(ဧရာဝတီတွင် ဖော်ပြခဲ့သော “သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ” အပိုင်း ၁ နှင့် အပိုင်း ၂ ကို ဖတ်ရှုရန်။)
UWSA နောက်ခံ
၂၀၀၉ ခုနှစ်က အပစ်ရပ်ထားသည့် တိုင်းရင်းသားတပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ဖွဲ့စည်းခိုင်းသည့်အခါ လက်မခံသည့် တိုင်းရင်းသားတပ်ဖွဲ့များနှင့် စစ်တပ် တင်းတင်းမာမာ ဖြစ်သည့်အထဲတွင် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) လည်း ပါသည်။
ထိုစဉ်က စစ်တပ်သဘောထားကို လက်မခံသည့် တိုင်းရင်းသားတပ်ဖွဲ့များထဲမှ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ကို တိုက်ခိုက်ခဲ့သော်လည်း အင်အားအတောင့်ဆုံးဖြစ်သည့် UWSA နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မိုင်းလားကို စစ်ကောင်စီ တိုက်ခိုက်ခြင်း မပြုခဲ့ပေ။
UWSA နှင့် မိုင်းလား NDAA မှာ ဆက်စပ်နေသည်ဖြစ်ရာ စစ်မျက်နှာခွဲပြီး ဖွင့်၍မရ။ နှစ်ခုလုံးကို တပြိုင်တည်း တိုက်ရမည်ဖြစ်ရာ သံလွင်မြစ်အရှေ့ခြမ်း တခုလုံးကို တိုက်ခိုက်ရမည်ဖြစ်၏။ ထို့ပြင် သံလွင်မြစ် အနောက်ဘက်ခြမ်း ရှမ်းမြောက်နှင့် ရှမ်းတောင်အား ကူးစက်လာနိုင်သည်။ ထိုစဉ်က စစ်တပ်၏ တပ်မ ၁၀ ခုလုံး သုံး၍ တိုက်လျှင် နိုင်ဖို့မလွယ်။
ထို့ပြင် စစ်စရိတ်ထောင်းပြီး စီးပွားရေးပါ ယိုင်နဲ့သွားနိုင်သည်။ သို့ဖြစ်ရာ အာဏာလွှဲပြောင်းရန် ပြင်နေသော တပ်ချုပ် သန်းရွှေနှင့် ဒု တပ်ချုပ် မောင်အေးသည် ဝ ကို လက်ရှောင်ခဲ့ကြ၏။ သူတို့အား ဆက်ခံသူ မင်းအောင်လှိုင်လည်း လက်ရှောင်၏။ စွန့်စား၍ တိုက်ခိုက်ရဲခြင်း မရှိကြပေ။
၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကာလကလည်း UWSA နှင့် အဆင်မပြေလှပေ။ ၂၀၀၉၊ ၂၀၁၀ ကာလက တင်းမာခဲ့သည်ကို ဖြေလျှော့ရန် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင် ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ်စာချုပ် ချုပ်ဆိုခဲ့သည်။ UWSA က လက်မှတ်ရေးထိုးခဲ့သော်လည်း ၁၉၈၉ ခုနှစ်၊ မေလ ၉ ရက်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) နှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားပြီး ဖြစ်သဖြင့် မလိုအပ်ဘဲ ထပ်မံထိုးရသည်ဟု မှတ်ယူခဲ့ကြ၏။
