ဂီတ မိခင်ကြီး ဟူသော ဘွဲ့မှာ ထိုက်ထိုက်တန်တန် ရရှိခြင်းသာ ဖြစ်ပါသည်။
ဂီတ နယ်ပယ်မှ သားမြေးများက ကြည်ညိုလေးစားစွာ ထိုဘွဲ့ကို ပေးထားကြသည်။
ဒေါ်စောမြဧကြည် ၁၃၂၉ ခုနှစ်၊ တပို့တွဲ လဆန်း ၁၂ ရက် (၁၉၆၈ ခု၊ ဖေဖော်ဝါရီ ၁၀ ရက်) နေ့က ဘဝတပါး ပြောင်းသွားခဲ့ရှာပါပြီ။
အသက် ၇၆ နှစ်သာ နေသွားရသော်လည်း သူ့အကြောင်း မှတ်တမ်းတင်ရလျှင် ကျမ်းတစောင်နှင့် ပြီးမည် မဟုတ်ပါ။ သူ့ဘဝကား အနိမ့်အမြင့် အတက်အဆင်းလည်း ရှိခဲ့သည်။
သူဆည်းပူး စုဆောင်းထားသော အနုပညာ ရတနာများကား တသမတ်တည်း ထွန်းပြောင်ခဲ့ရာ ရာဇပလ္လင်၊ မြေနန်း၊ ဟော်သစ်ကြီးတို့၌ မျက်နှာသစ်တော် ရေကျနရည်း၊ အိပ်ဖန်တော်စောင့် နရည်းသံများဖြင့် ကြည်နူးခဲ့ရသော ပဒေသရာဇ် တို့ ဘဝကိုလည်း သူကြုံတွေ့ခံစားခဲ့ရဖူးသည်။
ထိုဘဝနှင့် လုံးဝခြားနားသော လှိုင်းဂယက် နိမ့်တုံမြင့်တုံကိုလည်း သူ စီးနင်း လိုက်ပါခဲ့ဖူးသည်။ ရွှေထီးဆောင်း ဘဝကို ပြန်လည် တမ်းတနေရန် မဟုတ်သော်လည်း သူ၏ ဘဝမှန်ကိုကား ချန်လှပ်ထား၍ မဖြစ်ပါ။
ကျမမှာ ဒေါ်စောမြဧကြည်ကို ၁၄ နှစ် သမီး ဟိုက်စကူး ကျောင်းသူ ဘဝကပင် သိခဲ့ပါသည်။
ကျောင်းပိတ်၍ မိဘရပ်ထံ မိုးမိတ်သို့ မပြန်ဘဲ သီပေါဟော်သို့ ပြန်သည့် အခါတိုင်း ဒေါ်ဒေါ်၏ စောင်းသံကို ကြားရသည်။
စောဘွားကြီး စောအုံကြာ၏ ညီမတော် စောအုံးညွန့် (ယခင် ဆာဂျင်ရယ်ကယ်လီက ဘီးလပ်တွင် ဘီးဆံထုံး၊ ထမသိမ်းနှင့် ဘေးစောင်း ပန်းချီဆွဲ ခံဖူးသူ) အား စောင်းတီး သင်ပေးသည့်အခါ စောအုံးညွန့်က ဒေါ်ဒေါ်ကို ဦးချ၍ စောင်းကို ကန်တော့ ပြီးမှ ရင်မှာ ပိုက်ပြီး တီးသည်။
“ရင်ရင် ကြီးလာရင် သင်ပေးမယ်” ဟု ပြောခဲ့သော်လည်း ကျမကား ကြာပင်အောက်က ဖားသတ္တဝါသာ ဖြစ်သည်။ ကြာပန်းနှင့် နီးပါလျက် ဝတ်ဆံ မသောက်သုံးခဲ့ရ။
ကျမ လက်ထပ်စဉ်ကလည်း ဒေါ်ဒေါ်တို့ သီပေါ တီးဝိုင်းက လာပြီးချီးမြှင့်ခဲ့ပါသည်။ စောင်းဒေါ်မြသွင်ပါ ပါလာခဲ့သည်။ ရန်ကုန်မှာလည်း စန္ဒရား သင်ပေးဖူးသည်။
သို့သော် ဒေါ်ဒါ်၏ ပညာအမွေကို များများစားစား မခံစားခဲ့ရပါ။ သူနှင့် အနီးကပ်ဆုံး နေခဲ့ရဖူးသူသာ ဖြစ်သည်။

