(ဤဆောင်းပါးသည် ဧရာဝတီက စုံစမ်းဖော်ထုတ်ရေးသားထားသော အထူးဆောင်းပါးဖြစ်သည်။)
ကမ္ဘာကျော် ပတ္တမြား ထွက်ရှိရာ မိုးကုတ်မြေကို ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်တွင် ပလောင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သိမ်းပိုက်လိုက်ခြင်းသည် ပတ္တမြားမြေ၏ အကျိုးစီးပွားကို နှစ်ပေါင်းများစွာ စံစားနေသူတို့အား ရတက်မအေး ဖြစ်စေခဲ့သည်။
စစ်တပ်ပိုင် ကုမ္ပဏီများ၊ ခရိုနီကြီးများနှင့် လက်နက်ကိုင် အုပ်စုခေါင်းဆောင်များ ကြီးစိုး ပိုင်ဆိုင်ထားသော မိုးကုတ် ပတ္တမြားမြေ အသိမ်းခံရခြင်းကြောင့် ရတက်မအေး ဖြစ်ရသူများထဲတွင် စစ်အာဏာရှင်တို့၏ စီးပွားဖက်ဖြစ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ခေါင်းဆောင်များလည်း ထိပ်ဆုံးမှ ပါဝင်နေမည် ဖြစ်သည်။
လက်ရှိ PNO ၏ ဒုစစ်ဦးစီးချုပ်ရာထူးနှင့် ဗဟိုအထူးစီးပွားရေးတာဝန်ခံ ရာထူးကို ယူထားသူ ဦးနေဝင်းထွန်းက မိုးကုတ် ပတ္တမြားမြေတွင် ကျောက်မျက်လုပ်ကွက် ဧကပေါင်း ရာနှင့်ချီ၍ ပိုင်ဆိုင်ထားသူဖြစ်ပြီး ၎င်း၏ အကျိုးစီးပွားများထဲတွင် အခြား PNO ခေါင်းဆောင်များလည်း ပါဝင်ပတ်သက် ယှက်နွယ်လျက်ရှိသည်။
မြန်မာ့တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (MEITI) အစီရင်ခံစာများပါ အချက်အလက်များအရ ဦးနေဝင်းထွန်း ပိုင်ဆိုင်သည့် Khine Thit Sar Gems Co., Ltd သည် မိုးကုတ် ပတ္တမြားမြေ၌ ၁၂၄ ဧက လုပ်ကွက်ကြီးကို အာဏာသိမ်း စစ်ကောင်စီ၏ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (MGE) နှင့် ဖက်စပ် လုပ်ကိုင်သည်။ ဖက်စပ်လုပ်ကွက် မဟုတ်ဘဲ အဆိုပါ ကုမ္ပဏီ သီးသန့်လုပ်ကိုင်နေသည့် လုပ်ကွက်များလည်း ရှိသည်။
ထို့ပြင် ၎င်းပိုင်ဆိုင်သည့် အခြား ကုမ္ပဏီတခုဖြစ်သော RBG Yadanar Co., Ltd ကလည်း မိုးကုတ်မြေ၌ ၂၂ ဧက လုပ်ကွက်ကို MGE နှင့် ဖက်စပ်လုပ်ကိုင်သည်။ MGE သည် လက်ရှိ အာဏာသိမ်း စစ်ကောင်စီ၏ အရေးပါသည့် ဝင်ငွေရင်းမြစ် ဖြစ်ခြင်းကြောင့် အမေရိကန်အစိုးရက ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အရေးယူပိတ်ဆို့မှု စာရင်းထဲ ထည့်သွင်းခဲ့သည်။
ဦးနေဝင်းထွန်း၏ အခြား ကုမ္ပဏီခွဲ Sapphire Dragon Gems Co., Ltd ကလည်း မိုးကုတ်မြေ၌ပင် ကျောက်မျက်တူးဖော်ရေးကို ဧက ၁၀ နှင့်အထက် လုပ်ကိုင်လျက်ရှိသည်။
