ထိုင်းနိုင်ငံ၊ ဘန်ကောက်မှ အနောက်မြောက်ဘက် ၄၅၀ ကီလိုမီတာခန့် အကွာရှိ ထိုင်းနယ်စပ်မှ မဲဆောက်မြို့၏ အဓိက လက္ခဏာမှာ မြန်မာနယ်စပ်မြို့ မြဝတီနှင့် ဆက်သွယ်ထားသည့် ခြောက်လမ်းသွား အာရှအဝေးပြေးလမ်းမ ၁ ဖြစ်သည်။
ထိုင်းနိုင်ငံသို့လာသည့် ကမ္ဘာလှည့်ခရီးသည်များကို ပိုမို စိတ်လှုပ်ရှားစရာကောင်းသည့် နေရာများသို့ ခေါ်ဆောင်သည့် ခရီးစဉ်များတွင်လည်း မပါဝင်သလောက်ပင် ဖြစ်သော်လည်း မဲဆောက်သည် မြန်မာမှ ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နှစ်ကြိမ်တိုင် ရွေးကောက်ခံရသော အရပ်သားအစိုးရကို ဖြုတ်ချသည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်စွဲကိုင်လာသည့် လူငယ် တော်လှန်ရေးသမားများအတွက် နောက်တန်းစခန်း ဖြစ်နေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်းမှ အသက် ၃၂ နှစ်အရွယ် ဧည့်လမ်းညွှန်ဟောင်း မအေးသည် ပြည်သူလူထု ကိုယ်စားပြုသည့် အစိုးရ ပြန်ဖြစ်ရေး တောင်းဆိုသည့် ဆန္ဒပြသူများကို မြန်မာစစ်တပ်က သေနတ်ပြောင်း လှည့်လိုက်သောအခါ မြို့ကြီးများမှနေ၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ စစ်စခန်းများသို့ ရောက်လာသူ အများအပြားထဲတွင် ပါဝင်လာခဲ့သည်။
“ကျမတို့က အမှောင်ထဲကနေ အလင်းထဲကို လာခဲ့တာ။ စစ်ဗိုလ်ချုပ်တွေက ကျမတို့ကို အမှောင်ခေတ်ကို ပြန်ခေါ်သွားမယ်။ ဒါကြောင့် လိုအပ်ရင် သေတဲ့အထိ တိုက်ပွဲဝင်ရမယ်”
စစ်တပ်သည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သတ်ဖြတ်ပြီး ထောင်နှင့်ချီ ဒဏ်ရာရစေကာ ဖမ်းဆီးထောင်ချသည်။ “ကျမတို့က အမှောင်ထဲကနေ အလင်းထဲကို လာခဲ့တာ” ဟု ၂၀၁၁ ခုနှစ်နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးကို ရည်ညွှန်းပြောကြားသည်။ “စစ်ဗိုလ်ချုပ်တွေက ကျမတို့ကို အမှောင်ခေတ်ကို ပြန်ခေါ်သွားမယ်။ ဒါကြောင့် လိုအပ်ရင် သေတဲ့အထိ တိုက်ပွဲဝင်ရမယ်” ဟု ၎င်းက ပြောသည်။
အောက်တိုဘာလနောက်ပိုင်း တိုက်ပွဲများတွင် တော်လှန်ရေးအင်အားစုများ အကြီးအကျယ် အနိုင်ရနေပြီး အောင်ပွဲသည် ငြိမ်းချမ်းသောဘဝသို့ မကြာမီ ပြန်သွားနိုင်မည်ဟု မအေးက အကောင်းမြင်သည်။ သို့သော် သူ၏ အကောင်းမြင်ခြင်းသည် လွဲမှားနေပုံရသည်။
