မြန်မာ့စီးပွားရေးမြို့တော်မှ ကျော်ကြားလှသည့် ရွှေတိဂုံစေတီတော်ခြေရင်းမှ ရန်ကုန်ဂယ်လာရီ စားသောက်ဆိုင်သို့ မကြာခဏလာသည့် ဖောက်သည်များတွင် စကားကို ညင်ညင်သာသာ ပြောတတ်သည့် စီးပွားရေးသမားတဦးဟု မထင်ရသူ ဦးအောင်လှိုင်ဦး ပါဝင်သည်။
ထိုစားသောက်ဆိုင်တွင် သူ့ကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ ဆိုင်ပိုင်ရှင် အောင်ပြည့်စုံနှင့် စားသောက်နေသည်ကို တခါတရံ တွေ့ရပြီး ထိုဆိုင်သည် သူ အစည်းအဝေးများ ကျင်းပသည့် အကြိုက်ဆုံးနေရာများတွင် ပါဝင်သည်။
သူ၏ အသက်မွေးဝမ်းကြောင်းတလျှောက် အချိန်အများစုတွင် ဦးအောင်လှိုင်ဦးသည် အများပြည်သူရှေ့ မထွက်ရန် ဂရုစိုက်ပြီး အမှောင်ရိပ်မှ လုပ်ကိုင်ရခြင်းကို ပိုမိုသဘောကျသည်။
သို့သော် သူ၏ စီးပွားရေးအကျိုးစီးပွားများ၊ မြန်မာနှင့် ယခင်ဆိုဗီယက်အုပ်စု နိုင်ငံများမှ လက်နက်ထုတ်လုပ်သူများအကြား ကြားလူအဖြစ် လုပ်ကိုင်သော သူ၏အခန်းကဏ္ဍများက အများပြည်သူအကြား သူ့ရုပ်ပုံလွှာကို ထင်ပေါ်စေသလို ၂၀၁၇ ခုနှစ်တွင် ယူကရိန်း ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ဖြစ်လာခြင်းကလည်း သံတမန်အသိုက်အဝန်းဆီ ရောက်သွားစေသည်။
တခါက သူနှင့်သူ့ဇနီး ဒေါ်ခင်နွယ်မာထွန်းတို့ ရန်ကုန်ရှိ သံတမန်ဧည့်ခံပွဲတခုတွင် ထိုစဉ်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဓာတ်ပုံပူးတွဲ ရိုက်သည်ကို တွေ့ရသည်။
ဦးအောင်လှိုင်ဦး၏ အခြေခံစီးပွားရေးလုပ်ငန်းမှာ Myanmar Chemical & Machinery Co. (MCM) ဖြစ်သော်လည်း သူ၏ အကျိုးအမြတ်များသော လုပ်ငန်းများတွင် အဆင့်မြင့်လက်နက်များ ထုတ်လုပ်ရန် ယူကရိန်းမှ ကိရိယာများနှင့် နည်းပညာ ရရှိအောင် မြန်မာစစ်တပ်ကို ကူညီသည့် လုပ်ငန်းပါဝင်သည်။
ဦးအောင်လှိုင်ဦး၏ အခြေခံစီးပွားရေးလုပ်ငန်းမှာ Myanmar Chemical & Machinery Co. (MCM) ဖြစ်သော်လည်း သူ၏ အကျိုးအမြတ်များသော လုပ်ငန်းများတွင် အဆင့်မြင့်လက်နက်များ ထုတ်လုပ်ရန် ယူကရိန်းမှ ကိရိယာများနှင့် နည်းပညာ ရရှိအောင် မြန်မာစစ်တပ်ကို ကူညီသည့် လုပ်ငန်းပါဝင်သည်။ (သူ့ကို ယူကရိန်းတွင် မြန်မာ သံတမန်ကိုယ်စားလှယ် ဖြစ်စေသည်မှာ စစ်တပ်က ယူကရိန်း လက်နက်ဝယ်ယူမှုတွင် အရေးပါသော အခန်းကဏ္ဍကြောင့် ဖြစ်သည်။) ယူကရိန်းအပြင် သူသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်အရာရှိများနှင့် ရုရှားသို့ ခရီးစဉ်အများအပြားတွင် လိုက်ပါဖူးသည်။
စစ်ကောင်စီက BTR-4 တပ်ဖွဲ့သယ်ဆောင်ရေး သံချပ်ကာယာဉ်များ၊ MMT-40 တင့်ကားများနှင့် အလိုအလျောက် ပစ်ခတ်သည့် 2SIU ဟောင်ဝစ်ဇာ အမြောက်များကို ပြည်တွင်းသုံးရန်နှင့် ပြည်ပတင်ပို့ရန် ထုတ်လုပ်သည့် စက်ရုံ ထူထောင်ရေး စစ်ကောင်စီ၏ စီမံကိန်းတွင် ဦးအောင်လှိုင်ဦးသည် အရေးပါသူတဦး ဖြစ်သည်။
ယူကရိန်းတွင် ထုတ်လုပ်သည့် မျိုးဆက်သစ် သံချပ်ကာယာဉ်ဖြစ်သော BTR-4 များကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးနောက် အစောပိုင်းကာလများက ရန်ကုန်လမ်းမများတွင် မြင်တွေ့ကြရသည်။ ထိုနောက် ၎င်းတို့ကို ရှမ်းပြည်မြောက်ပိုင်းမှ ရှေ့တန်းစစ်မျက်နှာတွင် တွေ့ရပြီး တစီးကို တိုင်းရင်းသား လက်နက်ကိုင်များက သိမ်းဆည်းမိသေးသည်။
စစ်တပ်၏ စီးပွားရေးကွန်ရက်များကို စောင့်ကြည့်သည့် တက်ကြွလှုပ်ရှားသူများအဖွဲ့ Justice for Myanmar (IFM) ၏ အဆိုအရ ထိုစီစဉ်ထားသည့် စက်ရုံသည် မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးနှင့် ယူကရိန်း နိုင်ငံပိုင်လုပ်ငန်း နှစ်ခုဖြစ်သော လက်နက်ထုတ်လုပ်ရေး လုပ်ငန်းစု Ukroboronprom, ၎င်း၏ ကုန်သွယ်ရေးလုပ်ငန်းခွဲ Ukrspecexport နှင့် ဦးအောင်လှိုင်ဦး၏ MCM အကြား ဖက်စပ်လုပ်ငန်းတခု ဖြစ်လာမည်ဟု သိရသည်။
