မြန်မာ၏ ဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းနေသည်။ ရတနာဟုခေါ်သည့် နိုင်ငံ၏ အဓိက ဓာတ်ငွေ့လုပ်ကွက်သည် သက်တမ်း ကုန်ဆုံးခါနီးပြီ ဖြစ်သည်။ ထိုင်းစွမ်းအင် သတင်းအချက်အလက်များအရ နိုင်ငံတွင် ပဋိပက္ခဖြစ်စေသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ပြီး ရတနာလုပ်ကွက်မှ ထိုင်းဓာတ်ငွေ့တင်သွင်းမှု ၄၇ ရာခိုင်နှုန်း ကျဆင်းသည်။
မြန်မာတွင် ဓာတ်ငွေ့ ထုတ်လုပ်မှုနည်းခြင်းသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနည်းခြင်းကို ဖြစ်စေသည်။ အာဏာသိမ်းပြီးနောက် ဓာတ်အားထုတ်လုပ်မှု ၃၅ ရာခိုင်နှုန်း ကျဆင်းသည်။ ရတနာ ဓာတ်ငွေ့လုပ်ကွက် ကုန်ခန်းခြင်းကို မျှော်လင့်ထားသည်မှာ ကာလကြာမြင့်ပြီဖြစ်ပြီး အစားထိုးရန် ဓာတ်ငွေ့သိုက်သစ်များနှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သစ်များ ဖော်ထုတ်ရန် အစီအစဉ်များ ရှိခဲ့သည်။ မျှော်လင့်မထားသော ကိစ္စမှာ စစ်တပ်က အာဏာသိမ်းခြင်း ဖြစ်သည်။ ထိုသို့ အာဏာသိမ်းခြင်းသည် နိုင်ငံ၏ ထိခိုက်လွယ်သော စွမ်းအင်စနစ်ကို ပျက်စီးစေသည်။ ထို့ကြောင့် ဘာတွေ ဆက်ဖြစ်မည်နည်း။ မည်သို့ ပြင်ဆင်နိုင်သနည်း။
ပထမဆုံးအနေဖြင့် မိမိတို့ ရှင်းလင်းစွာ သိရမည်မှာ မြန်မာ့စွမ်းအင် အကျပ်အတည်းသည် နိုင်ငံရေးအကျပ်အတည်း၏ တိုက်ရိုက်ရလဒ်ဖြစ်ကြောင်းပင်။ နိုင်ငံရေး အပြောင်းအလဲ မရှိလျှင် စွမ်းအင်အတွက် အဖြေမရှိပေ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်း ကုမ္ပဏီများသည် စစ်ကောင်စီ၏ တာဝန်သိသိ အုပ်ချုပ်နိုင်စွမ်းကို အယုံအကြည် မရှိသောကြောင့် နိုင်ငံ၏စွမ်းအင်ကဏ္ဍမှ ဆုတ်ခွာကြသည်။ ထိုအချက်ကို နိုင်ငံခြားငွေလဲလှယ်နှုန်းက ဖော်ပြသည်။
ကျပ်ငွေသည် အာဏာမသိမ်းမီက တဒေါ်လာလျှင် ၁,၃၃၀ ကျပ်မှ ကျပ် ၅၀၀၀ ကျော်သို့ ကျဆင်းသည်။ စွမ်းအင်ကဏ္ဍအတွက် အကျိုးဆက်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ပြည်ပမှ ဓာတ်ငွေ့တင်သွင်းခြင်းသည် မတတ်နိုင်တော့လောက်အောင် ဈေးကြီးခြင်းဖြစ်သည်။ ပဋိပက္ခ၏ ထိုအခြေအနေတွင် မည်သည့် မူဝါဒ မဆို၏ အောင်မြင်မှုသည် နိုင်ငံရေးအရ ဖြေရှင်းမှုအပေါ် မူတည်သည်။
ဒုတိယအချက်မှာ စစ်ကောင်စီခေါင်းဆောင်ပိုင်း အပြောင်းအလဲသည် ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ပြဿနာမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သာ မကဘဲ မြန်မာစစ်တပ်၏ စီးပွားရေးဆိုင်ရာ ကိုင်တွယ်မှုလည်း ဖြစ်သည်။
