မူလက ကွန်လုံမှ အပြန်တွင် တန့်ယန်းသို့ သွားကြမည်ဟု ဒေါက်တာ ကမ္ဘောဇ ခင်လှိုင် နှင့် စီစဉ်ထားခဲ့သည်။
သို့သော် အကြောင်း မညီညွတ်သဖြင့် ထိုအစီအစဉ်ကို ဖျက်လိုက်ရလေသည်။
တန့်ယန်းအစား သီပေါ နှင့် ကျောက်မဲသို့ သွားရန် အစီအစဉ်သစ် လုပ်ရလေတော့၏။
ထိုခရီးစဉ်သစ်မှာကား ဖိုးကျော်မြင့် ရန်ကုန်မြို့သို့ ပြန်သွားပြီ ဖြစ်၍ လည်းကောင်း၊ ထွန်းဝေမှာ မကြာမီကလေးမှ သီပေါ ကျောက်မဲ တို့သို့ ရောက်ခဲ့ပြီး ဖြစ်၍ လည်းကောင်း ခရီးသည် အဖြစ်ဖြင့် ကျနော် တယောက်တည်း ကား တစီးနှင့် သွားရလေသည်။
ဒရိုင်ဘာ မောင်အောင်ဘန်း အပြင် အဖော်အဖြစ်ဖြင့် သစ်ကုန်သည်ဟောင်း ကျောက်မဲ မြို့သား ဆရာဝန် ဦးခင်လှိုင်၏ မိတ်ဆွေ ဖြစ်သူ ဦးဂျူဟန် လိုက်ပါလာခဲ့လေသည်။
ခရီး မထွက်မီ နံနက်ခင်းစာ အဖြစ်ဖြင့် ရှမ်းထမင်းချဉ်ကို စားရလေသည်။ ပအို့ဝ် ထမင်းချဉ်ဟု ဆိုလျှင် ပိုမှန်လိမ့်မည်လား မဆိုနိုင်ပါ။ ကမ္ဘောဇ ခင်လှိုင်၏ ဇနီးမှာ ပအို့ဝ် အမျိုးသမီး ဖြစ်သောကြောင့်ပါ။
တခါမျှ သည်လောက် အရသာ ရှိသော ထမင်းချဉ်ကို မစားဘူးပါ။
ရှမ်းဆန်နှင့် လာရှိုး ခရမ်းချဉ်တို့က အခြားဆန်၊ အခြား ခရမ်းချဉ်တို့ထက် ထမင်းချဉ်နှင့် ပိုလိုက်ဖက်သောကြောင့်ပေလော မဆိုနိုင်ပါ။
ထို့ပြင် ထမင်းချဉ်နှင့် တို့စားရသော ပဲငါးပိ ဟင်းကလေးကလည်း မွှေးလှ၊ လေးလှ၊ ချိုလှသည်။ ဆီးပြားနှင့် နနွင်း တို့ကလည်း အတော်အသင့်ပင် ဖြစ်သည်။ ကြက်သွန်ဖြူ အစိမ်း၊ ငရုတ်သီး တောင့်လုံးကြော်တို့ကလည်း မြှောက်ပင့် ပေးနေကြသည်။
တအား စားချလိုက်သော ထမင်းချဉ်ကို လက်ဖက်ခြောက်လှော် ထည့်ထားသဖြင့် သင်းနေသော လက်ဖက်ရည်ကြမ်းနှင့် မျှော၍ မျှော၍ ချရ၏။ တွဲဖက်အဖြစ်ဖြင့် နွားနို့ခြောက်ကြော်နှင့် တို့ဟူးကြော်တို့ကိုလည်း တမြိန့်မြိန့် ဝါးရသေး၏။
ထမင်းချဉ် စားကောင်းလှသည်နှင့် ရန်ကုန် မပြန်မီ နောက်တကြိမ် ကျွေးပါဦးဟု အိမ့်ရှင်ကို တောင်းဆိုမိပါ၏။
လားရှိုးမှ သီပေါသို့ သွားသော လမ်းမကြီးမှာ အတော် ကျယ်ပြန့်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားသည်။ လမ်း၏ ဝဲယာ ရှုခင်းများမှာ သာယာလှပေသည်။
