ရမခ ၂၀၀၉ – ၂၀၂၄
ဤ ၁၅ နှစ်တာကာလကမူ ရမခ (အရှေ့မြောက်တိုင်းစစ်ဌာနချုပ်) ၏ နောက်ဆုံးနေ့ရက်များဟု ဆိုရမည်။ ၂၀၀၉ ခုနှစ်တွင် AA (ထိုစဉ်က ရက္ခိုင့်တပ်တော်) ကို ကချင်ပြည်နယ်တွင် စတင်ဖွဲ့စည်း၏။ မိုင်းလားဒေသသို့ တိမ်းရှောင်သွားသည့် ဖုန်ကြားရှင်နှင့် အဖွဲ့သည်လည်း ဖုန်တရွှင် ဦးဆောင်၍ ပြန်လည်ဖွဲ့စည်းသည်။
တအာင်း ပလောင်တို့ သည်လည်း KIA ၏ အကူအညီဖြင့် TNLA ကို ဖွဲ့စည်းပြီး ရမခ နယ်မြေ ရွှေလီချိုင့်ဝှမ်းခွင်တွင် စတင်လှုပ်ရှားသည်။၂၀၁၃ ခုနှစ်ကစပြီး MNDAA တပ်ဖွဲ့များ၏ လှုပ်ရှားမှုကို လားရှိုးအရှေ့နှင့် မြောက်ဘက်၊ သံလွင်အနောက်ခြမ်းတွင် စတင်တွေ့ရှိရ၏။ MNDAA နှင့် AA ကြား မဟာမိတ်ဖွဲ့မှု စတင်၏။
ရမခ နယ်မြေတွင် ၂၀၁၁ ခုနှစ်မှစ၍ KIA နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားသော်လည်း ကြီးကြီးမားမား မရှိသေးပေ။ MNDAA, AA နှင့် TNLA တို့လည်း စတင်ဖွဲ့စည်းခါစဖြစ်၍ မလောက်လေး မလောက်စားများအဖြစ် အထင်သေးခဲ့ကြသည်။ UWSA နှင့် တင်းမာမှု တစုံတရာရှိသော်လည်း တိုက်ပွဲမရှိပေ။
၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်သော်လည်း MNDAA, AA နှင့် TNLA တို့ကို အဖက်မလုပ်ခဲ့ပေ။ စတင်ဖွဲ့ စည်းခါစလည်းဖြစ်၊ အင်အားလည်းမရှိ၍ အထင်မြင်သေးခဲ့သည်။
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သံလွင်အရှေ့ခြမ်း ကိုးကန့်ဒေသကို MNDAA သည် သူ၏ မဟာမိတ် AA နှင့်အတူ ဝင်ရောက်တိုက်ခိုက်ရာ ခြောက်လခန့် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့သည်။ ထိုစဉ်က MNDAA မှ တပ်မဟာ နှစ်ခုနှင့် AA မှ တပ်ရင်းအချို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရမခက စစ်အင်အား တပ်ရင်း ၇၀ ခန့် အသုံးပြုပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခဲ့ရ၏။ ထို့နောက် MNDAA က ဆုတ်ခွာပေးခဲ့ပြီး ရမခ တပ်များက အောင်ပွဲခံခဲ့၏။
