တိုက်ပွဲတွေ၊ ကျည်ဆန်နဲ့ အမြောက်သံတွေ၊ အပေါ်က ကျလာမယ့် ဖျက်အားပြင်း ဗုံးတွေကြားကနေ အသက်လု ထွက်ပြေးကြရတဲ့ သံတွဲဒေသခံတွေထဲ ၄၅ နှစ်အရွယ် သားသည် မိခင် မခင်သူသူ (အမည်လွှဲ) တယောက်လည်း အပါအဝင်ပေါ့။
မခင်သူသူနဲ့ မိသားစုဟာ သံတွဲမြို့ အနောက်မြောက် ၁ မိုင်ခန့်သာ ကွာဝေးတဲ့ သံတွဲချောင်းနံဘေးက ရွာလေး တရွာမှာ နေထိုင်ရင်း တနေ့တော့ သူတို့ရွာလေးကို ဘာတိုက်ပွဲမှ မရှိဘဲ၊ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တဲ့အတွက် ရွာသား ၂ ဦး သေဆုံးကာ ဒဏ်ရာရမှုတွေနဲ့ စစ်အနိဋ္ဌာရုံကို ကြုံတွေ့လာရပါတယ်။
မခင်သူသူကတော့ သူ့ဇာတိရွာနာမည်ကို ထုတ်လိုက်ရင် စစ်ကောင်စီက ဗုံးလာကြဲမလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ရွာနာမည်ကို ဖုံးကွယ်ရေးသားပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
စစ်ရိပ်စစ်ငွေ့ တိုက်ပွဲသံတွေကြောင့် အိမ်နီးချင်းတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြပေမယ့် သူတို့မိသားစု ကတော့ ကျန်းမာရေး မကောင်းတဲ့ သားရယ်၊ သူတပါးမြို့ရွာမှာ နေထိုင်ရင်း စစ်ရှောင်ရမယ့် ကုန်ကျစရိတ် ကြီးမားတာရယ် အိမ်ကို စိတ်မချတာရယ်ကြောင့် ဘေးလွတ်ရာ မရှောင်နိုင်သေးပါဘူး။
“အစ်မတို့ အိမ်ရှေ့တွေမှာ သေနတ်နဲ့ပစ်တဲ့နေ့က အစ်မတို့ ရွာက မထွက်ရသေးဘူး၊ မိုးလင်းတော့ အိမ်ရှေ့မှာ ကျည်ခွံတွေ အများကြီးပဲ” လို့ စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်ပြီး ပစ်ခတ်မှုတွေလုပ်ခဲ့ပုံကို သူက ပြန်ပြောပါတယ်။
နောက်ရက် ဇွန် ၂၃ တိုက်လေယာဉ် သူတို့ရွာပေါ်ကို ရုတ်တရက် ဗုံးကြဲချတဲ့ မနက်အထိ သူတို့ မိသားစုဟာရွာမှာပဲ ရှိနေခဲ့ပြီး အဲဒီရက်တွေမှာတော့ သံတွဲမြို့ပေါ်ရော၊ သူတို့ရွာလေးမှာပါ တယ်လီဖုန်း လိုင်းတွေ ရနေပါသေးတယ်။
ကျန်းမာရေးမကောင်းလို့ လမ်းမလျှောက်နိုင်တဲ့ ဆယ်ကျော်သက် သားလေးတယောက်ရဲ့ မိခင် မခင်သူသူတို့အိမ်ရယ်၊ နောက်ထပ် အိမ်နီးချင်းတအိမ်ရယ်ပဲ ကျန်တာကြောင့် ဆက်လက်နေထိုင်ဖို့ မဖြစ်နိုင်တော့တဲ့အဆုံး ရွာကနေ ထွက်ခွာ ခဲ့တယ်လို့ သူက ပြန်ပြောင်း ပြောပြပါတယ်။