လားရှိုးမှ အထွက်တွင် စိမ်းစိုနေသော ယာခင်ကျယ်ကြီးများကို တွေ့ရ၏။ များသောအားဖြင့် ဂျုံခင်းများ ဖြစ်သည် ဆို၏။
တောက်ကုန်းကလေးများ ပေါ်ရှိ တောင်ယာများတွင်ကား သွေ့ခြောက်နေသော ပြောင်းရိုးပြတ်များကို တွေ့ရသည်။ အချို့ တောင်ယာများတွင် သီးထပ် စိုက်ရန် ထွန်ယက်နေကြ၏။
လားရှိုးမှ သိန္နီ၊ ကွန်လုံ စသော အရှေ့မြောက် အရပ်များသို့ သွားရသော လမ်းခရီး ရှုခင်းနှင့် လားရှိုးမှ သီပေါ ကျောက်မဲ စသော အနောက်တောင် အရပ်များသို့ သွားရသော လမ်းခရီး ရှုခင်းတို့သည် အတော် ခြားနားကြောင်း ကျနော် သတိပြုမိ၏။
သီပေါ ဘက်သို့ သွားသော လမ်းခရီး ရှုခင်းတွင် မြင့်သော တောင်များ နည်းပါးလာ၏။ လမ်းပေါ်တွင် စက်ဘီး စီးလာသော ဘောင်းဘီပွနှင့် အမျိုးသားများကို လည်းကောင်း၊ ထီးဆောင်းလာသော အမျိုးသား အမျိုးသမီးများကို လည်းကောင်း မကြာခဏ တွေ့လာရ၏။
လားရှိုး၏ အရှေ့မြောက်ဘက်တွင်ကား စက်ဘီး စီးလာသူ တဦးတယောက်ကိုမျှ မတွေ့ခဲ့မိပါ။
လားရှိုးမှ ထွက်၍ ၁၀ မိုင်လောက် ရောက်ကတည်းက သစ်တောများကို စတွေ့မြင်ရသည်။ ၁၄ မိုင်ရောက်တော့ နောင်မွန် ဆိုသော ရှမ်းရွာကြီးကို တွေ့ရသည်။ ထိုအခါ မြန်မာပြည်၏ မြောက်ဘက်ဆုံး (ပူတာအို မြောက်ဘက်) မြို့နယ်ဖြစ်သော နောင်မွန် မြို့နယ်ကို သတိရမိ လေသည်။
ရှမ်းအမျိုးသား သြဇာ ဘယ်ရွေ့ ဘယ်မျှ ပျံ့နှံ့ခဲ့သည်ကို ဖော်ပြသော အမှတ်အသားပေတည်း။ နောင်မွန် ရွာကြီးကို ကျော်လွန်ကတည်းက သစ်တောကြီးသည် ပိုမို နက်ရှိုင်းလာပေသည်။ ကျွန်းပင်များ လွှမ်းသော သစ်တောများပေတည်း။
စဉ့်အင် ချောင်းကြီးကို ကူးဖြတ်သော အခါ ဦးဂျူဟန်က ပဒေသရာဇ် စော်ဘွားကြီးများ လက်ထက်က ဤနေရာတွင် သိန္နီနယ် ကုန်ဆုံး၍ သီပေါနယ် စကြောင်း ပြောပြပါသည်။
ထို့နောက် ဟော်နန်းပျော် တော်ဘုရားကြီးများ လက်ထက် နယ်မြေအခြေအနေ ငြိမ်ဝပ် ပိပြားပုံကို ပြောပြနေပါသည်။ (ကျနော်တို့ ဖြတ်သန်းခဲ့သော လမ်းခရီးတွင် ယခင်တနေ့ကပင် ဘတ်စ်ကား ဓားပြတိုက်ခဲ့သေးသည် မဟုတ်ပါလော။)