သီပေါ ဟော်တွင် စောဘွားကြီး စောအုံကြာ၊ မဟာဒေဝီ စောသုနန္ဒာ နှင့် ညီမသားချင်းများက ဒေါ်ဒေါ်ကို မိထွေး တော်စပ်စေကာမူ “အစ်မ” ဟုပဲ ခေါ်ကြရသည်။
ရသေ့မယ်ဘုရား၊ ကွပ်လုံမယ်ဘုရား စသော လူကြီးပိုင်းကမူ “မြဧကြည်” ဟု ခေါ်ကြပါသည်။
ဒေါ်စောမြဧကြည်နှင့် အတူ သီချင်းကြီး သီချင်းခံ သီဆို သင်ကြားဖော် ဖြစ်သည့် စော်ဘွားကတော် စောရွှေမြူလည်း ထိုစဉ်က ရှိသေးသည်။ စောမြဂွမ်းကိုကား ကျမ မမှတ်မိပါ။
စောင်းတော်တီး ဟော်နန်းသူ ဖြစ်ကြောင်းသာ သိရသည်။
သီပေါ ဟော်မှ ဂျပန်ဆံတောက် တိုလေးတွေ ညှပ်ထားသော အပျိုတော်လေးများအား ဒေါ်စောမြဧကြည်က ယိမ်းတွေ သင်ပေးပြီး တပြည်လုံးအနှံ့ လှည့်လည် ကပြခဲ့ပါသည်။
အဆင့်အတန်း မြင့်၍ အလွန် လူကြီုက်များခဲ့သည်။
တချို့ ရှမ်းမလေးတွေမှာ မြန်မာစကား မတတ်သဖြင့် ရှမ်းစကားနှင့် ယိမ်းသင်ပေးရာ အတော် စိတ်ဝင်စားဖို့ ကောင်းသည်။ ရယ်လည်း ရယ်ရသည်။
ဒေါ်ဒေါ်သည် အဆိုအတီးသာ မက ကကြိုးတွေပါ တတ်ကြောင်းကို ထိုစဉ်ကပင် သိခဲ့ပါသည်။ ဗုံတိုယိမ်း၊ ပင့်ကူယိမ်း များကို မြင်ယောင်မိပါသေး၏။
ဗုံတိုယိမ်းမှာ မြန်မာဆန်သလောက် ပင့်ကူယိမ်းမှာ ဘင်သံတွေပါ ထည့်ထားသည်။ အပျိုတော်လေးတွေမှာ ဘာမျှ မလုပ်ရ၊ အကပဲ သင်ရသည်။
စစ်ပြီး ရန်ကုန် ပုဇွန်တောင် ဈေးအနီးတွင် ရွှေမောင်း ဦးလေးသန်းကြီး တို့နှင့် အတူနေစဉ်ကလည်း အခန်းကကျဉ်း လူကစုံနှင့် တပည့်တွေ တရုန်းရုန်း နေ့စဉ် စုမိကြသည်။
ဒီးဒုတ် တိုက်တွင် နေစဉ်ကလည်း ထို့အတူပင်။
ရင်ရင်နု၊ တင်တင်မြ၊ မခင်မြင့်၊ ခင်မေကြည်၊ ခင်ဝင်းရွှေ၊ ဒဂုန်ခင်၊ ဦးထွန်းရှိန်၊ ကိုဌေးအောင်၊ ဒေါ်မြသွင်၊ ကိုစိမ်းမောင်၊ ကိုဘသန်းတို့နှင့် ဟိုအိမ် သည်အိမ် ဆိုတီး စားပြန် လှည့်ပြီး တီးမှုတ်ကြနှင့် ဒေါ်မေစီတို့၊ ခင်ထားမြင့်တို့လည်း အိမ်ထောင် မကျသေး။ ကိုထွန်းရွှေ၊ ကိုသိန်းဆောင်၊ ကိုသိန်းဟန်၊ တင်တင်အောင်လေးတို့မှာ ချာတိတ်အရွယ်မျှသာ။
ဒေါ်စောမြဧကြည်၏ အလုပ်လုပ်ရန် လျှောက်လွှာကို ကျမက စာစီပြီး ရေးပေးရသည်။