ဒုတိယအချက်မှာ စစ်ကောင်စီခေါင်းဆောင်ပိုင်း အပြောင်းအလဲသည် ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ပြဿနာမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သာ မကဘဲ မြန်မာစစ်တပ်၏ စီးပွားရေးဆိုင်ရာ ကိုင်တွယ်မှုလည်း ဖြစ်သည်။ ၅၇ နှစ်ကြာ စစ်အုပ်ချုပ်ရေးပြီးနောက် ထင်ရှားလာသော အချက်တခုရှိလျှင် မြန်မာစစ်တပ်သည် စီးပွားရေးမူဝါဒတွင် လွန်စွာညံ့ဖျင်းသည် ဆိုသည့်အချက် ဖြစ်သည်။
ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဝင်ငွေ၊ လမ်းမများအခြေအနေ၊ သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အား စသည့် အခြေခံတိုးတက်မှု အညွှန်းကိန်းတိုင်းတွင် မြန်မာသည် ဒီမိုကရေစီနိုင်ငံဖြစ်စေ၊ အာဏာရှင်နိုင်ငံဖြစ်စေ အိမ်နီးချင်း အားလုံးထက် လွန်စွာ ဆိုးရွားသည်။ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းကို ဆွေးနွေးငြင်းခုန်၍ ရနိုင်သော်လည်း ထင်ရှားသော အချက်တခုမှာ စစ်တပ်သည် ၎င်း၏ စီးပွားရေး အမှားများမှ သင်ခန်းစာမယူခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ မူဝါဒအများစုသည် အတုအယောင် ခိုင်မာသည့် ငွေလဲနှုန်းကို ထိန်းသိမ်းထားခြင်း ကဲ့သို့သော ဆိုးဆိုးရွားရွား ကျဆုံးခဲ့သည့် ယခင် နဝတ နှင့် နအဖ စစ်အုပ်စုများ၏ မူဝါဒများကို ပုံတူကူးခြင်း ဖြစ်သည်။ ယခင် စစ်အုပ်စုများကဲ့သို့ပင် စစ်ကောင်စီသည် ပြုပြင်ပြောင်းလဲရေးစိတ်ဓာတ် ပိုမိုရှိသော အရာရှိများကို ဘေးဖယ်ခြင်း၊ ရာထူးမှ ဖယ်ရှားခြင်း ပြုလုပ်သည်။
မြန်မာစစ်ဗိုလ်ချုပ်များတွင် အတွေ့ရများသည့် အမှားများအနက် တခုမှာ ကြီးမားသော ကြေညာချက်များကို အထောက်အထားမရှိ ပြောဆိုခြင်း ဖြစ်သည်။ နိုင်ငံပိုင်သတင်းစာများမှ ကိစ္စတိုင်းကို ကြည့်ပါက မည်သည့်အခါကမှ အကောင်အထည်ဖော်ခြင်း မရှိသော စီးပွားရေးနှင် အခြေခံအဆောက်အအုံ စီမံကိန်းများကို စစ်တပ်မှ လူများက လိုအပ်သော ညွှန်ကြားချက်၊ လမ်းညွှန်ချက်ပေးသည် ဆိုသည်ကို တွေ့ရမည်ဖြစ်သည်။ အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် ဓာတ်အားပေးစက်ရုံသစ် စီမံကိန်း ဒါဇင်ပေါင်းများစွာကို ကြေညာခဲ့သော်လည်း ၎င်းတို့အနက် တခုမှ တိုးတက်မလာပေ။
ဦးသိန်းစိန်ခေတ်က မည်သို့ရှိသနည်းဟု မေးနိုင်သည်။ မြေပြင်အခြေအနေကို ဂရုမစိုက်ပါဘဲလျက် ချက်ချင်းပြောင်းလဲမှုသည် အဘယ်နည်း။ ဦးသိန်းစိန်အစိုးရ၏ စီးပွားရေး လွတ်လပ်ခွင့်ပေးသည့် မူဝါဒများကို ၂၀၁၅ ရွေးကောက်ပွဲနှင့် ခွဲခြားနားလည်၍ မရပေ။