သီပေါ မြို့ကို နီးကပ်လာသော အခါ သစ်တောများ အစား လိမ္မော်ခြံများကို အများအပြား တွေ့ရ၏။ လိမ္မော်သီး လှိုင်လှိုင် မှည့်ချိန် ဖြစ်သောကြောင့် ဝါဝင်းနေသည်။ ရွှေလိမ္မော်ဟု ခေါ်ထိုက်လှပေသည်တကား။
လမ်းတလျှောက်တွင် နမ္မတူ ချောင်း၊ ဒုဋ္ဌဝတီ မြစ်တုံနှင့် မာကြာခဏ ဆုံစည်းရသည်။ သူတို့ကြောင့် ပတ်ဝန်းကျင်သည် သာယာ စိုပြည်ရပေ၏။
သီပေါမြို့သို့ ဝင်လာကြပေသည်။ သီပေါမြို့ကား မြေပြန့်မြို့ လုံးလုံးဖြစ်၏။ ရှမ်းကုန်းပြင်ပေါ်မှ မြို့တမြို့၏ အသွင် လုံးဝ မရှိချေ။
သီပေါ စော်ဘွား၏ ဟော်နန်းတော်ရာကို ဝင်ကြည့်လိုက်ပါသေးသည်။
၁၉၃၉ ခုနှစ်တုန်းက ကျနော် ဝင်ရောက်ကြည့်ဖူးသော ဟော်နန်းသည် မရှိတော့ပြီ။ တိုင်ငုတ် အချို့နှင့် အုတ်ခုံ အချို့သာ လွမ်းစရာ ကျန်ရစ်ခဲ့၏။
သီပေါ စော်ဘွားမှာ ရှေးဟောင်း ဗိသုကာ ပုံစံနှင့် ဆောက်ထားသော ဟော်နန်းအပြင် ခေတ်မီ ဗိသုကာ ပုံစံနှင့် ဆောက်ထားသော ဟော်တခုလည်း ရှိသည်။
ထိုခေတ်မီ ဟော်မှာ မပျက်မစီး ကျန်ရစ်နေသေးသည်။
ထိုဟော်ဝင်းထဲ ကျနော်တို့ ဝင်ကြသောအခါ တံခါးဝတွင် အစောင့်အိမ်တလုံးကို တွေ့ရသည်နှင့် ဂျစ်ကားကို ရပ်ပြီး ခွင့်တောင်းကြလေသည်။
အမယ်ကြီး တဦးသာ ရှိ၏။ အမယ်ကြီးက လွယ်ကူစွာပင် ခွင့်ပြုလိုက်လေသည်။ အမှန်မှာ ခွင့်မတောင်းဘဲ ဝင်လျှင်လည်း ထိုအမယ်ကြီးသည် ဘာမျှ ပြောမည့်ပုံ မပေါ်ပါ။
ခေတ်မီ ဟော် ဆိုသည်မှာ အင်္ဂလိပ် အစိုးရများ လက်ထက်က ခရိုင်မြို့များတွင် အင်္ဂလိပ် အရေးပိုင်များ နေရန် ဆောက်ထားသော အိမ်များနှင့် တပုံစံတည်း ဆောက်ထားသော တိုက်အိမ် တလုံးသာ ဖြစ်ပေသည်။ တိုက်နံရံတွင် နွယ်တက်နေသော နွယ်ပင်များ ရှိသေး၏။ မီးဖိုချောင် မီးခိုးခေါင်းတိုင်မှာမူ မီးခိုး မမြင်ခဲ့ရပါ။
အိမ်တွင်းမှာ လူများ ရှိနေကြောင်း သူတို့အချင်းချင်း ပြောနေကြသော စကားသံများက သက်သေခံလေသည်။ သို့သော် ကျနော်တို့က ကားသံပေးသော်လည်း တယောက်တလေမျှ ထွက်မကြည့်ကြချေ။ ထို့ကြောင့် ကျနော်တို့သည် လျှောက်ကြည့်ကာ ပြန်ထွက်လာခဲ့ကြလေသည်။
