ထိုနေ့မှာ နှစ်ဆန်း တရက်နေ့ ဖြစ်လေသည်။
ဘာလိုလိုနှင့် ၁၉၈၀ ခုသည် ကျနော်တို့ကို ဖြတ်သန်းသွားလေပြီ။
မနေ့ညက ကွန်လုံမှ ပြန်ရောက်သည့် အခါတွင် တော်တော် မှောင်နေလေပြီ။ ကျနော်တို့၏ အိမ်သည် ဆရာဝန်ကြီး ကမ္ဘောဇ ခင်လှိုင် သည် ကျနော်တို့ မရောက်နိုင်သဖြင့် ဟိုစုံစမ်း သည်စုံစမ်း လုပ်နေကြောင်းကို နောက်မှ ကျနော်တို့ သိရ၏။
သိန္နီကိုလည်း မကြာမကြာ လှမ်းမေး၏။ လားရှိုး အေတီဂိတ်ကိုလည်း မကြာမကြာ လှမ်းမေး၏။ သက်ဆိုင်ရာတို့သို့လည်း သူ့စာရေးဆရာ ဧည့်သည်တွေ မရောက်လာသေးကြောင်း မကြာခဏ သတင်းပို့ရ၏။
သို့ရာတွင် ကျနော်တို့ကား သူ ဒီလောက် အလုပ်များနေသည်ကို မသိကြပါ။ မှောင်ကြီးမည်းကြီး လမ်းကြမ်းကြီးတွင် လာခဲ့ကြရာ ထိုညက ၉ နာရီ ထိုးတော့မှ လားရှိုးသို့ ပြန်ရောက်ကြလေသည်။
ကမ္ဘောဇ ခင်လှိုင်သည် ကျနော်တို့ ရောက်၊ မရောက် ကျနော်တို့ထံ တယ်လီဖုန်းဖြင့် လှမ်းမေးပြီး ကျနော်တို့ အသံကို ကြားရတော့မှ အိပ်ရာသို့ စိတ်ချလက်ချ ဝင်နိုင်တော့သည်။
ညက မိုးချုပ်မှ ရောက်သည့် အတွက်ကြောင့် တကြောင်း၊ ခရီးပန်းလာသည့် အတွက်ကြောင့် တကြောင်း ကျနော်တို့မှာ ထိုနေ့ညက နှစ်သစ်ကူး အကြိုည ဖြစ်ကြောင်း သတိပင် မရလိုက်ကြချေ။ မောမောနှင့် အိပ်ပျော်သွားကြလေသည်။
မနက်ကျမှ ၁၉၈၁ ခု၊ နှစ်ဆန်း ၁ ရက်နေ့မှန်း ကျနော်တို့ သတိပြုမိကြသည်။ မူလက ထိုရက်တွင် ကျနော်တို့ ဟောပြောပွဲ မရှိ။ အနားယူသည့် အချိန် စာရင်းထဲတွင် ထည့်ထားသည်။
ကမ္ဘောဇ ခင်လှိုင် သည် လားရှိုး စာဆိုတော် ခရီးတွင် ကျနော်တို့ ပင်ပန်းသည်ကို သိသဖြင့် ထိုရက်ကို တမင် ချန်ထားခြင်း ဖြစ်၏။ စင်စစ် ကျနော်တို့လည်း တော်တော် ပင်ပန်းကြလေပြီ။
ထိုနှစ်တွင် ကျနော်သည် ခရီး တော်တော်များများ သွားခဲ့လေသည်။ နိုဝင်ဘာလ ကုန်ခါနီးတွင် မော်တော်ကားဖြင့် ပုဂံ၊ ပခုက္ကူ တို့သို့ ခရီးထွက်ခဲ့သည်။
ဒီဇင်ဘာလဆန်းတွင် ငန်းစွန်၊ ငမြာ၊ မြင်းမူ၊ မန္တလေး၊ ပျော်ဘွယ်၊ အုတ်တွင်း၊ ဖြူးမြို့များသို့ စာပေဟောပြောပွဲ သွားခဲ့သည်။ ထိုမှ အပြန်တွင် ရေနံချောင်း၊ ချောက်၊ ပုဂံ၊ ကျောက်ပန်းတောင်း မြို့များသို့ ရောက်ခဲ့သည်။ ထိုမှ အပြန်တွင် အိမ်မဲ နှင့် ကျောင်းကုန်း မြို့များသို့ ရောက်ခဲ့သည်။