သို့သော် MNDAA တပ်များ အထိနာပုံမရဘဲ မကြာခင် တပ်မဟာသစ်တခုပင် ထပ်ဖွဲ့သည်ကို တွေ့ရ၏။ နောက်ခြေလှမ်းအတွက် MNDAA ပြန်လည် ပြင်ဆင်ခဲ့၏။ ၂၀၁၅ ခုနှစ် NCA ရေးထိုးရာတွင် ထိုသုံးဖွဲ့ကို ပါဝင်ခွင့်မပြုသည့်အပြင် လက်နက်အပ်ရမည်ဟု စစ်တပ်က တောင်းဆိုခဲ့၏။ ၂၀၁၆ ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ခွင့်ကိုလည်း စစ်တပ်က သဘောမတူခဲ့ပေ။ သို့နှင့် မြောက်ပိုင်းသုံးဖွဲ့၏ စစ်ရေးမဟာမိတ်အဖွဲ့သည် ၂၀၁၆ ခုနှစ်တွင် ပေါ်ပေါက်ခဲ့ပြီး ရမခ နယ်မြေ မုန်းကိုးဒေသအား ဗဟိုပြု၍ တိုက်ပွဲများ ဖြစ်ပေါ်ခဲ့၏။
၂၀၁၇/၂၀၁၈ ငြိမ်းချမ်းရေးညီလာခံတွင် တရုတ်၏ကြားဝင်ပေးမှုဖြင့် မြောက်ပိုင်းသုံးဖွဲ့ တက်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း မြောက်ပိုင်းသုံးဖွဲ့နှင့် ခြောက်ကြိမ်မျှ ဆွေးနွေးခဲ့သော်လည်း မည်သည့်ရလဒ်မှ မထွက်ခဲ့ပေ။
၂၀၁၇/၂၀၁၈ ငြိမ်းချမ်းရေးညီလာခံတွင် တရုတ်၏ကြားဝင်ပေးမှုဖြင့် မြောက်ပိုင်းသုံးဖွဲ့ တက်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း မြောက်ပိုင်းသုံးဖွဲ့နှင့် ခြောက်ကြိမ်မျှ ဆွေးနွေးခဲ့သော်လည်း မည်သည့်ရလဒ်မှ မထွက်ခဲ့ပေ။ ရမခ နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှု ကြီးကြီးမားမား မပေါ်ခဲ့သော်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နယ်မြေအတွင်း ၂၀၁၉/၂၀၂၀ နှစ်များတွင် AA နှင့် တိုက်ပွဲများ ပြင်းထန်ခဲ့၏။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တပြည်လုံးစစ်ရေးအရ ထကြွလာစဉ် မြောက်ပိုင်းသုံးဖွဲ့သည် အခွင့်အခါကောင်းအတွက် ပြင်ဆင်ခဲ့ကြ၏။ MNDAA က ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ PDF တို့ကို စုဖွဲ့လေ့ကျင့်ပေးပြီး တိုင်းရင်းသားတပ်မဟာ ၆၁၁ ကို ဖွဲ့စည်းခဲ့သည်။
အလားတူ TNLA ကလည်း မန္တလေး PDF, ဓနု DPLA စသည်တို့က ကူညီလေ့ကျင့်ပေးခဲ့ပြီး အချိန်ယူပြင်ဆင်ခဲ့ကြ၏။ ရမခ နယ်မြေအတွင်းရှိ KIA ကလည်း KPDF / PDF များကို လေ့ကျင့်ဖွဲ့စည်းပေးခဲ့၏။
သို့နှင့် ရမခ စစ်တိုင်းနယ်မြေအတွင်း မြောက်ပိုင်းသုံးဖွဲ့၊ KIA နှင့် နွေဦးတော်လှန်ရေးအင်အားစုများ တဟုန်ထိုး ကြီးထွားလာသကဲ့သို့ လက်နက်ခဲယမ်းများ ပြင်ဆင်စုဆောင်းခဲ့ကြ၏။ UWSA, NDAA နှင့် SSPP တို့ကလည်း မြောက်ပိုင်းသုံးဖွဲ့၊ KIA တို့နှင့် နိုင်ငံရေးအရ မဟာမိတ်ပြုပြီး ကူညီခဲ့ကြ၏။