ရွေးချယ်ရေး အဖွဲ့က “နက်ဖြန် လာပြီး စစ်ဆေးသူများ ရှေ့တွင် သီချင်း ဆိုပြရမည်” ဟု စာထဲပါ၏။ ဒေါ်ဒေါ်က သူ့ပညာကို လူသိပြီး ဖြစ်၍ ဆိုမပြနိုင်ဟု ပြောကာ ထိုအလုပ်ကို စွန့်လိုက်သည်။
ဒေါ်ဒေါ်၏ ဆုံးဖြတ်ချက်မှာ မှန်ကန်၍ အားလုံးက သူ့သတ္တိကို ချီးကျူးခဲ့ကြသည်။ ဒီအတိုင်း ဖြစ်ရပေမပေါ့။
ဒေါ်စောမြဧကြည်သည် သမည ဂီတပညာရှင် တဦး မဟုတ်ပါ။ သူ့မှာ ထူးခြားသော အရည်အချင်းတွေ ရှိသည်။ မိဘ မျိုးရိုးကိုပဲ ကြည့်ကြည့်၊ စိတ်နေသဘောထားကိုပဲ လေ့လာလေ့လာ၊ ပညာဂုဏ်ကိုလည်း မှတ်ကျောက် အမျိုးမျိုးနှင့် စံထိုး ကြည့်နိုင်ပါသည်။
မိဘများမှာ သီပေါမင်း လက်ထက် ဗြဲတိုက်တော် သံတော်ဆင့် ဦးမောင်မောင်တင် နှင့် စောလှထိပ်ခေါင်တင် မင်းသမီး၏ ဘဏ္ဍာစိုး ဒေါ်ခင်ဖွားတို့ ဖြစ်ကြသည်။
၁၂၅၃ ခုနှစ်တွင် ဖွားမြင်၍ ငယ်မည်မှာ ခင်စိန်ကြည် ဖြစ်၏။ အဘွားမှာ ဆွေတော်အုပ် မင်းသားကြီး၏ သမီး ထိပ်တင်ရွှေ ဖြစ်သည်။
၁၂ နှစ် သမီး အရွယ်ကပင် အဆို၊ အက၊ အတီး ဝါသနာပါ၍ မဓုသဒ္ဒ ရွှေတောင် ဘွဲ့ခံ ဦးလူကြီးထံတွင် မိဘများက အဆိုပညာ သင်ကြားစေခဲ့သည်။
ဘုရင်ပါတော်မူပြီးနောက် မန္တလေး နန်းတွင်းမှ ပညာသည် ၁၀၀ ကျော်ကို ပုခန်းမင်းကြီး ကတော်ကြီး၊ ဝက်မစွပ် ဝန်ထောက်မင်း၊ လှေသင်း အတွင်းဝန်မင်း၊ ရွှေလှံမြို့ဝန် စသော ပုဂ္ဂိုလ်များက ဂီတပညာကို မြတ်နိုးလှသော သီပေါ၊ ကုန်းဘောင်၊ စခန်းသာ၊ ကျောက်မဲ လေးမြို့အရှင် စော်ဘွားကြီး ဆာစောချယ် ထံ စောင့်ရှောက် ကြည့်ရှုထားပါရန် မေတ္တာ ရပ်ခံသဖြင့် သီပေါ ဟော်တွင် ပညာရှင်များ ခိုလှုံ စုစည်းမိကြရာ ရာမ ဇာတ်တော်သားများလည်း ပါဝင်ခဲ့ကြသည်။
လက်ဖက်ရည်တော်ကိုင် မောင်မောင်လုံး ခေါ် စောင်းဆရာကြီး ဒေဝဣန္ဒာ ဦးမောင်မောင်ကြီး၊ ဆိုင်းတော်တီး ငွေနှဲကြီး ဆယ်ဆယ် ခေါ် ဦးဆယ်၊ ဝဲဘက် အဆိုတော် ဦးလူကြီး၊ ဆိုင်းတော်တီး ဦးအုန်းပွင့်၊ စောင်း ဗုဒ္ဒေါ အမည်ရ ဦးဖူးခေါင်၏ တပည့်ရင်း ဆရာခန့်၊ ရှေး ပြွေ (ပလွေ) ဆရာကြီး ကွမ်းရည်တော်ကိုင် မောင်မောင်ဘ၊ ဘဒ္ဒဣန္ဒာ ဦးပေါအိ၊ တပယ်မင်းသား ၏ ကိုယ်လုပ်တော် တပယ်ခင်ဥ နှင့် တပယ်ခင်သစ်၊ ပန်းဆက်ခင်လေး၊ ဒေါ်ယင်းတော်၊ ဒေါ်ဆင်ခိုး တို့မှာ စော်ဘွားကြီး အပါးတော်၌ အနုပညာဖြင့် အမှုထမ်းခဲ့ကြလေသည်။