အဲဒီအချိန်တွေတုန်းက သံတွဲမြို့နဲ့ ဂွမြို့ကြားက ကျေးရွာတွေမှာ ခိုလှုံဖို့ လုံခြုံနေသေးတဲ့ အခြေအနေပါ။ ဒါကြောင့် သူဟာ သားကိုပါ ရအောင်ခေါ်ပြီး သံတွဲမြို့ဧရိယာပြင်ပကို စတင်ထွက်ခွာခဲ့ပါတယ်။
“အဲဒီနေ့က မနက် ၁၀ နာရီလောက် လေယာဉ်နဲ့ ကြဲတဲ့အချိန်မှာ ကျမတို့က ရွာမှာရှိနေတယ်၊ မနေရဲတော့လို့ လမ်း မလျှောက်နိုင်တဲ့သားကို ဆွဲပြီး ပြေးရတယ်၊ မြို့ထဲက လူတွေကို လှမ်းအကူအညီတောင်းတော့ သုံးဘီးဆိုင်ကယ်တစီး လာကယ်တယ်၊ သံတွဲမြို့ပေါ်မှာလည်း မနေရဲလို့ တောင်ဘက် (ဂွမြို့ဘက်) ကို ပြေးတယ်” လို့ မခင်သူသူက အိမ်ကနေ စထွက်လာခဲ့တဲ့ အကြောင်း ပြောပြပါတယ်။
မြို့ကထွက်ပြီး ၁၀ ရက်လောက်အကြာမှာ အခြေအနေ အေးဆေးလာတဲ့အတွက် ရွာကို တခေါက်ပြန်ဝင်ပေမယ့် လေယာဉ် ဗုံးကြဲလို့ ပြန်ထွက်ခွာရပြန်ပါတယ်။ ဒါပေမယ့် နောက်ထပ် ၃ ရက်လောက် ကြာတော့ တကြိမ်ထပ်ဝင်ကြည့်ပါသေးတယ်။
“တညလုံး သူများအိမ်က ဗုံးခိုကျင်းထဲမှာ နေရတယ်၊ လက်နက်မထိဘဲ နှလုံးရပ်ပြီး သေသွားနိုင်တယ်” လို့ အဲဒီတုန်းက အတွေ့အကြုံကို မခင်သူသူက ပြောပါတယ်။
နောက်နေ့မှာ တိုက်ပွဲမဖြစ်ဘဲ လေကြောင်းကနေ ရက်ဆက် ဗုံးကြဲခံနေရတဲ့ ရွာကနေ အမြန်ဆုံး ပြန်ထွက်ပြီး ဂွမြို့ဘက်ကို ထွက်လာခဲ့ပါတယ်။ သူ ရွာကနေ ထွက်လာတော့ ဗုံးသံ၊ အမြောက်သံကြားမှာ သူ့ ခင်ပွန်းသယ် အပါအဝင် မိသားစု ၅ စုလောက်ဟာ ရွာမှာ ကျန်နေခဲ့တယ်။
သံတွဲမြို့ဟာ ရခိုင်ပြည်နယ်ရဲ့ ပထဝီဝင်အနေအထားအရ တောင်ဘက်အပိုင်းမှာ ရှိနေပါတယ်။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း တို့နဲ့ လမ်းပန်းဆက်သွယ်ရေး နီးစပ်ပြီး၊ ဒေသချင်း နယ်မြေချင်း ကူးလူးဆက်ဆံမှုရှိပြီးသားဒေသ ဖြစ်ပါတယ်။
သံတွဲမှာ တိုက်ပွဲ အရိပ်ယောင်တွေ စတင်ရာကနေ သံတွဲ- တောင်ကုတ်လမ်းအပိုင်းက ရွှေလှေတိုက်နယ်တခွင်မှာ တိုက်ပွဲ တွေပြင်းထန်ချိန်မှာ အာရက္ခတပ်တော် (AA)က သံတွဲမြို့ဟာ စစ်ဇုန်အတွင်း ကျရောက်နေပြီဖြစ်လို့ အမြန်ဆုံး တိမ်းရှောင် ကြဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
သံတွဲဒေသက စစ်ရှောင်တွေဟာ သူတို့မိသားစု၊ ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေ အပေါင်းအသင်း၊ အဆက်အစပ်၊ အချိတ်အဆက်ရှိရာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့ကို တိမ်းရှောင်ကြပါတယ်။ တချို့က ပုသိမ်- မုံရွာလမ်းအတိုင်း ဆန်တက်ပြီး ပဲခူးတိုင်းဘက်ကို တိမ်းရှောင်ကြတယ်။