ရမခ နယ်မြေအတွင်းရှိ UWSA, KIA, MNDAA, TNLA, AA, PDF, PLA, BPLA, KNDF, SSPP/SSA စသည့် လက်နက်ကိုင်တပ်ဖွဲ့များသည် စုစုပေါင်း လက်နက်ကိုင်အင်အား ၅၅,၀၀၀ အထက်တွင် ရှိလာပြီး မြန်မာပြည်ရှိ တော်လှန်ရေးတပ်ဖွဲ့ များအတွင်း လက်နက်ခဲယမ်း အတောင့်တင်းဆုံးတပ်ဖွဲ့များ ဖြစ်ကြ၏။
စစ်တပ်နှင့်အပစ်ရပ်ထားသည့် UWSA, SSPP, NDAA တို့ကို ဖယ်လိုက်ပါက စစ်တပ်ကို တိုက်ခိုက်ရန် ပြင်နေသည့် KIA တပ်မဟာ ၃ ခုနှင့် KPDF တပ်ဖွဲ့များ၊ PDF, PLA, BPLA, KNDF တို့ကို ပေါင်းစပ်ဖွဲ့စည်းထားသည့် တိုင်းရင်းသားတပ်မဟာ ၆၁၁ အပါအဝင် တပ်မဟာ လေးခု ဖွဲ့စည်းထားသည့် MNDAA, ဗဟိုကင်းတပ်မဟာနှင့် တပ်မဟာ ရှစ်ခုဖြင့် ဖွဲ့စည်းထားသည့် TNLA, ထို TNLA နှင့် တွဲ၍ လေ့ကျင့်နေသော မန္တလေး PDF, ဓနု PLA စသည့် စစ်ကောင်စီကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့် အင်အား စုစုပေါင်း ၂၅,၀၀၀ ခန့် ရမခ နယ်မြေထဲတွင် စစ်ပြင်နေ၏။ ထိုအင်အားသည် ယခင် ဗကပ အင်အားထက် များစွာသာလွန်၏။
ရမခ၏ စတင်ပြိုလဲခြင်း
တော်လှန်ရေးတပ်ဖွဲ့များ၏ လက်နက်ကိုင် အင်အားတောင့်တင်းမှုကြောင့် ရမခ စစ်တိုင်းနယ်မြေ ရှိပြီးတိုင်းတပ်များ၊ စကခ ၁၊ စကခ ၁၆ သာမက တပ်မ ၉၉၊ တပ်မ ၁၀၁၊ တပ်မ ၅၅၊ စကခ ၂၊ စကခ ၇၊ စကခ ၁၂၊ စကခ ၁၇ တို့ကိုပါ ဖြည့်တင်း ရင်ဆိုင်ထားခဲ့ရသည်။ ထို့ပြင် ရမခ နယ်မြေအတွင်း ကိုးကန့် နယ်ခြားစောင့်တပ်ရင်းတရင်းအပြင် ကောင်းခါး ပြည်သူ့စစ် (ပသစ)၊ စိန်ကျော့ ပသစ၊ နမ့်ခမ်း ပသစ၊ ကွတ်ခိုင် ပသစ၊ တာမိုးညဲ ပသစ၊ မန်ပန် ပသစ စသည်ဖြင့် ရှမ်း၊ ကချင်၊ တရုတ်၊ ဝ စသည့် ပြည်သူစစ်အဖွဲ့ပေါင်းများစွာ ရမခ နယ်မြေတွင်ရှိပြီး ရမခ စစ်ဦးစီးပထမတန်း ပြည်သူ့စစ်က ကိုင်တွယ်၏။
တော်လှန်ရေးတပ်ဖွဲ့များ၏ လက်နက်ကိုင် အင်အားတောင့်တင်းမှုကြောင့် ရမခ စစ်တိုင်းနယ်မြေ ရှိပြီးတိုင်းတပ်များ၊ စကခ ၁၊ စကခ ၁၆ သာမက တပ်မ ၉၉၊ တပ်မ ၁၀၁၊ တပ်မ ၅၅၊ စကခ ၂၊ စကခ ၇၊ စကခ ၁၂၊ စကခ ၁၇ တို့ကိုပါ ဖြည့်တင်း ရင်ဆိုင်ထားခဲ့ရသည်။
သို့သော် တရုတ်သံတမန်၏ မြောက်ပိုင်းအဖွဲ့များအပေါ် ဖိအားပေးမှုများကြောင့်လည်းကောင်း၊ အခြားဒေသများတွင် စစ်ဆင်ရေးပြုလုပ်ရန် တပ်အင်အား မလုံလောက်၍လည်းကောင်း စကခ ၂ နှင့် တပ်အချို့ကို အခြားစစ်နယ်မြေသို့ ပို့ခဲ့ရသည်။
