ရှည်ကြာသော ပဋိပက္ခနှင့် စစ်တပ်က ယခုနှစ် အစောပိုင်းတွင်စတင်သည့် အတင်းအကျပ် စစ်သားစုဆောင်းမှုကြောင့် ထွက်ပြေးလာသည့် ရွှေ့ပြောင်းအခြေချများ၊ ဒုက္ခသည်များကို အဝတ်အစားနှင့် အစားအသောက် ဝန်ဆောင်မှုပေးရန် ပိုမို များပြားလာသည့် မြန်မာစီးပွားရေး လုပ်ငန်းများသည် ထိုင်းတွင် အရောင်းဆိုင်များနှင့် စားသောက်ဆိုင်များ ဖွင့်လှစ်လာကြသည်။
မြန်မာစီးပွားရေး အသိုက်အဝန်းနှင့် နီးစပ်သော ရင်းမြစ်အများအပြား၏ အဆိုအရ လွန်ခဲ့သော သုံးလအတွင်း ဒါဇင်ပေါင်း များစွာသော စီးပွားရေးအခြေချလုပ်ငန်းများကို ထိုင်းရှိ မြန်မာနိုင်ငံသားများ ထူထောင်ထားကြောင်း သိရသည်။
“မြန်မာနိုင်ငံက အခြေအနေက ငွေကြေးဖောင်းပွမှုနဲ့ မတည်ငြိမ်တဲ့ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းတွေကြောင့် စီးပွားရေးလုပ်ရတာ အရမ်းခက်ခဲလာတယ်” ဟု မြန်မာမှ မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာဆိုင်ကို ဘန်ကောက်သို့ ရွှေ့ပြောင်းလာသည့် အမည်မဖော်လိုသော စီးပွားရေးလုပ်ငန်းရှင်တဦးက Nikkei Asia သို့ ပြောသည်။
“ထိုင်းနိုင်ငံက အများကြီး ပိုမိုတည်ငြိမ်တဲ့ ပတ်ဝန်းကျင်ရှိပြီး ကျနော်တို့ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေအတွက် ကြီးထွားလာနေတဲ့ ဈေးကွက်လည်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အရှေ့တောင်အာရှတွင် ဒုတိယအကြီးမားဆုံး စီးပွားရေးဖြစ်ပြီး မြန်မာနှင့် နယ်နိမိတ် ထိစပ်နေသော ထိုင်းနိုင်ငံသည် လုပ်ငန်းများ ပြောင်းရွှေ့ရန်နှင့် ဈေးကွက်သစ် ချဲ့ထွင်ရန် ကြိုးစားနေသည့် မြန်မာ စီးပွားရေးသမားများအတွက် အပြောင်းအလဲ စီးပွားရေးဈေးကွက် ဖြစ်လာသည်။
အရှေ့တောင်အာရှတွင် ဒုတိယအကြီးမားဆုံး စီးပွားရေးဖြစ်ပြီး မြန်မာနှင့် နယ်နိမိတ် ထိစပ်နေသော ထိုင်းနိုင်ငံသည် လုပ်ငန်းများ ပြောင်းရွှေ့ရန်နှင့် ဈေးကွက်သစ် ချဲ့ထွင်ရန် ကြိုးစားနေသည့် မြန်မာ စီးပွားရေးသမားများအတွက် အပြောင်းအလဲ စီးပွားရေးဈေးကွက် ဖြစ်လာသည်။
မြန်မာတွင် နာရီအရောင်းဆိုင် ၃၈ ဆိုင်ရှိပြီး ဆယ်စုနှစ် လေးခုနီးပါး နာရီလက်လီ အရောင်းလုပ်ငန်း ချယ်ရီဦးသည် ဘန်ကောက်တွင် ပထမဆုံး အရောင်းဆိုင်ကို ဩဂုတ်လ ၅ ရက်နေ့တွင် ဖွင့်လှစ်လိုက်သည်။
မြန်မာအခြေစိုက် လူကြိုက်များပြီး မြန်မာ့ရိုးရာ ဟင်းလျာများ ရောင်းသည့် ခိုင်ခိုင်ကျော် စားသောက်ဆိုင် လုပ်ငန်းတွဲသည်လည်း ထိုင်းနိုင်ငံသို့ တိုးချဲ့နေသည်။