ယခုဖြစ်ပွားနေသည့် ပဋိပက္ခသည် နက်ရှိုင်းသော လူမျိုးစု မုန်းတီးမှုများ၊ သစ္စာခံမှု ပြောင်းလဲခြင်းများ၊ စစ်ကောင်စီနှင့် မဟာမိတ်များအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရရှိစေသည့် ရာဇဝတ်မှုများရှိနေသည့် ရက်စက်ကြမ်းကြုတ်သော ပဋိပက္ခဖြစ်သည်။
တချိန်တည်းတွင် တော်လှန်ရေး မဟာမိတ်များသည် အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုရှိသည့် သေနင်္ဂဗျူဟာကျသောနိုင်ငံတွင် လက်နက်အင်အားကောင်းပြီး ရက်စက်ကြမ်းကြုတ်ကာ မျှော်လင့်ချက် ပိုမိုကင်းမဲ့လာသည့် ရန်သူ စစ်ကောင်စီကို ရင်ဆိုင်နေရသည်။ ထိုအားပြိုင်မှုသည် ရာစုနှစ်ဝက်အတွင်း ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်သည်။
ရဲဘော်များအတွက်
မြဝတီနှင့် မဲဆောက်နယ်စပ်၏ အစိတ်အပိုင်းတခုကို ပိုင်းခြားထားသည့် သံဆူးကြိုးအနီး ဖွင့်ထားသော ယာယီဈေးတွင် ရောင်းချနေသည့် ကုန်စည်များကို မအေးက ကြည့်နေသည်။ ဈေးသည်များသည် ဈေးပေါသော ဆေးလိပ်နှင့် အရက်များ၊ ငါးခြောက်ငါးခြမ်းများနှင့် အဝတ်အစားများကို ရောင်းဝယ်ကြသည်။ ထိုမြင်ကွင်းသည် မယုံနိုင်လောက်သော မြင်ကွင်းဖြစ်ပြီး ထိုင်းဘက်ခြမ်းနယ်စပ်တွင် အစောင့်ချထားသည့် ထိုင်းစစ်သားများသည် ထိုင်းငွေဖြင့် ကုန်စည်များကို ရောင်းဝယ်ရန် သံဆူးကြိုးနေရာလွတ်များမှ ဖြတ်သန်းနေသည့် ဈေးသည်များကို လျစ်လျူရှုထားသည်။
မအေးသည် အိမ်ကို ပိုသတိရစေသည့် ဆေးပေါ့လိပ်တထုတ်ကို ဈေးဆစ်သည်။ အနီးရှိ နယ်စပ်ကျေးရွာသို့ သွားရင်း “ရဲဘော်တွေအတွက်” ဟု ပြောသည်။ ထုံးစံအားဖြင့် နယ်စပ်တလျှောက် တိုက်ပွဲများ ငြိမ်သက်သွားသည့် မိုးဦးရာသီ မိုးစက်များက ဖုန်သိပ်ရုံသာရှိသေးသည်။
သို့သော် အာရှအဝေးပြေးလမ်းမ ၁ ကို ပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီ၏ အားထုတ်မှုအား တော်လှန်ရေး အင်အားစုများက ခုခံနေသောကြောင့် တိုက်ပွဲငယ်များ လွန်ခဲ့သောလတွင် ဆက်လက်ဖြစ်ပွားသည်။ ထိုလမ်းသည် မြဝတီမှတဆင့် ဒေါနတောင်တန်းကိုဖြတ်ကာ မြန်မာနိုင်ငံအတွင်းပိုင်းသို့ သွားသောလမ်းဖြစ်သည်။