၂၀၁၅ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ကျိုင်းတုံသို့သွား၍ UWSA နှင့် NDAA ခေါင်းဆောင်များနှင့်တွေ့ကာ NCA လက်မှတ်ရေးထိုးရန် တိုက်တွန်းခဲ့သော်လည်း လက်ခံခြင်း မရှိခဲ့ပေ။ ၂၀၁၆ ခုနှစ် ပထမ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် UWSA ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သော်လည်း ညီလာခံခန်းမတွင်း နေရာချပုံကို သဘောမကျ၍ သပိတ်မှောက် ထွက်ခွာသွားခဲ့ကြသည်။
၂၀၁၅ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ကျိုင်းတုံသို့သွား၍ UWSA နှင့် NDAA ခေါင်းဆောင်များနှင့်တွေ့ကာ NCA လက်မှတ်ရေးထိုးရန် တိုက်တွန်းခဲ့သော်လည်း လက်ခံခြင်း မရှိခဲ့ပေ။ ၂၀၁၆ ခုနှစ် ပထမ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် UWSA ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သော်လည်း ညီလာခံခန်းမတွင်း နေရာချပုံကို သဘောမကျ၍ သပိတ်မှောက် ထွက်ခွာသွားခဲ့ကြသည်။ ထိုစဉ်က မြောက်ပိုင်းသုံးဖွဲ့အား ညီလာခံတက်ခွင့် မပြုခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးများကိုယ်တိုင် ပြန်လည်တက်ရန် ဖျောင်းဖျခဲ့သော်လည်း UWSA ကိုယ်စားလှယ်အဖွဲ့က လက်မခံခဲ့ပေ။

၂၀၁၇ ခုနှစ်တွင် UWSA သည် မြောက်ပိုင်း တိုင်းရင်းသားနိုင်ငံရေး မဟာမိတ်အဖွဲ့ဖြစ်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ကို ဖွဲ့စည်းပြီး NCA လမ်းကြောင်းအတိုင်း မသွားဟု ဆိုခဲ့သည်။ ၂၀၁၈၊ ၂၀၁၉ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ညီလာခံကို တရုတ်၏ ကြားဝင်မှုကြောင့် FPNCC အဖွဲ့ဝင်အနေဖြင့် တက်ခဲ့၏။ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အတွက် ဝင်ရောက် ဆွေးနွေးခြင်းမရှိဘဲ အခမ်းအနား တက်ရုံမျှသာ ဖြစ်သည်။ အခမ်းအနား တက်ရောက်စဉ် မကျန်းမာသည့် UWSA ခေါင်းဆောင်ကို မင်းအောင်လှိုင်ကိုယ်တိုင် ငှက်သိုက်စွပ်ပြုတ်တိုက်၍ ချော့မော့ခဲ့သည်ကို အများမြင်တွေ့ခဲ့ရ၏။
၂၀၁၉ ခုနှစ် UWSA နှစ် ၃၀ ပြည့်ပွဲတွင် အစိုးရနှင့် စစ်ဖက်ခေါင်းဆောင်များကို ဖိတ်ကြားခဲ့သော်လည်း အဆင့်မြင့်ခေါင်းဆောင်များ တက်ရောက်ခဲ့ခြင်း မရှိပေ။ UWSA ၏ စစ်အင်အားပြပွဲအား မြန်မာစစ်တပ်က မကြိုဆိုသောစကား ပြောခဲ့ပြီး မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း “ရင်မခုန်ဘူး”၊ “မှုစရာ မလို” ဟု ပြောခဲ့ကြောင်း သိရ၏။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက UWSA သည် စောင့်ကြည့်သည့် သဘောထား ရှိခဲ့ပြီး စစ်တပ်နှင့် တွေ့ဆုံမှုကို နှစ်ဖက်တပ် ရင်ဆိုင်ထားသည့် နေရာတွင်သာ ပြုလုပ်ခဲ့ပြီး စစ်တပ်က ပြောသည်ကိုသာ နားထောင်ခဲ့ကာ မည်သည့်မှတ်ချက်မှ ပြန်မပေးခဲ့ပေ။