“မြန်မာဖောက်သည်တွေရဲ့ များပြားနေတဲ့ ဝယ်လိုအားကို ဖြည့်တင်းပေးဖို့ ဘန်ကောက်က တခြားနေရာတခုမှာ နောက်ထပ် တဆိုင်ထပ်ဖွင့်ပြီး အရှိန်မြှင့်တင်ဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့တယ်” ဟု ခိုင်ခိုင်ကျော်ထမင်းဆိုင်မှ မန်နေဂျာ ဦးကျော်ရွှေက မတ်လက ဖွင့်လှစ်ခဲ့သည့် ဒုတိယမြောက်ဆိုင်ကို ရည်ညွှန်းပြီး Nikkei Asia သို့ ပြောသည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြန်မာတွင် ဆိုင်ခွဲ ၁၀ ခုကျော် ဖွင့်ခဲ့သော ခိုင်ခိုင်ကျော်သည် ထိုင်းဈေးကွက်သို့ ယမန်နှစ် နိုဝင်ဘာလက စတင်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
“နှစ်ဆိုင်လုံးမှာ ရောင်းကောင်းတယ်” ဟု ဦးကျော်ရွှေက ပြောပြီး ၎င်းတို့လုပ်ငန်းသည် ပတ္တယားကမ်းခြေမြို့တွင် တဆိုင်နှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တွင်တဆိုင် ထပ်မံဖွင့်ရန် စီစဉ်နေကြောင်းလည်း ပြောသည်။
“ထိုင်းနိုင်ငံကို တိုးချဲ့တဲ့ လုပ်ငန်းအများစုက သူတို့ရဲ့ ဘဏ္ဍာရေးပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ကြတယ်” ဟု ဘန်ကောက်ရှိ ချူလာလောင်ကွန်းတက္ကသိုလ်မှ မြန်မာသုတေသီ မဆုက Nikkei Asia သို့ ပြောသည်။ “သူတို့ ဒီကို တိုးချဲ့တာ လတ်တလော အမြတ်အတွက် မဟုတ်ဘူး။ ခိုင်မာတဲ့ အခြေခံ တည်ဆောက်ဖို့နဲ့ ပိုင်ဆိုင်မှုတွေကို လုံခြုံတဲ့နေရာကို ပြောင်းဖို့က အဓိကဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။
“မကြာသေးခင်က လတွေမှာ စီးပွားရေးလုပ်ငန်းတွေဟာ ထိုင်းက မြန်မာစားသုံးသူတွေရဲ့ ဝယ်လိုအား တိုးလာတာကို တွေ့ခဲ့ရတယ်” ဟုလည်း သုတေသီ မဆုက ပြောသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား အရေအတွက် အတိအကျကို မည်သည့် တရားဝင်စာရင်းတွင်မှ ဖော်ပြထားခြင်း မရှိသော်လည်း လွန်ခဲ့သောနှစ် နိုဝင်ဘာလက ထုတ်ပြန်သည့် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) အစီရင်ခံစာတစောင်တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ မြန်မာမှ အမြဲတမ်း ရွှေ့ပြောင်းအလုပ်သမား ၁ ဒသမ ၉ သန်း ထိုင်းတွင် နေထိုင်ကြသည်ဟု ခန့်မှန်းသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာတွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း မကြာသေးမီက ခန့်မှန်းမှုများအရ စာရွက်စာတမ်းရှိ၊ စာရွက်စာတမ်းမဲ့ ရွှေ့ပြောင်းလုပ်သား ၅ သန်းအနက် အများစုသည် ထိုင်းတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများဖြစ်ကြောင်းလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာတွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း မကြာသေးမီက ခန့်မှန်းမှုများအရ စာရွက်စာတမ်းရှိ၊ စာရွက်စာတမ်းမဲ့ ရွှေ့ပြောင်းလုပ်သား ၅ သန်းအနက် အများစုသည် ထိုင်းတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများဖြစ်ကြောင်းလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် စတင်သည့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းသည် စစ်ဖြစ်နေသည့် မြန်မာမှ လူငယ်များကို အလုံးအရင်းဖြင့် ထွက်ခွာစေခဲ့ပြီး ထိုင်းတွင် မြန်မာလူမှုအသိုက်အဝန်းနှင့် စားသုံးသူအခြေခံ ပိုမိုကျယ်ပြန့်လာခြင်းကို ထပ်မံဖြစ်စေသည်။
မြန်မာ့ရိုးရာ စားသောက်ဆိုင်များမှသည် မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ် ဆိုင်များအထိ စီးပွားရေးလုပ်ငန်းများသည် ဖောက်သည်များကို ဆွဲဆောင်ပြီး မြန်မာ ရွှေ့ပြောင်းအခြေချများနှင့် ဒုက္ခသည်များအတွက် မြန်မာသုံးပစ္စည်းများနှင့် အခြေခံကုန်စည် ဝယ်လိုအားကို ဖြည့်ဆည်းရောင်းချနိုင်ရန် ကြိုးစားကြသည်။
ထိုင်းနိုင်ငံသို့ စီးပွားရေးလုပ်ငန်းများ ပြောင်းရွှေ့ခြင်းသည် မြန်မာတွင် စီးပွားရေးပတ်ဝန်းကျင် ဆိုးရွားနေခြင်းကိုလည်း ထင်ဟပ်နေသည်။
မကြာသေးမီ သီတင်းပတ်များတွင် စစ်ကောင်စီသည် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် စီးပွားရေးလုပ်ငန်းပိုင်ရှင်များ၊ လုပ်ငန်းအမှုဆောင်များနှင့် ဘဏ်လုပ်ငန်းရှင်များကို ပိုမိုစိစစ်လာသည်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းသည် ကုန်ဈေးနှုန်းတက်ရသည့် နောက်ကွယ်မှ အကြောင်းရင်းတခု ဖြစ်သည်။ ဈေးကွက်အခြေစိုက် နိုင်ငံခြားငွေလဲနှုန်းသည် လွန်ခဲ့သောနှစ်က တဒေါ်လာ ၃,၃၀၀ ကျပ်ရှိရာမှ ယခုအခါ ၅,၅၀၀ ကျပ်ရှိလာပြီး လူနေမှုစရိတ်နှင့် စီးပွားရေးလုပ်ငန်း စရိတ်များ တက်ကုန်သည်။
“ပိုမိုမြင့်မားလာတဲ့ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ ကုန်စည်ဖြန့်ချိရေးကွန်ရက် နှေးကွေးမှုတွေကြောင့် မြန်မာပြည်တွင်း ထုတ်လုပ်မှု ကျဆင်းတယ်” ဟု စီးပွားရေးပညာရှင်နှင့် စစ်အာဏာမသိမ်းမီက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စီးပွားရေးကော်မတီဝင်ဟောင်း ဦးစိန်ဌေးက Nikkei Asia သို့ ပြောသည်။
မြန်မာ့စီးပွားရေး အခြေအနေသည် သိသိသာသာ ဆိုးရွားလာပြီး စားသုံးသူ ဝယ်နိုင်အား ပြိုလဲမှု၊ အထူးသဖြင့် လွန်ခဲ့သောနှစ် နှောင်းပိုင်းက ပြည်တွင်းစစ် အရှိန်မြင့်လာပြီးနောက် အခြေအနေ အထူးဆိုးလာသည်ဟု ဦးစိန်ဌေးက မြင်သည်။
“ဒီပြဿနာတွေကြောင့် ကုန်ဈေးနှုန်းတွေ သိသိသာသာတက်ပြီး ဈေးကွက်ဝယ်လိုအား ကျဆင်းစေတယ်။ ဒါကြောင့် နိုင်ငံရဲ့စားသုံးမှုဈေးကွက် သေးငယ်လာပြီး စားသုံးသူ အသုံးစရိတ်စွမ်းအား သိသိသာသာ ကျဆင်းကြောင်း ပြသနေတယ်” ဟု ၎င်းကပြောသည်။