ဦးနေဝင်းထွန်းနှင့် PNO ခေါင်းဆောင်များက မိုးကုတ် ရတနာမြေ တခုတည်းသာ ကျောက်မျက် လုပ်ကွက်များ ရှိကြသည် မဟုတ်ပေ။ ကျောက်စိမ်း၊ ရွှေ နှင့် အခြားသော အဖိုးတန် သတ္တုလုပ်ကွက်များကိုလည်း မြန်မာပြည်အနှံ့ ဖြန့်ကြက် ပိုင်ဆိုင်ထားကြသည်။
ဦးနေဝင်းထွန်းနှင့် PNO ခေါင်းဆောင်များက မိုးကုတ် ရတနာမြေ တခုတည်းသာ ကျောက်မျက် လုပ်ကွက်များ ရှိကြသည် မဟုတ်ပေ။ ကျောက်စိမ်း၊ ရွှေ နှင့် အခြားသော အဖိုးတန် သတ္တုလုပ်ကွက်များကိုလည်း မြန်မာပြည်အနှံ့ ဖြန့်ကြက် ပိုင်ဆိုင်ထားကြသည်။
ခေါင်းဆောင်တို့၏ စီးပွားရေး အင်ပါယာ
၁၉၉၁ ခုနှစ်တွင် စစ်တပ်နှင့် ငြိမ်းချမ်းရေး ယူခဲ့သည့် နောက်ဆက်တွဲအဖြစ် မိုင်းရှူး၊ မိုးကုတ်၊ ဖားကန့် ဒေသများ၌ ကျောက်မျက် တူးဖော်ခွင့်များ PNO တို့ ရခဲ့ကြသည်။ မိုင်းရှုး ရတနာမြေ၌ ၁၉၉၂ ခုနှစ်မှ စတင်၍ ကျောက်မျက်များ တူးဖော်ခဲ့ကြပြီး ၁၉၉၆ ခုနှစ်တွင် မိုးကုတ်နှင့် ဖားကန့်တို့အထိ လုပ်ကွက်များ တိုးချဲ့ခဲ့ကြသည်။
ကျောက်မျက်တူးဖော်ရေးတွင် ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရ၏ သတ္တုတွင်းဝန်ကြီးဌာနနှင့် ဖက်စပ် လုပ်ကွက်များ ရှိသကဲ့သို့ ၎င်းတို့ ကိုယ်ပိုင် လုပ်ကွက်များစွာလည်း ရှိကြသည်။
PNO ဦးသျှောင် ဦးအောင်ခမ်းထီ၏ လက်ရင်း လူယုံများဖြစ်ကြသော PNO ၏ ဗဟိုစီးပွားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး ခွန်မြတ် (ကွယ်လွန်)၊ လက်ရှိ PNO ၏ ဗဟို အထူးစီးပွားရေး တာဝန်ခံနှင့် စစ်ရေးကော်မတီ၏ ဒုစစ်ဦးစီးချုပ် ဦးနေဝင်းထွန်း (ခ) ဦးနေဝင်းဆွေ၊ ယခင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးစံလွင် (လက်ရှိ စစ်ကောင်စီ အဖွဲ့ဝင်) နှင့် PNO ပါတီ အတွင်းရေးမှူးချုပ် ခွန်သိန်းဖေတို့က PNO ၏ စီးပွားရေး ရှေ့တန်းမျက်နှာစာသို့ တက်လာသူများ ဖြစ်ကြသည်။
PNO ၏ စီးပွားရေးတာဝန်ခံများ ဖြစ်သည့် ဦးနေဝင်းထွန်းနှင့် ဦးခွန်မြတ်တို့ ကုမ္ပဏီများ ထောင်၍ ကျောက်မျက်လောကသို့ တိုးချဲ့ဝင်ခဲ့ကြသည့်မှာ အချိန် တလသာ ကွာခဲ့ကြသည်။
ဦးနေဝင်းထွန်းက ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလတွင် Ruby Dragon Jade & Gems Co., Ltd ကို တည်ထောင်ပြီး နောက်တလအကြာ ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဦးခွန်မြတ်က Khun Pa-Oh Gems & Jewellery Co., Ltd ကို တည်ထောင်၍ ကျောက်မျက် တူးဖော်ရေးလုပ်ငန်းကို