စီးပွားရေး တံခါးဖွင့်ပေးခြင်းသည် နိုင်ငံရေး အသွင်ကူးပြောင်းမှု၏ အကျိုးဆက်ဖြစ်သည်။ ပထမဆုံးအကြိမ်အဖြစ် စစ်ဗိုလ်ချုပ်များသည် ပြည်သူလူထုကို တစုံတရာ ပြန်လည် ပေးဆပ်ရန် ဖိအားပေးခံရသည်။ ပြုပြင်ပြောင်းလဲရေးခေတ် မတိုင်မီက အဖျက်သဘောဆောင်သည့် မူဝါဒများကို စစ်ကောင်စီက ပြန်လည် ကျင့်သုံးခြင်းသည် စစ်တပ်က ၎င်းတို့ အဆင်ပြေသည့် နယ်ပယ်တွင် အထီးကျန်မှု၊ စီးပွားရေး တုံ့ဆိုင်းခြင်းနှင့် ၎င်းတို့ ခေါင်းဆောင်မှုကို မလိုလားသော ပြည်သူများသို့ ဦးတည်သည့် အကြမ်းဖက်မှု လမ်းကြောင်းသို့ ပြန်သွားခြင်းဖြစ်သည်။
တတိယအချက်မှာ ဓာတ်အားအများစုကို ရတနာလုပ်ကွက်မှ ဓာတ်ငွေ့ဖြင့် လည်ပတ်သည့် စက်ရုံများမှ လာသောကြောင့် ဓာတ်အားပြတ်တောက်မှုသည် များစွာ ပိုမိုဆိုးရွားမည်ဆိုသည့်အချက် ဖြစ်သည်။
ရန်ကုန်သို့ပေးပို့သော ဓာတ်အားသည် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ၃ ပုံ ၁ ပုံ ကျဆင်းပြီး စက်မှုလုပ်ငန်းဆောင်တာများကို ဖြတ်တောက်ရသည်။ ငွေကြေးတန်ဖိုး ကျဆင်းခြင်းကြောင့် ပိုမိုခက်ခဲမည့် ဖြေရှင်းချက်ဖြစ်သည့် ဓာတ်ငွေ့ရည် တင်သွင်းမှုကို စစ်ကောင်စီ မလုပ်နိုင်လျှင် လျှပ်စစ်ဓာတ်အား ဖြန့်ချိမှု ဆက်လက် ဆိုးရွားစေမည် ဖြစ်သည်။
စတုတ္ထအချက်မှာ မြန်မာကို ပြန်လည် တည်ဆောက်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကို အလေးထားသည့် တည်ဆောက်ခြင်းဖြစ်ရန် လိုသည်။ မြန်မာသည် ဓာတ်ငွေ့ထုတ်လုပ်ခြင်းနှင့် ပို့ကုန်ကို အားမကိုးနိုင်တော့ပေ။
လည်ပတ်နေသည့် အခြား ဓာတ်ငွေ့လုပ်ကွက်များသည် မကုန်ခန်းချိန်အထိ ဆက်လက် ထုတ်လုပ်နေမည် ဖြစ်သည်။
မနက်ဖြန်တွင် အရပ်သားအုပ်ချုပ်ရေးသို့ နိုင်ငံရေးအသွင်ကူးပြောင်းလျှင်ပင် ဓာတ်ငွေ့သိုက်သစ်များ လည်ပတ်နိုင်ရန် နှစ်ပေါင်းများစွာ ကြာမည်ဖြစ်သည်။ မြန်မာပြည်သူများနှင့် စီးပွားရေးသည် ဓာတ်အားဖြန့်ချိမှု တိုးတက်ရေးအတွက် ထိုမျှကြာကြာ မစောင့်နိုင်တော့ပေ။
မနက်ဖြန်တွင် အရပ်သားအုပ်ချုပ်ရေးသို့ နိုင်ငံရေးအသွင် ကူးပြောင်းလျှင်ပင် ဓာတ်ငွေ့သိုက်သစ်များ လည်ပတ်နိုင်ရန် နှစ်ပေါင်းများစွာ ကြာမည်ဖြစ်သည်။ မြန်မာပြည်သူများနှင့် စီးပွားရေးသည် ဓာတ်အားဖြန့်ချိမှု တိုးတက်ရေးအတွက် ထိုမျှကြာကြာ မစောင့်နိုင်တော့ပေ။
ဆည်များ တည်ဆောက်ခြင်းသည် တည်ဆောက်ချိန် ကြာမြင့်သောကြောင့် ကာလတိုအတွင်း မဖြစ်နိုင်ပေ။ အင်အားချိနဲ့နေသည့် ဓာတ်အား ပြတ်တောက်ခြင်းများကို နိုင်ငံရေး အသွင်ကူးပြောင်းမှု တနှစ် သို့မဟုတ် နှစ်နှစ်အတွင်း အလျင်အမြန် ပြုပြင်ရန် တခုတည်းသော နည်းလမ်းမှာ ဆိုလာနှင့် လေအားလျှပ်စစ် တည်ဆောက်ရေး အစီအစဉ်များ အကြီးအကျယ် လုပ်ဆောင်ရန်နှင့် ရန်ကုန်သို့ ဓာတ်ငွေ့ရည် တင်သွင်းမှု ပြန်လည် စတင်ခြင်းဖြစ်သည်။ ထိုနည်းလမ်းသည် ကုန်ကျမှု အနည်းဆုံးနည်းလမ်း ဖြစ်သည်။ ဆိုလာနှင့် လေအားသည် ကမ္ဘာတွင် ဈေးအသက်သာဆုံး လျှပ်စစ်ဓာတ်အားရင်းမြစ် ဖြစ်သည်။
