မြန်မာနိုင်ငံမှ ပူအိုက်လှသော တောနက်အတွင်း ယခုနွေဦးရာသီတွင် တော်လှန်တပ်မှူးတဦးသည် အခြေခံစစ်သင်တန်း ပထမနေ့ တက်ရောက်နေသည့် စစ်သားသစ် ၂၄၁ ဦး၏ရှေ့တွင် ရပ်နေသည်။ လူထုထောက်ခံမှု မရှိသည့် စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်နေသည့် တော်လှန်ရေးလှုပ်ရှားမှု၏ အစိတ်အပိုင်းဖြစ်သော ထိုတပ်သားများကို ၅ ပေအောက်မှစတင်ပြီး အရပ်အမောင်းအရ အတန်းလိုက် စီထားသည်။
တပ်မှူး မောင်ဆောင်းခသည် စစ်သား ၁ ထောင်ခန့်ရှိသည့် တပ်ဖွဲ့တခုကို စုဆောင်းထားသည်။ သို့သော် သူ၏ နောက်ခံသမိုင်းသည် စစ်ဘက်နှင့် မဆိုင်ပေ။ သူသည် ကဗျာဆရာတဦးဖြစ်ပြီး တော်လှန်တပ်များကို ဦးဆောင်ကာ ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ် ရှေ့တန်းစစ်မျက်နှာများတွင် တိုက်ပွဲဝင်ရန် လူငယ်များကို လှုံ့ဆော်နေသည့် ကဗျာဆရာ အနည်ဆုံး သုံးဦးအနက် တဦးဖြစ်သည်။
“ကျနော်တို့ တော်လှန်ရေးမှာ လူတိုင်းလူတိုင်း၊ ကဗျာဆရာတွေတောင်မှ ပါဝင်ဖို့ လိုတယ်” ဟု မောင်ဆောင်းခက ပြောသည်။
ထိုနောက် သူသည် စကားကို ပြင်ပြောလိုက်သည်။
“အထူးသဖြင့် ကဗျာဆရာတွေ ပါဝင်ရမယ်” ဟု ဆက်ပြောသည်။
သို့သော် သူသည် သင်တန်းသားသစ်များသို့ စာပေတန်ဆာဆင်မှု ကင်းမဲ့သော ပို့ချချက်တခု ပို့ချသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မှ အကြမ်းဖျဉ်းအားဖြင့် ထက်ဝက်ခန့်ပါသော စစ်သားများသည် ခုခံတော်လှန်ရေး၏ ရိုမန်တစ် အယူအဆများကို ဆွဲဆောင်ရန် တင်ပြသည့် သူ၏ လူမှုကွန်ရက် တင်ပြချက်များကြောင့် ဆွဲဆောင်ခံရခြင်း ဖြစ်ကောင်းဖြစ်နိုင်လို တနိုင်ငံလုံးမှ အမျိုးသား အမျိုးသမီးငယ်များ အားလုံးကို အတင်းအကျပ် စစ်သားစုဆောင်းရန် အမိန့်ကြောင့် ရှောင်ထွက်ပြီး ရောက်လာခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် မည်မျှကျွမ်းကျင်စွာ ရေးသားထားသည်ဖြစ်စေ မည်သည့် ကဗျာလင်္ကာမှ ၎င်းတို့ကို စစ်မြေပြင်တွင် ကယ်ဆယ်နိုင်မည် မဟုတ်ပေ။ ထိုအတွက် ၎င်းတို့သည် သေနတ်မည်သို့ ပစ်မည်၊ မည်သို့ တိုက်ပွဲဝင်မည်ကို လေ့လာရသည်။
သို့သော် မည်မျှကျွမ်းကျင်စွာ ရေးသားထားသည်ဖြစ်စေ မည်သည့် ကဗျာလင်္ကာမှ ၎င်းတို့ကို စစ်မြေပြင်တွင် ကယ်ဆယ်နိုင်မည် မဟုတ်ပေ။ ထိုအတွက် ၎င်းတို့သည် သေနတ်မည်သို့ ပစ်မည်၊ မည်သို့ တိုက်ပွဲဝင်မည်ကို လေ့လာရသည်။
