မန္တလေး နယ်ပယ်သည် ပထဝီဝင် ဆရာများ၏ အခေါ်အဝေါ်အရ (အထက် ရွှေဘိုမှ အောက် သရက်မြို့အထိ ဖြစ်သော) မိုးနည်းဒေသ၌ ပါဝင်လေသည်။
ထို့ကြောင့် ဒေသတွင်း တခြားအရပ်များ နည်းတူ ဧရာဝတီ မြစ်မကြီးကို အမှီပြု၍ တူးမြောင်းများဖြင့် ရေသွင်းကာ လယ်ယာ လုပ်ကြရသည်။
မြစ်တွင်း ကျွန်းသောင်များပေါ်တွင် ကိုင်း၊ ဥယျာဉ် လုပ်ကြရသည်။ မိုးတွင်းအခါ မြစ်ရေ လျှံ၍ ကမ်းနှစ်ဖက် တင်ကျန်ရစ်သော မြေနုများဖြင့်လည်း စိုက်ပျိုးမှုများ ဖြစ်ထွန်းကြရသည်။
ဤသည် ယေဘုယျ ပထဝီ သဘော ဖြစ်သည်။
မန္တလေးမြို့ သက်သက်အကြောင်းကို ဆိုရသော် ထိုမြို့သည် မန္တလေး တောင်ခြေရင်း၌ တည်ရှိလေသည်။
တထောင့် ရှစ်ရာ ငါးဆယ့် ခုနစ်ခုနှစ် က (၁၈၅၇ နှစ်) မင်းတုန်းမင်း တည်ခဲ့သော မြို့ဖြစ်၍ ရှေးက ရတနာပုံ နေပြည်တော် ဟု အမည်တွင်ခဲ့လေသည်။
ထို့ကြောင့် ခေတ်ရုံး အဆောက်အအုံ၊ ခေတ် တက္ကသိုလ်ကျောင်း၊ ခေတ် လူနေတိုက်၊ ခေတ် ဈေးရုံမျိုးနှင့် ယှဉ်၍ မြို့ရိုး နှင့် ကျုံး၊ တဖန် ထောင့်မှန်ကျကျ ဖြောင့်တန်းနေသော လမ်းများနှင့် လူကုံထန်တို့၏ ဝင်းများကို ယနေ့တိုင် တွေ့နိုင်လေသည်။
ပြောစရာ တခုရှိ၏။ ရွှေလီ ကျွန်းသစ်များဖြင့် တည်ဆောက်ခဲ့သော နန်းတော် အဆောက်အအုံကား ၈၊ ဒုတိယ ကမ္ဘာစစ် ဒဏ်ကြောင့် ပျက်စီးခဲ့လေပြီ။
သို့ရာတွင် ရှေးမန္တလေး ပုံသွင်အတိုင်း ကုသိုလ်တော်ဘုရား၊ မဟာမုနိ ရုပ်ပွားကဲ့သို့ ဘုရားစေတီများသည် လည်းကောင်း၊ ပန်းပုရုပ်ကြွ ခြူးပန်းခြူးနွယ် လက်စွမ်းပြ ရွှေနန်းတော် ကျောင်းကဲ့သို့ ဘုန်းကြီးကျောင်းများသည် လည်းကောင်း ရှိတန်သလောက် ရှိလေသေးသည်။
ရွှေဆိုင်း ရွှေချည်ထိုး လုပ်ငန်း၊ ကြေးသွန်း ကျောက်ဆစ် လုပ်ငန်း၊ မှန်စီ ရွှေချ လုပ်ငန်း၊ ပိုးထည် ချည်ထည် လုပ်ငန်းများလည်း ထွန်းကားသည်။
တဖန် မြန်မာ့ပညာများ မှေးမှိန်နေသော ကိုလိုနီခေတ် အစပိုင်းက ဆိုလျှင် စာကြီးပေကြီး တေးကြီး ဘွဲ့ကြီးကို စနစ်တကျ လိုက်စားခဲ့သည်မှာ မန္တလေးမြို့သာ အဓိက ဖြစ်သည်။
ထို့ကြောင့် မြန်မာ ပညာရှိများ၊ ရတုရကန် အဲအန် ဧချင်း ဆိုတတ်သူများ ပေါ်ခဲ့၏။ မန္တလေးမြို့မှ ဇာတ်သမား ကောင်းကောင်း၊ အငြိမ့်မင်းသမီး ကောင်းကောင်း ထွက်ခဲ့၏။
တဖန် ထိုခေတ်က မြန်မာစကားကို ယဉ်ယဉ်ကျေးကျေး ကျကျနန ပြောသံကြားလိုလျှင် မန္တလေးမြို့ကို သွားရပေလိမ့်မည်။
ပမာအားဖြင့်-
“မောင်ကြီးနှမ ကျားကိုက်ရပါစေရဲ့”
ဟု နှုတ်ချိုချိုနှင့် အပြောမျိုးကို ဈေးချိုသူများထံမှ ကြားရတတ်လေသည်။