တချို့ကတော့ စစ်ရှောင်စရိတ် မတတ်နိုင်လို့ဖြစ်စေ၊ အခြေအနေ အကြောင်းကြောင်းကြောင့် သံတွဲနဲ့ ဂွမြို့ကြားက ရွာတွေမှာ ဘုန်းကြီးကျောင်းတွေ၊ ဆွေမျိုးသားချင်းအိမ်တွေ၊ အိမ်ငှားပြီးဖြစ်စေ စစ်ရှောင်ကြရတယ်။
အဲဒီအချိန်မှာ သံတွဲကနေ တိမ်းရှောင်ဖို့ သံတွဲ- ဂွ- ရန်ကုန် လမ်းကြောပွင့်နေတုန်း ဖြစ်တာကြောင့် အဖော်သဟဲ မိတ်ဆွေ တွေနဲ့အတူ ရန်ကုန်မြို့ကို စစ်ဘေးရှောင်မိသားစုအဖြစ် ခရီး စခဲ့ပါတော့တယ်။
“ဂွရိုးကို ဆိုင်ကယ်နဲ့ ကိုယ်တိုင်ဖြတ်မောင်းပြီး ငသိုင်းချောင်းက အသိအိမ်မှာ ဆိုင်ကယ်ကို ထားခဲ့တယ်၊ အစတုန်းက ရန်ကုန်အထိရောက်လာမယ်လို့ မတွေးခဲ့မိဘူး။ ကြောက်တဲ့စိတ်တခုတည်းနဲ့ ဘာမှ မတွေးမိတော့ဘဲ ရန်ကုန်ကို အဖော် တွေနဲ့အတူ လာခဲ့တယ်” မခင်သူသူက ပြောပြပါတယ်။
ရန်ကုန်ရောက်တော့ ဘုန်းတော်ကြီးကျောင်း တကျောင်းမှာ ခိုလှုံနေရင်း၊ ဝင်ငွေမရှိတဲ့ဘဝကို ၁ လနီးပါး ရင်ဆိုင် ကျော်ဖြတ် နေရချိန်မှာ သင့်တော်ရာအလုပ်တခု သူ ရှာဖွေနေခဲ့ပါသေးတယ်။
“အထည်ချုပ် စက်ရုံတွေနဲ့ ရေသန့်စက်ရုံတွေမှာ လျှောက်တယ်၊ အသက်ကြီးလို့တဲ့ မရဘူး။ နောက်ဆုံး အိမ်အကူ အလုပ် ရတယ်” လို့ မခင်သူသူက ဆိုပါတယ်။
ဒါပေမယ့် ကိုယ့်ထူကိုယ်ထ မလုပ်နိုင်တဲ့ သားဖြစ်သူရဲ့ ကျန်းမာရေးကြောင့် သူ့ဝေယျာဝစ္စတွေကို လုပ်ကိုင်ဖို့ မိခင် ကိုယ်တိုင်ရှိနေမှ အဆင်ပြေမယ့် အခြေအနေဖြစ်လို့ ပါလာတဲ့ ငွေကြေးကို ထိုင်သုံးနေရသလို နေထိုင်ရပါတော့တယ်။
ရန်ကုန်ရောက်စကတည်းက ဘုန်းကြီးကျောင်းတခုမှာ ခိုလှုံနေရာကနေ ဝင်ငွေရအလုပ်မရှိဘဲ ကာလကြာရှည်လာတဲ့ ဒဏ် ကို မခံနိုင်တော့တဲ့အဆုံးမှာ မခင်သူသူဟာ လက်ကျန်ငွေလေးကို လမ်းစရိတ်လုပ်ပြီး ဩဂုတ်လဆန်းမှာ သူတို့ မိသားစု ရန်ကုန်ကနေ ရခိုင်အိမ်ပြန်ခရီး စတင်ခဲ့ကြပါတော့တယ်။
ရခိုင်ကနေ ရန်ကုန်ကို စစ်ရှောင်လာတဲ့ခရီးမှာ သားအမိ ၂ ယောက်တည်း ဆိုင်ကယ်နဲ့ ရိုးမကို ဖြတ်ကျော်လာခဲ့ကြပေမယ့် အပြန်မှာတော့ ပင်စင်ထုတ်ဖို့ ရန်ကုန်ကို ကြိုရောက်နေတဲ့ အသက် ၇၅ နှစ်အရွယ် မိခင်ဖြစ်သူလည်း ပြန်လိုက်ပါခဲ့လို့ ၃ ယောက်သား အပြန်ခရီး ဖြစ်ခဲ့ကြတယ်။