တောအတွင်း ရာသီဥတုက ပူလာသည်။ မြန်မာအရှေ့ပိုင်း ကရင်ပြည်နယ်တွင် လာမည့် နာရီအနည်းငယ်အတွင်း သင်တန်းသား ၁ ဒါဇင်ကျော်သည် အပူကြောင့်ဖြစ်စေ၊ ပင်ပမ်းနွမ်းနယ်မှုကြောင့်ဖြစ်စေ၊ ဖိစီးမှုကြောင့်ဖြစ်စေ လဲပြိုကျနိုင်သည်။ မောင်ဆောင်းခ၏ စစ်ရေးပြတာဝန်ခံ ကိုယက္ခသည် စစ်သားများကို ဆက်လက် လေ့ကျင့်စေသည်။ ထိုသို့ မလုပ်လျှင် ထိုသင်တန်းများသည် သုံးလအတွင်း ရှေ့တန်းစစ်မျက်နှာအတွက် အဆင်သင့်ဖြစ်မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။
“ခင်ဗျားတို့ ဆရာဝန်တယောက် ဒါမှမဟုတ် ရှေ့နေတယောက် ဒါမှမဟုတ် ကဗျာဆရာတယောက် ဖြစ်ရင်လည်း ဖြစ်မယ်။ ခင်ဗျားတို့ အတိတ်တွေကို မေ့ထားလိုက်၊ ဘွဲ့ထူးဂုဏ်ထူးတွေ မေ့ထားလိုက်။ လေ့ကျင့်ပေးရတဲ့ အဓိက အချက်ကတော့ မသေအောင် လေ့လာဖို့ပဲ” ဟု ကိုယက္ခက ပြောသည်။

မြန်မာနိုင်ငံသည် ကဗျာဖမ်းစားခံရသည့် နိုင်ငံတနိုင်ငံဖြစ်သည်။ ကဗျာဆရာများသည် ထင်ရှားကျော်ကြားသူများဖြစ်ပြီး အခြားနိုင်ငံများတွင် ရုပ်ရှင်သရုပ်ဆောင်များ သို့မဟုတ် အားကစားသမားများ ရရှိသည့် လေးစားမှုမျိုး ရရှိသူများဖြစ်သည်။ မြန်မာဘာသာစကားဖြင့် အသံသာသည့် သြဇာရှိသော ကာရန်ဖြင့်ရွတ်ဆိုရသည့် ကဗျာသည် နိုင်ငံရေးနှင့် ပတ်သက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး လူထုကိုလှုံ့ဆော်ရာတွင် အသုံးပြုကြသည်။
အသက် ၃၁ နှစ်အရွယ် မောင်ဆောင်းခသည် စစ်ကြောင့် မာကျောနေသည့် စစ်ခေါင်းဆောင်ပုံစံမျိုး မဟုတ်ပေ။ လွန်ခဲ့သော သုံးနှစ်ကျော်တွင် စစ်တပ်က နိုင်ငံကို အပြည့်အဝ မထိန်းချုပ်မီ သူသည် ရန်ကုန် မြို့တော်ခန်းမရှေ့တွင် ရပ်ပြီး စစ်ဆန့်ကျင်ရေး ကဗျာများကို ရွတ်ဆိုသောကြောင့် စာပေတွင် ငယ်ရွယ်စဉ်ကပင် အောင်မြင်သူဖြစ်သည်ဆိုသည့် ဂုဏ်သတင်းရခဲ့သည်။ သို့သော် အရပ်သား ခေါင်းဆောင်မှုကို ဖယ်ရှားပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ရပ်ဆိုင်းသွားစေသည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် သူ့ကို ပြောင်းလဲသွားစေသည်။
“စကားလုံးတွေဟာ အင်အားကြီးမားတဲ့ လက်နက်တွေဖြစ်တယ်” ဟု မောင်ဆောင်းခက ပြောသည်။ “ဒါပေမယ့် စစ်တပ်ကို တိုက်ခိုက်ဖို့ လက်နက်အစစ် လိုတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က တရားမျှတစွာ မတိုက်လို့ပဲ”
“စကားလုံးတွေဟာ အင်အားကြီးမားတဲ့ လက်နက်တွေဖြစ်တယ်” ဟု မောင်ဆောင်းခက ပြောသည်။ “ဒါပေမယ့် စစ်တပ်ကို တိုက်ခိုက်ဖို့ လက်နက်အစစ် လိုတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က တရားမျှတစွာ မတိုက်လို့ပဲ” ဟုလည်း ပြောသည်။
မြန်မာကဗျာဆရာများ၏ အစဉ်အလာအတိုင်း မောင်ဆောင်းခသည် စစ်ကောင်စီ အာဏာသိမ်းမှုကို ချက်ချင်း ဆန့်ကျင်သည်။ ထိုမတိုင်မီကလည်း ရိုဟင်ဂျာ မွတ်ဆလင်များအား စစ်တပ်က ဖိနှိပ်မှုကို နိုင်ငံရေးခေါင်းဆောင်မှုအများစုက လျစ်လျူရှုထားရုံသာမက မှန်ကန်သည်ဟုပင် ထင်နေချိန်တွင် မောင်ဆောင်းခသည် ထိုလူနည်းစုကို ကာကွယ်သည်။ သူသည် သမ္မတနှင့် အမျိုးသားအင်္ဂါကို နှိုင်းယှဉ်သော ကဗျာတပုဒ်ရေးသားသောကြောင့် ထောင်ကျဖူးသည်။
အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီက အတိုက်အခံများကို ဖြိုခွဲသောအခါ ကဗျာဆရာအနည်းဆုံး ဒါဇင်ဝက်ခန့် သတ်ဖြတ်ခံရသည်။ အာဏာသိမ်းပြီးနောက်တွင် ကဗျာဆရာ ၃၀ ကျော်ကိုလည်း ထောင်ချသည်ဟု နိုင်ငံလုံးဆိုင်ရာ ကဗျာဆရာသမဂ္ဂက ဖော်ပြသည်။
ကာလကြာမြင့်စွာ ရပ်တည်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အကူအညီဖြင့် ယခုအခါ တော်လှန်ရေးလှုပ်ရှားမှုသည် နိုင်ငံပိုင်နက် ထက်ဝက်ကျော်ကို သိမ်းပိုက်ထားသည်။ လွန်ခဲ့သော ဆောင်းရာသီက ညှိနှိုင်းထိုးစစ်တခုအပြီးတွင် တော်လှန်ရေး အင်အားစုသည် အဓိကျသည့် မြို့ပြဒေသများကို ခြိမ်းခြောက်လာသည်။ သို့သော် နိုင်ငံ၏အဓိက ဗဟိုဒေသသည် စစ်ကောင်စီလက်တွင် ကျန်နေသေးသည်။ စစ်ကောင်စီ၏ ထိခိုက် သေဆုံးမှု မြင့်မားကြောင်း တော်လှန်ရေး အင်အားစုက ပြောသော်လည်း တော်လှန်စစ်သားများလည်း ကျဆုံးကြသည်။
မောင်ဆောင်းခ၏ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သည် သီးခြားစစ်တပ်တခု အနေဖြင့် တိုက်ခိုက်ခြင်း မဟုတ်ပေ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုက ၎င်းတို့ကို ခိုလှုံခွင့်ပေးသည့် မြန်မာနိုင်ငံအရှေ့ပိုင်းတွင် လေ့ကျင့်ထားသော ထိုတပ်ကို အခြားတိုင်းရင်းသား တပ်မတော်များထံသို့ စေလွှတ်သည်။
၂၀၂၁ ခုနှစ်တွင် ထိုတပ်ဖွဲ့ကို စတင်ထူထောင်ပြီးနောက် BPLA စစ်သား ၂၀ ကျော် ကျဆုံးသည်။ ကဗျာဆရာတဦးဖြစ်သူ ကိုလင်းထိုက်သည် ၂၀၂၂ ခုနှစ်က အခြေခံစစ်သင်တန်းဆင်းပြီး တပတ်အကြာတွင် ခြေထောက်သို့ မော်တာကျည် ထိမှန်သည်။ ပြန်လည် နာလန်ထရန် လပေါင်းများစွာကြာသည်။ သူ၏ဒဏ်ရာအကြောင်း ရေးသားခြင်း မရှိသေးပေ။
“ကျနော် သေနတ်သံတွေကို သည်းမခံနိုင်တော့ဘူး” ဟု ကိုလင်းထိုက်က ပြောပြီး ကတုတ်ကျင်းများတွင်းမှ ဘဝဖြတ်သန်းရမှုကို မည်သို့ ထိတ်လန့်လာကြောင်း ရှင်းပြသည်။ “ရှေ့တန်းစစ်မျက်နှာက ပုစဉ်းရင်ကွဲသံကို ကျနော် မခံစားနိုင်တောဘူး” ဟု ပြောသည်။
ကဗျာဆရာတဦး၏ ဘဝ

မောင်ဆောင်းခသည် ကလေးငယ်တဦးအနေဖြင့် ကဗျာများ စတင်ရေးသားခဲ့သည်။ ကဗျာပြိုင်ပွဲများတွင် သူပါဝင်ပြီး သူ၏ပြိုင်ပွဲဝင်ကဗျာများသည် ကဗျာပီသခြင်း ရှိ၊ မရှိ သိရန် ကျောင်းမှ ပြန်လာသောအခါ စာအုပ်ဆိုင်များတွင် စာကူးစက်လှည့် ကဗျာစာအုပ်များကို ကြည့်ရှုသည်။ ဆယ်ကျော်သက်အရွယ်တွင်ပင် ကဗျာစာအုပ် ထုတ်ခဲ့သည်။