မကြာမီ တိုက်ပွဲသို့ ပြန်သွားမည့် တော်လှန်ရေးသမားတစုသည် ခနော်နီခနော်နဲ့ ဘန်ဂလို အဆောက်အအုံ ဝရန်တာတွင် ထိုင်ပြီး မအေး ဝယ်လာသည့် ဆေးပေါ့လိပ်ကို သူတို့ သင်တန်းဆရာရှေ့တွင် ဖွာနေကြသည်။ လက်ဝှေ့သမားခန္ဓာကိုယ်၊ လူကောင်သေးသေးနှင့် ၎င်းတို့ဆရာသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တွင် တာဝန်ထမ်းဆောင်နေသည်မှာ ၁၂ နှစ်ရှိပြီဖြစ်ပြီး စစ်တပ်ကို အသက် ၂၀ အရွယ်ကတည်းက တိုက်ခိုက်နေသူ ဖြစ်သည်။ သူသည် ကွန်မန်ဒိုတပ်ဖွဲ့ကို လေ့ကျင့်ပေးသူဖြစ်ပြီး ထိုတပ်ဖွဲ့ဝင်များ အားလုံးသည် မြန်မာနိုင်ငံ မြေနိမ့် မြို့ပြဒေသများမှ လာသူများဖြစ်သည်။
ယခင်က ယာဉ်မောင်းတဦးဖြစ်သော အသက် ၃၄ နှစ်အရွယ် ကိုမျိုးသည် KNLA တွင် ပါဝင်နေသည်မှာ နှစ်နှစ် ရှိပြီဖြစ်သည်။ သူသည် ညာဘက်ပေါင်ကို ညင်သာစွာနှိပ်နေပြီး ပေါင်တွင် မကြာသေးမီက မြဝတီတိုက်ပွဲအတွင်း ရထားသည့် ၁၀ စင်တီမီတာခန့်ရှိ ဗုံးဆံဒဏ်ရာကို တွေ့နေရသည်။ အခြား ဗုံးဆံတခုသည် သူ၏ ရင်ဘတ်တွင် လွယ်ထားသည့် အိတ်အတွင်းမှ မိုဘိုင်းဖုန်းကို ထိမှန်ကွဲကြေသွားစေသော်လည်း ထိုမိုဘိုင်းဖုန်းသည် သူ့အသက်ကို ကယ်လိုက်ခြင်းဖြစ်နိုင်သည်။
ကိုမျိုး၏ညီ အသက် ၃၃ နှစ်အရွယ် အရောင်းဝန်ထမ်းဟောင်း ကိုဇေယျာသည် KNLA တွင် တာဝန် ထမ်းဆောင်နေသည်မှာ နှစ်နှစ်ခွဲ ရှိပြီဖြစ်ပြီး မြဝတီတိုက်ပွဲ အပါအဝင် တိုက်ပွဲအများအပြားတွင် တိုက်ဖူးသည်။ မြဝတီတိုက်ပွဲတွင် သူနှင့်ရင်းနှီးသော သူငယ်ချင်းတဦး ကျဆုံးသည်။
“သူ့ကို ရင်ဘတ်မှာ ကျည်ဆန်မှန်တာ။ ကျနော် သူဘေးကင်းတဲ့ နေရာကို ရောက်ဖို့ မိနစ် ၂၀ လောက် သယ်ခဲ့ပေမယ့် သူ ကျဆုံးသွားတယ်”
“သူ့ကို ရင်ဘတ်မှာ ကျည်ဆန်မှန်တာ။ ကျနော် သူဘေးကင်းတဲ့ နေရာကို ရောက်ဖို့ မိနစ် ၂၀ လောက် သယ်ခဲ့ပေမယ့် သူ ကျဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။
ကိုဇေယျာ၏ သူငယ်ချင်းသည် အချည်းနှီး အသက်စွန့်ရခြင်း ဖြစ်သည်။ KNLA ၏ မြဝတီမှ အောင်ပွဲကို အခြားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်သည့် ကရင်နယ်ခြားစောင့်တပ်သို့ စွန့်လွှတ်ပေးအပ်ရသည်။ ယခုနှစ် အစောပိုင်းတွင် ကရင်အမျိုးသားတပ်မတော် (KNA) ဟု အမည်ပြောင်းခဲ့သည့် ဗိုလ်စောချစ်သူ၏ နယ်ခြားစောင့်တပ်သည် မြန်မာစစ်တပ်နှင့် နီးကပ်သော အချိတ်အဆက်၊ အခိုင်အမာ မှတ်တမ်းတင်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှု သမိုင်းနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများတွင် နက်ရှိုင်းစွာ ပါဝင်မှုရှိသည်။