တိုးချဲ့ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ နှစ်ဦး တည်ထောင်ခဲ့သည့် ကုမ္ပဏီ နှစ်ခုစလုံးက မြန်မာ့ကျောက်မျက် ထုတ်လုပ်မှု ထိပ်တန်း ကုမ္ပဏီ ၁၀ ခုထဲတွင် ပါဝင်ကြောင်း စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် Global Witness ၏ Conflict Rubies: How luxury jewellers risk funding military abuses in Myanmar အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထုတ်လုပ်မှု ထိပ်ဆုံးတွင် ရှိနေခဲ့သည့် ကုမ္ပဏီများမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ ဖြစ်သည်။ ယင်းတို့နောက်တွင် လိုက်သည့် Lyan Shan Jewellery ကုမ္ပဏီမှာ ယခင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ခေါင်းဆောင်ဟောင်း တဦးဖြစ်သူ ရန်မိုးလျန် ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။ ယင်းနောက် Nilar Yoma Gems ကုမ္ပဏီကိုမူ မြန်မာထိပ်သီး ခရိုနီတဦးဖြစ်သည့် KBZ ဘဏ်ပိုင်ရှင် ဆရာကျောင်း (ခေါ်) ဦးအောင်ကိုဝင်းက ပိုင်ဆိုင်သည်။
ဦးနေဝင်းထွန်း ပိုင်ဆိုင်သည့် Ruby Dragon Jade & Gems Company နှင့် Khine Thit Sar Gems Company နှစ်ခုစလုံးသည် ကျောက်မျက် လိုင်စင်ရရှိထားမှု ဧရိယာ အများဆုံး ထိပ်တန်း ကုမ္ပဏီ ၁၀ ခု တွင်လည်း ပါဝင်နေသည်။ ယခု အချက်အလက်များကို Global Witness က (MEITI) အစီရင်ခံစာများကို ကိုးကား စိစစ် ဖော်ပြထားခြင်း ဖြစ်သည်။
PNO ဒုစစ်ဦးစီးချုပ် ဦးနေဝင်းထွန်း
အသက် ၆၄ နှစ်အရွယ် ရှိပြီဖြစ်သည့် ဦးနေဝင်းထွန်း (ခ) ဦးနေဝင်းဆွေကို အခြားသော PNO ခေါင်းဆောင်ပိုင်းများဖြစ်သော ဦးခွန်စံလွင်၊ ဦးခွန်သိန်းဖေတို့ကဲ့သို့ ဦးအောင်ခမ်းထီ စစ်တပ်နှင့် ငြိမ်းချမ်းရေး ယူစဉ်ကတည်းက အတူပါဝင်ခဲ့သည့် ဖြတ်သန်းမှုများကို မတွေ့ရသော်လည်း ၎င်းက ဦးအောင်ခမ်းထီ၏ ဘေးတွင် အမြဲ ရှိနေတတ်သည့် လူယုံတဦး ဖြစ်သည်။
နိုင်ငံ့ခေါင်းဆောင်များနှင့် ဦးအောင်ခမ်းထီတို့ တွေ့ဆုံသည့် အချိန်များတွင်လည်း ဦးနေဝင်းထွန်းက အနားတွင် အမြဲတစေ ပါလေ့ရှိပြီး လူမှုဆက်ဆံရေး ကောင်းမွန်သူတဦး၏ ဟန်ပန်ဖြင့် မြင်ရလေ့ရှိသည်။
စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မကြာခဏ လူလုံး ပေါ်ပေါ်လာတတ်သည့် ဦးနေဝင်းထွန်းမှာ PNO ၏ ဗဟို အထူးစီးပွားရေးတာဝန်ခံ ဖြစ်သကဲ့သို့ စစ်ရေးတွင်လည်း ဒုစစ်ဦးစီးချုပ်အဖြစ် ယခုနှစ် မေလမှ စတင်ကာ တာဝန်ယူထားသူ ဖြစ်သည်။ ယခင်ကမှု ဒုဗိုလ်မှူးကြီးတာဝန် ယူခဲ့သူဖြစ်သည်။