သူ၏ကဗျာများ ရင့်ကျက်လာသည်။ ၂၀၁၀ ပြည့်နှစ် မတိုင်မီ သူအရွယ်ရောက်လာသောအခါ စစ်တပ်က နိုင်ငံကို လုံးဝ ထိန်းချုပ်ထားပြီး မီဒီယာများကို ဆင်ဆာဖြတ်တောက်နေသည်။ ထိုစဉ်က အင်တာနက် မရှိသလောက်ပင်ဖြစ်ပြီး စိတ်ဝင်စားစရာ ရုပ်သံထုတ်လွှင့်မှု အနည်းငယ်သာ ရှိသည်။
လက်ကိုင်ဖုန်းများသည် မတတ်နိုင်သည့် ဇိမ်ခံပစ္စည်းဖြစ်သည်။ သို့သော် ပြည်သူများသည် အခြားအပြောင်းအလဲ လိုအပ်နေသည်။ ထို့ကြောင့် လူရွှင်တော်များသည် တနိုင်ငံလုံးသို့သွားပြီး ကျေးရွာကွင်းပြင်များတွင် ဖျော်ဖြေကြသည်။ ရုပ်သေးသမားများလည်း လှည့်လည်သည်။ ကဗျာဆရာများအပါအဝင် ဖျော်ဖြေသူများသည် တစုံတရာကို ထင်ဟပ်သည့်အကြောင်းအရာများ တင်ဆက်ရမည်ကို သိကြသည်။
၂၀၁၀ မှ ၂၀၁၂ ခုနှစ်အတွင်း တက္ကသိုလ်တွင် မောင်ဆောင်းခသည် ဓာတုအင်ဂျင်နီယာပညာ လေ့လာပြီး ထို့ကြောင့်ပင် နေရောင်ကာခရင်မ် ထုတ်လုပ်သည့် လုပ်ငန်းတခုတွင် ခဏတာ လုပ်ကိုင်ဖြစ်သည်။ သူသည် ကဗျာချစ်သူများအသင်း (PLA) ကိုလည်း စတင်ထူထောင်သည်။ ထိုအသင်းသည် အခြားနိုင်ငံများတွင်ထက် များစွာပိုမို စိတ်လှုပ်ရှားစရာ ကောင်းသည်။ ထိုအသင်းသည် အစိုးရဆန့်ကျင်သည့် အဓိပ္ပာယ်ရှိကြောင်း သံသယရှိတတ်သည့် စစ်တပ်အလိုတော်ရိများ၏ အာရုံစိုက်ခံရသည်။ ကဗျာချစ်သူများသည် ၎င်းတို့အသင်း၏ သင်္ကေတ ဖြစ်သော ချိုးငှက်တကောင်က ကလောင်အား နှုတ်သီးတွင် ချီလာသည့်ပုံကို ဘွဲ့ဝတ်စုံများတွင် တတ်ဆင်ရန် ကြိုးစားသောအခါ ပါမောက္ခချုပ်က ခွင့်မပြုပေ။
မောင်ဆောင်းခသည် နိုင်ငံရေးကဗျာဆရာများ၏ သမိုင်းကြောင်း တစိတ်တပိုင်း ဖြစ်နေသည်။ မြန်မာ ဘုရင်များသည် စစ်သားများကို စစ်ပွဲတွင် စိတ်ဓာတ်မြှင့်တင်ရန် အနုပညာရှင်များကို ခန့်အပ်ကြသည်။ ကိုလိုနီ ဆန့်ကျင်ရေး လှုပ်ရှားမှုသည် ဗြိတိသျှဆင်ဆာဖြတ်တောက်မှုကို ပါးနပ်စွာ ဖြတ်ကျော်နိုင်သည့် ကဗျာဆရာများနှင့် အခြား စာရေးဆရာများကို မှီခိုအားထားကြသည်။ ၁၉၆၂ ခုနှစ်တွင် စိတ္တဇဗိုလ်ချုပ်တဦး အာဏာသိမ်းပြီး မြန်မာကို ရာစုနှစ်ဝက် စစ်အုပ်ချုပ်ရေးအောက်သို့ ပို့လိုက်သောအခါ ကဗျာဆရာများနှင့် အခြားလွတ်လပ်စွာ တွေးခေါ်သူများကို ပစ်မှတ်ထားသည်။ ကဗျာဆရာတဦးသည် ဝေးကွာသောကျွန်းတခုမှ ထောင်တွင် အစာငတ်ခံဆန္ဒပြစဉ် ကျဆုံးသည်။
နောက်ပိုင်းနှစ်များတွင် ကဗျာဆရာများသည် ဒီမိုကရေစီလှုပ်ရှားမှုများကို ဦးဆောင်ကြပြီး သွေးချောင်းစီး ဖိနှိပ်ခံရသည်။ သူ၏ကဗျာမှ ပထမစာလုံးများကို စုစည်းလိုက်သောအခါ စစ်အုပ်စုခေါင်းဆောင်ကို “အာဏာရူးကြီး မှူးကြီးသန်းရွှေ” ဟူသော စကားလုံးဖြစ်စေသည့် ကဗျာဆရာ စောဝေ အပါအဝင် အခြားကဗျာဆရာများ ဖမ်းဆီးခံရသည်။