မြဝတီကို စိစိညက်ညက်ကြေအောင် ဗုံးကြဲမည်ဟု မြန်မာစစ်တပ်က ခြိမ်းခြောက်သောကြောင့် KNLA ဆုတ်ခွာရခြင်းဖြစ်ကြောင်း သင်တန်းဆရာက ပြောသည်။ သို့သော် KNA သည် ၎င်း၏ ကျယ်ပြန့်သော ရာဇဝတ် စီးပွားရေး အကျိုးစီးပွားကို ကာကွယ်ရန် ဝိုင်းပိတ်ခံထားရသည့် မြန်မာစစ်တပ်ကို ထောက်ပံ့ခဲ့ကြောင်း Justice For Myanmar သုတေသနအဖွဲ့က ပြောသည်။ ထိုအဖွဲ့ခေါင်းဆောင် အသက် ၅၄ နှစ်အရွယ် စံမြင့် ခေါ် ဗိုလ်စောချစ်သူသည် KNLA အဖွဲ့ဝင်ဟောင်း ဖြစ်ပြီးနောက်ပိုင်းတွင် အဖွဲ့မှ ခွဲထွက်ပြီး စစ်တပ်နှင့်ပူးပေါင်းကာ ၂၀၁၀ ပြည့်နှစ်တွင် နယ်ခြားစောင့်တပ် ဖြစ်လာသည်။
ဗိုလ်စောချစ်သူက စစ်တပ်ကို သစ္စာခံခြင်းအတွက် ယာထိုင်မြို့သစ်ကို တစိတ်တပိုင်း ပိုင်ဆိုင်မှုပါဝင်သော ရာဇဝတ်အကျိုးစီးပွားအပေါ် ထိန်းချုပ်ခွင့် ပေးထားသည်ဟု Justice For Myanmar က ပြောသည်။ ထိုမြို့သစ်သည် ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံကို ခွဲခြားထားသည့် ကျဉ်းမြောင်းသော သောင်ရင်းမြစ် တဖက်ကမ်းတွင် လုပ်ကိုင်နေသည့် ကာစီနိုများ၊ အွန်လိုင်းဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်သည့် နေရာတခုဖြစ်သည်။ လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေးကို ထိုင်းပိုင်နက်မှပေးပြီး ယာထိုင်မြို့သစ်သည် မဲဆောက်လေဆိပ်ရှေ့တွင် မဆီမဆိုင် လက်ဖက်ဘူးများ ရောင်းသည့် ဟန်ပြဆိုင်တဆိုင်ကိုလည်း ဖွင့်ထားသည်။
အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) ၏ မေလအစီရင်ခံစာတစောင်အရ ယာထိုင်မြို့သစ် တည်ဆောက်ခြင်းကို တရုတ်စီးပွားရေးသမား၊ လက်ရှိ ကမ္ဘောဒီးယားနိုင်ငံသား ရှီ ကျီကျန်းက ဦးဆောင်ပြီး သူ၏ ယာထိုင် အင်တာနေရှင်နယ်ဟိုးလ်ဒင်းကို ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည်။ ယာထိုင်မြို့သစ်သည် တရုတ်အခြေစိုက် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများမှတဆင့် လာအိုနှင့် ကမ္ဘောဒီးယားမှ အလားတူ လုပ်ငန်းများနှင့် အရှေ့တောင်အာရှတခုလုံးမှ ရာဇဝတ်မှုများနှင့် ချိတ်ဆက်ထားကာ ပစိဖိတ်ဒေသတွင် ကြီးထွားလာနေသည်။