ရန်ကုန်ကနေ ဧရာဝတီတိုင်းကိုဖြတ်၊ ရေကြည်- အသုတ်- ငါးသိုင်းချောင်း- ဂွ ရိုးမဖြတ်ကျော်လမ်းအတိုင်း ခရီးနှင်လာခဲ့တဲ့ သူတို့ကားလေးဟာ ရိုးတောင်ပေါ်ကအဆင်း ပထမဆုံးတွေ့ရတဲ့ ရခိုင်ပြည်နယ်ရဲ့ တောင်ဘက် အစွန်အကျဆုံးက ဂွမြို့လေး ကို ရောက်ရှိခဲ့တယ်။
ဒါပေမယ့် သံတွဲမှတ်ပုံတင် ၁၁/သတန(နိုင်)ကို ကိုင်ထားတဲ့ သူတို့မိသားစုရဲ့ အိမ်ပြန်ခရီးဟာ ဘယ်တုန်းကမှ မမျှော်လင့် ခဲ့ဖူးတဲ့ အခြေအနေနဲ့ ရုတ်တရက် ရင်ဆိုင်လိုက်ရပါတယ်။
“ဂွအဝင်ဂိတ်က ဝင်ခွင့်မပေးဘူး၊ ကားရော လူရော လှည့်ပြန်ခိုင်းတယ်၊ ကားသမားကို ရိုးကျော်ပြီး ရေနံ့သာအထိ ပြန် ပို့ခိုင်းတယ်၊ ငွေဘယ်လောက်ကုန်နိုင်လဲလို့ မေးသေးတယ်၊ စားစရာတောင် မရှိလို့ ပြန်လာတာ၊ သူတို့ကိုပေးဖို့ ဘယ်က ရဖို့လဲ” လို့ မခင်သူသူက ပြောပါတယ်။
သံတွဲသူ မခင်သူသူတို့မိသားစုဟာ ရခိုင်ပြည်နယ်ထဲရောက်ပြီးမှ ရှေ့ဆက်အဝင်မခံတဲ့ စစ်ကောင်စီကြောင့် နောက်ပြန် လှည့် ဖို့လည်း မဖြစ်နိုင်တဲ့အခါ ကိုယ့်ပြည်နယ်ကိုယ် ပြန်ဝင်ခွင့်ရဖို့အရေး တောင်းပန်ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အဲဒီလမ်းကြောင်းကို ခေါက်သွားခေါက်ပြန် မောင်းနေကြတဲ့ ယာဉ်မောင်းတချို့ရဲ့ ပြောပြချက်အရ ဂွမြို့နဲ့ ကျိန္တလီမြို့က မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို ဝင်ခွင့်ပြုပေမယ့် သံတွဲမှတ်ပုံတင် ကိုင်ဆောင်ထားသူများကို ကန့်သတ်ထားတာလို့ သိရပါတယ်။
အဲဒီနောက် မခင်သူသူတို့ မိသားစုဟာ ဂွမြို့အဝင်ဂိတ်ကို ကားလမ်းမအတိုင်းဖြတ်ဖို့ အဆင်မပြေတဲ့အခါ ဂိတ်နောက်ဘက် တောလမ်းကတဆင့် ဂွမြို့ကို ဝင်နိုင်ဖို့ ကြိုးစားမယ်လို့ ဆုံးဖြတ်ပေမယ့် ကားဆရာက ဂွမြို့ အဝင်ဂိတ်ကို ကျောခိုင်းပြီး ရိုးဘက်ကို ပြန်မောင်းပို့ပေးပါတယ်။ အိမ်တအိမ်ကို ရောက်တဲ့အခါ သူတို့မိသားစုကို ထားခဲ့ပြီး ကားဆရာဟာ ဂွမြို့ထဲမှာ ပြန်အိပ်ပါတယ်။
လမ်းမပေါ်က ဖြတ်သွားရင် ၅ မိနစ်အတွင်း ဂွမြို့ထဲကို ရောက်နိုင်တဲ့လမ်းကနေ ဖြတ်ခွင့်မရတဲ့အခါ လမ်းပြကို ငွေ ၁ သိန်းနဲ့ ငှားပြီး လယ်ကွင်းနဲ့ တောင်ကို ကျော်ရတဲ့ တောလမ်းကနေတဆင့် ခိုးဝင်ကြရတယ်လို့ မခင်သူသူက ရှင်းပြတယ်။