၂၀၁၅ ခုနှစ် ရောက်သောအခါ စစ်အုပ်စုသည် မျိုးဆက်တခုအတွင်း ပထမဆုံး အထွေထွေးရွေးကောက်ပွဲ ကျင်းပသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများတွင် ကဗျာဆရာ တဒါဇင်နီးပါး ပါသည်။ အားလုံးအနိုင်ရသည်။ စစ်ကောင်စီဆောက်မြို့တော် နေပြည်တော်တွင် ကာကွယ်ရေး ဝန်ကြီးဟောင်းသည် သူ၏လွှတ်တော်နေရာကို ကဗျာဆရာတယောက်ထံတွင် ရှုံးနိမ့်သည်။ ထိုကဗျာဆရာသည် ထောင်ကျနေစဉ်အတွင်း ဘောပင် ပိတ်ပင်ခံရသောကြောင့် ပလတ်စတစ်စပေါ်တွင် နှစ်ပေါင်းများစွာ ကဗျာရေးခဲ့သူ ဖြစ်သည်။
မောင်ဆောင်းခ၏ ကဗျာများသည် မှုန်ဝါးသော အတိတ်တွင် မကျန်ရစ်ပေ။ သူသည် ဟာရုကိ မူရာကာမိ၊ Cat Power နှင့် သူ့ချစ်သူတဦး၏ ရင်သားအစုံတို့ကို ကိုးကားဖော်ပြသည်။ သူသည် လူမှုကွန်ရက်၏ ကြောက်စရာကောင်းသော အင်အားကိုလည်း ရေးသား ဖော်ပြခဲ့သည်။
မောင်ဆောင်းခ၏ ကဗျာများသည် မှုန်ဝါးသော အတိတ်တွင် မကျန်ရစ်ပေ။ သူသည် ဟာရုကိ မူရာကာမိ၊ Cat Power နှင့် သူ့ချစ်သူတဦး၏ ရင်သားအစုံတို့ကို ကိုးကားဖော်ပြသည်။ သူသည် လူမှုကွန်ရက်၏ ကြောက်စရာကောင်းသော အင်အားကိုလည်း ရေးသား ဖော်ပြခဲ့သည်။
၂၀၁၅ ခုနှစ်တွင် NLD ရွေးကောက်ပွဲနိုင်ကာစတွင် မောင်ဆောင်းခသည် သမ္မတတဦး (အမည်မပါ)၊ (ခေါင်းဆောင်တဦး၏ပုံ) ဆေးမင်ကြောင်နှင့် (သူ၏) လိင်အင်္ဂါအကြောင်း ကဗျာတပုဒ်တင်သည်။
“ပုံရိပ်”
ငါ့ရဲ့လိင်တံမှာ သမ္မတကြီးပုံ တက်တူးနဲ့။
ငါ့ချစ်ဇနီးဟာ
ငါနဲ့လက်ထပ်ပြီးမှ
ငါ့ကို အော့နှလုံးနာလို့ မဆုံး။
မောင်ဆောင်းခကို အသရေဖျက်မှုနှင့် ဆက်သွယ်ရေး ဥပဒေ ချိုးဖောက်မှု အက်ဥပဒေဖြင့် ထောင်ထဲ ထည့်လိုက်သည်။ သူ၏ တရားခွင် အဆုံးသတ်သောအခါ ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရ၏ အရပ်သားဘက်အခြမ်းကို ဦးဆောင်နေသည်။ သို့သော် မောင်ဆောင်းခကို စီရင်ချက်ချပြီး ထောင် ၆ လ ချလိုက်သည်။ သူ၏အသက် ၂၃ နှစ်သာ ရှိသေးသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာမှ ရွေးကောက်ခံ ခေါင်းဆောင်များကို ဖမ်းဆီးလိုက်သည်။ သူ၏ စစ်အာဏာသိမ်းမှုသည် ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံပေါင်းစည်းခြင်းကို ကြိုဆိုနေကြသည့် လူငယ်များကို တံခါးပိတ် စိတ္တဇလောကသို့ ဆောင့်ဆွဲသွင်းလိုက်သည်။