နောက်ဆုံးအချက်မှာ ဓာတ်ငွေ့နည်းခြင်းသည် အင်အားကြီးမားသော တိုင်းရင်းသားလက်ကိုင် အဖွဲ့အစည်းများ (EAOs) ၏ ဒေသရှိ လက်ရှိ ရေအားလျှပ်စစ်စက်ရုံများကို ပိုမို မှီခိုအားထားရေစေသည်။ ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ပွဲများသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို လွန်ခဲ့သောနှစ် ဒီဇင်ဘာလတွင် ၂၀ ရာခိုင်နှုန်း ကျဆင်းစေပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ထပ်မံကျဆင်းစေသည်။
မြန်မာ၏ လျှပ်စစ်ဓာတ်အားဖြန့်ချိမှု ၃ ပုံ ၂ ပုံခန့်သည် EAO တခု ထိန်းချုပ်ထားသည့် နယ်မြေမှ ဖြစ်သည်။ ထိုကိစ္စသည် စစ်ကောင်စီအတွက် တခုတည်းသော ပြဿနာ မဟုတ်ပေ။ ပြည်ထောင်စုကို အုပ်ချုပ်သော မည်သူ မဆိုသည် ၎င်းတို့အတွက် ရလဒ်ကောင်းဖြစ်စေမည့် တိုင်းရင်းသားလူမျိုးများနှင့် စွမ်းအင်အစီအမံသစ် ရှာဖွေရမည် ဖြစ်သည်။
ထိုသို့ ပြန်လည်ချိန်ညှိခြင်းကို မြန်မာတွင် ပထမဆုံး တည်ဆောက်သည့် အဓိက ဓာတ်အားပေးစက်ရုံက ဖော်ပြနေသည်။ ကရင်နီ (ကယား) ပြည်နယ်မှ ဘီလူးချောင်း-၂ ဓာတ်အားပေးစက်ရုံကို ကီလိုမီတာ ၃၀၀ ဝေးသည့် ရန်ကုန်သို့ ဓာတ်အားပေးရန် ရည်ရွယ်ချက်ဖြင့် ၁၉၆၀ ပြည့်နှစ်က ဖွင့်လှစ်သည်။ ထိုစီမံကိန်းမှ ကရင်နီတိုင်းရင်းသားများမှာ အကျိုးကျေးဇူး မခံစားရသလောက်ပင် ဖြစ်သည်။
၂၀၁၉ ခုနှစ်အထိ စာရေးသူသည် ကရင်နီကျေးရွာတရွာ အလယ်မှ ထိုဗို့အားမြင့် တာဝါတိုင်များနှင့် ကပ်လျက်တွင် ရပ်ကြည့်ဖူးသည်။ မြေနိမ့်ဒေသများသို့ ဓာတ်အား စီးဆင်းနေစဉ် ဓာတ်အားဖြန့်ချိရေးလိုင်းတွင် လွန်စွာ အလုပ်များနေသော်လည်း ထိုရွာတွင် လျှပ်စစ်ဓာတ်အား မရှိကြောင်း ဒေသခံတာဝန်ရှိသူက ရှင်းပြသည်။
၂၀၂၁ ခုနှစ်မှ စတင်ပြီး ကရင်နီ တော်လှန်ရေးအင်အားစုများက ထို ဓာတ်အားလိုင်းများကို အကြိမ်ကြိမ် ဖျက်ဆီးကြသည်။ ပေးလိုသည့် သတင်းစကားမှာ ‘ခင်ဗျားတို့ကို ဓာတ်အားမပေးတော့’ ဆိုသည့် သတင်းစကား ဖြစ်သည်။
ထိုစွမ်းအင်အကျပ်အတည်းမှ ထွက်ပြီး ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးမှုသို့ ပြန်သွားသည့် လမ်းကြောင်းတခု ရှိသည်။ ထိုသို့ဖြစ်ရန် အခြေအနေ သုံးရပ် လိုအပ်သည်။ ပထမဆုံးအချက်မှာ အရပ်သားအုပ်ချုပ်ရေးသို့ ပြန်သွားရန်ဖြစ်သည်။