MCM ၏ လုပ်ငန်းခွဲ Amethyst Trading သို့ Ukrspecexport က ၂၀၁၈ ခုနှစ်တွင် တင့်ကား အစိတ်အပိုင်းများနှင့် ၂၀၁၉ ခုနှစ်တွင် မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေး သံချပ်ကာယာဉ် အစိတ်အပိုင်းများ အပါအဝင် တင်ပို့မှု အများအပြားရှိကြောင်း JFM က ဖော်ပြခဲ့သည်။ ၂၀၁၆-၁၇ ခုနှစ်တွင် ယူကရိန်း လက်နက်ထုတ်လုပ်သူများသည် Mil Mi-2 နှင့် Mil Mi-17 ရဟတ်ယာဉ် အစိတ်အပိုင်းများ၊ BTR-3U တပ်ဖွဲ့သယ်ဆောင်ရေး သံချပ်ကာယာဉ် အစိတ်အပိုင်းများ၊ သင်္ဘော အင်ဂျင်တလုံး၊ သင်္ဘောမောင်းနှင်ရေးနှင့် ရေဒါစနစ်များကို ဦးအောင်လှိုင်ဦး၏ စင်ကာပူအခြေစိုက် MCM Pacific ကုမ္ပဏီမှတဆင့် ပေးပို့ကြောင်း ထိုအဖွဲ့က ဖော်ထုတ်ခဲ့သည်။
ယူကရိန်းမှ စီးပွားရေးအပြင် MCM သည် မြန်မာစစ်တပ်အတွက် လက်နက်များကို ဆာဗီးယားမှလည်း ဝယ်ယူပြီး ဆာဗီးယား လက်နက်ထုတ်လုပ်ရေးလုပ်ငန်း Sloboda နှင့်လည်း ဆက်ဆံရေးရှိသည်။
JFM သို့ ပေါက်ကြားလာသည့် ၂၀၁၉ ခုနှစ်က မြန်မာလေတပ်အတွက် MCM ၏ အဆိုပြုချက် တခုတွင် လေယာဉ်တင် ဒုံးကျည်ပစ်ကိရိယာများ၊ ဒုံးကျည်များ၊ အလွတ်ကြဲချသည့် ဗုံးများ၊ ကျယ်ပြန့်သော မျက်နှာပြင်များကို ပစ်ခတ်သည့် အတွဲလိုက် ဗုံးပစ်လောင်ချာများနှင့် ဖျူ့စ်များ အပါအဝင် Sloboda က ရောင်းချနိုင်သည့် ပစ္စည်းများကို စာရင်းဖော်ပြထားသည်။
မြန်မာစစ်တပ်နှင့် ဆာဗီးယား ဆက်ဆံရေးသည် ၁၉၅၀ ပြည့်နှစ်များက မြစ်ဖျားခံသည်။ ထိုစဉ်က နေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရသည် ယူဂိုဆလားဗီးယားနိုင်ငံနှင့် ရင်းနှီးသော သံတမန်ရေး ထူထောင်ထားသည်။ ၁၉၉၀ ပြည့်နှစ်များတွင် ထိုကွန်မြူနစ်နိုင်ငံဟောင်း ပြိုကွဲသောအခါ မြန်မာစစ်တပ်သည် ဘဲလ်ဂရိတ်နှင့် နွေးထွေးသောဆက်ဆံရေး ဆက်လက် ထိန်းသိမ်းထားသည်။
၂၀၁၅ ခုနှစ်၊ မေလတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဆာဗီးယားသို့ သွားရောက်ပြီး ကာကွယ်ရေးဝန်ကြီး အပါအဝင် အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံသည်။ ထိုခရီးစဉ်အတွင်း ဆာဗီးယားနှင့် မြန်မာသည် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တခု လက်မှတ်ရေးထိုးကြပြီး မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ထိုနိုင်ငံမှ စစ်ဘက် အဆောက်အအုံများသို့ သွားရောက်သည်။ ဦးအောင်လှိုင်ဦးသည် ထိုခရီးစဉ်တွင် လိုက်ပါသွားသည်။
၂၀၁၅ ခုနှစ်၊ မေလတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဆာဗီးယားသို့ သွားရောက်ပြီး ကာကွယ်ရေးဝန်ကြီး အပါအဝင် အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံသည်။ ထိုခရီးစဉ်အတွင်း ဆာဗီးယားနှင့် မြန်မာသည် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တခု လက်မှတ်ရေးထိုးကြပြီး မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ထိုနိုင်ငံမှ စစ်ဘက် အဆောက်အအုံများသို့ သွားရောက်သည်။ ဦးအောင်လှိုင်ဦးသည် ထိုခရီးစဉ်တွင် လိုက်ပါသွားသည်။
ဦးအောင်လှိုင်ဦး အမြတ်အစွန်း အများအပြားရပြီး ထုံစံအားဖြင့် ယူကရိန်းမှ လက်နက်ရောင်းချမှုများအတွက် ကော်မရှင်ခ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိရသည်။ ထိုပမာဏသည် သူ၏ စီးပွားရေးလုပ်ငန်းများနှင့် ယူကရိန်းအတွက် ကြီးမားသော အမြတ်အစွန်းများ ဖြစ်သည်ဟု JFM က ဖော်ပြသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အဆိုအရ ၂၀၁၅ ခုနှစ်မှ စတင်ပြီး ယူကရိန်းလုပ်ငန်းများသည် BTR-4 တပ်ဖွဲ့သယ်ဆောင်ရေး သံချပ်ကာယာဉ်များ၊ MMT-40 အပေါ့စားတင့်ကားများနှင့် အလိုအလျောက် အသင့်ပစ်အနေအထား ယူနိုင်သည့် 2SIU ဟောင်ဝစ်ဇာများကို မြန်မာသို့ ရောင်းချနေပြီး မြန်မာကာကွယ်ရေး ပစ္စည်းစက်ရုံများနှင့် ပူးတွဲကာ ထိုလက်နက်များကို ထုတ်လုပ်ရန် ဖြစ်နိုင်ခြေကိုလည်း လေ့လာနေသည်ဟု သိရသည်။