မောင်ဆောင်းခသည် ရန်ကုန်မှ ငြိမ်းချမ်းစွာ ဆန္ဒပြသူ သိန်းပေါင်းများစွာနှင့် ပူးပေါင်းလိုက်သည်။ စစ်တပ်က ဖြိုခွဲသောအခါ သူသည် လေးခွနှင့် လက်လုပ်မီးလောင်ဗုံးများကို မည်သို့ အသုံးပြုရမည်ကို လေ့လာသည်။ စစ်သားများက အတိုက်အခံများ သုတ်သင်ရန် ရပ်ကွက်တခုစီကို ပိုက်စိတ်တိုက်ရှာသောအခါ သူသည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ထိန်းချုပ်မှုအောက်ရှိ နယ်မြေတခုသို့ လွတ်မြောက်လာသည်။ ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းသည် မြန်မာအစိုးရကို တိုက်ခိုက်နေသည်မှာ မျိုးဆက်ပေါင်း များစွာကြာပြီဖြစ်သည့် အဖွဲ့အစည်းဖြစ်သည်။
ထိုနေရာနှင့် အခြား နယ်စပ်ဒေသများတွင် ဒီမိုကရေစီလိုလားသော စင်ပြိုင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းကြသည်။ NUG ၏ ကာကွယ်ရေးဝန်ကြီးသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် စစ်အုပ်စု ကာကွယ်ရေးဝန်ကြီးဟောင်းကို အနိုင်ရခဲ့သည့် ကဗျာဆရာ ဖြစ်သည်။
ကဗျာဆရာတဦး၏ တော်လှန်ရေးတပ်
ကဗျာဆရာ မောင်ဆောင်းခသည် စစ်တပ်တတပ်ကို မည်သို့ ထူထောင်ရမည်ကို မသိပေ။ အလားတူစွာ ၎င်းတို့၏ သီးခြား ပြောက်ကျားတပ်များကို ထူထောင်ရန် ကြိုးစားသည့် ရုပ်ရှင်သရုပ်ဆောင်များ၊ ရှေ့နေများ၊ စာရေးဆရာများ၊ ထွက်ပြေးလာသည့် မော်ဒယ်များလည်း မသိကြပေ။ ရင်းနှီးကျွမ်းဝင်မှု မရှိသည့် တောတွင်းတွင် မြို့ကြီးများမှ ထပ်မံ ရောက်ရှိလာသူများအတွက် စိုးရိမ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ခိုလှုံခွင့်ပေးရန် ကြိုးစားသော်လည်း အများစုသည် က ရေရှည် နေနိုင်စွမ်းမရှိပေ။
မောင်ဆောင်းခ၏ တော်လှန်ရေးတပ်သည် ဆက်လက် ရပ်တည်နိုင်သည်။ သူသည် ကဒေါင်းပုံစံ လိုဂိုတခုကို ရေးဆွဲသည်။ သူသည် နိုင်ငံ၏ လူ့အဖွဲ့အစည်းတွင် အခွင့်ထူးခံနေရာကို ယူထားသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော ဗမာလူမျိုးစု လူများစု၏ အမည်ကို ယူသည်။ ဗမာအဖြစ် သတ်မှတ်ခံရသူများသည်သာ စစ်တပ်တွင် အမြင်ဆုံးရာထူးများသို့ တက်နိုင်ပြီး ၎င်းတို့သည် လူနည်းစုများကို အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက်အဖြစ်သုံးပြီး ရွာများပတ်လည်တွင် မြေမြှုပ်မိုင်းထောင်ကာ ပစ်မှတ်ထားသည့် သမိုင်းရှိသူများဖြစ်သည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောသည်။
မြန်မာ့ဒီမိုကရက်တစ် အတိုက်အခံများကို အမျိုးသမီးတဦးတည်းကသာ ကိုယ်စားပြုနေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်ပြီး ထိုသူသည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ သူ၏ပါတီသည် ရွေးကောက်ပွဲများကို လွှမ်းမိုးအနိုင်ရခဲ့သည်။ သို့သော် ယခုအခါ အသက် ၇၉ နှစ် ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအရ ဆက်ခံသူကို ပြုစုပျိုးထောင်ခဲ့ခြင်း မရှိပေ။ သူ့အပေါ် ပုဂ္ဂိုလ်ရေးအရ အားထားမှုသည် မြန်မာမှ လူနည်းစုများအတွက် ရပ်တည်ခြင်း မရှိစေကာမူ ဆက်လက်ရှိနေသည်။