ဒုစစ်ဦးစီးချုပ် ဖြစ်လာသည့် ဦးနေဝင်းထွန်းက ယခုနှစ် မေလနှောင်းပိုင်းတွင် ပြုလုပ်သည့် PNO နှင့် လူထုတွေ့ဆုံပွဲ၌ မိန့်ခွန်းပြောရာတွင် “မိဘပြည်သူအတွက်” ဆိုသည့် စကားကို ထပ်တလဲလဲ သုံးသကဲ့သို့ ပအိုဝ်းအမျိုးသားများ၏ အကျိုးခံစားခွင့် အကျိုးစီးပွားဆိုသည့် စကားကိုလည်း အလေးပေး ပြောဆိုခဲ့သည်။
ဒုစစ်ဦးစီးချုပ် ဖြစ်လာသည့် ဦးနေဝင်းထွန်းက ယခုနှစ် မေလနှောင်းပိုင်းတွင် ပြုလုပ်သည့် PNO နှင့် လူထုတွေ့ဆုံပွဲ၌ မိန့်ခွန်းပြောရာတွင် “မိဘပြည်သူအတွက်” ဆိုသည့် စကားကို ထပ်တလဲလဲ သုံးသကဲ့သို့ ပအိုဝ်းအမျိုးသားများ၏ အကျိုးခံစားခွင့် အကျိုးစီးပွားဆိုသည့် စကားကိုလည်း အလေးပေး ပြောဆိုခဲ့သည်။
“နိုင်ငံတော်နဲ့ ဆွေးနွေးတဲ့အချိန်မှာ ဘာကို အဓိကတောင်းလဲဆိုတော့ ပြည်ထောင်စုထဲက ပအိုဝ်းအမျိုးသား ဖြစ်ပေါ်လာဖို့ဆိုတဲ့ ရည်ရွယ်ချက် ကြီးကြီးမားမားကို အကောင်အထည် ဖော်တယ်။ ရွှေ မတောင်းပါဘူး၊ ငွေမတောင်းပါဘူး၊ စီးပွားရေး မတောင်းပါဘူး။ အဓိက လိုအပ်ချက် အမျိုးသားများအတွက် ပညာရေးကဏ္ဍကို တောင်းပါတယ်။ ကျန်းမာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်မှု တောင်းပါတယ်။ စီးပွားရေးကဏ္ဍဆိုတာ လုံးဝ မတောင်းပါဘူး။ ဘာကြောင့်လဲ၊ ငြိမ်းချမ်းရေး ယူလာတာ ပိုက်ဆံလိုချင်လို့ ယူလာတာ မဟုတ်ဘူး။ အခွင့်အရေးတွေ ရချင်လို့ ယူလာတာ မဟုတ်ဘူး” ဟု ၎င်းက အဆိုပါ လူထုတွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။
ဝိကိလိခ်စ်တွင် တွင် ပါရှိခဲ့သည့် ကြေးနန်းစာ တစောင်တွင်မှု ဦးနေဝင်းထွန်းသည် PNO နှင့် စစ်အစိုးရကြား ငြိမ်းချမ်းရေးယူရာ၌ ကြားခံကူညီခဲ့ခြင်းကြောင့် နအဖ စစ်အစိုးရထံမှ ကျောက်မျက် လုပ်ကွက်များ လုပ်ကိုင်ခွင့် ရခဲ့သည်ဟု ပါရှိသည်။
မှတ်တမ်း အချက်အလက်များအရ ဆိုလျှင်လည်း PNO တို့ ငြိမ်းချမ်းရေးယူအပြီး နောက်တနှစ် ၁၉၉၂ ခုနှစ်တွင် ဦးနေဝင်းထွန်းက မိုင်းရှူးဒေသ၌ ပတ္တမြားတူးဖော်ခွင့် လုပ်ကွက်များ ရရှိခဲ့ပြီး စတင် လုပ်ကိုင်ခဲ့သည်။
ထို့နောက်ပိုင်း နှစ်ကာလများတွင်မှု မြန်မာပြည်၌ ထွက်ရှိသည့် အဖိုးတန်ရတနာ ပတ္တမြား၊ ကျောက်စိမ်း ကျောက်မျက်နှင့် ရွှေတို့သာမက ခနောက်စိမ်း၊ ခဲမဖြူ၊ အဖြိုက်နက်တို့ အထိပါ လုပ်ကွက်ပေါင်း များစွာဖြင့် တူးဖော် ချမ်းသာလာခဲ့သော သတ္တုမုဆိုး ဘီလျံနာ ခရိုနီသူဌေးကြီးဘဝ အဖြစ်သို့ ဦးနေဝင်းထွန်း ရောက်ရှိလာခဲ့သည်။