အဓိကရောင်းချသည့် လုပ်ငန်းများသည် ယူကရိန်းမှ လက်နက်ထုတ်လုပ်ရေး လုပ်ငန်း နှစ်ခုဖြစ်သည့် Ukroboronprom နှင့် Ukrspecexport ဖြစ်သည်ဟု အထက်ပါ အချက်အလက် ရှာဖွေရေး မစ်ရှင်က ပြောသည်။
စစ်အာဏာသိမ်းမှုကြောင့် ထိုကုမ္ပဏီ နှစ်ခုသည် မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းမည်လားဟု ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် ဂျာမန်ရုပ်သံဌာန Deutsche Welle က Ukroboronprom ပြောခွင့်ရသူတဦးကို မေးသည်။ ထိုပြောခွင့်ရသူက ၎င်းတို့ကုမ္ပဏီသည် စစ်လက်နက်ပစ္စည်းများကို ယူကရိန်းဥပဒေနှင့် နိုင်ငံတကာ တာဝန်ဝတ္တရားများအရ တင်ပို့ကြောင်း၊ နှစ်နိုင်ငံအကြား ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်သည် စစ်ကောင်စီအောက်တွင်လည်း တရားဝင်ဆဲဖြစ်ကြောင်း ပြောသည်။
သို့သော် ယူကရိန်းက မြန်မာသို့ လက်နက်တင်ပို့မှုများသည် ရုရှားမှ တင်ပို့မှုများနှင့်ယှဉ်လျှင် မပြောပလောက်ပေ။
ရုရှားသည် မြန်မာစစ်တပ်သို့ MiG-29 နှင့် SU-30 ဂျက်တိုက်လေယာဉ်များ၊ Hind Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ၊ Yak-130 မြေပြင်တိုက်ခိုက်ရေး လေယာဉ်များ၊ အပေါ့စား သံချပ်ကာယာဉ်များကို ရောင်းချထားသည်။ ၁၉၉၀ ပြည့်နှစ်များ အစောပိုင်းမှ စတင်ပြီး မြန်မာစစ်အရာရှိ၊ စစ်တပ်နှင့်ပတ်သက်သည့် သိပ္ပံပညာရှင် ၇,၀၀၀ ကျော် ရုရှားတွင် ပညာသင်ကြားခဲ့သည်။
ထိုအရာရှိများသည် Omsk Armor Engineering Institute, မော်စကို Air Force Engineering Academy, Nizhniy Novgorod Command Academy နှင့် Kazan Military Command Academy တို့တွင် ပညာသင်ယူကြပြီး အချို့သည် ရုရှားလေတပ်တွင် ဗိုလ်လောင်းများအဖြစ် အလုပ်သင် လုပ်ကြသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်မီရက်များက ထိုစဉ် ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂေး ရှိုင်ဂုသည် ရုရှားလုပ် ရေဒါကိရိယာ Pantsir-S1 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်တခုနှင့် Orlan-10E ထောက်လှမ်းရေးဒရုန်းများ ပေးပို့ရေး ပြင်ဆင်မှု အပြီးသတ်လုပ်ဆောင်ရန် မြန်မာသို့ လာရောက်သည်။
ယူကရိန်းကို ရုရှား၏ကျူးကျော်မှု နောက်ပိုင်းတွင် မော်စကိုသည် မြန်မာသို့ ယခင်က တင်ပို့ထားသည့် စစ်လက်နက်ပစ္စည်းများကို ပြန်လည် ဝယ်ယူနေသည်။ Nikkei Asia သတင်းအရ ရုရှားသည် မြန်မာနှင့် အိန္ဒိယသို့ တင်ပို့ထားသည့် တင့်ကားနှင့် ဒုံးကျည် အစိတ်အပိုင်းများကို ပြန်လည်ဝယ်ယူသည်ဟု သိရသည်။ ရုရှားသည် ယူကရိန်းတွင် အသုံးပြုရန် ရည်ရွယ်သည့် လက်နက်ဟောင်းများကို အဆင့်မြှင့်တင်ရန် ရှည်ကြာသည့် စစ်ဘက်ဆက်ဆံရေးရှိသော နိုင်ငံများမှ ထိုအစိတ်အပိုင်းများကို ပြန်လည် တင်သွင်းနေခြင်း ဖြစ်နိုင်သည်ဟု ထိုသတင်းဌာနက ဖော်ပြသည်။
မြန်မာနှင့် ပိုမိုနီးကပ်သည့် တရုတ်သည် မြန်မာစစ်တပ်သို့ လက်နက် အဓိကရောင်းချသည့် နိုင်ငံဖြစ်ပြီး ရုရှားကဲ့သို့ပင် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများတွင် ကြံရာပါ ဖြစ်ကာ စစ်ကောင်စီကို ကုလသမဂ္ဂတွင် ဆက်လက် ထောက်ခံသည်။ ထိုကိစ္စတွင်လည်း ဦးအောင်လှိုင်ဦးအတွက် အလုပ်များပြီး တရုတ်အမျိုးသား လေကြောင်းနည်းပညာ သွင်းကုန်ထုတ်ကုန် ကော်ပိုရေးရှင်း (China National Aero -Technology Import & Export Corporation – CATIC) နှင့် မြန်မာစစ်တပ်အကြား ပွဲစားလုပ်သည်။