၎င်းတို့၏ ကျားဖြန့် (ခေါ်) လိမ်လည်ရေးလုပ်ငန်းများသည် နိုင်ငံပေါင်း ၆၀ ခန့်မှ လူထောင်ပေါင်းများစွာကို လစာကောင်းကောင်း၊ အခြေအနေကောင်းကောင်းဖြင့် လိမ်လည်ကာ ဆွဲဆောင်လှည့်စားသည့် ငွေကြေးလိမ်လည်ခြင်း (ဝက်သားပေါ်ခြင်း) အတင်းအကျပ်လုပ်ခိုင်းရန် ဖမ်းဆီးထားကာ အစောင့် အကြီးအကျယ်ချထားသည့် ထောင်များဖြစ်သည်ဟု USIP မှ မြန်မာရေးရာဒါရိုက်တာ ဂျေဆင်တာဝါက ပြောသည်။ ထိုနေရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသူများနှင့် ထွက်ပြေးရန် ကြိုးစားသူများကို ရိုက်နှက်ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်သည်ဟု မသေဘဲ လွတ်မြောက်လာသူများက ပြောသည်။
မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုမှ ပြုလုပ်သည့် ငွေလိမ်လုပ်ငန်းများသည် လွန်ခဲ့သောနှစ်တွင် ဒေါ်လာ ၄၀ ဘီလီယံအထိရကြောင်း၊ မြန်မာတနိုင်ငံတည်းတွင် ဒေါ်လာ ၁၅ ဘီလီယံအထိရကြောင်း USIP က ခန့်မှန်းသည်။
မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုမှ ပြုလုပ်သည့် ငွေလိမ်လုပ်ငန်းများသည် လွန်ခဲ့သောနှစ်တွင် ဒေါ်လာ ၄၀ ဘီလီယံအထိရကြောင်း၊ မြန်မာတနိုင်ငံတည်းတွင် ဒေါ်လာ ၁၅ ဘီလီယံအထိရကြောင်း USIP က ခန့်မှန်းသည်။ “ထိုရာဇဝတ်လုပ်ငန်းများသည် ယခုအခါ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်နေသည်” ဟု ဂျေဆင်တာဝါက ပြောသည်။ “ဒေသခံ အကျင့်ပျက်အထက်လွှာသို့ ထိုဂိုဏ်းများ ထိုးဖောက်ဝင်ရောက်ခြင်းသည် ခေတ်သစ်တွင် သြဇာအကြီးမားဆုံး ရာဇဝတ်ကွန်ရက်ကို အလျင်အမြန် ဖန်တီးနေသည်” ဟုလည်း ၎င်းက ပြောသည်။
ကမ္ဘာ့အကြမ်းအဖက်ဆုံး ပဋိပက္ခ
အွန်လိုင်း ငွေကြေးလိမ်လည်မှု၊ မက်သာဖက်တမင်း၊ ကက်တမင်းနှင့် ဘိန်းဖြူ အကြီးအကျယ် ထုတ်လုပ်ခြင်းသည် မြန်မာမှ ဖရိုဖရဲအခြေအနေများကို သက်ဆိုးရှည်စေသည်။
မြန်မာတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အသက်ပေါင်း ၅ သောင်းကျော် သေဆုံးပြီးဖြစ်ကြောင်း လက်နက်ကိုင် ပဋိပက္ခတည်နေရာနှင့် ဖြစ်ရပ်အချက်အလက် စီမံကိန်း (ACLED) က အကြမ်းဖျဉ်း ခန့်မှန်းသည်။ မြန်မာမှ ပြည်တွင်းစစ်သည် ကမ္ဘာတွင် အကွဲကွဲအပြားပြား အဖြစ်ဆုံးနှင့် အကြမ်းအဖက်ဆုံးဖြစ်ကြောင်း အထက်ပါစီမံကိန်းက ဖော်ပြသည်။ ထိုပဋိပက္ခကြောင့် လူပေါင်း ၃ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းတွက်ချက်သည်။