သတ္တုမုဆိုး ဘီလျံနာ
ဧရာဝတီက ရရှိထားသည့် မှတ်တမ်း အချက်အလက်များအရ ဦးနေဝင်းထွန်းနှင့် ၎င်း၏ သားသမီးများ ပိုင်ဆိုင် ဦးစီး လုပ်ကိုင်နေသော မြန်မာပြည်၌ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ အရေအတွက် ၃၃ ခု ရှိပြီး ထို့ထက်လည်း ပိုများနိုင်ပါသည်။
စင်ကာပူတွင်လည်း Ruby Dragon Group Pte. Ltd, Ruby Dragon Investment Pte. Ltd နှင့် Noble Twin Dragons (S) Pte. Ltd (Twain Dragons Pte. Ltd) တို့ကို မှတ်ပုံတင်ထားသည်။
အဆိုပါ ကုမ္ပဏီများ အတွင်းမှ ၁၄ ခု (ထို့ထက်လည်းများနိုင်) က ၎င်း၏ အဓိက စီးပွားရေး ဖြစ်သော ကျောက်စိမ်း ပတ္တမြားနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်နေသည်။
PNO တို့ ငြိမ်းချမ်ရေး ယူအပြီး နောက်တနှစ် ၁၉၉၂ ခုနှစ်တွင် ဦးနေဝင်းထွန်းက မိုင်းရှုး ရတနာမြေ၌ ၎င်း၏ ပတ္တမြားနဂါး ကုမ္ပဏီ (Ruby Dragon Company) ကို စတင်သည်ဟု Ruby Dragon Group ဝက်ဆိုက်တွင် ဖော်ပြထားသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) တွင် ယင်းကုမ္ပဏီကို တရားဝင် မှတ်ပုံတင်သည်မှာ ၁၉၉၅ ခုနှစ်မှ ဖြစ်သည်။
မိုင်းရှူးဒေသ၌ ၎င်းတို့၏ ပတ္တမြား တူးဖော်ရေးလုပ်ကွက်များ ၇၁ ခု ရှိနေပြီဟု ၂၀၀၂ ခုနှစ်တွင် ပြုလုပ်သည့် PNO ၏ ကျောက်စိမ်းရိုင်းတုံးကြီးအား နအဖ အစိုးရသို့ လှူဒါန်းသည့် အခမ်းအနားတွင် ဦးနေဝင်းထွန်းက ပြောဆိုခဲ့ဖူးသည်။
မိုင်းရှူးဒေသ၌ ၎င်းတို့၏ ပတ္တမြား တူးဖော်ရေးလုပ်ကွက်များ ၇၁ ခု ရှိနေပြီဟု ၂၀၀၂ ခုနှစ်တွင် ပြုလုပ်သည့် PNO ၏ ကျောက်စိမ်းရိုင်းတုံးကြီးအား နအဖ အစိုးရသို့ လှူဒါန်းသည် အခမ်းအနားတွင် ဦးနေဝင်းထွန်းက ပြောဆိုခဲ့ဖူးသည်။
၁၉၉၆ ခုနှစ်တွင်မှု ပတ္တမြား တူးဖော်ရေးလုပ်ငန်းကို မိုင်းရှူးမှသည် မိုးကုတ်သို့ ထပ်မံ တိုးချဲ့ခဲ့ပြီး နအဖ စစ်အစိုးရ သတ္တုတွင်း ဝန်ကြီးဌာနနှင့် လုပ်ကွက်ကြီး သုံးခုကို ဖက်စပ်လုပ်ကိုင်ခဲ့သည်။
မိုးကုတ်ရှိ ထိုလုပ်ကွက် သုံးခုမှာ ၆၇ ဧကရှိသည့် ဘော်ဘတန်လုပ်ကွက်၊ ၁၀၄ ဧကရှိ ဒတ်တောလုပ်ကွက်နှင့် ၂၀ ဧကရှိ ရွှေတိုင်လုပ်ကွက်တို့ ဖြစ်ကြောင်း ၎င်းတို့ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ MEITI အစီရင်ခံစာများပါ အချက်အလက်များနှင့် ဧရာဝတီက တိုက်ဆိုင် စိစစ်ကြည့်ရာတွင် လုပ်ကွက်များ တိုးချဲ့မှုရှိကြောင်း တွေ့ရသည်။