ဒေါ်စောမြဧကြည်မှာ ၁၃ နှစ် အရွယ်ကပင် သီပေါသို့ ရောက်ခဲ့ရာ ၎င်း၏ ဝါသနာအရ ဂီတ ပညာရှင်ကြီးများထံ စော်ဘွားကြီးထံ အပ်နှံ၍ ပညာများ သင်ယူ ဆည်းပူးစေခဲ့သည်။
အရွယ်ရောက်သည့် အခါ နှစ်သက် မြတ်နိုးစွာ ကောက်ယူ သိမ်းပိုက်၍ စောမြဧကြည် မှတဆင့် စောဥက္ကာ ဟု လည်းကောင်း၊ နန်းတက်ပွဲတွင် သီရိဥက္ကဌ်ဝတီ ဟူ၍ လည်းကောင်း ကြင်ယာတော် အဖြစ် မြှောက်စားခြင်း ခံခဲ့ရသည်။
ဒေါ်စောမြဧကြည်သည် အသက် ၂၀ နှစ် အရွယ်တွင် ရတု၊ ဘောလယ်၊ တေးထပ်၊ ပတ်ပျိုးများ ရေးစပ်ခဲ့သည်။
စောင်းပညာကို မရောထွေးသော ဒေဝဣန္ဒာ၏မူ၊ ဦးဖူးခေါင်၏မူ စသဖြင့် ခွဲခြားပြီး တီးပြနိုင်သော မှတ်ဉာဏ်ရှိသည်။ အကပညာကိုလည်း ရာမ ဆရာမောင်၊ လက္ခဏ ဆရာပေါ်တို့ ထံ၌ သင်ကြားခဲ့သည်။
ထိုပညာရှင်များမှာ မင်းတုန်းမင်းနှင့် သီပေါ လက်ထက်က နန်းတွင်း ယိုးဒယားရာမ ပညာရှင်များဖြစ်ရာ ဒေါ်စောမြဧကြည် မှာ စနစ်တကျ တတ်မြောက်ခဲ့သည့် အတိုင်း သူ၏ “ဂီတ နှင့် အက” စာအုပ်တွင် မြန်မာအက အခြေပြကို ရေးသား ဖော်ပြနိုင်ခဲ့ပေသည်။
သူ၏ “မိုးဒေဝါ” “လမင်းသော်တာ” နှင့် “မိုးပစ္စုန်” ပတ်ပျိုးများမှာ နွဲ့နှောင်း သိမ်မွေ့လှပေသည်။
သူ့ခံစားချက်ကလေးများကို ကရုဏာ ရသ မြောက်အောင် နူးညံ့သော အဖွဲ့အနွဲ့၊ လှပသော အကွက်အလှည့် ကလေးများဖြင့် မွမ်းမံထားသည် ဖြစ်ရာ စောနော်နော် ခေါ် ဘဏ္ဍာ သခင်မ နှင့် အခြား ကြင်ယာတော်များထက် ပိုပြီး မျက်နှာ ပွင့်သည်။ ပိုပြီး မြှောက်စား ယုယခြင်း ခံရသည်။
စောမြဂွမ်းနှင့် အတူ အိပ်မပျော်သော ညတညတွင် လေသာဆောင် ထွက်ပြီး ညချင်းပေါင်း ပတ်ပျိုးကို စပ်ဆို ဖွဲ့နွဲ့ပြီးခဲ့ကြောင်း စိတ်ဝင်စားဖွယ်ရာ သူ့စာအုပ်တွင် ဖတ်ကြရပါသည်။
ဒေါ်စောမြဧကြည်နှင့်အတူ အဆိုပညာ၊ စောင်းပညာများကို သီပေါဟော်၌ သင်ကြား တတ်မြောက်ခဲ့သော စော်ဘွား ကတော် စောမြဂွမ်း အကြောင်းကိုလည်း ချန်လှပ်ထား၍ သင့်မည် မဟုတ်ပါ။ သို့သော် စောမြဂွမ်းကို မြန်မာပြည်က အများအားဖြင့် မသိကြ။