ဒုတိယ အချက်မှာ နှစ်နှစ်အတွင်း ဈေးပေါသော ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ၂ ဂိဂါဝပ် တည်ဆောက်ရန် ရည်မှန်းချက်ဖြင့် သဘာဝပတ်ဝန်းကျင် အလေးထားသော အစိမ်းရောင် ပြန်လည် တည်ဆောက်ရေး စီမံကိန်းတခုဖြစ်သည်။ မည်သည့်အခါကမှ အကောင်အထည်မဖော်သည့် စီမံကိန်းများနှင့် မဟာစီမံချက်များ မလို။ လက်သင့်ရာ ချထားပေးသည့် ကုမ္ပဏီများနှင့် တိတ်တဆိတ် သဘောတူညီချက် မလို။ အနှစ်သာရကင်းမဲ့သော ကြေညာချက်များမလို။
စံချိန်မြင့်မားသည့် ကန်ထရိုက်များ၊ အာမခံချက်များနှင့် နှောင့်နှေးမှုအတွက် မြင့်မားသော အလျော်ပေးရမည့် လေနှင့် ဆိုလာဓာတ်အားအတွက် ပွင်းလင်းမြင်သာသည့် နိုင်ငံတကာ တင်ဒါများသာ လိုအပ်သည်။ မြန်မာကို ဖြစ်သင့်ဖြစ်ထိုက်သည့်အတိုင်း ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အင်အားကြီးနိုင်ငံဖြစ်အောင် လုပ်ရမည်။
တတိယအချက်မှာ ပြည်ထောင်စုသို့ ဖြန့်ချိပေးနေသည့် စွမ်းအင် ဝန်ဆောင်မှုများအတွက် တိုင်းရင်းသားပြည်နယ်များကိုလည်း ဝန်ဆောင်မှုပေးရန် သဘောတူညီချက် ဖြစ်သည်။ ထိုအချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်က အောင်မြင်စေနိုင်သော်လည်း ပိုမိုရှင်းလင်းအောင် လုပ်ရန် လိုအပ်သည်။
ကချင်ပြည်နယ်မှ ဆည်တခုက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး မန္တလေးတွင် သုံးစွဲပါက ကချင်ပြည်နယ်ကိုလည်း ထိုက်သင့်စွာ ပေးရမည်။ ကရင်နီပြည်နယ်တွင် ဓာတ်အားထုတ်လုပ်သောအခါ ကရင်နီပြည်နယ်မှ ပြည်သူများကို ဦးစွာ ဓာတ်အားပေးပြီး ပိုလျှံသည်ကိုသာ အခြားသို့ တင်ပို့ရမည်။
ကချင်ပြည်နယ်မှ ဆည်တခုက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး မန္တလေးတွင် သုံးစွဲပါက ကချင်ပြည်နယ်ကိုလည်း ထိုက်သင့်စွာ ပေးရမည်။ ကရင်နီပြည်နယ်တွင် ဓာတ်အားထုတ်လုပ်သောအခါ ကရင်နီပြည်နယ်မှ ပြည်သူများကို ဦးစွာ ဓာတ်အားပေးပြီး ပိုလျှံသည်ကိုသာ အခြားသို့ တင်ပို့ရမည်။ ပြည်နယ်များကို လုပ်ပိုင်ခွင့်ပေးပြီး ဘုံအကျိုးစီးပွားမှ ပေါင်းစည်းခြင်းကို အားပေးကာ စွမ်းအင်သည် ဖက်ဒရယ်စနစ် တည်ဆောက်သည့် မဏ္ဍိုင်များအနက် တခုဖြစ်သင့်သည်။ လက်ရှိ တဖက်သတ် ထုတ်ယူခြင်းထက် ချိန်ခွင်လျှာညီသော အပေးအယူကွန်ရက် ဖြစ်သင့်သည်။
ယခုအခါ မိမိတို့ တဖြည်းဖြည်း မြင်တွေ့နေရသည်မှာ စစ်ကောင်စီသည် စွမ်းအင်ကဏ္ဍကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးနေခြင်းဖြစ်သည်။ EAOs များသည် နိုင်ငံ၏ အဓိက ဆည်များကို သိမ်းပိုက်လာချိန်တွင် ရတနာ ဓာတ်ငွေ့လုပ်ကွက်မှ အလွယ်တကူရသောငွေနှင့် ဓာတ်ငွေ့ခေတ် ကုန်တော့မည်ဖြစ်သည်။ စစ်ကောင်စီ၏ ပျက်ကွက်မှုသည် ထင်သာမြင်သာရှိသည်။ ဓာတ်အားမရသည့် မန္တလေးမြို့နှင့် နာရီဝက်သာသာ ခရီးတွင် ဆိုလာစက်ရုံတခုနှင့် ဆည်တခု ကပ်လျက်တည်ရှိပြီး လည်ပတ်ခြင်းမရှိပေ။