နိုဝင်ဘာလတုန်းကတည်းက ထွက်ခဲ့သည့် ခရီးသည် ဒီဇင်ဘာလ ၁၉ ရက်နေ့ကျမှ အိမ်ပြန်ရောက်သည်။ အိမ်ပြန်ရောက်ပြီး နောက်တနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် လားရှိုးသို့ ထွက်ခဲ့ခြင်း ဖြစ်၏။
လားရှိုးသို့ ထွက်ခဲ့သည် ဆိုသော်လည်း ကျနော်တို့သည် လားရှိုးသို့ မရောက်ကြသေး။ နမ္မတူ ဘော်တွင်း၊ သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ သိန္နီ၊ ကွတ်ခိုင် စသည်တို့သို့ သွားလိုက်ကြသေးသည်။
ထိုမှတဖန် လားရှိုးကို ဝင်ကာ သိန္နီ၊ ကွတ်ခိုင်၊ ကွန်လုံ စသည်တို့သို့ သွားခဲ့ကြသေးရာ ၁၉၈၀ ခု နှစ်ကုန်ခါနီး၌ ကျနော်သည် တလလုံးလုံး လမ်းပေါ်မှာ ရောက်နေလေသည်။
ထို့ကြောင့် ကျနော်တို့တတွေ တော်တော် ဖားနေကြလေပြီ။ ကျနော်တို့ အခြေအနေကို သိသည့် ကမ္ဘောဇ ခင်လှိုင်သည် ထိုရက်ကို အားလပ်ရက် အဖြစ် တမင်ချန်ထားခြင်း ဖြစ်သည်။
သို့ရာတွင် ထိုရက်တွင် ကျနော်တို့ မနားလိုက်ရပါ။ လားရှိုး ဒေသကောလိပ်သည် စာဆိုတော် ဟောပြောပွဲ လုပ်ချင်နေသည်။ ဒေသကောလိပ် ဖွင့်ပြီးကတည်းက စာပေဟောပြောပွဲတွေ ဘာတွေ မလုပ်ဖြစ်သေး။
ဆရာ၊ ဆရာမ များနှင့် ကျောင်းသူ ကျောင်းသားများက ကမ္ဘောဇ ခင်လှိုင်ကို လာ၍ ပြောနေကြသည်။ ကမ္ဘောဇ ခင်လှိုင်သည် ကျနော်တို့ကို အားနာသည့် အတွက် တတ်နိုင်သမျှ ငြင်းသေးသော်လည်း နောက်ဆုံးတွင် လိုက်လျော လိုက်ရပါသည်။
လားရှိုး ဒေသကောလိပ်မှာ ဘယ်နေရာ ဘယ်ဒေသဟု ကျနော် မပြောတတ်ပါ။ မြို့ပြင်တွင် ရှိသည် ဆိုသည်လောက်သာ ကျနော် သိပါသည်။ သို့ရာတွင် ရှုခင်းကား ပထမတန်း ရှုခင်း ဖြစ်ပေ၏။ ရှေ့တွင် ထင်းရှူးပင်တွေ၊ ယူကလစ်ပင်တွေ အစီအရီနှင့်။ ကျောင်းခန်းများမှာ ချိုင့်ဝှမ်းထဲတွင် ရှိလေသည်။
အောင်သင်းမှာ ပထမဆုံး ဟောပြီး လားရှိုး အထက်တန်း ကျောင်းပေါင်းစုံမှ ကျောင်းသူ ကျောင်းသားများကို မြန်မာစာ ဟောပြောပွဲ လုပ်ရန် အတွက် ခပ်စောစော ပြန်သွားလေသည်။
ကျနော်က ကျနော် မပြောဘူးသေးသည့် အကြောင်းအရာသစ် တခုကို ပြောပြလေသည်။
ကောလိပ်ကျောင်းသို့ ရောက်သည့် ကျောင်းသား ကျောင်းသူများသည် အထက်တန်း ပညာရေးကို သင်ရသည့် ကျောင်းသားပီပီ အဆင့်အတန်းမြင့်သည့် စာပေများကို ဖတ်ဖို့ လိုလာကြောင်း၊ အထူးသဖြင့် ရသစာပေကို ဖတ်ဖို့ လိုကြောင်းကို အကျယ်တဝင့် ပြောခဲ့ပါသည်။