စောရွှေမြူလည်း ဤသို့ပင် ဖြစ်ပါသည်။ မှတ်မပါသေး၏။ စောရွှေမြူမှာ မျက်စိလေး ခပ်စွေစွေနှင့် တမျိုး ချစ်ဖို့ ကောင်းသည်။
အဆိုပညာကို နန်းတွင်း အဆိုတော် မဓုသဒ္ဒ ရွှေတောင် ကျော်စွာ ဦးလူကြီးထံ၌ သင်ကြား၍ စောင်းပညာကိုမူ ဘုရင့် လက်ထက်ကို မီလိုက်သော စောင်းဆရာကြီး ဆရာသိန်း ထံ၌ သင်ယူခဲ့သည်။
ဆရာသိန်းမှာ ဒေဝဣန္ဒာ ကဲ့သို့ နန်းသုံး မဟုတ်စေကာမူ ထူးချွန်သူ ဖြစ်သည်။ ဆရာသိန်း၏ သမီး ဒေါ်သူဇာ သည်လည်း စောင်းပညာကို ဖြန့်ဖြူး သင်ကြားပေးခဲ့ရာ မန္တလေးမှ စောင်းဆရာမကြီးမေ ခေါ် ဦးမောင်မောင်ဒွေး၏ ဇနီးသည်လည်း ဒေါ်သူဇာ၏ တပည့် ဖြစ်ပြီး နာမည်ကျော် ဆရာမကြီးဟု ထင်ရှားခဲ့သည်။
ဒေါ်စောမြဧကြည် တို့နှင့်လည်း အမြဲ ဆက်သွယ်မှု ရှိခဲ့သည်။ ဝတ်လုံတော်ရမင်း ဦးမောင်မောင်ဒွေးကလည်း စောင်းတီးကွက် အတိုင်း ဂီတာနှင့် လိုက်တီးသဖြင့် အလွန်သာယာ နာပျော်ဖွယ် ရှိသည်။
ဒေါ်စောမြဧကြည်တို့ တခါတခါ ဤလူသိုက် တွေ့ဆုံမိကြလျှင် မမောနိုင်၊ မပန်းနိုင် ဂီတရေယာဉ်ကျောမှာ မျောကြရသည်။
ဒေါ်စောမြဧကြည်သည် စစ်မဖြစ်မီက တူရိယာ ဂီတသင် ကျောင်းတွင် အဆိုဆရာမ အဖြစ် လည်းကောင်း၊ ၁၉၄၈ ခုနှစ်တွင် ရေဒီယိုမှ ဂီတသင်တန်းများ ပို့ချ၍ လည်းကောင်း၊ ၁၉၅၂ ခုနှစ်တွင် အလင်္ကာကျော်စွာ ဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။

၁၉၅၄-၁၉၅၇ ခုတွင် ကံဘဲ့ ဆရာအတတ်သင် သိပ္ပံကျောင်း၌ သုခုမ နည်းပြဆရာမ အဖြစ် လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် အနုပညာဆိုင်ရာ ဂုဏ်ထူးဆောင် ဘီအေ ဘွဲ့ကို လည်းကောင်း ပေးအပ်ခြင်း ခံရသည်။
၁၉၅၂ ခုနှစ်၌ ပန်တျာမူမှန် အဖွဲ့ဝင် တဦးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၁၉၆၂ တွင် သမိုင်းကော်မရှင် ဂီတ သုတေသနမှူး အဖြစ် ပါဝင် အမှုထမ်းခဲ့ပြီး သီချင်းကြီး စိစစ်ရေး ဘုတ်အဖွဲ့ဝင် လူကြီး တာဝန်ကိုလည်း ယူခဲ့သေးသည်။
တူရိယာဂီတ အဖွဲ့ချုပ်၏ ဥက္ကဌ တာဝန် ပေးအပ်ခြင်းလည်း ခံခဲ့ရသည်။
စိတ်နေသဘောထား အားဖြင့်လည်း တကယ့် ရေပြည့်အိုးကြီး ဖြစ်၍ တပည့်သားမြေးများက ကြည်ညိုလေးစား၍ မဆုံးကြ။ တပည့်များပေါ်တွင် ဆရာစား ချန်ထားလေ့မရှိ။