အဲဒီနောက် ဂွမြို့မှာ ၁ ညအိပ်ပြီး မနက်ကျရင် ခရီးဆက်မယ့် အစီအစဉ်ဆွဲထားတဲ့ သူ့ဆီကို ညပိုင်းမှာ ကားဆရာဆီက ဖုန်းဝင်လာပါတော့တယ်။
“အစ်မတို့ ပြန်လာခဲ့ပါတဲ့၊ ဝင်သွားတဲ့လမ်းအတိုင်း ပြန်ထွက်ခဲ့တဲ့၊ အစ်မတို့ဝင်သွားတာကို ဂိတ်က သိတယ်တဲ့၊ အစ်မတို့ ပြန်ရောက်မလာရင် ကားသမားကို ဖမ်းချုပ်မယ်၊ ကားသိမ်းမယ်၊ အစ်မတို့ကိုလည်း လိုက်ရှာမယ်လို့ ပြောတယ်တဲ့” လို့ သူက ပြောပြတယ်။
ကားဆရာ ဒုက္ခရောက်မယ့်အရေးရယ်၊ ကလေးနဲ့ သက်ကြီးရွယ်အိုတယောက် ပါနေတဲ့အတွက်ရယ် သူတို့ပြောတဲ့အတိုင်း လိုက်နာဖို့ ဆုံးဖြတ်ရပါတယ်။
ဂွမြို့ထဲကို ရောက်ပြီးမှ လိုရာခရီးကို မဆက်ရဘဲ နောက်ကြောင်းပြန်လှည့်တဲ့အခါမှာ လမ်းပြခထပ်မပေးရင် ပြန်မပို့ပေး ဘူးလို့ အကျပ်ကိုင်တဲ့ လမ်းပြအမျိုးသမီးကြောင့် အသွားလမ်းပြခ ၁ သိန်း ပေးပြီး၊ အပြန်အတွက် လမ်းပြခပါ ၁ သိန်း ထပ်ပေးဖို့ ငွေမရှိတော့ပါဘူး။
“ထပ်မပေးရင် ပြန်လိုက်မပို့ဘူးတဲ့၊ ဗိုလ်ကြီးကိုလည်း ပေးရတယ်လို့ လမ်းပြက ပြောတယ်၊ ပေးစရာမရှိလို့ အမေ့ နားကပ် ကို ဂွမှာ ရောင်းခဲ့ရတယ်၊ သုံးသိန်းသုံးသောင်းရတယ်၊ သူတို့ကို ၂ သိန်းပေးလိုက်ရတယ်၊ အဲဒီ ပိုက်ဆံနဲ့ စားပြီး မြန်မြန်သေကြပါစေ” လို့ မခင်သူသူက ဒေါသနဲ့ ရင်ဖွင့်ပါတယ်။
သူကဆက်ပြီး “အမေဆို မျက်ရည်ကျတယ်၊ ဗိုလ်ကြီးဆိုတဲ့ကောင်က ငယ်ငယ်လေး၊ သူ့မှာ အမေတွေ၊ အစ်မတွေ မရှိ လားမသိ၊ တော်သေးတယ် ကားသမားက ပြန်ပို့ပေးလို့” လို့ မခံချိမခံသာနဲ့ ဆိုပါတယ်။
မခင်သူသူတို့ မိသားစုဟာ တောလမ်းကနေတဆင့် ပြန်ထွက်ပြီး ဂွမြို့အဝင်ဂိတ်ကို တကျော့ပြန် ဝင်ရပါတော့တယ်။
“ကားနားရောက်တော့ စစ်ဗိုလ်တယောက်က ပြောတယ်၊ ညက နင်တို့ဘယ်ကို ခိုးဝင်လဲတဲ့၊ ခင်ဗျားတို့ ပြန်တော့၊ မပြန်ရင် ဖမ်းချုပ်ရမလားဆိုလို့ ကျမတို့ ပြန်လာခဲ့ရတဲ့အတွက် အခုတော့ ရန်ကုန်ရောက်နေပြီ” လို့ မခင်သူသူက သူ့အတွေ့ အကြုံကို မကျေ မနပ်နဲ့ ပြန်ပြောင်း ပြောပြပါတယ်။
သူတို့ကို ပြန်လိုက်ပို့တဲ့ ကားဆရာဟာ ဂွတောင်ကြားလမ်းက အဆင်း၊ ဧရာဝတီတိုင်းအစ ရေနံ့သာ စစ်ဆေးရေးဂိတ်အထိ ပို့ပေးပြီး၊ ရန်ကုန်ကို ပြန်ဖို့ ကားခအဖြစ် ငွေ ၅ သောင်းကိုပါ ပြန်ပေးခဲ့ပါသေးတယ်။