မည်သို့ဖြစ်စေ မြောက်ပိုင်းသုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စသည့်အချိန်တွင် ရမခ၌ တိုင်းတပ်၊ စကခ ၁၊ စကခ ၁၆ အပြင် စကခ တပ်မ ၉၉၊ တပ်မ ၁၀၁ ၊ တပ်မ ၅၅၊ စကခ ၇၊ စကခ ၁၂ နှင့် စကခ ၁၇ တပ်များ ရှိနေ၏။ မြောက်ပိုင်းသုံဖွဲ့ စစ်ဆင်ရေး ၁၀၂၇ တွင် AA, MNDAA, TNLA တို့အပြင် PDF, PLA, BPLA, KNDF တပ်ဖွဲ့များပါ ပါဝင်ခဲ့ပြီး စစ်အင်အား နှစ်သောင်းခွဲခန့် စုစည်းပြီး တိုက်ခိုက်ခိုက်ခဲ့၏။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ စစ်ဆင်ရေး စတင်သည်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ဟိုင်ဂင်သဘောတူညီချက်ဖြင့် အပစ်ရပ်သည်အထိ နှစ်လခွဲခန့် ကြာမြင့်သည့်ကာလအတွင်း ရမခ စစ်ဌာနချုပ်သည် သမိုင်းတွင် မကြုံဖူးသည့် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။ ရမခ စစ်တိုင်းဌာနချုပ်နယ်မြေအတွင်းမှ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ဌာနချုပ်တခု၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ဌာနချုပ်တခု၊ စစ်ဗျူဟာအခြေချ (စဗခ) ဌာနချုပ်နှစ်ခု၊ ခြေလျင်/ခြေမြန် တပ်ရင်းဌာနချုပ် ၂၀၊ အမြောက်တပ် (အမတ) တပ်ရင်း ဌာနချုပ် သုံးခု စစ်အင်္ဂါစဉ်ထဲမှ လုံးဝပျောက်ကွယ်သွား၏။
တပ်မမှူးတယောက်သေ၊ တယောက်ဖမ်းမိပြီး စကခမှူး၊ ဒကစမှူးများ အပါအဝင် ဗိုလ်မှူးချုပ် ခြောက်ယောက် အပါဝင် ၄,၀၀၀ ကျော် လက်နက်ချခဲ့ရ၏။ ရမခ လက်အောက်၌ စစ်ဆင်ရေးဝင်နေသည့် တပ်မ ၁၀၁၊ တပ်မ ၅၅၊ တပ်မ ၉၉၊ စကခ ၁၊ စကခ ၇၊ စကခ ၁၂၊ စကခ ၁၆၊ စကခ ၁၇ တပ်များအားလုံး သေဆုံး၊ ဒဏ်ရာဖမ်းမိ၊ လက်နက်ချများစွာဖြင့် အထိနာခဲ့၏၊၊ သံချပ်ကာကားများ၊ ဟောင်ဝစ်ဇာအမြောက်များနှင့် လက်နက်ခဲယမ်း များစွာ ဆုံးရှုံးခဲ့၏။
နယ်မြေအရဆိုလျှင် လားရှိုး မြောက်ဘက်၊ အရှေ့ဘက်၊ အရှေ့မြောက်ဘက်၊ အနောက်မြောက်ဘက်၊ အနောက်ဘက်ရှိ မြို့များအပါအဝင် နယ်မြေအားလုံး ဆုံးရှုံးခဲ့ရသည်။ လားရှိုးနှင့် လားရှိုးအရှေ့တောင်ရှိ တန့်ယန်း၊ မိုင်းရယ်ဒေသ၊ အနောက်တောင်ရှိ သီပေါ၊ ကျောက်မဲ၊ နောင်ချိုဒေသနှင့် တရုတ်နယ်စပ်ရှိ မူစယ်မြို့တို့သာ ရမခ နယ်မြေအဖြစ် ကျန်ခဲ့၏။