CATIC သည် တရုတ်နိုင်ငံပိုင် ကာကွယ်ရေးကုမ္ပဏီဖြစ်ပြီး ၎င်း၏ အဓိကစီးပွားရေးမှာ လေကြောင်း ထုတ်ကုန်များနှင့် နည်းပညာဖြစ်သည်။ ထိုကုမ္ပဏီသည် တရုတ်လေကြောင်း စက်မှုကော်ပိုရေးရှင်း (Aviation Industry Corporation of China – AVIC) ၏ ကမ္ဘာ့ဈေးကွက် ကိုယ်စားလှယ်ဖြစ်ပြီး K-8 ဂျက်တိုက်လေယာဉ်များ မြန်မာတွင် ထုတ်လုပ်စေသည့် နည်းပညာလွှဲပြောင်းမှု စီမံကိန်းကို ပေါ်ပေါက်လာစေသည်။
K-8 လေယာဉ်များကို AVIC ၏ ဟောင်ကောင် စတော့အိတ်ချိန်းစာရင်းဝင် လုပ်ငန်းခွဲ AviChina Industry and Technology Co. Ltd က ထုတ်လုပ်သောကြောင့် AviChina တွင် ရင်းနှီးမြှုပ်နှံသူများသည် မြန်မာစစ်တပ်က အရပ်သားများကို ရက်စက်ကြမ်းကြုတ်မှုများတွင် AviChina ၏ ကြံရာပါမှုအတွက် မျှဝေ တာဝန်ယူရမည် ဖြစ်သည်။
ထို့ပြင် ဦးအောင်လှိုင်ဦး၏ MCM သည် မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာတွင် စစ်မော်တော်ယာဉ်များ တပ်ဆင်ရန် တရုတ်ထရပ်ကားကုမ္ပဏီ Sinotruk နှင့်လည်း စီးပွားဖက် ဖြစ်သည်။
တရုတ်လုပ် ထရပ်ကားများကို စစ်အာဏာသိမ်းပြီး မကြာမီ ဖြစ်လာသည့် မြို့ပြလူထုကန့်ကွက် ဆန္ဒပြပွဲများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းရာတွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့ကြရသည်။
စစ်တပ်နှင့် နက်ရှိုင်းသော ဆက်ဆံရေးများတွင် ဦးအောင်လှိုင်ဦးသည် စစ်ကောင်စီ၏ အဓိက ဝင်ငွေ ရင်းမြစ်ဖြစ်သော စစ်တပ်ပိုင်လုပ်ငန်းစု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌ လုပ်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောနှင့်လည်း အထူးသဖြင့် ရင်းနှီးသည်။
စစ်တပ်နှင့် နက်ရှိုင်းသော ဆက်ဆံရေးများတွင် ဦးအောင်လှိုင်ဦးသည် စစ်ကောင်စီ၏ အဓိက ဝင်ငွေ ရင်းမြစ်ဖြစ်သော စစ်တပ်ပိုင်လုပ်ငန်းစု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌ လုပ်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောနှင့်လည်း အထူးသဖြင့် ရင်းနှီးသည်။ ညိုစောသည် ၂၀၂၀ ပြည့်နှစ်တွင် စစ်ထောက်ချုပ်အဖြစ် စစ်တပ်မှ အနားယူပြီး MEC မှ ထွက်ခဲ့သော်လည်း သြဇာကြီးမားနေဆဲ ဖြစ်သည်။
၂၀၂၃ ခုနှစ် သြဂုတ်လတွင် သူ့ကို ဗိုလ်ချုပ်မင်းအောင်လှိုင်၏ စစ်ကောင်စီအကြံပေးအဖွဲ့တွင် သူ့ကိုခန့်သည်။ သူသည် စစ်ကောင်စီ၏ နိုင်ငံခြားငွေလဲလှယ်မှု ကြီးကြပ်ရေးအဖွဲ့၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။
MEC ကို မြန်မာ့စီးပွားရေး အကျိုးပြုရန်၊ စစ်တပ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်၊ ကာကွယ်ရေး အသုံးစရိတ် လျှော့ချရန်နှင့် စစ်သားများဘဝ အဆင်ပြေရန်ဆိုသည့် ထုတ်ပြန်ကြေညာထားသည့် ရည်မှန်းချက်များဖြင့် ၁၉၉၇ ခုနှစ်တွင် ထူထောင်သည်။ ထိုလုပ်ငန်းစုတွင် ဘဏ်လုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ အစားအစာ ထုတ်လုပ်ရေး ကဏ္ဍများတွင် လုပ်ကိုင်နေသည့် လုပ်ငန်းခွဲ ၁၉ ခု ရှိသော်လည်း ထိုလုပ်ငန်းများသည် ရှင်းရှင်းလင်းလင်း မသိရသလို မရိုးသားဘဲ MEC သည် မြန်မာတွင် စစ်တပ်စီမံခန့်ခွဲသည့် အလျှို့ဝှက်ဆုံး အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံရသည်။