ရခိုင်ပြန်ခရီး မအောင်မြင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသူ မခင်သူသူတို့ မိသားစုဟာ အခုတော့ ရန်ကုန်မြို့က မိတ်ဆွေ မိသားစုအိမ် မှာ ခိုလှုံနေထိုင်ရင်း ဘယ်လိုရှေ့ဆက်ရမယ်ဆိုတဲ့ အနာဂတ် ပျောက်ဆုံးနေပါတယ်။ သူတို့အိမ်က ထွက်လာချိန်မှာ နေအိမ် ကို စောင့်ရှောက်ဖို့ ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူနဲ့လည်း အဆက်အသွယ် ပြတ်တောက်နေခဲ့တာ လနဲ့ချီ ကြာမြင့်နေပြီ ဖြစ် ပါတယ်။
သူုတို့ဇာတိ သံတွဲမြို့ဟာဆိုရင်လည်း အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့အပြင်၊ မိုးကြီးရေလျှံတဲ့ သဘာဝဘေး၊ ခိုးဆိုးလုယက်သူတွေရဲ့ နေအိမ်ဖောက်ထွင်းမှုတွေကြောင့် ပြိုပျက်နေတဲ့ အဆောက်အုံတွေ၊ ရေကျသွားချိန် တင်ကျန်ခဲ့တဲ့ ရွှံ့နွံတွေ၊ ဟောင်းလောင်းပွင့်နေတဲ့ အိမ်တံခါးတွေ၊ ဆေးရုံဆေးခန်း၊ ခရီးသွားလုပ်ငန်း ဘဏ်လုပ်ငန်း လည်ပတ်နိုင်ခြင်းမရှိသလို လျှပ်စစ်မီးရော၊ တယ်လီဖုန်းလိုင်းပါ ပြတ်တောက်နေဆဲ မြို့ပျက်ကြီးတခုလို ဖြစ်နေပါတယ်။
လက်ရှိလည်း သံတွဲနဲ့ ဂွမြို့ နယ်နိမိတ်မှာရှိတဲ့ ကျိန္တလီမြို့နယ်ခွဲအတွင်းမှာ ဩဂုတ်၁၀ရက်နေ့ညနေပိုင်းက စတင် တိုက်ပွဲတွေ ပြင်းထန်လာခဲ့သလို ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ထားပါတယ်။ ကျိန္တလီမြို့နယ်ကို ဖြတ်ကျော်ပြီး သံတွဲဘက်ကို ပြန်ဝင်လို့မရတော့တာ အနည်းဆုံး ၄ရက်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
ကျိန္တလီနဲ့ သံတွဲမြို့ကြားက ကျေးရွာတွေမှာ သွားရောက် ခိုလှုံနေသူတချို့ကတော့ သံတွဲမြို့ကို ပြန်လည်ဝင်ရောက်ပြီး၊ အိမ် အခြေအနေသွားကြည့်တာ၊ ပြန်လည်ဝင်ရောက်နေထိုင်တာတွေ ပြုလုပ်နေကြပါတယ်။ သံတွဲအနီးဝန်းကျင်ကျေးရွာတွေက အဝေးမပြေးနိုင်တဲ့ စစ်ဘေးရှောင်တွေဟာ သံတွဲမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။
ရခိုင်တောင်ပိုင်း သံတွဲဒေသက စစ်ရှောင်တွေဟာ နေရာအနှံ့ပြန့်ကျဲနေကြပြီး မြေပြင်မှာ ကူညီနေတဲ့ စေတနာ့ဝန်ထမ်း တွေက လက်လှမ်းမီသလောက် စာရင်းပြုစုထားတာ ရှိပေမယ့် တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံး မှုတွေ နေရာအတည်တကျ မနေနိုင်ဘဲ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ရမှုတွေကြောင့် လူဦးရေအတိအကျ ရနိုင်ဖို့ ခက်ခဲနေပါ တယ်။
မခင်သူသူ တို့လို ရခိုင်ပြည် နယ်နိမိတ် ကျော်သွားတဲ့ စစ်ရှောင်အများစုဟာ ပြည်မမှာ ဧည့်စာရင်းတိုင်ရတဲ့အခါ စစ်မှုထမ်း လျှောက်လွှာ အတင်းအကြပ်ဖြည့်ခိုင်းတာမျိုး၊ ဧည့်စာရင်းတိုင်ခွင့် အငြင်းခံရမျိုးတွေသာမက နေထိုင်ဖို့အတွက် စပေါ် အိမ် ငှားခကြီးမြင့်တာ၊ အလုပ်အကိုင် ရှာဖွေရခက်ခဲပြီး တဦးချင်းဝင်ငွေ မရှိတာ၊ ရပ်ကွက်အတွင်း နေထိုင်သူတွေကို ရဲက ငွေညှစ်တာ ဧည့်စာရင်းမတိုင်လို့ ဖမ်းဆီးတာ စတဲ့ ပုံစံမျိုးစုံနဲ့ ဒုက္ခပေးတာကို ရင်ဆိုင်နေကြရပါတယ်။
ရခိုင်တောင်ပိုင်းက တိုက်ပွဲတွေဟာ သံတွဲကနေ ဂွမြို့နယ်ထဲကို တရွေ့ရွှေ့ရောက်လာနေပြီး၊ သံတွဲ မြောက်ဘက် တောင်ကုတ်မှာလည်း အချိန် မရွေးစစ်ဖြစ်နိုင်သလို တောင်ဘက်အနီးဆုံး ကျိန္တလီ မြို့မှာတော့ စစ်မီးဟာ အပြင်းအထန် တောက်လောင်နေတဲ့အတွက် အိုးအိမ် စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် တိုးသထက် တိုးလာနေပါတယ်။
အခုတော့ ရန်ကုန်မှာပဲ သောင်တင်နေရတဲ့ မခင်သူသူက “ရှေ့ဆက် ဘာလုပ်ရမယ် မသိဘူး၊ ပြန်လို့လည်း မရ၊ အလုပ် လည်း မရှိ၊ အခက်တွေ့နေပြီ။ ဖုန်းဘေလ်တောင် အသိတွေက ထည့်ပေးကြတာ။ အမေလည်း အခု ဒူးနာပြီး မထနိုင်ဘူး၊ အိမ်သားတွေကို အားနာတယ်၊ သူတို့ ကျွေးထားတာကို ကျေးဇူး တင်ပါတယ် ” လို့ စစ်ရှောင်တယောက်ရဲ့ အခက်အခဲကို ရင်ဖွင့်တယ်။
လက်နက်ချင်းမမျှတဲ့ သာလွန်အင်အားတွေကို သုံးစွဲပြီး ပြည်သူလူထုနေထိုင်တဲ့ မြို့နဲ့ ရွာအနီးဝန်းကျင်တွေကို စစ်ကောင်စီ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်တာတွေ အဆက်မပြတ် ပြုလုပ်နေတဲ့အတွက် မခင်သူသူတို့လို စစ်ရှောင်တွေရဲ့ အိမ်ပြန်ခရီးအိမ်မက်ကို ဘယ်တော့ အကောင်အထည်ဖော်ခွင့်ရမယ် ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။
You may also like these stories:
တောင်ကုတ်နှင့် ဂွကို AA တိုက်မည်ဆို၍ စစ်တပ် ပစ်ခတ်မှုများ လုပ်နေ
စစ်ရေးပြင်းထန်နေသော သံတွဲနှင့် တောင်ကုတ်မြို့ ရေကြီးနေ
ဧရာဝတီတိုင်းအစပ် ဂွမြို့နယ်ထိ AA ထိုးစစ် ဆင်းလာ
AA နှင့် စစ်တပ်တိုက်ပွဲ တောင်ကုတ်အထိပျံ့လာ