မကြာသေးမီက စစ်ရေးရှုံးနိမ့်မှုများသည် မြန်မာစစ်တပ်အတွင်း ပြင်းထန်သော တင်းမာမှုများကို ဖြစ်စေကြောင်း တာဝါက ပြောသည်။ “ဆုံးရှုံးမှု သတင်းဆိုးတွေကို အထက်က အဆင့်မြင့်တပ်မှူးတွေဆီ ဘယ်သူ သတင်းပို့ရမလဲဆိုတာ အငြင်းပွားရင် ဗိုလ်မှူးကြီးအဆင့်တွေ တယောက်နဲ့တယောက် ထိုးကြကြိတ်ကြတယ်လို့ ကျနော်ကြားတယ်။ အဲဒါ မကြာသေးခင်က ရခိုင်ပြည်နယ်မှာ ဖြစ်တာ။ အဆင့်မြင့် အရာရှိနှစ်ယောက် ထိုးကြကြိတ်ကြရင်း နှစ်ယောက်လုံး ဆေးရုံရောက်ကုန်တယ်” ဟု ၎င်းက ပြောသည်။
စစ်မြေပြင် ထိခိုက်သေဆုံးမှုနှင့် တပ်ပြေးမှုများကို အစားထိုးရန် စစ်တိုင်း ရှစ်ခုမှ ရဲ၊ နယ်ခြားစောင့်တပ်များနှင့် စစ်သားများ အားလုံးကို အချိန်ပြည့်ထိုးစစ် တာဝန်ပေးထားသည်။ စစ်ကောင်စီ စစ်သား ၁၅,၀၀၀ ကျော် ဘက်ပြောင်းလာကြောင်း လွန်ခဲ့သောနှစ် နှောင်းပိုင်းက မဲဆောက်သို့ ထွက်ပြေးလာသည့် စစ်အရာရှိဟောင်း အသက် ၃၄ နှစ်အရွယ် ကိုလွင်က ပြောသည်။ “တော်တော်များများက မက်သာဖက်တမင်း သုံးစွဲထားမှပဲ စစ်တိုက်ချင်စိတ် ရှိကြတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင် စစ်ရေးရှုံးနိမ့်ပြီးနောက် ဗိုလ်ချုပ် သုံးဦးကို သေဒဏ်ပေးထားပြီး နောက်ထပ် သုံးဦးကိုလည်း ထောင်နှစ်ရှည်ချထားသည်ဟု သတင်းများတွင် ဖော်ပြကြသည်။ အခြားတဦးသည်လည်း ၁၀၂၇ စစ်ဆင်ရေးကို မဖြိုခွဲနိုင်သောကြောင့် ထောင် ၁၀ နှစ် ချခံရသည်။ အောက်တိုဘာလက နိုင်ငံမြောက်ပိုင်းတွင် စတင်သည့် ထိုထိုးစစ်သည် တော်လှန်ရေးအင်အားစုအတွက် နောက်ဆက်တွဲ စစ်ရေးအောင်မြင်မှုများကို ဖြစ်ပေါ်လာစေသည်။
တော်လှန်ရေး အင်အားစုများသည် မြန်မာမှ နယ်စပ်ဒေသများတွင် ကျယ်ပြန့်သောပိုင်နက်များကို ထိန်းချုပ်ထားသည်ဟု နိုင်ငံတကာ အကြံပေးအဖွဲ့ဖြစ်သော မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြောသည်။
တော်လှန်ရေး အင်အားစုများသည် မြန်မာမှ နယ်စပ်ဒေသများတွင် ကျယ်ပြန့်သောပိုင်နက်များကို ထိန်းချုပ်ထားသည်ဟု နိုင်ငံတကာ အကြံပေးအဖွဲ့ဖြစ်သော မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြောသည်။ နိုင်ငံ၏ စီးပွားရေးအချက်အခြာမှ စစ်ကောင်စီစခန်းများကို သဲအိတ်ဘန်ကာများဖြင့် ကာကွယ်ထားရပြီး စစ်ကောင်စီတပ်များနှင့် အရာရှိများကို လုပ်ကြံသတ်ဖြတ်မှုများ ပုံမှန်ဖြစ်နေကြောင်း မျက်မြင်သက်သေများက ပြောသည်။
