ပရိုင်းမိတ် (Primates) နှင့် ဟိုမိုစေပီယန် (Homo Sapiens) တို့အကြောင်း ပြောရာမှ သူက…
“လူ ဘယ်က ဆင်းသက်လာသလဲ”
“မျောက်က ဆင်းသက်လာတယ်”
“မျောက် ဘယ်က ဆင်းသက်လာသလဲ”
“သစ်ပင်ပေါ်က…”
ဒီလို လူရွှင်တော်တွေ ပြက်လုံး ထုတ်တာကို လူအများက ရယ်ကြတယ်။ ပြီးတော့…
“ဒါဝင် (Darwin) က ပြောတယ်၊ လူဟာ မျောက်က ဆင်းသက်လာတယ်လို့၊ ကျမရဲ့ ချစ်သူဟာ မျောက်ဖြစ်တယ် ဆိုတာ အမှန်ပါပဲ၊ ဘာကြောင့်လဲ ဆိုတော့ မျောက်ဟာ ဟိုခုန် သည်ခုန်နဲ့ အငြိမ်မနေသလို ကျမရဲ့ ချစ်သူဟာလည်း ဟို…အမျိုးသမီးကနေ ဟို…ဟို…တခြား အမျိုးသမီးတွေဆီ စိတ်တွေ ဝင်စား ခုန်လွှားနေလို့ပါ”လို့ ဆိုတာ၊ ပြောတာကိုလည်း ပြုံးခဲ့ကြတယ်။
ဒါပေမယ့် လူဟာ မျောက်က ဆင်းသက်လာတယ်လို့ ဒါဝင်က တခါမှ မပြောပါဘူး။
(လူနဲ့ မျောက်ဟာ မျိုးနွယ်တူတွေ ဖြစ်လိမ့်မယ်၊ Common Origin ရှိတယ်ပေါ့။ အဲဒီ မျိုးနွယ်တူကနေပြီး လူဟာ ဆင့်ကဲ ဆင့်ကဲ့ ဖြစ်စဉ်သဘော Evolution အရ ဖြစ်ပေါ်လာတာ ဖြစ်လိမ့်မယ်လို့ ပြောခဲ့တာ)
အဲဒါကို သဘောမပေါက်တဲ့ သူ့ခေတ်က ဘာသာရေးသမားတွေက ဒါဝင်က “လူဟာ မျောက်က ဆင်းသက်လာတယ်လို့ ပြောတယ်၊ လူကို ထာဝရဘုရားက ဖန်ဆင်းတာ မဟုတ်ဘူးတဲ့” ဆိုပြီး ဒါဝင်ကို ပြစ်တင် ရှုတ်ချမှုတွေ အမျိုးမျိုး လုပ်ခဲ့ကြတယ်။
အမေရိကန် သမ္မတကြီး ရီဂင် လက်ထက်မှာတောင် ကွယ်လွန်ခဲ့တာ ကြာပြီ ဖြစ်တဲ့ ဒါဝင် (၁၈၈၂ ခုနှစ်မှာ ကွယ်လွန်တယ်) ကို ဘာသာရေး အသင်း တခုက တရား စွဲဆိုခဲ့သေးတယ်။
ဒါဝင်က တနေရာမှာ…
လူရဲ့ မူလဇာစ်မြစ်၊ စကြဝဠာကြီးရဲ့ ဇာစ်မြစ်…စတဲ့ ဇာစ်မြစ်တွေ အကြောင်းကို သိနိုင်ဖို့ရန်မှာ ခက်ခဲတဲ့ အကြောင်း၊ မိမိကိုယ်တိုင် အဲဒီ အကြောင်းအရာတွေကို မသိနိုင်သူတဦး အနေနဲ့ပဲ နေနေပါကြောင်း ရေးဖူးတယ်။ ပညာရှင် ပီသပါပေတယ်ဗျာ။
ဒါပြောရင်းနဲ့ အမှတ်ရလာတာ တခု ရှိတယ်။ လူက ဘယ်ကနေ ဆင်းသက်လာမှန်း အသေအချာ မသိရပေမယ့် လူဟာ လူကနေ မျောက်ဖြစ်တာကိုတော့ တွေ့ရတယ် ဆိုတဲ့ ကာတွန်း ပညာရှင်ကြီး ဦးဘဂျမ်း ရဲ့ စကားကိုပါ။