ဦးအောင်လှိုင်ဦး၏ ကိုယ်ရေးရုပ်ပုံလွှာသည် စစ်အာဏာသိမ်းပြီးနောက်တွင် သူ၏ဇနီး ဒေါ်ခင်နွယ်မာထွန်း နှင့်အတူ ပိုမိုထင်သာမြင်သာ ဖြစ်လာသည်။ မထင်မရှားဘဝမှ ၂၀၁၄ ခုနှစ်တွင် စစ်တပ်နှင့် ပတ်သက်သူများသို့ နိုင်ငံတကာအေဂျင်စီများက ပေးနေသည့် မသမာသော အိမ်ငှားခ အရှုပ်တော်ပုံ သတင်းခေါင်းစဉ်များတွင် သူ စတင်ပါဝင်လာသည်။
၂၀၁၂ ခုနှစ် နိုင်ငံရေးတံခါး ဖွင့်သောအခါ မြန်မာသို့ ပြန်ရောက်လာသည့် ဧရာဝတီသတင်းဌာနက ပထမဆုံးဖော်ပြခဲ့သည့် ထိုသတင်းတွင် ရန်ကုန်၏ မြင့်မားလှသော အိမ်ခြံမြေဈေးနှုန်းများ၊ အကောင်းဆုံး အိမ်ခြံမြေများကို စစ်တပ်ထိပ်တန်း အရာရှိများ၊ ၎င်းတို့နှင့် ပတ်သက်သူများ ပိုင်ဆိုင်ခြင်းနှင့် ပြည်ပအကူအညီပေးရေး အဖွဲ့များက စစ်ဘက်အထက်လွှာများ ချမ်းသာကြွယ်ဝစေရန် ကူညီနေမှုများအတွက် စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။
ထင်ရှားသော ဥပမာတခုမှာ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ရန်ကုန်မှ သုံးထပ်အဆောက်အအုံ ရုံးအတွက် တလလျှင် ငှားရမ်းခ အမေရိကန် ဒေါ်လာ ၈၇,၀၀၀ ပေးရန် သဘောတူခြင်း ဖြစ်သည်။ ထိုမျှ များပြားသော ငွေများကို ယခင် စစ်အုပ်စုခေတ်က အငြိမ်းစား ဗိုလ်ချုပ်နှင့် စိုက်ပျိုးရေးဝန်ကြီးဟောင်း ဦးညွန့်တင် မိသားစုသို့ ပေးကြောင်း အခြား ပြည်တွင်း သတင်းရင်မြစ်တခုကလည်း အတည်ပြုသည်။ ဦးညွန့်တင်သည် စစ်အာဏာရှင် ဦးသန်းရွှေ လက်ထက်က လာဘ်အစားဆုံး ဝန်ကြီးတဦးအဖြစ် နာမည်ဆိုးထွက်သည်။
ယူနီဆက်ဖ်ရုံးသည် လက်ရှိနှင့် လက်ဟောင်း ဗိုလ်ချုပ်များ နေထိုင်ကြသည့် ချမ်းသာကြွယ်ဝသော ရွှေတောင်ကြားရပ်ကွက် အင်းလျားမြိုင်လမ်းတွင် တည်ရှိသည်။ ၁၉၉၀ ပြည့်နှစ်များတွင် ထိုရပ်ကွက်သည် သံတမန်နှင့် ကုလသမဂ္ဂ အေဂျင်စီအများအပြား နေထိုင်သော ရပ်ကွက်လည်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် အစောပိုင်းတွင် နိုင်ငံတံခါး ပြန်လည်ဖွင့်သောအခါ အသုံးစရိတ် အများအပြားရသည့် နိုင်ငံတကာအေဂျင်စီများသည် ထိုရပ်ကွက်သို့ အလုအယက် ပြန်လာကြသည်။
ယူနီဆက်ဖ်၏သတင်း ပေါက်ကြားလာပြီး နောက်ပိုင်းတွင် ဧရာဝတီအပါအဝင် ပြည်တွင်းမီဒီယာများက နိုင်ငံတကာ အေဂျင်စီများ ရန်ကုန်တွင် အိမ်ခြံမြေငှားရမ်းခ မည်မျှပေးနေရသည်ကို မေးမြန်းကြသည်။
နောက်ထပ် ကုလသမဂ္ဂ အေဂျင်စီတခုဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ရန်ကုန်မှ အဆင့်မြင့်ရပ်ကွက် ပြည်လမ်း ၇ မိုင်တွင် ရုံးခန်းငှားခ တလလျှင် အမေရိကန်ဒေါ်လာ ၇၉,၀၀၀ ပေးရကြောင်း ဧရာဝတီသို့ ပြောသည်။ ထိုပမာဏသည် ၎င်းတို့၏ မြန်မာနိုင်ငံဆိုင်ရာ နှစ်စဉ် အသုံးစရိတ် အမေရိကန်ဒေါ်လာ ၉ သန်း၏ ၁၀ ရာခိုင်နှုန်းကျော်သည်။
ထိုနေရာငှားရမ်းခသည တနှစ်လျှင် ဒေါ်လာ ၁ သန်းနီးပါးရှိကြောင်း WHO ပြောခွင့်ရသူက ဝန်ခံသည်။ ထိုပမာဏသည် ကလေးငယ် ၃၀,၀၀၀ ကို ဝက်သက်၊ ပိုလီယိုနှင့် အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး ထိုးပေးရန် လုံလောက်သော ပမာဏဖြစ်သည်။
ပြောစရာ မလိုသည့်ကိစ္စမှာ ထိုနေရာသည် သွားရေးလာရေး အဆင်ပြေပြီး လှပသော အိမ်ခြံမြေ ဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။ မြန်မာမှ လက်တဆုပ်စာသော လူများသာ ထိုကဲ့သို့သော နေရာတခုကို ပိုင်ဆိုင်နိုင်သည့် အနေအထားတွင် ရှိသည်။ ထိုနေရာပိုင်ရှင်သည် ထိုစဉ်က စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ် မင်းအောင်လှိုင် သို့မဟုတ် သူ၏ မိသားစုမှ တဦးဦးဖြစ်သည်ဆိုသည့် ကောလာဟလများ ထွက်လာသည်။