နက်နက်ရှိုင်းရှိုင်း သဘောထားကွဲနေသော အာဆီယံ
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံအများအပြားက စစ်ကောင်စီကို နိုင်ငံ၏ တရားဝင်အစိုးရအဖြစ် ဆက်လက် အသိအမှတ်ပြုကြသည်။ ထိုနိုင်ငံများသည် ပဋိပက္ခအဆုံးသတ်ရန်အတွက် အာဆီယံ၏ အစီအစဉ်များကို ထိခိုက်အောင်လုပ်ကြောင်း Blood and Silk: Power and Conflict in Modern Southeast Asia စာအုပ်ကိုရေးသားသူ မိုက်ကယ် ဗက်တီကီရောတစ်က ပြောသည်။
“မြန်မာနဲ့ပတ်သက်ပြီး အာဆီယံက နက်နက်ရှိုင်းရှိုင်း သဘောထားကွဲနေတယ်။ အာဆီယံရဲ့ ပင်မကုန်းမြေနိုင်ငံတွေက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုထက် နိုင်ငံတော်ရဲ့ နယ်မြေခိုင်မြဲမှုနဲ့ လုံခြုံရေးကို ပိုမိုတန်ဖိုးထားကြပေမယ့် ပိုပြီး ဒီမိုကရေစီကျတဲ့ ကျွန်းနိုင်ငံတွေက စစ်အုပ်ချုပ်ရေးကို လက်မခံနိုင်ဘူးလို့ သတ်မှတ်ကြတယ်” ဟု ၎င်းက ပြောသည်။
တရုတ်နှင့် အနောက်နိုင်ငံများအကြား အားပြိုင်မှု မြင့်မားသောကြောင့် အဖွဲ့အတွင်း ပိုမိုသွေးကွဲလာချိန်တွင် ပဋိပက္ခဖြေရှင်းရန် အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီက အကောင်အထည် မဖော်ကြောင်း ဗက်တီကီရောတစ်က ပြောသည်။
မြန်မာနှင့် နယ်နိမိတ် ကီလိုမီတာ ၂,၀၀၀ ခန့် ထိစပ်နေသည့် တရုတ်သည် အိမ်နီးချင်း မြန်မာ၏ သယံဇာတများနှင့် အိန္ဒိယသမုဒ္ဒရာကို အသုံးပြုခွင့်ရပြီး အရှေ့တောင်အာရှမှ ရေကြောင်းကျပ်သည့် နေရာများအား ရှောင်ကွင်းနိုင်ရေးကိုသာ အာရုံစိုက်သည်။ တရုတ်အစိုးရသည် မြန်မာမှ ပဋိပက္ခဖြစ်နေသည့် အဖွဲ့များနှင့် ဆက်ဆံရေးတွင် ဆက်လက် လက်တွေ့ကျပြီး ၎င်း၏ နယ်စပ်၊ စီးပွားရေးနှင့် သေနင်္ဂဗျူဟာ အကျိုးစီးပွားရှိသည့် ဒေသများ တည်ငြိမ်ရေးကို ဦးစားပေးမည်ဖြစ်ကြောင်း၊ စစ်ကောင်စီအပေါ် တွန်းအားပေးနိုင်သည့် အခြားဒေသများတွင် ပဋိပက္ခကို အသုံးချပြီး မြန်မာမှ အနောက်တိုင်း အကျိုးစီးပွားကို အနှောင့်အယှက် ပေးနေမည်ဖြစ်ကြောင်း လေ့လာသူများက ပြောသည်။