၂၀၂၂ ခုနှစ်အတွင်း SSPP, NDAA တို့နှင့်အတူ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရာတွင် ဝ ပြည်နယ် အသိအမှတ်ပြုရန် တောင်းဆိုခဲ့ပြီး မည်သည့်သဘောတူညီချက်မှ မရခဲ့ပေ။
ပထမ သံလွင်မြစ်ကူးခြင်း
၂၀၂၁ ခုနှစ်၊ မေလကုန်ပိုင်းတွင် အင်အား ၃,၀၀၀ ခန့်၊ ကားအစီး ၁၀၀ ခန့်နှင့် လက်နက်ကြီး တပ်ရင်းတပ်ဖွဲ့များ ပါဝင်သည့် UWSA တပ်ဖွဲ့များသည် ပန်ယန်းမှတဆင့် သံလွင်မြစ်ကို ကူးတို့ဖြင့်ဖြတ်ကာ သံလွင်အနောက်ခြမ်း ရှမ်းတောင်သို့ ဝင်ရောက်လာခဲ့၏။
ခိုင်လုံသော သတင်းများအရ UWSA တပ်ဖွဲ့များသည် အဓိက SSPP တပ်ဖွဲ့များကို ကူညီခဲ့ပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ကို တိုက်ခိုက်ခဲ့၏။ ထိုတိုက်ပွဲများသည် ၂၀၂၂ ခုနှစ်၊ မတ်လကုန်ပိုင်းတွင် အခြေခံအားဖြင့် ပြီးပြတ်သွားခဲ့သော်လည်း UWSA တပ်ဖွဲ့များ မိုင်းကိုင်-ဆင်တောင်၊ ပင်လုံ- ဆနင်း တောင်ကြော အပါအဝင် ရှမ်းတောင်တွင် SSPP တပ်များနှင့်တွဲ၍ ၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းအထိ တပ်များ နေရာယူထားဆဲဖြစ်သည်ကို တွေ့ရ၏။
ဒုတိယ သံလွင်မြစ်ကူးခြင်း
ဒုတိယပိုင်း အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် UWSA တပ်ရင်းတရင်း အင်အား ၃၀၀ ခန့် သံလွင်မြစ် အနောက်ဘက်သို့ ကူးဝင်လာပြီး တန့်ယန်းအနီးတွင် SSPP တပ်များနှင့်တွဲ၍ စခန်းထိုင်လိုက်၏။
ထို့ပြင် ၁၀၂၇ စစ်ဆင်ရေး ပြုလုပ်မည့် မြောက်ပိုင်းသုံးဖွဲ့ကို လေ့ကျင့်ရေး၊ ထောက်ပို့နှင့် ဆေးဝါးကုသရေးတို့ပါ အကူအညီပေးခဲ့၏။ ထို့ကြောင့်လည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း ဟိုပန်၊ ပန်လုံကို သိမ်းပြီးနောက် UWSA ကို မြောက်ပိုင်းသုံးဖွဲ့က လွှဲပြောင်းပေးခဲ့ကြခြင်း ဖြစ်၏။
ထို့ပြင် ၁၀၂၇ စစ်ဆင်ရေး ပြုလုပ်မည့် မြောက်ပိုင်းသုံးဖွဲ့ကို လေ့ကျင့်ရေး၊ ထောက်ပို့နှင့် ဆေးဝါးကုသရေးတို့ပါ အကူအညီပေးခဲ့၏။ ထို့ကြောင့်လည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း ဟိုပန်၊ ပန်လုံကို သိမ်းပြီးနောက် UWSA ကို မြောက်ပိုင်းသုံးဖွဲ့က လွှဲပြောင်းပေးခဲ့ကြခြင်း ဖြစ်၏။ ဟိုပန်၊ ပန်လုံက သံလွင်အရှေ့တွင် ရှိသော်လည်း ဒုတိယ လွှဲပြောင်းရယူသည့်ဒေသမှာ သံလွင်မြစ် အနောက်ဘက်ရှိ မုန်းကျက်၊ ကာမိန်း၊ တိန်းတန် ဒေသဖြစ်၏။ သံလွင်မြစ် အရှေ့ဘက်တွင် UWSA ထိန်းချုပ်ရာ ဝ ပြည်နယ် နားဝီးမြို့နယ်ရှိ၏။ ၁၀၂၇ စစ်ဆင်ရေးအတွင်း တိန်းတန်၊ မုန်းကျက်တို့အား တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် TNLA က UWSA အား လွှဲပြောင်းပေးခြင်းဖြစ်သည်ဟု သိရ၏။