ဒေသကောလိပ် ဟောပြောပွဲအပြီး ညနေပိုင်းတွင် ကျနော်တို့သည် လားရှိုးမြို့ကို လှည့်၍ ကြည့်ကြသည်။ ကမ္ဘောဇ ခင်လှိုင်ကား အလုပ်များသဖြင့် သူကိုယ်တိုင် မလိုက်တော့ဘဲ ဆေးရုံမှာ နေရစ်ခဲ့လေသည်။
ကျနော်တို့ အဓိကထား၍ သွားကြသည့် နေရာများမှာ ဘုရားပုထိုးများ ဖြစ်လေသည်။ ကျနော်တို့သည် မယ်တော်ကြီး ဘုရား ခေါ် တရုတ် ဘုရားကို အလျင် သွား၍ ဖူးကြသည်။
မယ်တော်ကြီး ဘုရား ပရဝုဏ်ထဲတွင် တရုတ် ဘုန်းကြီးများနှင့် သီလရှင်များကိုလည်း တွေ့ရလေသည်။ မယ်တော်ကြီး ဘုရားကား မွမ်းမံ ပြင်ဆင်ဆဲ ဖြစ်လေသည်။ သို့ရာတွင် အတော်အတန် ပြီးစီးလု နီးလေပြီ။
မယ်တော်ကြီး ဘုရားမှာ အတော်မြင့်သည့် တောင်ကုန်းကြီး တခုပေါ်တွင် ရှိသဖြင့် အမော တက်ယူကြရ၏။ မယ်တော်ကြီး ဘုရား ပရဝုဏ်ထဲမှ နေ၍ မျှော်ကြည့်လိုက်လျှင် လားရှိုးမြို့ကြီး တမြို့လုံးကို စီး၍ မြင်နေရလေသည်။
ကျနော်တို့သည် မယ်တော်ကြီး ဘုရား ပရဝုဏ် အဝတွင်ရှိသည့် တရုတ်လက်ရာ ဘီလူးရုပ်ကြီးများကို ကြည့်ကြသည်။ တော်တော်ကြီးသည့် ဘီလူးရုပ်ကြီးများ ဖြစ်၏။ ထို ဘီလူးရုပ်ကြီးများ အတီးတွင် ပန်းကွက်များဖြင့် ဖော်ထားသော နဂါး ရုပ်ကြီးများကိုလည်း တွေ့ရလေသည်။
လက်ရာနှင့် ဆေးရောင် ခြယ်ထားပုံမှာ တကယ့် တရုတ် ပန်းပုလက်ရာနှင့် တရုတ်ပန်းချီ လက်ရာများ ဖြစ်ပေ၏။ သူ့နည်းနှင့် အနုပညာ မြောက်သော်လည်း မြန်မာ့ ဘီလူးလောက် မာန်မပါလှဟု ကျနော် ထင်ပါသည်။
မယ်တော်ကြီး ဘုရားတွင် ကိန်းဝပ်နေသည့် ဗုဒ္ဓ ရုပ်ပွားတော်မှာလည်း တရုတ် လက်ရာများပင် ဖြစ်သည်။ ရုပ်ပွားတော်များ အလယ်တွင် အလွန်ကြီးသည့် မယ်တော် မာယာ၏ ပုံတော်ကြီးကို တွေ့ရလေသည်။ မယ်တော် မာယာ၏ ပုံတော်မှာလည်း တရုတ်လက်ရာ ဖြစ်ပေ၏။
ထိုဘုရားကျောင်းတွင် အဓိက လွှမ်းမိုးနေသော ရုပ်တုမှာ မယ်တော် မာယာ၏ ပုံတော် ဖြစ်လေရာ ထို့ကြောင့်ပင် မယ်တော်ကြီး ဘုရားဟု ခေါ်သည် ထင်ပါ၏။
ကျနော်တို့သည် နှစ်ထပ်ကျောင်းကြီးပေါ်သို့ တက်ကာ ဘုန်းတော်ကြီးကို ဖူးမြော်ကြသည်။ ဘုန်းတော်ကြီးမှာလည်း သက်တော် အတန်ကြီးပြီ ဖြစ်သည့် တရုတ်အမျိုးသား ဘုန်းတော်ကြီး ဖြစ်၏။
နားကလည်း လေး၊ မြန်မာ စကားလည်း မတတ်သည့် အတွက် ဘုန်းတော်ကြီးနှင့် အမေးအလျှောက် လုပ်ရသည်မှာ မလွယ်လှပါ။
