဆန္ဒအလျောက် တပ်ထဲဝင်သူ နည်းနည်းပဲရှိတယ်။ အများစုကို အင်အားသုံးပြီး စစ်သားစုဆောင်းထားတာ ဖြစ်တယ်” ဟု ဦးမင်းထက်အောင်က ပြောသည်။
မြန်မာမှ နယ်စပ်ဖြတ်ကျော် ကူးလာသူ အရေအတွက်သည် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ၃၀ ရာခိုင်နှုန်း တိုးလာခြင်း အပါအဝင် ပုံမှန်တိုးလာနေသည်ကို တွေ့ရကြောင်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ International Organisation for Migration က ပြောသည်။ အမျိုးသားများထက် အမျိုးသမီးများသည် တရားဝင် စာရွက်စာတမ်းမရှိဘဲ ပိုမို ဝင်ရောက်နိုင်ခြေများကြောင်း ထိုအဖွဲ့က ပြောသည်။
သို့သော် အချို့အမျိုးသမီးများသည် စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းခြင်းကိုသာ ကြောက်ရသည် မဟုတ်ပေ။ ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အနည်းဆုံး သုံးခုသည် မကြာသေးမီ လများအတွင်း စစ်မှုမထမ်းမနေရ မူဝါဒများ ချမှတ်ထားပြီး ထို သုံးဖွဲ့အနက် နှစ်ဖွဲ့သည် အမျိုးသမီးများကိုပါ စစ်သားစုဆောင်းသည်။
သို့သော် အချို့အမျိုးသမီးများသည် စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းခြင်းကိုသာ ကြောက်ရသည် မဟုတ်ပေ။ ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အနည်းဆုံး သုံးခုသည် မကြာသေးမီ လများအတွင်း စစ်မှုမထမ်းမနေရ မူဝါဒများ ချမှတ်ထားပြီး ထို သုံးဖွဲ့အနက် နှစ်ဖွဲ့သည် အမျိုးသမီးများကိုပါ စစ်သားစုဆောင်းသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခု၏ အတင်းအကျပ် စစ်သားစုဆောင်းခံရမည်ကို စိုးရိမ်ပြီး အသက် ၁၆ နှစ်အရွယ် ခရစ္စတင်းသည် လာရှိုးမြို့နယ်ရှိ သူ၏နေအိမ်မှ ဖေဖော်ဝါရီလတွင် ထွက်ခွာရသည်။ ထိုဒေသမှ လက်နက်ကိုင်အုပ်စုတခုက ခရစ္စတင်းနှင့် မွေးချင်းများ စစ်မှုထမ်းရမည်ဟု သူ၏အဘွားကို ပြောကြားပြီးနောက် အိမ်မှ ထွက်လာခြင်းဖြစ်သည်။
နောက်တနေ့တွင် သူတို့ ထွက်ပြေးလာပြီး ခရစ္စတင်းသည် မလေးရှားသို့ သွားသည်။ ကုန်တင်ထရပ်ကား နောက်တွင် ပုန်းအောင်းလိုက်ပါရခြင်းနှင့် တောင်တန်းများတွင် ညဘက် လမ်းလျှောက်ရခြင်းများကို ၎င်းက ပြောပြသည်။
ယခုအခါသူသည် ကွာလာလမ်ပူတွင် ရောက်နေပြီး လူဝင်မှု ကြီးကြပ်ရေးအရာရှိများ ဖမ်းဆီးမည်ကို ကြောက်လန့်နေရသည်။ “အခန်းထဲက မထွက်ရင် အခက်အခဲများများ မရှိဘူး။ ဒီနားပတ်ဝန်းကျင်က မလုံခြုံဘူး” ဟု ခရစ္စတင်းက ပြောသည်။
အက်စ်တယ်လီသည်လည်း တရားဝင် ဝင်ရောက်လာခြင်း မဟုတ်သောကြောင့် ထိုင်းတွင် အဆင်ပြေရန် ခက်ခဲနေသည်။ သို့သော် သူသည် စစ်ကောင်စီ အာဏာရှိနေသရွေ့ အိမ်ပြန်ရန် ရည်ရွယ်ချက် မရှိပေ။ “အိမ်ကို မြန်မြန် ပြန်နိုင်အောင် တော်လှန်ရေး မြန်မြန်အောင်မြင်ပါစေလို့ ဆုတောင်းတယ်” ဟု ပြောသည်။
(Thomson Reuters Foundation ပါ Emily Fishbein နှင့် မျိုးသဇင်နွယ်တို့၏ Conscription leaves no safe place for women and girls in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
အမျိုးသမီးများကို အတင်းအကျပ် စစ်သားစုဆောင်းမှု စတင်
စစ်မှုထမ်းစာရင်း၌ ဌာနဆိုင်ရာဝန်ထမ်းသားသမီးများပါ၍ မိသားစု စိုးရိမ်
စစ်မှုထမ်းဥပဒေက လူငယ်များကို တော်လှန်ရေးထဲ ပို့ဆောင်ပေးနေ
သေရေးရှင်ရေး စစ်မှုထမ်းဥပဒေကြောင့် မြန်မာမှ ထွက်မပြေးချင်ဘဲ ပြေးရ
ပြည်သူကို ပူပင်သောက ပေးနေသည့် စစ်မှုထမ်းဥပဒေ
Editorial Talk: မြန်မာရဲ့ စစ်မှုထမ်း ဥပဒေရိုက်ခတ်မှု ထိုင်းဘယ်လိုကိုင်တွယ်မလဲ အပိုင်း (၁)