ထိုသို့ သံလွင်မြစ် အနောက်ခြမ်းသို့ UWSA တပ်များ ဝင်ရောက်လာသည့် နှစ်ကြိမ်လုံးတွင် စစ်တပ်က တရားဝင် ကန့်ကွက်သည်ကို မတွေ့ရပေ။ ပထမအကြိမ်က ၂၀၂၂ ခုနှစ်၊ မတ်လကုန်မှစ၍ တပ်များရုပ်ရန် SSPP ကို ဦးတည်၍ ရာဇသံအကြိမ်ကြိမ်ပေးပြီး စစ်အင်အားပြခဲ့သော်လည်း SSPP ကလည်း လုံးဝမဆုတ်ဟု အကြောင်းပြန်သည့်အပြင် UWSA တပ်ဖွဲ့များကလည်း SSPP တပ်များနှင့်အတူ အသင့်ရှိနေ၍ မြန်မာစစ်တပ် ရာဇသံလေထဲတွင် အငွေ့ပျံသွားသည်။
ဒုတိယပိုင်းတွင်လည်း ၁၀၂၇ စစ်ဆင်ရေး၌ အလဲလဲအကွဲကွဲဖြစ်နေသော စစ်တပ်သည် UWSA နှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်၍သာနေသည်ကို တွေ့မြင်နိုင်၏။
တတိယ သံလွင်မြစ်ကူးခြင်း
တတိယအကြိမ် သံလွင်မြစ်ကူးခြင်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် UWSA တပ်ဖွဲ့ဝင်များ ကားအစီး ၁၀၀ ခန့်ဖြင့် ပန်ယန်းကူးတို့မှ ကူး၍ ရှမ်းတောင်သို့ ဝင်ရောက်သည်။ ယခင် အင်အားများနှင့်ပေါင်းပါက အင်အား ၅,၀၀၀ ခန့်အထိ ရှိ၏။ ထိုတပ်များ၏ တရားဝင်လှုပ်ရှားမှုကို မဖော်ပြပေ။
ဤသို့ အလုံးအရင်းနှင့် ဝင်ရောက်ခြင်းကို စစ်ကောင်စီ မသိစရာ အကြောင်းမရှိသော်လည်း ထုတ်ဖော် ကန့်ကွက်ခြင်း မရှိပေ။ သို့သော် စစ်တပ်လော်ဘီများက UWSA တပ်များသည် ယူနီဖောင်းလဲ၍ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် TNLA, MNDAA တို့နှင့်အတူ ဝင်တိုက်နေသည်ဟု စွပ်စွဲသည်ကို တွေ့ရ၏။ သို့သော် ထိုတပ်ဖွဲ့များ၏ လှုပ်ရှားမှုအမှန်ကို မမြင်တွေ့ရသေးပေ။

ထို့နောက် တန့်ယန်းဇာတ်လမ်းသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က စတင်သည်ကို တွေ့ရ၏။ ဇူလိုင်လ ၉ ရက်နေ့တွင် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) မှ တန့်ယန်း လုံခြုံရေးအတွက် နယ်မြေအချို့ UWSA ကို လွှဲအပ်မည်ဟု စတင် ကမ်းလှမ်းလာရာမှ အစပြုသည်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် နောင်ချိုမြို့ကို သိမ်းပိုက်ပြီး ကျောက်မဲမြို့အား ဝိုင်းထားချိန်၊ နန့်ပေါင်ကို သိမ်းပြီး လားရှိုးအား တိုက်ခိုက်နေချိန်တွင် တန့်ယန်း၊ မိုင်းရယ်ဒေသကို ထိန်းသိမ်းနိုင်ခြင်း မရှိတော့သည့် စစ်ကောင်စီက UWSA ကို ထိုးအပ်သည်က သက်သာမည်ဟု စဉ်းစားလုပ်ဆောင်ပုံရ၏။