မြန်မာနိုင်ငံမြေနိမ့်ဒေသမှ စစ်ကောင်စီ အမာခံဒေသများကို တော်လှန်ရေးမဟာမိတ်က သိမ်းပိုက်ခြင်း အပါအဝင် ပဋိပက္ခ၏ ဖြစ်နိုင်သည့်လမ်းကြောင်း အများအပြားကို သြစတြေးလျနိုင်ငံရှိ လိုဝီအင်စတီကျုမှ မော်တန် ပီဒါဆန်က မကြာသေးမီက အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ သူသည် ယခင်က နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအဖွဲ့ (ICG) မှ မြန်မာနိုင်ငံဆိုင်ရာ သုတေသီဟောင်း ဖြစ်သည်။
ထိုသို့သိမ်းပိုက်ရာတွင် ကွင်းပြင်များ ဝိုင်းနေသည့် လူထူထပ်သော နေရာများတွင် ပြင်းထန်သော ထိုးစစ် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့သောနေရာများတွင် စစ်ကောင်စီသည် လက်နက်အသာဖြင့် တော်လှန်ရေးအင်အားစုများ၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်နိုင်ကြောင်း၊ ထိခိုက်သေဆုံးမှု အလွန်ဆိုးရွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
အပစ်အခတ်ရပ်စဲမှုများနှင့် မဟာမိတ်ဖွဲ့မှု ပြောင်းလဲခြင်းများအကြား ပဋိပက္ခ ဆက်လက်ဖြစ်နေနိုင်ကြောင်း သို့မဟုတ် စစ်ကောင်စီသည် အာဏာသိမ်းမှုအတွင်းမှ အာဏာသိမ်းမှုကြောင့် ပြိုလဲသွားနိုင်ကြောင်း ပီဒါဆန်က ပြောသည်။
“ဒီအဆင့်မှာ စစ်ဗိုလ်ချုပ်တွေက အရာရာဆုံးရှုံးခံနိုင်တယ်။ အခုလောလောဆယ် အခြေအနေက သေတဲ့အထိ ဆက်လက်တိုက်မယ့် တိုက်ပွဲပဲလို့ ကျနော်ထင်တယ်”
နောက်ထပ် သွေးထွက်သံယို အနည်းဆုံးဖြင့် ပဋိပက္ခ မကြာမီ ပြီးတော့မည်ဟု အကောင်းမြင်ခြင်းသည် လိုရာဆွဲတွေးခြင်းဖြစ်ကြောင်း တာဝါက ပြောသည်။ “ဒီအဆင့်မှာ စစ်ဗိုလ်ချုပ်တွေက အရာရာဆုံးရှုံးခံနိုင်တယ်။ အခုလောလောဆယ် အခြေအနေက သေတဲ့အထိ ဆက်လက်တိုက်မယ့် တိုက်ပွဲပဲလို့ ကျနော်ထင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
(South China Morning Post ပါ Huw Watkin ၏ In Myanmar’s ‘fight to the death’, it’s the junta and its warlords vs everyone else ကို ဘာသာပြန်သည်။)
You may also like these stories:
သံတမန်ရေးနှင့် သူလျှိုလုပ်ငန်း အချက်အခြာဖြစ်လာသည့် မဲဆောက်မြို့
မဲဆောက်-မြဝတီ တံတားဖြတ်သန်းမှု လူငယ်များအား အဓိကထား တင်းကျပ်
မဲဆောက်ရောက် မြန်မာဒုက္ခသည်များထံ သွားလည်ခြင်း
မျှော်လင့်ချက်တွေကို တည်ဆောက်နေကြတဲ့ မဲဆောက်က မြန်မာဒုက္ခသည်တွေ
ဒေါနတောင်ကို အောင်ဇေယျ မကျော်နိုင်တော့တဲ့အခါ
အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