WHO က ၎င်းတို့သည် ကုလသမဂ္ဂအေဂျင်စီများ ကုန်သည်ကြီးများဟိုတယ်မှ ရွှေ့ပြောင်းရန် စစ်အုပ်စု၏ ၂၀၁၃ ခုနှစ် အမိန့်ကြောင့် ရန်ကုန်မှ သင့်လျော်သောနေရာရှာရန် ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ရပြီး ထိုမျှ အကြီးအကျယ် ကုန်ကျရကြောင်း ဆင်ခြေပေးရန် ကြိုးစားသည်။ ထိုဟိုတယ်ကို ယခုအခါ ဆူးလေရှန်ဂရီလာဟိုတယ်ဟုခေါ်ပြီး ကြယ် လေးပွင့်အဆင့်ရှိကာ အာဏာသိမ်းပြီးနောက် ယာယီပိတ်ထားသည်။
“နောက်ဆုံးတွင် လက်ရှိ အိမ်ခြံမြေသည် ကုလသမဂ္ဂ လုံခြုံရေးစံနှုန်းများနှင့် ကိုက်ညီပြီး သင့်လျော်သော နေရာဖြစ်ကြောင်း သိရသည်” ဟု WHO က ပြောသည်။
မြင့်မားလှသည့် အိမ်ခြံမြေငှားရမ်းခကို ကာကွယ်ပြီး ထိုဈေးနှုန်းသည် အကန့်အသတ်ရှိသော ဈေးကွက်တွင် ၎င်းတို့ရနိုင်သည့် အကောင်းဆုံး ဈေးနှုန်းဖြစ်ကြောင်း ထိုအေဂျင်စီက ပြောသည်။
“လက်ရှိ မြင့်မားတဲ့ ဈေးကွက်ပေါက်ဈေးအရ ငှားရမ်းခ မြင့်မားပေမယ့် အဲဒီအဆောက်အအုံကို သေသေချာချာ စစ်ဆေးပြီး ငှားရမ်းခဲ့တယ်။ ကျနော်တို့လိုလားတဲ့ ဈေးနှုန်း မဟုတ်ပေမယ့် အဲဒီအချိန်က ရနိုင်တဲ့ အကောင်းဆုံးဈေးနှုန်း ဖြစ်တယ်” ဟု WHO ပြောခွင့်ရသူတဦးက ပြောခဲ့သည်။
ထိုအိမ်ခြံမြေကို မြန်မာစစ်တပ်အကြီးအကဲ ပိုင်ဆိုင်သည်ဆိုသည့် စွပ်စွဲချက်များအကြောင်း မေးသောအခါ ထိုစဉ်က WHO ၏ ခေတ္တ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ကရွန်သောင် ထီမာဆန်က ဧရာဝတီ သတင်းဌာနသို့ “အဲဒီအဆောက်အအုံကို ဗိုလ်ချုပ် မင်းအောင်လှိုင် မပိုင်သလို သူ့သမီးလည်း မပိုင်ဘဲ ဒေါ်ခင်နွယ်မာထွန်းဆိုတဲ့ အိမ်ရှင်က ပိုင်တယ်” ဟု ပြောခဲ့သည်။ စီးပွားရေး လုပ်ငန်းအသိုက်အဝန်း၊ ထိပ်တန်းဗိုလ်ချုပ် အနည်းငယ်နှင့် လူအနည်းငယ်မှအပ ကရွန်သောင်သည် ဦးအောင်လှိုင်ဦး၏ ဇနီးကို ရည်ညွှန်းပြောကြားနေကြောင်း ထိုစဉ်က မသိကြပေ။
ထို WHO ကိုယ်စားလှယ်သည် စစ်တပ်နှင့် ဦးအောင်လှိုင်ဦးကဲ့သို့သော အိမ်ရှင်များအကြား အထူးသဖြင့် သူနှင့် မင်းအောင်လှိုင်အကြား နက်ရှိုင်းသော ဆက်စပ်မှုကို မသိကြောင်း ထင်ရှားသည်။
ထို WHO ကိုယ်စားလှယ်သည် စစ်တပ်နှင့် ဦးအောင်လှိုင်ဦးကဲ့သို့သော အိမ်ရှင်များအကြား အထူးသဖြင့် သူနှင့် မင်းအောင်လှိုင်အကြား နက်ရှိုင်းသော ဆက်စပ်မှုကို မသိကြောင်း ထင်ရှားသည်။
ထိုသို့သော ဆင်ခြေများရှိသော်လည်း ဝေဖန်သူများက နိုင်ငံကို တိုးတက်ရေးအတွက် လာရောက် ကူညီသည်ဆိုသည့် ကုလသမဂ္ဂ အေဂျင်စီများကို ထိုမျှ များပြားသည့် အိမ်ခြံမြေငှားရမ်းခများအတွက် ဝေဖန်ကြပြီး မကြာမီ ထိုအရှုပ်တော်ပုံသည် မြန်မာနိုင်ငံ တိုးတက်ရေး အလုအယက် အားထုတ်မှုများ၏ သင်္ကေတ ဖြစ်လာသည်။ ထိုတိုးတက်ရေး အားထုတ်မှုသည် ခရိုနီများနှင့် အခြားကြွယ်ဝချမ်းသာသည့် အထက်လွှာများ ငွေအမြောက်အမြားရပြီး ပျော်ရွှင်စေသည်ဟုသာ မြင်ကြသည်။
ထိုသတင်းကို ရန်ကုန်မှ ပြည်တွင်းသတင်းစာများက ဖော်ပြလာသောအခါ ဘရွတ်ကင်း အင်စတီကျူးရှင်းမှ ဌာနေမဟုတ်သော သုတေသီ လက်စ် ရိဖ်ဖယ်က “ရန်ကုန်မှာ အသုံးမပြုတဲ့ အိမ်ခြံမြေရှာဖို့ မီတာ ၂၀၀ လျှောက်စရာ မလိုဘူး” ဟု အသုံးမပြုဘဲ ဖြိုချခံရမည့်အန္တရာယ် ကျရောက်နေသည့် ကိုလိုနီခေတ် အဆောက်အအုံများကို ရည်ညွှန်းပြီး ဧရာဝတီသို့ ပြောသည်။
“အဲဒီ အေဂျင်စီတွေက မြန်မာနိုင်ငံ တိုးတက်ရေးအတွက် ကူညီနေတယ်လို့ ပြောတယ်” ဟု အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)၊ အမေရိကန် ဘဏ္ဍာရေးဌာနနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း အများအပြားတွင် လုပ်ကိုင်ခဲ့သည့် မြန်မာ့ရေးရာ ကျွမ်းကျင်သူ ရိဖ်ဖယ်က ပြောသည်။ “အဲဒီလို လုပ်ရမယ့် နည်းလမ်းတခုကတော အသုံးနည်းတဲ့နေရာကို သုံးဖို့ပဲ” ဟု ၎င်းက ပြောသည်။
ထိုသို့သော လုံလောက်သည့် လုံ့လစိုက်ထုတ်မှု မရှိခြင်းကို မြန်မာသို့ အလုအယက် ဝင်ရောက်လာသည့် နိုင်ငံတကာအဖွဲ့အစည်း အများအပြားတွင် တွေ့ရသည်။ ဥပမာအားဖြင့် ဦးသိန်းစိန်အစိုးရကို နိုင်ငံတကာအသိုက်အဝန်းက အလျင်စလို ကြိုဆိုပြီး ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် ဥရောပသမဂ္ဂက လှည်းတန်းစင်တာ ၆ ထပ်တွင် ငှားရမ်းသည့်ကိစ္စ ဖြစ်သည်။
လှည်းတန်းစင်တာကို တချိန်က အရှေ့တောင်အာရှတွင် အကြီးမားဆုံး မူးယစ်ဆေးဝါး မှောင်ခိုမှုများကို ရှမ်းပြည်နယ် ကိုးကန့်ဒေသမှ လုပ်ခဲ့သူ တရုတ်လူမျိုးစု စစ်ဘုရင် လော်စစ်ဟန်၏ မူးယစ်ဆေးဝါးငွေများဖြင့် တည်ထောင်ထားသည့် လုပ်ငန်းစုဖြစ်သော Asia World က ပိုင်ဆိုင်သည်။ လော်စစ်ဟန်သည် ၂၀၁၃ ခုနှစ်က ရန်ကုန်တွင် ကွယ်လွန်သည်။
တချိန်တည်းတွင် ဥရောပသမဂ္ဂသည် သံအမတ်သစ်အတွက်လည်း ရန်ကုန်တွင် အိမ်ခြံမြေငှားရန် ရှာဖွေသည်။
မြန်မာအာဏာရှင်ဟောင်း ဗိုလ်ချုပ် နေဝင်းနှင့် အပေါင်းအပါများ နေထိုင်ခဲ့ကြသည့် ယခင်က အေဒီလမ်းဟု အမည်ရပြီး နောက်ပိုင်းတွင် မေခလမ်းဟု ခေါ်သောလမ်းသည် နိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် အတက်အကျများကို ကြုံခဲ့ရသည်။ နေဝင်းခေတ်အတွင်း ကြီးကျယ်ခမ်းနားပြီး ရန်ကုန်မှ ကျော်ကြားသော အင်းလျားကန်ကို ကျောပေးထားသည့် သစ်ရိပ်တောရိပ် ဗီလာအိမ်ကို အစောင့်အကြပ် အကြီးအကျယ်ချထားကာ ထိုနေရာသို့ အများပြည်သူ ဝင်ရောက်ခွင့် မရပေ။
၁၉၈၈ ခုနှစ်တွင် အာဏာစွန့်လွှတ်ရပြီးနောက် ဦးနေဝင်းသည် အေဒီလမ်းတွင် ဆက်လက် နေထိုင်ပြီး ထိုနေရာ၌ ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလတွင် သေဆုံးသည်အထိ သူ၏ အချစ်ဆုံးသမီး ဒေါ်ခင်စန္ဒာဝင်းနှင့်အတူ နေအိမ်အကျယ်ချုပ် အချခံရသည်။
အာဏာရှင်ဟောင်း ဦးနေဝင်း သေဆုံးပြီးနောက် ထိုရပ်ကွက်သည် ဆွဲဆောင်မှု မရှိတော့သော်လည်း ထိုနေရာကို အများပြည်သူ ဝင်ရောက်ခွင့်မရဘဲ ယနေ့တိုင် အချို့နေရာများကို ရဲကင်းစခန်းများဖြင့် ပိတ်ဆို့ထားဆဲ ဖြစ်သည်။ ကွယ်လွန်သူ အာဏာရှင်ဟောင်း၏ သမီးနှင့် ၂၀၁၃ ခုနှစ်အထိ ပုန်ကန်မှုဖြင့် ထောင်ချခံရသည့် အခြားဆွေမျိုးများသည် ထိုလမ်းပေါ်မှ အိမ်ခြံမြေ အများအပြားကို ပိုင်ဆိုင် နေထိုင်ကြဆဲ ဖြစ်သည်။
မြန်မာနိုင်ငံ တံခါးဖွင့်လာသောအခါ မေခလမ်းသည် နိုင်ငံတကာကုမ္ပဏီများ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ အနောက်နိုင်ငံ အစိုးရများနှင့် သံရုံးများက ဗီလာအိမ်ကြီးများကို ရုံးခန်းများနှင့် နေအိမ်များအဖြစ် ငှားရမ်းသောကြောင့် ယခင် ကျော်ကြားမှုများကို အလျင်အမြန် ပြည်လည် ရလာသည်။ မြန်မာမှ အိုးအိမ် မလုံလောက်ခြင်းနှင့် စီးပွာရေးတိုးတက်မည့် မျှော်လင့်ချက်သည် အိမ်ခြံမြေနှင့် အငှားဈေးနှုန်းများကို မိုးထိမြင့်မားစေပြီး ယခင် အေဒီလမ်းမှ နေအိမ်များသည် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးတက်လာသည်။
၂၀၁၃ ခုနှစ်တွင် ဦးနေဝင်း ဆွေမျိုးများပိုင်သည့် အမှတ် ၁၉ မှ ၃၀ အထိရှိ နေအိမ်များတွင် အကြီးအကျယ် ပြုပြင်ထိန်းသိမ်းရေး စတင်သည်။ အာဏာရှင်ဟောင်း ဦးနေဝင်း၏ အိမ်နှင့်ကပ်လျက် အိမ်များအနက် တအိမ်ကို နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်ရန် စေခိုင်းခံရသည်ဟု ထိုနေရာမှ အလုပ်သမားများက ပြောသည်။
ထိုပြင်ဆင်ထားသော ဗီလာ၏ အိမ်ငှားသစ်မှာ အခြားသူ မဟုတ်ဘဲ ဘယ်ဂျီယံနိုင်ငံသား ဥရောပသမဂ္ဂ သံအမတ် ရိုလန် ကိုဘီယာ ဖြစ်သည်။ ထိုခမ်းနားသောနေအိမ်ကို အကျယ်အပြန့် ပြုပြင်မှုသည် မည်သူမှ မသိဘဲ ဖြစ်ပွားခဲ့သည် မဟုတ်ပေ။ အိမ်ငှားခကို မည်သည့်အချိန်ကမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ထိုနေရာမှ နှိုင်းယှဉ်ဈေးအရ တလလျှင် ဒေါ်လာ ၁၀,၀၀၀ မှ ၂၀,၀၀၀ အထိ ရှိမည်ဟု ခန့်မှန်းရသည်။ ဦးနေဝင်း မိသားစုသည် ဥရောပသမဂ္ဂကြောင့် စီးပွားဖြစ်ခဲ့ကြောင်း ထင်ရှားသည်။