ဤသို့ ရမခ စစ်တိုင်း၏ ဖိတ်ခေါ်ချက်အရ ဝ လူငယ်မျိုးဆက်သစ် ခေါင်းဆောင်များ ဦးစီးသည့် UWSA တပ်များသည် ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် တန့်ယန်းသို့ ဝင်ရောက်လာပြီး စစ်ကောင်စီနှင့် ဆွေးနွေး၍ UWSA သို့ လွှဲပြောင်းသည့် နယ်မြေများကို အတည်ပြုခဲ့ကြသည်ဟု သိရ၏။
ရမခ မှ UWSA သို့ လွှဲပြောင်းပေးသည့် အဓိကနယ်မြေမှာ လားရှိုးအရှေ့ဘက် ယခင် ပါဖန်၊ နောင်လိုင်ခွင်ဟု ဒေသခံများ ခေါ်သည့်နယ်မြေ ဖြစ်၏။ ယေဘုယျပြောလျှင် လားရှိုး အရှေ့မြောက်ရှိ မိုင်းယော်မှ အရှေ့ဘက် သံလွင်မြစ်အထိ (သံလွင်အရှေ့ခြမ်းတွင် UWSA ထိန်းချုပ်ရာ နားဝီးရှိသည်) နှင့် လားရှိုး အရှေ့တောင်ဘက် ဟိုယရွာမမှ သံလွင်မြစ်အထိ တန့်ယန်းကားလမ်း၏ မြောက်ဘက်ခြမ်း နယ်မြေဖြစ်၏။
ဟိုယရွာမသည် တန့်ယန်း၊ မိုင်းရယ်လမ်းဆုံတွင်ရှိပြီး လက်ရှိ ကိုးကန့်တပ် သိမ်းထားသော နန့်ပေါင်နှင့် ကီလို ၃၀ ခန့်သာ ဝေးသည်။ ဟိုယရွာမ အရှေ့တောင်ဘက် ၁၀ ကီလိုမီတာခန့်တွင် မိုင်းရယ်၊ အရှေ့ဘက် ၂၅ ကီလိုမီတာခန့်တွင် မန်ကပ်နှင့် ကီလိုမီတာ ၄၀ ကျော်ခန့်အကွာတွင် တန့်ယန်းရှိသည်။
လက်ရှိ UWSA တပ်များသည် ဟိုယရွာမတွင် တပ်စွဲထားပြီ ဖြစ်၏။ စစ်ကောင်စီ၏ ရည်ရွယ်ချက်မှာ ဟိုယရွာမတွင် UWSA တပ် ထိုင်ထားပြီး တန့်ယန်းမြောက်ပိုင်းအား UWSA အားလွှဲအပ်ကာ မိုင်းရယ်ရှိ ခလရ ၆၇၊ ခမရ ၃၂၅၊ မန်ကပ်ရှိ တကက ၈၊ တန့်ယန်းရှိ စဗခ တန့်ယန်း၊ အမတ ၃၅၁၊ ခလရ ၃၃၊ ခမရ ၃၂၆၊ ၅၂၃ တို့အား မြောက်ပိုင်းသုံးဖွဲ့မှ လာမတိုက်ရန် အကာအကွယ်ယူခြင်း ဖြစ်ပုံ၏။ မြောက်ပိုင်းသုံးဖွဲ့နှင့် UWSA မှာ မဟာမိတ်များဖြစ်၍ ပြဿနာဖြစ်ပွားနိုင်ခြင်း မရှိပေ။ နောက်ရက်တွင် မိုင်းရယ်ကို စစ်ကောင်စီက SSPP အား လွှဲကြောင်း တွေ့ရ၏။
အမှန်တကယ် UWSA လိုချင်သည့် ဒေသမှာ သံလွင်အရှေ့ခြမ်းရှိ တာကော်အက်၊ မန်ကန်၊ လွယ်ပန်လုံ၊ မော်ဖာနှင့် မက်မန်းတို့ ဖြစ်သည်။ လက်ရှိ ရမခနှင့် ဆွေးနွေးရာတွင် UWSA က ယခု ရမခ က ပေးသည့် ပါဖန်၊ နောင်လိုင်ခွင်သာမက တာကော်အက်၊ မန်ကန်၊ လွယ်ပန်လုံတို့ကို UWSA အား ပေးရန် တောင်းဆိုသော်လည်း ရမခ က သဘောမတူသေးဟု သိရ၏။ မော်ဖာနှင့် မက်မန်းတို့ကမူ တြိဂံတိုင်းစစ်ဒေသမှဖြစ်၍ ဆွေးနွေးခြင်း မပြုရသေးဟု သိရ၏။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အင်အား ချိနဲ့လာမည်ဖြစ်၍ သံလွင်အရှေ့ခြမ်းရှိ ဝ ဒေသများအား စစ်တိုက်စရာမလိုဘဲ အင်အားပြ ဖိအားပေးသိမ်းယူနိုင်မည်ဟု UWSA ခေါင်းဆောင်များက ရည်မှန်းချက်ထားခဲ့ကြသည်။ လက်တွေ့တွင် ဟိုပန်နှင့် ပန်လုံကို ရခဲ့ပြီဖြစ်၏။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အင်အား ချိနဲ့လာမည်ဖြစ်၍ သံလွင်အရှေ့ခြမ်းရှိ ဝ ဒေသများအား စစ်တိုက်စရာမလိုဘဲ အင်အားပြ ဖိအားပေးသိမ်းယူနိုင်မည်ဟု UWSA ခေါင်းဆောင်များက ရည်မှန်းချက်ထားခဲ့ကြသည်။ လက်တွေ့တွင် ဟိုပန်နှင့် ပန်လုံကို ရခဲ့ပြီဖြစ်၏။
တာကော်အက်၊ မန်ကန်၊ လွယ်ပန်လုံတို့ကို မရသေးသော်လည်း ဝ တို့ ထိန်းချုပ်ရာ ဝိန်းကောင်မှ မန်မန်းဆိုင်၊ မန်ကန်၊ တာကော်အက်တို့ကို ဖြတ်၍ ဟိုယရွာမသို့ တံခါးမရှိ ဓားမရှိ သွားခွင့်ရပြီဖြစ်ရာ မကြာမီ တာကော်အက်၊ မန်ကန်၊ လွယ်ပန်လုံတို့ UWSA ၏ လက်တွင်း ရောက်မည်ဟု သုံးသပ်ရသည်။ တန့်ယန်းမြို့တွင်း၌ စစ်တပ်ရှိသေးသော်လည်း မြို့ပြင်ပတ်လည်အား UWSA ထိန်းချုပ်ထားပြီဖြစ်ရာ တန့်ယန်းသည်လည်း ရေရှည်တွင် စစ်တပ် လက်လွှတ်ရဖွယ် ရှိ၏။ ထို့အတူ မော်ဖာနှင့် မက်မန်းလည်း UWSA ထိန်းချုပ်နယ် မြေဖြစ်ရန် မဝေးတော့ပြီ ဖြစ်၏။
တကယ်တမ်းတွင် UWSA ၏ ကနဦး စဉ်းစားချက်သည် သံလွင်မြစ် အရှေ့ခြမ်းသာ ဖြစ်သည်။ သံလွင် အနောက်ခြမ်းတွင် လှုပ်ရှားနေသည်က အရှေ့ခြမ်း လုံခြုံရေးအတွက်သာ ဖြစ်၏။ ယခုအခါ အားနည်းချိနဲ့နေသည့် စစ်ကောင်စီက သံလွင်အနောက်ခြမ်းပါ အတင်းထိုးပေးနေ၍ စစ်မတိုက်ဘဲ၊ မျှော်မှန်းမထားဘဲ အလွယ်တကူ ရရှိခဲ့ခြင်း ဖြစ်သည်။ သံလွင်အရှေ့သာမက သံလွင်အနောက်ပါ ရသဖြင့် ထိုသံလွင်မြစ် အစိတ်အပိုင်းသည် UWSA အတွက် စိတ်ကြိုက်ဆုံးဖြတ်ခွင့် ရသွား၏။ တဖက်ကမ်းက လူနှင့် ညှိနှိုင်းရန် မလိုတော့ပေ။
သံလွင်အနောက်ခြမ်းသို့ ဝင်ရောက်လာသော UWSA ၏ ပါးနပ်မှုမှာ သုံးကြိမ်လုံးတွင် မဟာမိတ်ဖြစ်သူ SSPP နှင့် ပူးပေါင်း၍ ဝင်ရောက်ခြင်း ဖြစ်သည်ကို တွေ့ရ၏။ နှစ်ဖွဲ့လုံးအတွက် အကျိုးရှိသည့် အခြေအနေကို ဖန်တီး၍ သံလွင်အနောက်ခြမ်းသို့ ဝင်ရောက်သည်ကို တွေ့ရ၏။
နိဂုံး
“သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ” အပိုင်း ၂ တွင် ဤသို့ နိဂုံးချုပ်ခဲ့ပါသည်။
“၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် ဗကပမှ ခွဲထွက်၍ UWSA ထူထောင်ခဲ့သည်မှာ ၃၅ နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သကဲ့သို့ ၃၅ နှစ်အတွင်း ပိုမို အင်အားတောင့်တင်းလာခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် UWSA တွင် မျိုးဆက်သစ်ခေါင်းဆောင်များ အစားထိုး ဝင်ရောက်နေရာယူလာသည့် အချိန်ကာလလည်း ဖြစ်၏။