ဟိုင်ဂင်သဘောတူညီချက်အရ အပစ်ရပ်ခဲ့သော်လည်း စစ်ရေးအရပြောလျှင် လားရှိုးအခြေစိုက် ရမခ တိုင်းဌာနချုပ်မှာ ပတ်ပတ်လည်မှ အဝိုင်းခံထားရပြီး လုံးဝ ခြိမ်းခြောက်ခံနေရပြီ ဖြစ်သည်။
အပစ်ရပ်ပြီးနောက်လည်း ရမခ စစ်တိုင်းဌာနချုပ်ကို အင်အားကောင်းစွာ မဖြည့်နိုင်တော့။ ရမခ တပ်များဖြစ်သည့် တိုင်းတပ် ၁၃ ရင်း၊ စကခ ၁၆ မှ သုံးရင်း၊ စကခ ၁ နှင့် ၁၀ ရင်းအပြင်တပ်မ ၉၉ မှ တဗျူဟာအပြင် စကခ ၁၄ ကိုသာ ထပ်ဖြည့်နိုင်သည်။ တပ်မ ၉၉ မှ ကျန်တပ်များ၊ တပ်မ ၁၀၁၊ စကခ ၇၊ စကခ ၁၂၊ စကခ ၁၇ တို့ကို ရမခမှ ပြန်လည် ထုတ်နုတ်စုဖွဲ့ခြင်း၊ အခြားဒေသပို့ခြင်းတို့ ပြုလုပ်ခဲ့ရ၏။
သို့နှင့် ဇွန်လ ၂၅ ရက်နေ့မှစ၍ ကျောက်မဲ၊ နောင်ချိုတို့တွင် TNLA နှင့် ပူးပေါင်းအင်အားများ၏စစ်ဆင်ရေး ၁၀၂၇ ဒုတိယပိုင်း စတင်ပြီး ဇူလိုင်လ ၃ ရက်နေ့တွင် လားရှိုးကို ဦးတည်သည့် MNDAA စစ်ရေးလှုပ်ရှားမှု စတင်သည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF)၊ တအာင်းတပ်မတော် TNLA နှင့် မန္တလေး PDF, ဓနု DPLA ပူးပေါင်းတပ်ဖွဲ့တို့မှ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ဇွန်လ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး သီတင်းပတ် နှစ်ပတ်ကြာ ဇူလိုင် ၁၀ ရက်နေ့ ညနေတွင် နောင်ချိုမြို့ရှိ စစ်ကောင်စီ စကခ ၁၊ ဗျူဟာမှူးကြီး အခြေချ ကွပ်ကဲနေသည့် စစ်ကောင်စီတပ် စခန်းများဖြစ်ကြသည့် ခမရ ၁၁၄ တပ်ရင်းဌာနချုပ်၊ ခမရ ၁၁၅ တပ်ရင်းဌာနချုပ်၊ ဒုံးတပ်ရင်း ၆၀၆ ဌာနချုပ်နှင့် အုမ္မတီး၊ အုမ္မခါးစခန်း၊ ကျောက်ကြမ်းစခန်း၊ ရွှေညောင်ပင်စခန်း၊ ကံ့ကော်၊ ခဲမွန်၊ စက်ရုံ၊ တိုးဂိတ်၊ ဆေးရုံ၊ ဘူတာရုံနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများကို အလုံးစုံ သိမ်းပိုက်ရရှိခဲ့သည်။
ထို့နောက် ဂုတ်တွင်း၊ ဂုတ်ထိပ်ရှိ စစ်ကော်စီစခန်းများကို ဆက်လက် ရှင်းလင်းခဲ့၏။ စစ်ကောင်စီဘက်မှ အများအပြားသေပြီး လက်နက်ခဲယမ်း အများအပြား ရရှိခဲ့၏။