မန္တလေးနှင့် တဆက်တည်း ရှိနေသည်မှာ အမရပူရမြို့ ဖြစ်လေသည်။ ထိုမြို့သည် မန္တလေး တောင်ဘက် ၆ မိုင် အလွန်၊ တောင်သမန် အင်းနှင့် ယှဉ်လျက် သရက်ပင် မန်ကျည်းပင် အုပ်အုပ်တွေ အကြား၌ တည်ရှိလေသည်။
ဤတွင် မြို့အစွန် တောင်ပူစာ နှစ်ခု ထိပ်၌ တည်ရှိသော ရွှေကြက်ယက်နှင့် ရွှေကြက်ကျ စေတီ နှစ်ဆူကို ဧရာဝတီ မြစ်ပေါ်မှ လှမ်းမြင်နိုင်လေသည်။
ထိုဘုရား နှစ်ဆူသည်လည်း ဘုရားလောင်း ကြက်မင်း ဖြစ်စဉ်က နေခဲ့ဖူးသော နေရာတွင် တည်ထားသော စေတီများ ဖြစ်သည်ဟု ဆိုကြလေသည်။ လိုရာ ဆုတောင်း ပြည့်တတ်သည်ဟုလည်း ယုံကြည်ကြလေသည်။
အမရပူရ၏ အရှေ့တောင်ဘက်ကို လှမ်းမျှော်ကြည့်ပြန်သော် သပြေတန်း ခံတပ်ဟောင်း၊ ထို့နောက် ဧရာဝတီ မြစ်ထဲသို့ စီးဝင်နေသော မြစ်ငယ်မြစ်၊ ထိုမြစ်၏ တဖက်ကမ်းတွင် အဝ မြို့ဟောင်းကို မြင်ရပြန်ဦးမည်။
ဤသည် အရှေ့ဘက်ကမ်း၏ အနေအထားပေတည်း။
အနောက်ဘက်ကို ကြည့်ပါလေဦး အမရပူရနှင့် တည့်တည့် တဖက်ကမ်းတွင် ဇေယျာပူရခေါ် စစ်ကိုင်းမြို့ ရှိလေသည်။ အမရပူရနှင့် စစ်ကိုင်းအကြားတွင်လည်း စစ်ကိုင်း သို့မဟုတ် အင်းဝ တံတားကြီးက ကူးဆက်ထားလေသည်။
စစ်ကိုင်းမြို့၏ အနောက်ဘက်တွင်မူ မှိုင်းမှိုင်းညို့ညို့နှင့် စစ်ကိုင်းတောင်ရိုး၊ ဝါ ၊ မင်းဝံတောင် ရှိပြန်လေသည်။
ထိုတောင်ရိုး တလျှောက်တွင် ထုံးဖြူဖြူဖွေးဖွေး နှင့် စေတီများသည် လည်းကောင်း၊ ရွှေဝါချောင်၊ ပိတောက်ချောင်၊ အနုရုဒ္ဒါ ချောင် စသည်ဖြင့် သူတော်စင်များ တရားအားထုတ်ရာ ချောင်များသည် လည်းကောင်း ပေါလှသည်။
နေရာ အကွက်အကွင်း ကျလှ၏။
သည်တဖက်တွင် စစ်ကိုင်းမြို့နှင့် မင်းဝံတောင် မှိုင်းညို့ညို့၊ ဟိုတဖက်တွင် ရွှေကြက်ယက်နှင့် ရွှေကြက်ကျ စေတီ ဖြူဖြူ၊ အလယ်ကောင်တွင် ဧရာဝတီမြစ် ရေယဉ်ဖွေးဖွေး ကြည်နူးစရာ ရှုခင်းပါပေတည်း။
ထို့ကြောင့် မဟုတ်လော။ စာဆိုသည် ထိုရှုခင်း၌ ဘဝင်ကျကာ သမီးရည်းစားများ သစ္စထားဟန် စာဖွဲ့ခဲ့ဖူးလေသည်။ နားထောင်။
ကြက်ညီနောင် ရေဝယ်မျောပါလို့
မြကြော မင်းဝံရွှေတောင်
လဲတော့ မရှောင်
အာကာဘောင်၊ ကြယ်ပြောင်ကွဲ့ မြေလူး။
ပြည်ဇေယျာ
လေလာရင် မြေပါရွေ့စေတော့
မမေ့ နောင်မမုန်းတယ်
သုံးဘဝကူး။ ။
(စာပေပညာရှင် စာရေးဆရာကြီး တိုက်စိုး ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက်က ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေသော “ဧရာဝတီ” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၀၃ ခုနှစ် မေလ ၄ ရက် အသက် ၈၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)