မောင်ဆောင်းခသည် ဗမာဖြစ်သော်လည်း စစ်တပ်၏ လူမျိုးစု လူမျိုးကြီးဝါဒကို ရှုတ်ချသည်။ စစ်တပ်က ရိုဟင်ဂျာ မွတ်ဆလင်များကို ဖိနှိပ်မှုသည် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်သည်ဟု ရှုတ်ချပြီး ထိုသတ်မှတ်ချက်သည် ကုလသမဂ္ဂက နောင်တွင် လိုက်လံသုံးစွဲရသည့် စကားလုံးဖြစ်လာသည်။ စစ်တပ် ကျဆုံးသွားပါက မြန်မာသည် လူမျိုးစုများ၏ တန်းတူသည့် ဖက်ဒရယ်နိုင်ငံသာ ဖြစ်လာမည်ဟု မောင်ဆောင်းခက ပြောသည်။ ထိုကဲ့သို့သော တည်ဆောက်ပုံများအတွက် စစ်တပ်က ကိုယ်စားပြုသည့် ဗမာများသည် နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုသာ ဖြစ်သည်ဟု ၎င်းကပြောသည်။
သို့သော် မောင်ဆောင်းခသည် အနာဂတ် အစိုးရတွင် ပါဝင်ရမည်ကို စိုးရိမ်ပူပန်နေသည်။
“တော်လှန်ရေးဆိုတာ ကဗျာဆရာနဲ့ အနုပညာရှင်တွေရဲ့ အလုပ်ပဲ။ နိုင်ငံရေးဆိုတာ တခြားလူတွေရဲ့ အလုပ်ပဲ”
“တော်လှန်ရေးဆိုတာ ကဗျာဆရာနဲ့ အနုပညာရှင်တွေရဲ့ အလုပ်ပဲ။ နိုင်ငံရေးဆိုတာ တခြားလူတွေရဲ့ အလုပ်ပဲ” ဟုလည်း ၎င်းက ပြောသည်။

ယခုအခါ သူ၏တိုက်ခိုက်ရေး သမားများအကြားတွင် မဝေလည်း ပါဝင်လာသည်။ သူသည် အာဏာမသိမ်းမီက ဒူဘိုင်းတွင် hollandaise အချဉ်ပြုလုပ်သူအဖြစ် လုပ်ကိုင်ခဲ့သည်။ သူသည် နိုင်ငံရေးနှင့် မသက်ဆိုင်သော်လည်း စစ်တပ်က လွန်ခဲ့သော သုံးနှစ်တွင် အာဏာသိမ်းသောအခါ အိမ်ပြန်ရောက်နေသည်။ စစ်အာဏာရှင်စနစ် အပြည်အဝ ပြန်လည်ကျင့်သုံးခြင်းကို သူစက်ဆုတ်သည်။ မဝေသည် မောင်ဆောင်းခ၏ အင်အားတိုးတက်လာသော တပ်ဖွဲ့နှင့် ပူးပေါင်းသည်။ သူသည် ကဗျာဆရာမ တယောက် မဟုတ်သော်လည်း ကဗျာဆရာများကဲ့သို့ စကားပြောတတ်သည်ဟု သူကပြောသည်။
“ကျမလို ရေတစက်က ဘာမှ မဟုတ်ပေမယ့် လှိုင်းတခုဖြစ်လာရင် အင်အား ပြင်းထန်တယ်” ဟု ၎င်းက ပြောသည်။
သူ၏တော်လှန်ရေးတပ်ကို ထူထောင်ပြီးနောက် သုံးနှစ်ကြာသောအချိန်တွင် မောင်ဆောင်းခ ခန္ဓာကိုယ်သည် နူးညံ့နေသေးပြီး သူ၏ မေးရိုးသည် သူသင်တန်းတက်ခဲ့သည့် အချိန်ကလောက် ထင်ရှားခြင်း မရှိတော့ပေ။ သူအိပ်စက်သည့် တောတွင်း အဆောက်အအုံတွင် တခုတည်းသော အလှဆင်ပစ္စည်းများသည် ဂျော်နီဝေါ့ကား ပုလင်းခွံများသာ ဖြစ်သည်။ ဝါးပိုက်ဖြင့် ရေချိုးရန် ရေခံထားသည့် တောတွင်းကွင်းပြင်တွင်ထိုင်ရင်း လျှပ်စစ် မုတ်ဆိတ်မွှေးရိတ် ကိရိယာ မရှိသောကြောင့် ညည်းညူသည်။
သူအသစ်ရှာဖွေတွေ့သည် အင်္ဂလိပ်စကားလုံး “မြို့ကြီးပြကြီးများကို စွဲမက်” (metrosexual) ဟူသည့် စကားလုံးကို သုံးနေကြောင်း ပြောသည်။