ကျမတို့ကဲ့သို့ သင်လက်ကလေးတွေ အပေါ်မှာပင် အကွက်စုံပြပေးချင်သော ဆန္ဒရှိသည်။ အပိုဒ်ခွဲတွေ ပြတတ်လွန်း၍ ခင်ပွန်းသည် ဦးလေးတင် (ရကန်ဦးတင်) နှင့် ငြင်းခုန်ရသည်မှာလည်း ခဏခဏပင်၊ တပည့်တွေက အမေမောနေမှာ စိုးလို့ ကျနော်တို့ သွားသင်ပေးပါ့မယ် ဆိုသည့်တိုင်အောင် သူကိုယ်တိုင် လာသင်ပေးရမှ ကျေနပ်သည်။
စေတနာအပြည့် ထားတတ်သည့် သဘောပင်။ သူ့ဆီလာသော တပည့်မှန်သမျှ ပညာမရလိုက်ဟု မရှိစေရ။
“ရင်ရင့်ကို ပတ်ပျိုး ကောင်းကောင်း တပုဒ် မိန်းမဆိုနှင့် တက်ပေးရဦးမယ်” ဟု ပြောရှာပါသည်။ ကျမကား ဗျာများသူ ဖြစ်၏။
ထိုစဉ်က သင်ပေးနေသော ဘဘကြီး ဆရာစိုးကို ကြောက်၍ ဒေါ်ဒေါ်ထံ သီချင်း သွားမတက်ခဲ့ရ။
ဒါနဲ့ပဲ ကြာပင်အောက်က ဖားဖြစ်ပြီး ဒေါ်ဒေါ်ထံမှ ပညာကို မယ်မယ်ရရ မရလိုက်ဘဲ ၁၃၂၉ ခုနှစ် တပို့တွဲ လဆန်း ၁၂ ရက် (၁၉၆၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်) နေ့တွင် ဒေါ်ဒေါ်ဆုံးပြီ ဟုသာ ဝမ်းနည်းပက်လက် ကြားရပါသည်။
ဈာပနမှာ ဝက်ဝက်ကွဲ စည်ကားပါ၏။ ခင်ပွန်းသည် ဦးလေးတင် (ရကန် ဦးတင်) ခမျာမှာ မျက်စိသူငယ်နှင့် ကျန်ရစ်ခဲ့ ရှာသည်။
ပြင်ဆင်ထားပုံကလည်း ခမ်းနားပါပေ၏။ အဆောင်း ရွှေထီး နှင့် ပါးစပ်၊ နား၊ နှာခေါင်း မျက်လုံးကို ရွှေချထားသော စော်ဘွားကတော် တယောက်၏ ဈာပနမှန်း သိသာအောင် ပြင်ဆင်ထားကြသည်။
ရွှေချထားသော ဒေါ်ဒေါ် နှုတ်ခမ်းလေးတွေကို မျက်ရည်ပြည့်လျှံသော အကြည့်နှင့် ပေါက်ပေါက်ကျလာသည် အထိ စိုက်၍ ကြည့်နေမိခဲ့သည်။
“အိုကြုံရမယ်ဗျာပါ” ကို ဤ ပါးစပ်ဖျားလေးက ဘယ်တော့မှ ထပ်ပြီး ကြားရမည် မဟုတ်ပါ။
သူ့လို စွယ်စုံ ပညာရှင်မျိုးကို ဘယ်မှာ သွားရှာ၍ တွေ့ပါမလဲ။ နောင်ကိုကော ပေါ်ထွက်လာပါဦးမလား…။ ။
(စာရေး ဆရာမကြီး စောမုံညင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေတိုက်က ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “မြန်မာအမျိုးသမီး” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၁ နှစ် ဒီဇင်ဘာလ ၁၁ ရက် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)