တချိန်တည်းတွင် ကျောက်မဲမြို့အား TNLA နှင့် ကျောက်မဲ PDF များက ဇွန် ၂၅ ရက်မှ စတင် တိုက်ခိုက်ခဲ့၏။ မြို့ကို ဦးစွာသိမ်းပိုက်ခဲ့ပြီး မြို့ပြင်ရှိ စကခ ၁ ဌာနချုပ်နှင့် ခမရ ၅၀၁ နှင့် ခမရ ၅၀၂ ဌာနချုပ်များအား ဝိုင်းပတ်ပြီး ဆက်လက် တိုက်ခိုက်ခဲ့၏။ ဇူလိုင်လ ၁၈ နှင့် ၁၉ တွင် တပ်မ ၁၁ မှ စစ်ကူ အင်အား ၃၀၀ ခန့် ကျောက်မဲ မြို့တွင်း ဝင်ရောက်လာ၍ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားပြီး ရန်သူ ၁၀၀ ကျော်သေကာ အများအပြား ဖမ်းဆီးရမိခဲ့၏။ ထို့နောက် စကခ ၁ ဌာနချုပ်နှင့် တပ်ရင်းနှစ်ရင်းအား ဆက်လက် တိုက်ခိုက်နေဆဲဖြစ်၏။
MNDAA ပူးပေါင်းတပ်များသည် လားရှိုးနှင့် တန့်ယန်းကြား နန်ပေါင် တံတားနှင့် အခြေစိုက်တပ်ရင်းများအား သိမ်းပိုက်ပြီး လားရှိုးမြို့အား ဆက်လက် တိုက်ခိုက်နေစဉ် စစ်ဆင်ရေးစပြီး နှစ်ပတ်အကြာ ဇူလိုင် ၁၉ ရက်၌ ရမခ တိုင်းမှူးကို ဖြုတ်ပြီး တပ်မ ၉၉ မှူးအား တိုင်းမှူးအသစ်အဖြစ် ခန့်အပ်သော်လည်း တိုင်းမှူးအသစ်မှာ လားရှိုးသို့ မသွားနိုင်ဘဲ လှုပ်ရှား ရမခ အဖြစ် မူဆယ်ကပင် ကွပ်ကဲနေသည်ဟုသိရ၏။
လားရှိုးအခြေစိုက်တပ်များမှ တပ်ပြေးစစ်သား များနေပြီး အချို့ MNDAA ထံ လက်နက်ချသည်။ ဇူလိုင် ၂၁ ရက်တွင် စစ်သင်တန်းကျောင်းမှ နည်းပြချုပ် အရာရှိများနှင့် တပ်သား သစ် ၃၀၀ ကျော် လက်နက်ချသွားသည်။
လားရှိုးအခြေစိုက်တပ်များမှ တပ်ပြေးစစ်သား များနေပြီး အချို့ MNDAA ထံ လက်နက်ချသည်။ ဇူလိုင် ၂၁ ရက်တွင် စစ်သင်တန်းကျောင်းမှ နည်းပြချုပ် အရာရှိများနှင့် တပ်သား သစ် ၃၀၀ ကျော် လက်နက်ချသွားသည်။ ပြောရလျှင် ရမခ ဌာနချုပ်ကို ဦးတည်၍ စစ်ဆင်သည့် နှစ်ပတ်အတွင်း ရမခ တပ်များသည် အသည်းအသန် ခုခံနေရပြီး ဖရိုဖရဲဖြစ်နေသည်ကို တွေ့ရ၏။
MNDAA နှင့် ပူးပေါင်းတပ်များသည် သိန္နီ-လားရှိုး ကားလမ်းဘက်၊ နမ္မတူ-လားရှိုး ကားလမ်းဘက်၊ သီပေါ-လားရှိုး ကားလမ်းဘက်၊ တန့်ယန်း၊ နန့်ပေါင်၊ လားရှိုး ကားလမ်းဘက်တို့မှနေ၍ လားရှိုးမြို့၏ လေးဖက်လေးတန်မှ ထိုးဖောက်ဝင်ရောက်ခဲ့၏။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် ရမခ စစ်ဌာနချုပ်အား တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း MNDAA က ကြေညာသည်။ ရမခ ကျ၊ မကျ အငြင်းပွားနေစဉ် လားရှိုးအခြေစိုက် တပ်ရင်းဌာနချုပ်အများစု၊ မြို့တော်ခန်းမ၊ မန်ဆူကျောင်း၊ ဘူတာရုံ၊ လားရှိုးထောင် စသည့် လားရှိုးမြို့၏ အချက်အခြာနေရာများကို MNDAA က ထိန်းချုပ်ပြီး MNDAA အုပ်ချုပ်ရေး စတင်ပြီဟု ဇူလိုင်လ ၂၇ ရက်နေ့တွင် ကြေညာခဲ့၏။