သူ ညည်းညူသည့် အချက်များတွင် နေမြင့်မှ အိပ်ယာထခြင်း၊ နေ့လယ်ခင်းများတွင် ပြန်လည်ပြင်ဆင်ရေး တရားမျှတမှုကဲ့သို့သော သဘောတရားရေး အယူအဆများကို စစ်သည်တော်များနှင့် အွန်လိုင်းမှ ဆွေးနွေးရခြင်းတို့ ပါဝင်သည်။
မောင်ဆောင်းခသည် ခြင်ပေါသော တောတွင်းမှ ဖုန်းဆက်ရပြီး တခုတည်းသော အလင်းရောင်မှာ ဘီယာဗူးခွံလွတ်တွင် တင်ထားသည့် ဖရောင်းတိုင်မှ လာသည်။ သူသည် ရှေ့တန်းစစ်မြေပြင်မှ ကတုတ်ကျင်းများသို့ သွားရောက်ပြီး သူ့ကြောင့် ဝင်ရောက်လာသည့် တပ်သားသစ်များကို အားပေးစကား ပြောရသည်။ ရန်သူပိုင်နက်အနီး သွားပြီး မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှု ခံရသည့် ဘုန်းကြီးကျောင်းများတွင် အိပ်ရသည်။ သူသည် ပစ္စတိုကို ဘေးတွင်ချိတ်ပြီး လမ်းလျှောက်သောအခါ အိပ်ချင်မူးတူး ဖြစ်နေပုံရသည်။ သို့သော် သူသည် စစ်တိုက်တန်း ကစားနေခြင်း မဟုတ်ပေ။
မေလက အခြေခံစစ်သင်တန်းတွင် တပ်သားသစ်များရှေ့၌ ရပ်ပြီး မောင်ဆောင်းခက စစ်သမီးသစ် တဦးကို လက်ညှိုးထိုးကာ မင်းအသံက စစ်သံမပေါက်ဘူးဟု ပြောသည်။ အရပ် ၅ ပေပင် မပြည့်သေးသည့် ထိုစစ်သမီးက မျက်တောင်ခတ်နေသည်။ သူ၏မေးရိုးသည် တင်းမာသည်။ သူ၏ပါးတွင် ချွေးစီးကျနေသည်။
“မင်းတို့ ပင်ပန်းတယ်ထင်ရင် အသတ်ခံရ၊ ထောင်ချခံရသူတွေအကြောင်း စဉ်းစားပါ။ ငါတို့က သူတို့အတွက် တိုက်ပွဲဝင်နေတာ” ဟု မောင်ဆောင်းခက ပြောသည်။
ထို့နောက် မောင်ဆောင်းခ အသံ ပျော့ပျောင်းလာသည်။ သူ အဆင်ပြေသွားမည်ဟု မောင်ဆောင်းခက ထိုစစ်သမီးကို ပြောသည်။ ထို စစ်သမီးသည် မျက်တောင် ထပ်ခတ်သော်လည်း စကားမပြောပေ။
ထိုနေ့နှောင်းပိုင်းတွင် ထိုစစ်သမီးသည် အပူဒဏ်ကြောင့် လဲကျသွားသည်။ သူ့ကို အခြားစစ်သားသစ်များက ကွင်းပြင်မှ သယ်ဆောင်သွားကြသည်။
“မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ ကျနော်တို့ စစ်ကို အရင်တိုက်ရမယ်” ဟု ထိုညတွင် မောင်ဆောင်းခက ပြောသည်။ “ကျနော် အချိန်ရတဲ့အခါ အဲဒီအကြောင်း ကျနော်တို့ တော်လှန်ရေးအကြောင်း ရေးမယ်” ဟုလည်း ပြောသည်။
(New York Times ပါ Hannah Beech ၏ The Poet Who Commands a Rebel Army ကို ဘာသာပြန်သည်။)
You may also like these stories:
လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် လှုပ်ရှားသူ မောင်ဆောင်းခ ဒတ်ချ် လူ့အခွင့်အရေးဆုရ
တော်လှန်ရေးစစ်သားကောင်းတွေ ဖြစ်ဖို့ လိုတယ်
တော်လှန်ရေးတပ်ဦးမှ မြန်မာကဗျာဆရာများ
ပီနိုချေး၊ နေရူဒါနဲ့ ပြည်ပြေးမှတ်စု
စစ်ကောင်စီမှ ဖမ်းဝရမ်း ထုတ်ထားတဲ့ အနုပညာရှင်ပေါင်း ၁၀၀ ကျော်ထိ ရှိလာ