၂၀၂၃ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်းသည် နိုင်ငံလူဦးရေ၏ ၃၂ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်းနှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ NLD အစိုးရကို စစ်တပ်က မဖြုတ်ချမီ တနှစ်ဖြစ်သည့် ၂၀၂၀ ခုနှစ်က ၁၇ ဒသမ ၄ ရာခိုင်နှုန်းမှ နှစ်ဆ တိုးလာကြောင်း ဇွန်လက ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ နောက်ဆုံး အစီရင်ခံစာတွင် ခန့်မှန်းသည်။
စီးပွားရေးအသိုင်းအဝိုင်း ပျက်စီးခြင်း၊ ပြည်တွင်း ဝယ်နိုင်အား ကျဆင်းခြင်း၊ ထိုင်းနိုင်ငံတွင် စားသုံးသူအခြေခံ ကြီးထွားလာခြင်းနှင့် ပိုင်ဆိုင်မှုများကို ဘေးကင်းသောနေရာသို့ ရွှေ့ပြောင်းခြင်း စသည့် ထိုအချက်များ အားလုံးသည် မြန်မာစီးပွားရေးလုပ်ငန်းများ ထိုင်းတွင် တိုးချဲ့သည့် အခြေအနေကို ဖြစ်စေသည်။
စီးပွားရေးအသိုင်းအဝိုင်း ပျက်စီးခြင်း၊ ပြည်တွင်း ဝယ်နိုင်အား ကျဆင်းခြင်း၊ ထိုင်းနိုင်ငံတွင် စားသုံးသူအခြေခံ ကြီးထွားလာခြင်းနှင့် ပိုင်ဆိုင်မှုများကို ဘေးကင်းသောနေရာသို့ ရွှေ့ပြောင်းခြင်း စသည့် ထိုအချက်များ အားလုံးသည် မြန်မာစီးပွားရေးလုပ်ငန်းများ ထိုင်းတွင် တိုးချဲ့သည့် အခြေအနေကို ဖြစ်စေသည်။
ထိုသို့ စီးပွားရေးချဲ့ထွင်ခြင်းသည် အိမ်ရှင် ထိုင်းနိုင်ငံ စီးပွားရေးကို အကျိုးပြုမည်ဟု ကျွမ်းကျင်သူအချို့က ယူဆသည်။
မြန်မာများရောင်းသည့် စားသောက်ဆိုင်များနှင့် အရောင်းဆိုင်များသည် ထိုင်းကုန်စည် ဖြန့်ချိရေးကွင်းဆက်ကို အကျိုးပြုပြီး အစိုးရအတွက် အခွန်တိုးစေကြောင်း ချင်းမိုင်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံနှင့် အများပြည်သူ စီမံခန့်ခွဲရေးဌာန ကထိက ဆီရာဒါ ခေမာနစ်ထာထိုင်းက ပြောသည်။
“သာမန် ထိုင်းပြည်သူတွေရဲ့အမြင်မှာ ဒီစီးပွားရေးလုပ်ငန်းတွေဟာ ထိုင်းစနစ်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့၊ မှတ်ပုံတင်နဲ့အညီ လုပ်ကိုင်ရမှာဖြစ်လို့ ဒီလုပ်ငန်းတွေကို ထိုင်းလူ့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုလို့ မမြင်ကြဘူး” ဟု ကထိက ဆီရာဒါက ပြောသည်။
(Nikkei Asia ပါ ထက်ဖြိုး၏ Myanmar businesses flood Thailand to follow fleeing customer base ကို ဘာသာပြန်သည်။)
ထိုင်းသို့ ရွှေ့ပြောင်းအခြေချ မြန်မာများ ငယ်ရွယ်ပြီး ပညာရပ် ကျွမ်းကျင်
မြန်မာ ဖရိုဖရဲအခြေအနေကြောင့် ထိုင်းရင်းနှီးမြှုပ်နှံမှုများ ပြန်ရုပ်သိမ်း
ငွေတန်ဖိုးပြိုလဲစဉ် ထိုင်းကွန်ဒို ဝယ်သူများနှင့် ပွဲစားများကို စစ်ကောင်စီဖမ်း
ထိုင်း၌ ကန့်သတ်လုပ်ငန်း လုပ်ကိုင်၍ မြန်မာ ၃၀၀ ကျော် ဖမ်းဆီးခံရ
မဲဆောက်ရောက် မြန်မာဒုက္ခသည်များထံ သွားလည်ခြင်း
ရွှေ့ပြောင်းလုပ်သားများ သတ်မှတ်လုပ်ငန်း၌သာ လုပ်ကိုင်ရန် ထိုင်းသတိပေး