ဥရောပသမဂ္ဂနှင့် နီးစပ်သည့် ပြည်ပသတင်းသမားများ၏ အဆိုအရ သံအမတ်သစ် နေအိမ်အတွက် များပြားသော ကုန်ကျစရိတ်ကြောင့် ထိုဒေသဆိုင်ရာအဖွဲ့၏ အသုံးစရိတ် ကန့်သတ်ချက်ကို ပြန်လည် ပြင်ဆင်ရေးဆွဲရသည်ဟု သိရပြီး ထိုလုပ်ရပ်သည် ၎င်းတို့၏ ယခင်က မလုပ်ဖူးသော လုပ်ရပ်ဖြစ်သည်။ (ဒေါ်စန္ဒာဝင်း မိသားစုသည် ထိုထူးခြားသော လုပ်ရပ်အတွက် ကျေးဇူးတင်မည်ကို သံသယဖြစ်စရာ မလိုပေ။)
ဥရောပသမဂ္ဂနှင့် ကပ်လျက် အိမ်ဖြစ်သည့် အာဏာရှင်ဟောင်း မိသားစု၏နေအိမ်တွင် ဦးနေဝင်းသည် နိုင်ငံတော် ဧည့်သည်များကို လက်ခံတွေ့ဆုံပြီး ရက်ရောသော ပါတီပွဲများ ကျင်းပရာနေရာ ဖြစ်သည်ကို သတိရသင့်သည်။ ထိုနေရာသည် ၁၉၈၈ ခုနှစ် လမ်းမပေါ်ဆန္ဒပြပွဲများကို ရက်ရက်စက်စက် ချေမှုန်းရန် သူအမိန့်ပေးခဲ့သော နေရာလည်း ဖြစ်သည်။
ထိုသို့သော သံအမတ်နေအိမ် အငြင်းပွားမှုများ သတင်းခေါင်းစဉ်များတွင် ပါလာပြီးနောက်တွင် သံအမတ်ကြီး ကိုဘီယာက သူ့ဝန်ထမ်းများ ဧရာဝတီသတင်းဌာနနှင့် စကားမပြောရန် တားမြစ်လိုက်သည်။ ၂၀၂၁ ခုနှစ် အာဏာ မသိမ်းမီအထိ ဥရောပသမဂ္ဂသည် ရန်ကုန်မှ သံအမတ်နေအိမ်ကို ငှားရမ်းခြင်း မရပ်ဆိုင်းသလို ၎င်းတို့ သံအမတ် ရွှေ့ပြောင်းသည်ဟုလည်း မကြေညာပေ။
ထိုသို့သော သံအမတ်နေအိမ် အငြင်းပွားမှုများ သတင်းခေါင်းစဉ်များတွင် ပါလာပြီးနောက်တွင် သံအမတ်ကြီး ကိုဘီယာက သူ့ဝန်ထမ်းများ ဧရာဝတီသတင်းဌာနနှင့် စကားမပြောရန် တားမြစ်လိုက်သည်။ ၂၀၂၁ ခုနှစ် အာဏာ မသိမ်းမီအထိ ဥရောပသမဂ္ဂသည် ရန်ကုန်မှ သံအမတ်နေအိမ်ကို ငှားရမ်းခြင်း မရပ်ဆိုင်းသလို ၎င်းတို့ သံအမတ် ရွှေ့ပြောင်းသည်ဟုလည်း မကြေညာပေ။
မြန်မာနိုင်ငံ တံခါးဖွင့်ခြင်းသည် ဦးအောင်လှိုင်ဦး၊ သူ့ဇနီး ဒေါ်ခင်နွယ်မာထွန်း၊ စစ်တပ်နှင့် အဆက်အသွယ်ရှိသော အခြားခရိုနီများနှင့် ဦးနေဝင်းမိသားစုအတွက် စည်းစိမ်ချမ်းသာများ ဖန်တီးပေးသည်။ အာဏာသိမ်းမှု နောက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်းသည်လည်း ၎င်းတို့ကို ပိုမိုကြွယ်ဝချမ်းသာစေသည်။ ငြိမ်းချမ်းသော ကာလဖြစ်စေ၊ စစ်ကာလဖြစ်စေ ၎င်းတို့သည် ကြွယ်ဝချမ်းသာနေသည်။
၂၀၂၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂသည် ဦးအောင်လှိုင်ဦးနှင့် သူ၏ကုမ္ပဏီများ စစ်ကောင်စီသို့ လက်နက်ထောက်ပံ့ရာတွင် ပါဝင်သည့် အခန်းကဏ္ဍအတွက် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ အောင်ဇော်၏ Aung Hlaing Oo: Favored Go-Between for Junta, E. Europe Arms Makers ကို ဘာသာပြန်သည်။ အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)
You may also like these stories:
ယူကရိန်းမှ လက်နက်အဝယ်တော် (သို့မဟုတ်) ဦးအောင်လှိုင်ဦး
အာဏာသိမ်းစစ်ကောင်စီ လက်နက် ဒေါ်လာ ၁ ဘီလီယံဖိုး ဝယ်ယူ
မြန်မာ့စစ်တပ်အတွက် စစ်လက်နက် တင်သွင်းပေးနေတဲ့ ခရိုနီကြီးများ
စစ်ဗိုလ်ချုပ်များနှင့် လက်နက်ပွဲစားများကို အီးယူ ထပ်မံ ဒဏ်ခတ်ပိတ်ဆို့
ဂျော်နသန်ကျော်သောင်း (သို့မဟုတ်) စစ်တပ်ကို လျှို့ဝှက်လက်နက်တပ်သူ
မြန်မာ့ခရိုနီလက်သစ်တဦး (သို့မဟုတ်) ဒေါက်တာထွန်းမင်းလတ်
စစ်ကောင်စီကို လက်နက်ရောင်းပေးနေတဲ့ ထိပ်သီးသုံးနိုင်ငံ (ရုပ်/သံ)
စင်ကာပူတွင် ငွေသားမှောင်ခိုမှုဖြင့် မြန်မာလက်နက်ပွဲစားကို ပြစ်ဒဏ်ချမှတ်
ခရိုနီလက်နက်ပွဲစား ရန်ကုန်တွင် ပစ်သတ်ခံရ