တချို့ကတော့လည်း ဒီစကားဟာ ဦးဘဂျမ်း ပြောတာ မဟုတ်ဘူး၊ တိုင်းရင်းသား တချို့ရဲ့ ရိုးရာ ပုံပြင်ထဲက အဆိုအမိန့် ဖြစ်တယ် လို့လည်း ပြောကြတယ်။
မှတ်မိသလောက်က ဒီလိုတဲ့ဗျာ။
အစက လူဟာ သက်တမ်း နှစ် ၃၀ လောက်ပဲ ရှိတယ် ဆိုပဲ။ ဒီတော့ လူက တန်ခိုးရှင်ဆီမှာ ကျနော် ပညာတွေ သင်ချင်ပါသေးတယ်။ သက်တမ်း တိုးနိုင်ရင် တိုးပေးပါလို့ တောင်းပန်တယ်၊ တောင်းခံတယ်ပေါ့။
သူ ဒီလို တောင်းခံနေချိန်မှာ နွားရယ်၊ ခွေးရယ်၊ မျောက်ရယ်က အနီးအပါးမှာ ရှိနေကြတယ်တဲ့။
သူတောင်းခံတာကို ကြားတော့ နွားက “ကျုပ်ဆီက သက်တမ်းကို ခွဲဝေယူပါ”လို့ ဝမ်းသာစွာနဲ့ ပေးတယ်။
နွားမှာ ဝန်တွေကို ရုန်းရ၊ အလုပ်တွေ လုပ်ရတာ ပင်ပန်းငြီးငွေ့လွန်းလို့ အသက်တိုတိုပဲ နေချင်လို့ ဝမ်းသာစွာနဲ့ ခွဲဝေပေးလိုက်တာတဲ့။
ခွေးကလည်း သူ့မှာ အိမ်စောင့်ရ၊ ယာစောင့်ရတာ ပင်ပန်းလို့ ကြာကြာ အသက်ရှင် မနေချင်သူ ဆိုတော့ –
“ကျုပ် သက်တမ်းကိုလည်း ခွဲဝေယူပါ”လို့ ပြောပြီး သက်တမ်း ခွဲဝေပေးတယ်။
မျောက်ကလည်း သူ့မှာ ဟိုအပင် ခုန်ကူး၊ ဟိုအကိုင်း ခုန်တက်နဲ့ ဘဝမျိုးကို ကြာကြာမနေချင်တော့လို့ –
“ကျုပ် အသက်ကိုလည်း ခွဲဝေယူပါ”လို့ ပြောပြီးပေးတယ်။
အဲဒီအခါမှာ တန်ခိုးရှင်က လူကို “ကဲ…ပေးလာတဲ့ သက်တမ်းတွေနဲ့ ပြည့်စုံသူ ဖြစ်စေ”လို့ ဆုပေးလိုက်တယ်တဲ့။
အဲဒါကြောင့် လူဟာ နွားဆီက၊ ခွေးဆီက၊ မျောက်ဆီက သက်တမ်းတွေနဲ့ ပေါင်းပြီး လူ့ရဲ့ သက်တမ်းဟာ ၁၀၀ ဖြစ်သွားရော ဆိုပဲဗျ။
လူဟာ သင်ယူချင်ပါတယ် ဆိုတဲ့ ပညာတွေ၊ အသိတွေကို နှစ်ပေါင်း ၃၀ လောက် သင်ကြားလိုက်တယ်။ သူ့ရဲ့ မူလ သက်တမ်း ကုန်ဆုံးသွာတာပေါ့။
ပညာတွေ၊ အတတ်တွေ သင်ပြီးတဲ့အခါ အိမ်ထောင်ကျတာပေါ့ဗျာ။ အိမ်ထောင်ကျပြီးတော့ သားတွေ သမီးတွေ ဖြစ်လာတာပေါ့။
အိမ်ထောင်သည် ဘဝ ရောက်ချိန်ဟာ နွားဆီက ခွဲဝေယူထားတဲ့ သက်တမ်း မဟုတ်လားဗျာ။ ဒီတော့ ဇနီးမယားနဲ့ သမီးသားတွေရဲ့ စားဝတ်နေရေးတွေ အတွက် နွားကြီးလို အလုပ်လုပ်ရတာပေါ့။ အိမ်ထောင့် တာဝန်တွေကို ရုန်းရတာပေါ့။