တရုတ် ဦးပဉ္စင်း တပါးက မြန်မာ ပြန်ပေးသည့် အတွက် ကျနော်တို့ သိလိုရာများကို မေးမြန်း လျှောက်ထားကြည့်ရပါသည်။ ဆရာတော်က ကျနော်တို့အား တရုတ်-မြန်မာ နှစ်ဘာသာဖြင့် ရိုက်ထားသည့် တတိယတန်းသင် ဗုဒ္ဓဘာသာ သင်ခန်းစာ တအုပ်စီနှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် ကျမ်းစာအုပ် တအုပ်စီ လက်ဆောင် ပေးလိုက်ပါသည်။
သင်ခန်းစာမှာ အလောင်းတော် ဖွားတော်မူခန်းမှ စ၍ တောထွက် ဘုရားဖြစ်သည်အထိ ရေးထားသည့် ဗုဒ္ဓဝင် သင်ခန်းစာ ဖြစ်လေသည်။ အင်္ဂလိပ်လို ရေးထားသော စာအုပ်မှာ The Suttra of the Lord of Healing ဆိုသည့် စာအုပ် ဖြစ်လေသည်။
လားရှိုးတွင် ထင်ရှားသော အခြား ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တကျောင်းမှာ ငါးပါးသီလကျောင်း ဖြစ်လေသည်။ တရုတ် ထုံးစံအတိုင်း အုတ်တံတိုင်း မြင့်မြင့်ကြီးတွေ၊ အမိုးကော့ကြီးတွေဖြင့် ဆောက်ထားသည့် ဘုရားကျောင်း ဖြစ်ပါ၏။
ကျနော်တို့ ရောက်သွားသည့် အခါတွင် ဘုရားကျောင်းဝင်းထဲတွင် တရုတ်သိုင်း ကျင့်နေသူများ၊ တရုတ် လင်းကွင်းဖြင့် တေးသီချင်း တိုက်နေသူများကို တွေ့ရသဖြင့် စုံစမ်းကြည့်ရာ လွတ်လပ်ရေးနေ့တွင် ကပြတင်ဆက်ရန် ကျင့်နေခြင်း ဖြစ်သည်ဟု သိရလေသည်။
ကျနော်တို့ကို တရုတ် အမျိုးသား ဥပသကာကြီး နှစ်ဦးက ကြိုဆို ဧည့်ခံကြသည်။ သို့ရာတွင် သူတို့မှာလည်း မြန်မာစကား မတတ်သဖြင့် ကျနော်တို့ အခက်ကြုံရပြန်သည်။
တရုတ်ကလေး တယောက် ပြေးခေါ်၍ ခဏကြာလျှင် မြန်မာလို ဝတ်ဆင်ထားသည့် အသက် ၂၀ ကျော် အစိတ် အတွင်းရှိ တရုတ်-မြန်မာ ကပြားမလေး တယောက် လိုက်လာလေသည်။
ထိုသူငယ်မကလေးမှာ မန္တလေး တက္ကသိုလ်မှ ဘွဲ့ရလာသည့် သူငယ်မကလေး ဖြစ်သည်ဟု သိရလေသည်။ ထိုသူငယ်မလေးက ဘာသာပြန် ပြောသဖြင့် ကျနော်တို့သည် ငါးပါးသီလ ဘုရားကျောင်း အကြောင်းကို အတော်အတန် သိခဲ့ရပေ၏။
ထိုဘုရားကျောင်းကို ကိုးကွယ်ကြသူများမှာ သက်သတ်လွတ် စားပြီး ငါးပါးသီလ စောင့်သည့် ဂိုဏ်းဝင်များ ဖြစ်၍ မီးလဲဖု ခေါ် အရိမေတ္တယျ ဘုရားလောင်း (ဗောဓိကသတ္တ) ကို ကိုးကွယ်ကြ၏။
ဂိုဏ်းဝင်များထဲတွင် အကြီးတန်း ဂိုဏ်းဝင်နှင့် အငယ်တန်း ဂိုဏ်းဝင် ဟူ၍ နှစ်မျိုး ခွဲထားပြီး အကြီးတန်း ဂိုဏ်းဝင်များမှာ အိမ်ထောင် သားမွေးခြင်းကို မပြုရဘဲ ဗြဟ္မစာရီ အကျင့်ကို ကျင့်ကြကာ ဘုရားကျောင်းတွင် အမြဲတမ်း နေထိုင်ပြီး သာသနာ အကျိုးကို ဆောင်ရွက်ကြသည်။ အငယ်တန်း ဂိုဏ်းဝင်များမှာ အိမ်ထောင်သားမွေး အမှုကို ပြုရသော်လည်း ငါးပါးသီလကို အစဉ်အမြဲ စောင့်ထိမ်းရ၏။
သူတို့ ဂိုဏ်းဝင်များ နေ့စဉ် ပြုလုပ်ရမည့် ဝတ်များမှာ နံနက် တကြိမ်၊ နေ့လယ် တကြိမ်၊ ညနေ တကြိမ် တနေ့လျှင် သုံးကြိမ် ဘုရား ဝတ်ပြုရသည်။ အကြီးတန်းရော အငယ်တန်း ဂိုဏ်းဝင်များပါ အလှူခံခြင်း၊ ဆွမ်းဆန်ခံခြင်း စသည်တို့ကို မပြုလုပ်ရ။
အိမ်တွင်းမှု လုပ်ငန်း လုပ်ခြင်း၊ စိုက်ပျိုးခြင်း စသည့် သမ္မာအာဇီဝ အလုပ်ကိုသာ လုပ်ရပြီး ထိုအလုပ်မှ ရသည့် အကျိုးကျေးဇူးများကို ကိုယ်ကျိုး အတွက် သုံးစွဲခွင့် မရှိ။
ဘုရား ဝတ်ကျောင်း၊ အလှူတော်ငွေ၊ ပညာရေး နှင့် ရေဘေး၊ မီးဘေး ဒုက္ခသည်များအား ထောက်ပံ့ခြင်း စသည့် ကိစ္စများတွင်သာ အသုံးပြုရသည်ဟု သိရလေသည်။
ကျနော်တို့သည် ငါးပါးသီလ ဘုရားကျောင်းမှ ဥပသကာကြီးများကို နှုတ်ဆက်ခဲ့ကြပြီးနောက် အမတ်ကြီး ဦးပေါ်ဦး တင်ထားခဲ့သည် ဆိုသော မန်ဆူ စေတီတော်ကို သွားရောက် ဖူးမြော်ကြလေသည်။
မန်ဆူ စေတီတော်မှာ လားရှိုးကြီး အထွက်တွင် တည်ရှိသဖြင့် အတော် ခပ်လှမ်းလှမ်း သွားရသည်။ စေတီ ရင်ပြင်ပေါ်သို့ ကျနော်တို့ ရောက်သည့် အချိန်တွင် အတော် မှောင်နေလေပြီ။
စေတီ ရင်ပြင်မှာ အတော်ကလေး မြင့်ရာ ထိုစေတီ ရင်ပြင်ပေါ်မှ မျှော်ကြည့်လိုက်လျှင်လည်း လားရှိုးမြို့ကြီးကို ကောင်းကောင်း မြင်ရပါသည်။
ကျနော်တို့ ရောက်သည့် အချိန်တွင် လူရှင်းလျက် ရှိသဖြင့် ဘုရား ဂေါပက လူကြီးတဦးက ကျနော်တို့အား ဘုရား သမိုင်းကို အကျယ်တဝင့် ရှင်းပြလိုက်လေသည်။
စေတီတော် သမိုင်း စာအုပ်ကို မေးရာ မရှိသဖြင့် မဝယ်ခဲ့ရချေ။ ။
(စာရေးဆရာကြီး မြသန်းတင့် ရေးသားသည့် ဤဆောင်းပါးကို သီဟရတနာ စာအုပ်တိုက်က ၂၀၀၇ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “လွမ်းမောဖွယ်ကမ္ဘောဇ သို့မဟုတ် သံလွင်၊ ဒုဋ္ဌဝတီ၊ ရွှေလီရုပ်ပုံလွှာ” ဒုတိယအကြိမ် စာအုပ်မှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန် သွားခဲ့ပါသည်။)