ကျနော့် စိတ်မျက်စိထဲမှာ ဒေါ်စောမြဧကြည် ပေါ်လာလေသည်။ အဆိုတော်နှင့် ဂီတ ပညာရှင် ဒေါ်စောမြဧကြည်။
ဒေါ်စောမြဧကြည်သည် (ပုဂ္ဂိုလ်ရေး အဖြစ်အပျက်များ အပထား၍) ရှမ်းစော်ဘွားတို့၏ ဂုဏ်ကျေးဇူး တရပ်ကို သရုပ်ပြနေပေသည်။
မြန်မာ ဘုရင် မင်းဆက် ပြုတ်သွားသောအခါ ထီးနန်းထဲတွင်သာ ရှင်သန်ကြီးပွားရသော မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့ အစဉ်အလာ၊ မြန်မာမှု အနုပညာများ၊ စာပေ၊ ဂီတ၊ ဇာတ်သဘင် စသည်များ ပျောက်ကွယ်မတတ် ဖြစ်ရလေသည်။
သီပေါ စော်ဘွား အစရှိသော ရှမ်းစော်ဘွား အချို့သည် ထိုမြန်မာမှု အနုပညာများနှင့် မြန်မာ့ ယဉ်ကျေးမှုများကို ဟော်နန်းထဲတွင် ထိန်းသိမ်းထားခဲ့ပေသည်။
စော်ဘွားကြီး အချို့သည် မြန်မာ ဘုရင်များ အစဉ်အလာ အတိုင်း တတ်နိုင်သမျှ နေထိုင်ကြသည်။
ဥပမာ – ဂီတသံဖြင့် အိပ်စက်ခြင်း၊ နိုးခြင်း၊ ထွက်စည် ဝင်စည် တီးခြင်း၊ ဟော်တွင် ပွဲကြည့်ဆောင် ထားခြင်း၊ မြန်မာစာကို ရုံးသုံးပြုခြင်း။
ဒေါ်စောမြဧကြည်ကို လွမ်းဆွတ် အောက်မေ့မိသည်နှင့် အမျှ ရှမ်းစော်ဘွားတို့၏ ဂုဏ်ကျေးဇူးကို ကျနော် သတိရမိလေသည်။ ။
(သတင်းစာဆရာ၊ စာရေးဆရာကြီး သိန်းဖေမြင့် ရေးသားခဲ့သည့် ဤဆောင်းပါးကို အလိမ္မာ စာပေက ၁၉၇၃ ခုနှစ် မတ်လတွင် ထုတ်ဝေသော “အရှေ့မြောက်တိုင်းတခွင်” စာအုပ်မှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၇၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် အသက် ၆၃ နှစ် အရွယ်တွင် ကွယ်လွန် သွားခဲ့ပါသည်။)
မှတ်ချက်။ ။ “ကွန်လုံ” ကို ယခုအခါ “ကွမ်းလုံ” ဟု ခေါ်ဝေါ်သုံးစွဲနေပါသည်။ စာရေးဆရာကြီး သိန်းဖေမြင့်သည် ကွမ်းလုံ၊ သီပေါနှင့် လာရှိုးမြို့များ အပါအဝင် ရှမ်းပြည် အရှေ့မြောက်ပိုင်း ဒေသသို့ ၁၉၇၂ ခုနှစ်ကုန်ပိုင်းက ရုပ်ရှင် မင်းသားကြီး ထွန်းဝေ၊ ဆရာဝန် စာရေးဆရာ ကမ္ဘောဇ ခင်လှိုင်၊ မြန်မာစာ ကထိကနှင့် စာရေးဆရာ ဖိုးကျော်မြင့်တို့နှင့် အတူ သွားရောက်ခဲ့သည့် ခရီးစဉ် မှတ်တမ်းအား “အရှေ့မြောက်တိုင်းတခွင်” အမည်ဖြင့် စာအုပ် ပြန်လည် ရေးသားထားခြင်း ဖြစ်ပါသည်။