ထိုဆိုလာစက်ရုံကို တည်ဆောက်ဆဲတွင် ၂၀၂၃ ခုနှစ်က စွန့်ပစ်ခဲ့ပြီး ထိုအပျက်အစီးများကို သစ်တောက ဝါးမြိုတော့မည် ဖြစ်သည်။ မြေပြန့်မှ ၎င်းတို့မြို့အထက်တွင် တည်ရှိသော ထိုဆည်ပေါ်တွင် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင်များက အောင်မြင်စွာ သိမ်းပိုက်သည့် ဓာတ်ပုံရိုက်သောအခါ ထိုဆည်ကို ဇွန်လ ၂ ရက်နေ့က စွန့်ပစ်လိုက်သည်။
အာရှ၏ ကျန်အစိတ်အပိုင်းများတွင် စီးပွားရေး တိုးတက်နေချိန် မြန်မာစစ်တပ်သည် သူတို့ကိုယ်သူတို့ အစမ်းခန့်ကာလ ၅၇ နှစ်ပေးပြီး ထိုအချိန်ကို ဖြုန်းတီးခဲ့ကာ ဆင်းရဲနွမ်းပါးမှုနှင့် ပဋိပက္ခ အထီးကျန်လမ်းကြောင်းကိုသာ ထားခဲ့သည်။
ပြည်သူများ၊ စီးပွားရေးနှင့် အိမ်နီးချင်းနိုင်ငံများကို ပျက်စီးစေသည့် ထိုကျဆုံးမှု၏ အခြေအမြစ်များ ရှိနေဆဲ ဖြစ်သောကြောင့် စစ်ကောင်စီ ကျဆုံးမည် ဖြစ်သည်။ စစ်အာဏာသိမ်းပြီး တနှစ်ကြာသောအခါ အငြိမ်းစား အရာရှိတဦးက စာရေးသူကို “စီမံကိန်းတခုရှိတယ်လို့ ကျနော်တို့ ထင်ခဲ့ပေမယ့် တကယ် မရှိဘူး” ဟု ပြောသည်။
စစ်ကောင်စီအလွန် စွမ်းအင်ကဏ္ဍ ပြန်လည် တည်ဆောက်ရေးအတွက် စီမံကိန်းတခုမှာ ကြီးမားသော ပြည်လည် ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်း အကောင်အထည်ဖော်ရန်၊ တိုင်းရင်းသားပြည်နယ်များနှင့် မျှတသော စွမ်းအင် သဘောတူညီချက် ဖြစ်သည်။
(The Diplomat ပါ Guillaume de Langre ၏ Myanmar Is Running Out of Gas. What Happens Next? ကို ဘာသာပြန်သည်။ Guillaume de Langre သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ မြန်မာလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် အကြံပေးဖြစ်သည်။ သူသည် အောက်စဖို့ဒ် တက္ကသိုလ်တွင် ထိခိုက်ပျက်စီးလွယ် နိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှုအလိုက် ပြုပြင်ပြောင်းလဲရေး ပါရဂူသင်တန်းတက်နေပြီး ဘူမိတည်နေရာ သုတေသီနှင့် အကြံပေးအဖြစ် လုပ်ကိုင်နေသည်။)
You may also like these stories:
ထိုင်းစွမ်းအင်လုပ်ငန်းကြီးက မြန်မာဓာတ်ငွေ့ကန်ထရိုက် သက်တမ်းတိုးရန် ပြင်ဆင်နေ
စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး
စွမ်းအင်အကျပ်အတည်း ကြုံနေရသော စစ်ကောင်စီ ရုရှားသွား အကူအညီတောင်း
နိုင်ငံပိုင် ရေနံဓာတ်ငွေ့လုပ်ငန်းကို စစ်ကောင်စီ ဝင်ရောက်စီးနင်း
MOGE နှင့် အနောက်နိုင်ငံများ၏ ဆန်ရှင်
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော