နံနက်စာ ထမင်းကို လားရှိုးမှာ မစားခဲ့ကြ။
လမ်းမှာ တနေရာရာတွင် ဝင်စားကြမည်။
လားရှိုး-သိန္နီ လမ်းမကြီးမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားသော လမ်းဖြစ်၏။ ဘေးပတ်ဝန်းကျင် ရှုခင်းများသည် စိမ်းလန်းသာယာသည်။ တောင်များသည် မတ်စောက်ခြင်း မရှိလှ။
လယ်များမှာ အားလုံးပင် ရိတ်သိမ်းပြီး ဖြစ်၍ ယွန်းအုပ်ဆောင်းနှင့် သဏ္ဌာန်တူသော ကောက်လှိုင်းပုံများကို တွေ့မြင်ရ၏။ သီးထပ် စိုက်ပျိုးခြင်းကား မရှိသလောက်ပင်။
လမ်းတွင် ရှမ်းရွာများ၊ ကချင် ရွာများ၊ လားဟူ ရွာများ၊ ရှမ်း-တရုတ် ရွာများ၊ စသည်ဖြင့် တိုင်းရင်းသား လူမျိုး အသီးသီး၏ ရွာများကို တွေ့ရသည်။
ကမ္ဘောဇ ခင်လှိုင်သည် မော်တော်ကားကို ခပ်သွက်သွက် မောင်းရင်း စကားကို လှိုင်လှိုင် ပြောလေသည်။ သူသည် ဗဟုသုတ ဖြစ်ဖွယ် စကားကို ဆိုတတ်ရုံမက ရယ်စရာ မောစရာ ပုံတိုပတ်စများကိုလည်း ပြောတတ်၏။
ရေးပြ၍ ကောင်းသော ပုံတိုပတ်စများ မဟုတ်သော်လည်း အပေါင်းအသင်း ရောင်းရင်းများအား အိပ်ချင်ပြေစေ၊ ရွှင်လန်းမြူးတူး စေသော ပုံတိုပတ်စများကား ဖြစ်ပါ၏။
သိန္နီ မရောက်ခင် နန့်အွန် ဆိုသော ရွာကလေးသို့ ရောက်ကြလေသည်။ ရေပူစမ်း ရှိသော ရွာဖြစ်၏။
လမ်းပေါ်မှာ ထမင်းဆိုင် ၃၊ ၄ ဆိုင် ရှိရာ ကမ္ဘောဇ ခင်လှိုင်သည် ဆိုင်တဆိုင် ရှေ့မှာ ကားထိုး၍ ရပ်လိုက်၏။ ထမင်း ဆိုင်ရှင် အမျိုးသမီးမှာ အလွန် ချောသဖြင့် ထိုဆိုင်ကို ရွေးချယ်ခြင်း ဖြစ်ပါသည်ဟုလည်း ရှင်းပြသေး၏။
ထမင်းဆိုင်တို့သည် ရေပူစမ်းပေါ်တွင် ရေချိုးခန်း တခန်းစီ ပူးပေါင်း ဆောက်လုပ်ထားကြသည်။ သူတို့ဆိုင်မှာ စားသည် မစားသည် အပထား၍ ရေချိုးလိုက ချိုးနိုင်သည်။ ရေချိုးခန်းတိုင်းတွင် အုတ်ကန်ကလေးများ ရှိရာ ရေပူကို စိမ်ပြီး ချိုးနိုင်သည်။
ကျနော်တို့ကား ရေမချိုးကြတော့။ မျက်နှာ သစ်ရုံသစ်ကြ၏။ ရေမှာ လားရှိုး ရေပူစမ်းက ရေလောက် မပူပါ။ ခပ်နွေးနွေးသာ ဖြစ်၏။
မျက်နှာသစ်ပြီးနောက် ကမ္ဘောဇ ခင်လှိုင် ရွေးချယ်ထားသော ထမင်းဆိုင်သို့ ဝင်ထိုင်ကြသော အခါ ဆိုင်ရှင် အမျိုးသမီးသည် ချက်ပြုတ် ကြော်လှော်ရန် ပြင်ဆင်နေပြီ။
တကယ်ပင် ချောမော လှပသော အမျိုးသမီး ဖြစ်ကြောင်း ကျနော်တို့ အားလုံး ဝန်ခံကြရ၏။ အသက် အစိတ်ကျော် သုံးဆယ် အတွင်းလောက် ဖြစ်ကာ အရပ်အမောင်းက ပြေပြစ် ကျော့ရှင်းပြီး အသားက ဝါဝင်းနေသည်။ အဆင်အပြင်က မပိုမလိုနှင့် နဂို ရုပ်ရည်သည် တိုး၍ တောက်ပနေသည်။
ထိုအမျိုးသမီး၏ အမည်မှာ အဲနွေး ဟု ဖြစ်ပြီး သမီးကလေး ဟူသော အဓိပ္ပာယ်ရသည်။
အဲနွေးသည် ဘော်ကြော့နေသော ဆိုင်ရှင် မဟုတ်၊ စင်းနီတုံး ကိုင်သော ဆိုင်ရှင် ဖြစ်သည်။ တရုတ်ဟင်း ထမင်းကို ချက်ပြုတ် ကြော်လှော် ရောင်းသည် ဖြစ်ရာ စင်းနီတုံး ကိုင်သူမှာ အခရာ ဖြစ်၏။ အခြား မိန်းကလေး တယောက်နှင့် ယောက်ျားကလေး နှစ်ယောက်က အဲနွေးကို ကူညီကြရ၏။
ကမ္ဘေဇ ခင်လှိုင်သည် အဲနွေးနှင့် ထွန်းဝေကို မိတ်ဆက်ပေးလိုက်၏။
“အဲနွေး သူ့ကို မြင်ဖူးသလား”
အဲနွေးသည် ပြုံးစေ့စေ့ လုပ်ပြီး ထွန်းဝေကို စိုက်ကြည့်နေ၏။ ထိုစဉ်အခိုက် အဲနွေး၏ လှပသော အပြုံးနှင့် သွားပုလဲများကို မြင်ကြရသည်။
အဲနွေး…
“အစ်ကိုကြီးကို မြင်ဖူးသလိုပဲ”
ကမ္ဘေဇ ခင်လှိုင်…
“မြင်ဖူးမှာပေါ့ ရုပ်ရှင်ထဲမှာ”
အဲနွေး…
“သြော်…ဟုတ်ပြီ၊ ဟုတ်ပြီ။ မင်းသား ဦးထွန်းဝေ”
အဲနွေးသည် စကားပြောနေသော်လည်း လက်က အလုပ်မပျက်ချေ။
ထွန်းဝေက တရုတ်လိုပြောပြီး ဟင်းများကိုမှာသည်။
ကမ္ဘေဇ ခင်လှိုင်က အဲနွေးကို ရုပ်ရှင်ထဲ ထည့်ရိုက်မည်ဟု ပြောသောအခါ အဲနွေးက သူ ဒီလောက် မလှပါဘူးဟု ပြန်ပြောလေသည်။
ကျနော်က အဲနွေး၏ မိဘများ အကြောင်းကို စုံစမ်းသည်။ အဲနွေးမှာ အဖေ တရုတ်၊ အမေ ရှမ်း၊ ရှမ်းကပြားမကလေး ဖြစ်၏။ သူ့ကိုယ်သူ ရှမ်းတရုတ်ဟု မခေါ်၊ တရုတ်ရှမ်းဟု ခေါ်သည်။
ရှမ်းတရုတ်မှာ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးစု တစု ဖြစ်သည်။ ကိုးကန့် တရုတ်နှင့်လည်း မတူချေ။ မြန်မာပြည်ရှိ အခြား တရုတ်များနှင့်လည်း မတူချေ။
အဲနွေးသည် မူလတန်းကျောင်း ၄ တန်းအထိ စာသင်ခဲ့ဖူး၏။
သိပ်မကြာပါ။ ထမင်းဟင်း အဆင်သင့် ဖြစ်လေပြီ။ ထမင်းကလည်း အငွေ့တထောင်းထောင်း၊ ဟင်းကလည်း အငွေ့ တထောင်းထောင်း၊ ဟင်းနံ့ကလည်း သင်းနေ၏။
အကောင်းဆုံးမှာ ဝက်ခေါက်ကင် ဖြစ်၏။ ကျနော် ဝက်သား မစားသည်မှာ ကြာပါပြီ။ သို့သော် ဤဒေသများမှာ ဝက်သားကို ရှောင်ရန် ခက်ပါသည်။ ထို့ကြောင့် ဝက်သား ရှောင်သော စည်းမျဉ်းကို ပယ်ဖျက်လိုက်ရ၏။
ဝက်ခေါက်ကင်သည် ကင်ပြီးစ ဖြစ်၍ ကျွတ်ပြီး ရွနေ၏။ အခြား ဟင်းများကို ကောင်းစွာ မမှတ်မိတော့ချေ။ သို့သော် တခွက်မျှ မညံ့ပါ၊ အားလုံး အရသာ ရှိကြသည်။
ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်း ထောင်းထားသော ပုန်းရည်ကြည်၊ ပဲငန်ပြာရည်၊ ငရုတ်သီး အခြောက်ထောင်းကြော်၊ မုံညင်း ချဉ်ဖတ် စသည်တို့ကလည်း အခြွေအရံများ အဖြစ်ဖြင့် ကောင်းစွာ အသုံးတော် ခံနေကြလေသည်။
ထမင်း စားပြီး အတန်ကြာ လက်ဖက်ရည်ကြမ်း သောက်ကြ၏။ ပြီးနောက် ခရီး ဆက်ကြလေသည်။
လမ်းတွင် အဲနွေး အကြောင်း ပြောမိကြပြန်သည်။ အဲနွေးသည် မိုးကုတ်မှ သူဌေးတဦး၏ မိန်းမငယ် ဖြစ်ကြောင်း ကြားသိကြသော အခါ မဆီမဆိုင်ဘဲ နှမြောမိကြ၏။
ဤစခန်းတွင် အဲနွေး၏ ထမင်းဆိုင် လူအစည်ကားဆုံး ဖြစ်သည် ဆို၏။
အဝေးပြေး ကားသမားများနှင့် ခရီးသည်များသည် ခရီးပန်း နွမ်းနယ်စဉ် ဤစခန်းမှာ ရပ်နားကြသည်။ ရေပူစမ်းမှာ ရေချိုးကြသည်။
အဲနွေး၏ အလှကို ငေးမောရင်း၊ အဲနွေး၏ ဖော်ရွေပျူငှာသော စကားကို နားထောင်ရင်း အဲနွေး၏ ထမင်း ဟင်းလျာတွင် အရသာ ပိုတွေ့ကြသည်။ ။
(သတင်းစာဆရာ၊ စာရေးဆရာကြီး သိန်းဖေမြင့် ရေးသားခဲ့သည့် ဤဆောင်းပါးကို အလိမ္မာ စာပေက ၁၉၇၃ ခုနှစ် မတ်လတွင် ထုတ်ဝေသော “အရှေ့မြောက်တိုင်းတခွင်” စာအုပ်မှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၇၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် အသက် ၆၃ နှစ် အရွယ်တွင် ကွယ်လွန် သွားခဲ့ပါသည်။)
မှတ်ချက်။ ။ စာရေးဆရာကြီး သိန်းဖေမြင့်သည် လားရှိုးမြို့ အပါအဝင် ရှမ်းပြည် အရှေ့မြောက်ပိုင်း ဒေသသို့ ၁၉၇၂ ခုနှစ်ကုန်ပိုင်းက ရုပ်ရှင် မင်းသားကြီး ထွန်းဝေ၊ ဆရာဝန် စာရေးဆရာ ကမ္ဘောဇ ခင်လှိုင်၊ မြန်မာစာ ကထိကနှင့် စာရေးဆရာ ဖိုးကျော်မြင့်တို့နှင့် အတူသွားရောက်ခဲ့သည့် ခရီးစဉ် မှတ်တမ်းအား “အရှေ့မြောက်တိုင်းတခွင်” အမည်ဖြင့် စာအုပ် ပြန်လည် ရေးသားထားခြင်း ဖြစ်ပါသည်။