တကယ်တမ်းတွင် ဤသို့ ကြေညာချက်များ စတင်ထုတ်စဉ်က ရမခ ဌာနချုပ်ကို MNDAA တပ်များ သိမ်းပိုက်နိုင်ခြင်း မရှိသေးပါ။ တဖက်ကဆိုလျှင် စစ်တပ်ကို စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်း ဖြစ်သကဲ့သို့ တဖက်ကလည်း စစ်တပ်က တန့်ယန်း၊ လားရှိုးသို့ UWSA များ ဝင်ရောက်ခွင့်ပြုလာသည့်အတွက် ရှုပ်ထွေးမှုများ မပေါ်ပေါက်အောင် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ပုံရ၏။
ရမခကို စစ်ကူပို့ပေးရန် ခက်ခဲနေသည့်အပြင် အခြေမလှ ဖြစ်နေ၍ တန့်ယန်းနှင့် မိုင်းရယ်ဒေသအား UWSA တပ်များနှင့် SSPP ကို ထိုးပေးပြီး အကာအကွယ်ယူထားရ၏။ နမ့်လန်ရှိ နောက်တန်း အိမ်ထောင်သည်များအား တောင်ကြီး ပို့ထားရ၏။ သီပေါအနီး နောင်ကော်လုံရှိ ခလရ ၁၄၇ ကိုလည်း MNDAA တပ်များက ဇူလိုင် ၂၅ ရက်နေ့က စတင်တိုက်ခိုက်နေရာ ရမခ နယ်မြေအတွင်း သီပေါနှင့် မူဆယ်သာ ကျန်တော့သည်ကို တွေ့ရ၏။
ဇူလိုင်လ ၂၇ ရက်ဝန်းကျင်တွင် စစ်မြေပြင်၌ ကွပ်ကဲနေသော ရမခ ဒုတိုင်းမှူးမှာ တိုက်ပွဲတွင် ကျဆုံးပြီး ဗျူဟာမှူးအချို့လည်း ကျဆုံးသည်။ လက်ရှိတွင် ရမခ တိုင်းစစ်ဦးစီးအရာရှိချုပ်၊ စစ်ဦးစီးပထမတန်း အချို့၊ စကခ ၁၊ စကခ ၁၄ နှင့် စကခ ၁၆ မှူးတို့သာ ကျန်တော့ပြီး ကျန်နေသည့်တပ်များသည် တိုင်းစစ်ဌာနချုပ်ဝန်းကျင်မှ အပြင်းအထန် ခုခံကာကွယ်နေရ၏။
ဆက်လက်ဖော်ပြပါမည်။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
၁၀၂၇ စစ်ဆင်ရေးကို အရှိအတိုင်း ရှုမြင်သုံးသပ်ခြင်း
လားရှိုးစစ်ဆေးရုံနှင့် ဗဟိုကင်း MNDAA စီးနင်း၊ စစ်သားတို့ လက်နက်ချ
လားရှိုးဆေးတပ် အလံဖြူထောင် (ရုပ်/သံ)
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း လာပြီ
လားရှိုးမြို့ရဲ့ နောက်ဆုံးအခြေအနေ (ရုပ်/သံ)
ရမခ ကျရှုံးမှု စစ်ခေါင်းဆောင်ထိုင်ခုံ လှုပ်စေသလား (ရုပ်/သံ)
စစ်ခေါင်းဆောင် လက်ထက် ပထမဆုံး ကျရှုံးခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်