ထိုသို့သော အခြေအနေအောက်တွင် UWSA သည် နောက်ကွယ်မှ လှုပ်ရှား၍ သေနတ်တချက်မှ မပစ်ဖောက်ဘဲ သူတို့၏ ဩဇာကို တိုးချဲ့လာသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်၏။ ထို့အတူ မည်သည့်အတိုင်းအတာထိ သူတို့လက်တံ ဖြန့်ကြက်မည်ဆို သည်မှာလည်း စိတ်ဝင်စားဖွယ်ဖြစ်၏။”
ယခု ထပ်မံဖြည့်စွက်ရလျှင် စစ်ကောင်စီနှင့် ရင်ဆိုင်သောအခါ အင်အားရှိဖို့လိုသည်ဆိုသည့် အချက်အား UWSA က ပြသနေသည်ကို တော်လှန်ရေးတပ်ဖွဲ့များ ကောင်းစွာ သင်ခန်းစာယူကြရန် လိုပေသည်။ UWSA တပ်များ နယ်ခြားစောင့်တပ် ဖွဲ့ရေးအား ငြင်းပယ်ခဲ့သော်လည်း မြန်မာစစ်တပ် မတိုက်ရဲခဲ့ပေ။ ထို့ပြင် စစ်အင်အား အလုံးအရင်းနှင့် သံလွင်မြစ်အနောက်ဘက်ကမ်းတွင် ၂၀၂၁ ခုနှစ်ကတည်းက လှုပ်ရှားသည်။ တိုက်ပွဲများ ဖြစ်သည်။ စစ်ကောင်စီ တခွန်းမှ မဟရဲပေ။
မြောက်ပိုင်းသုံးဖွဲ့၊ ၁၀၂၇ စစ်ဆင်ရေးတို့ကို UWSA က အပြည့်အဝ ကူညီသည်။ စစ်ကောင်စီ ရေငုံနှုတ်ပိတ်နေ၏။ ဟိုပန်၊ ပန်လုံအား အုပ်ချုပ်ရေးလွှဲယူလိုက်ပြီဟု UWSA က ကြေညာသည်။ စစ်ကောင်စီထံမှ တရားဝင် ဘာသံမှ မကြားရပေ။။
ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က သံလွင်အနောက်ဘက်ကမ်းသို့ အလုံးအရင်းလိုက် ထပ်မံ ဝင်ရောက်သည်ကို မကန့်ကွက်ရဲသည့်အပြင် သံလွင်အနောက်ခြမ်းကိုပါ ထပ်မံ ထိုးပေးလိုက်သေးသည်။
အင်အားရှိမှ တိုင်းရင်းသားများ၊ ပြည်သူများအဖို့ ကိုယ့်အခွင့်အရေးရမည်ကို စစ်အင်အားတောင့်တင်းသည့် UWSA က ပြသနေ၏။ လက်နက်မဲ့ပြည်သူကို ဗိုလ်ကျ ရမ်းကားသလောက် လက်နက်ကိုင်အင်အားရှိလျှင် စစ်ကောင်စီ ကြောက်၏။ တရုတ်ကိုသာမက ‘ကျနော်တို့ ဝ ကိုလည်း ကြောက်ရပါသည်’ ဟု စစ်ကောင်စီခေါင်းဆောင်ပိုင်းက ထုတ်ပြောလာလျှင် အံ့ဩစရာ ရှိမည်မထင်ပါ။
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
သံလွင်မြစ်ကို ကူးလာတဲ့ UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ
သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)
UWSA ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဘာထူးလဲ
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို UWSA အဖက်မလုပ်
သံလွင်မြစ်အရှေ့ ခြမ်း၌ ကရင်နီပူးပေါင်းတပ်များနှင့် စစ်တပ်တို့ တိုက်ပွဲဆက်ဖြစ်နေ