အဲဒီလို ရုန်းရင်း ကန်ရင်းနဲ့ အသက် ၆၀၊ ၆၀ ကျော် ရောက်တဲ့ အခါ မြေးထီး မြေးမတွေ ပွားစီးလာတော့တာပေါ့။ အသက် ၆၀၊ ၆၀ ကျော် ဆိုတော့ ခွေးဆီက ခွဲဝေယူထားတဲ့ သက်တမ်းကို ရောက်လာတယ်။
အိမ်ကို၊ ခြံကို၊ ပစ္စည်းတွေကို၊ လူဝင် လူထွက်၊ သူခိုးသူဝှက်တွေကို ခွေးဟာ စောင့်ရှောက်ရ၊ ကာကွယ်ရ၊ ခြောက်ရ၊ လှန့်ရ၊ အော်ရ၊ ဟောင်ရ သလိုပေါ့ဗျာ။
အဲဒီ သက်တမ်းကို ရောက်လာတဲ့ လူဟာလည်း မဖြစ်သင့်တာတွေ မဖြစ်ရအောင် ဆိုပြီး သားတွေ၊ သမီးတွေ၊ သားမက်တွေ ရဲ့ အိမ်တို့၊ ခြံတို့ကို စောင့်ရှောက်၊ မြေးထီး၊ မြေးမတွေကို ထိန်းသိမ်း ယုယ၊ မတော်တာ မြင်ရင် တွေ့ရင် အော်ဟစ် ဆူပူနဲ့ ခွေးကြီးလို ဖြစ်သွားရောတဲ့ဗျာ။ ခြံစောင့်၊ အိမ်စောင့်၊ မြေးစောင့် ခွေးကြီး ဖြစ်ရောတဲ့ဗျာ။
ဒါနဲ့ ခွေးသက်တမ်း ကုန်လို့ အသက် ၈၀၊ ၉၀ ဆီ ရောက်လာတယ်။ မျောက်ဆီက ခွဲဝေယူထားတဲ့ သက်တမ်းကို ရောက်လာတယ်။
ဒီအရွယ်မှာ ဦးနှောက် ဆဲလ်တွေကလည်း ပျက်စီး ယိုယွင်းကုန်ပြီ။ မှတ်ဉာဏ်တွေ မကောင်းတော့ဘူး၊ မှတ်ဉာဏ်ကို ဆန့် မထားနိုင်တော့ ခုတမျိုး တော်ကြာတမျိုးနဲ့ စိတ်တွေ အမျိုးမျိုး ဖြစ်တယ်။
စိတ်က အဖြောင့်စိတ် မရှိဘူး။ စိတ်ငြိမ်သက်မှု မရှိတော့ဘူး။
သူငယ်ပြန်လာတဲ့ အခါမှ စိတ်ကူးတခု ဖြစ်လို့မှ မပြီးသေးဘူး၊ နောက်စိတ်ကူးတမျိုးက ပေါ်နဲ့ ဟို ခုန်လိုက် သည်ခုန်လိုက် နဲ့ အငြိမ်မရှိတဲ့ မျောက်ရဲ့ စိတ်မျိုး ဖြစ်သွားရောတဲ့။
ဒါကို ရည်ရွယ်ပြီး လူကနေ မျောက်ဖြစ်တယ်လို့ ပြောတာ ဖြစ်မှာပေါ့ဗျာ။
မျောက်စိတ်နဲ့ ဘဝတခု ဆုံးရမယ့် အဖြစ်ကို တွေးကြည့်တော့လည်း ရင်မောစရာကြီးပေါ့ဗျာ။ ။
အမှတ် ၆၈၊ အင်တာဗျူး ဂျာနယ်။
(ဒဿန စာပေများ ရေးသားသော စာရေးဆရာကြီး နန္ဒာသိန်းဇံ ရေးသားခဲ့သည့် ဤဆောင်းပါးကို Eight Dragon Books စာပေတိုက်က ၂၀၀၃ ခုနှစ် ဧပြီလတွင် ထုတ်ဝေသော “မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူးများ”စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက် အသက် ၆၄ နှစ်အရွယ်တွင် ကွယ်လွန် သွားခဲ့ ပါသည်။)