ဦးနေဝင်းထွန်းက ထိုနှစ် ၁၉၉၆ ခုနှစ်မှာပင် ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းကိုလည်း ဖားကန့်၌ တိုးချဲ့သည်။ နအဖ စစ်အစိုးရနှင့် တွဲဖက်၍ ၆၁ ဧကရှိ လုပ်ကွက်ကို ဖက်စပ်လုပ်ကိုင်သကဲ့သို့ ပုဂ္ဂလိကပိုင်အဖြစ် ၆၀ ဧကကို စတင် လုပ်ကိုင်ခဲ့ကြောင်း ၎င်းတို့ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ပတ္တမြားနဂါး ကုမ္ပဏီများအုပ်စု Ruby Dragon Group ဝက်ဆိုက် မှာ လက်ရှိအချိန်တွင် ဝင်ရောက် ကြည့်ရှု၍ မရတော့သော်လည်း ဧရာဝတီသတင်းဌာနအနေဖြင့် ယခင်က ရရှိသိမ်းဆည်းထားသည့် အဆိုပါဝက်ဘ်ဆိုက်ပါ အချက်အလက်များကို ကိုးကား ဖော်ပြခြင်းဖြစ်သည်။
၂၀၀၂ ခုနှစ်တွင်မှု PNO, Ruby Dragon Jade & Gems Company နှင့် Jade Dragon Company တို့က ဖားကန့် နန့်မှော်လုပ်ကွက်၌ ၎င်းတို့ တူးဖော်ရရှိသည့် တန်ချိန် ၃,၀၀၀ ကျော်ရှိ ကျောက်စိမ်းရိုင်းတုံးကြီးကို စစ်အစိုးရသို့ လှူဒါန်းခဲ့ကြသည်။
အဆိုပါ ကျောက်စိမ်းရိုင်းတုံးကြီး လှူဒါန်းသည့် အခမ်းအနားကို ၂၀၀၂ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ကုန်သည်ကြီးများဟိုတယ် (Trader Hotel) ၌ ပြုလုပ်ခဲ့ကြပြီး နအဖ အစိုးရ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး ခင်ညွန့်က တက်ရောက် လက်ခံခဲ့သည်။ ကျောက်စိမ်းရိုင်းတုံးကြီးအား လှူအပြီး မကြာခင် ထိုနှစ်တွင်ပင် စစ်အစိုးရက ဦးနေဝင်းထွန်းနှင့် ဦးအောင်ခမ်းထီတို့ကို အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့များ ချီးမြှောက်ခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)
You may also like these stories:
မိုးကုတ် ရတနာမြေကို ခရိုနီတွေ လက်ဝါးကြီးအုပ် မရတော့ပြီ
မွန်နှင့် ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သစ်များ
PNLA နှင့် နေဝင်းထွန်း၏ ပအိုဝ်းပြည်သူစစ်တို့ ဆီဆိုင်၌ တိုက်ပွဲပြင်းထန်
ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ပအိုဝ်းတော်လှန်ရေးခရီး နှစ် ၅၀
အပစ်ရပ် PNLA တပ်ဖွဲ့ဝင် ၅ ဦးအား ပအိုဝ်းပြည်သူ့စစ်မှ ဖမ်းဆီးသတ်ဖြတ်
ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် နေရာပေးရန် PNO နှင့် TNP တို့တောင်းဆို