စာနယ်ဇင်း သမိုင်း (သို့မဟုတ်) လူ့အန္ဓ တို့ ရေးချင်ရာ ရေးသော စကားလိမ်တို့ ပြန့်ပွားရေး သမိုင်းကို ရည်စူးသည့် နယူးစီယန် (သို့မဟုတ် သတင်းပြတိုက်) ကို ဝါရှင်တန် တဖက်ကမ်း ပိုတိုမက် မြစ်ဘေးရှိ အာလင်တန်တွင် မကြာခင်က ဖွင့်လှစ်ခဲ့သည်။
စာနယ်ဇင်း ဆရာတွေ ပွဲတွင် တွေ့ရတတ်သည့် ထုံးစံအတိုင်း ဖွင့်ပွဲတွင် တံပိုး ခရာသံတွေ အုန်းအုန်းကျွက် ဆူညံနေသည်။
ဖရီးဒမ်း ဖိုရမ် ဟု ခေါ်သည့် အဖွဲ့က သတင်းပြတိုက်ကို ဒေါ်လာ သန်း ၅၀ ထည့်ဝင်သည်။ ပြလည်း ပြသည်။
သတင်းပြတိုက်ထဲသို့ ရောက်လျှင် တောက်ပ ပြောင်လက်သည့် အဆင့်မြင့် နည်းပညာ ပစ္စည်းများကို ဝင်မတိုက်မိအောင် မနည်း ရှောင်ရသည်။
ယင်းတို့မှာ ကွန်ပျူတာ ဖန်သားပြင်များ၊ မြင်ကွင်းကျယ် ရုပ်ရှင်ရုံများ၊ ၃၈ မီတာ အရှည်၊ ၃ ဒသမ ၂ မီတာ အမြင့်ရှိသည့် ဗီဒီယို နံရံကြီးတို့ ဖြစ်သည်။
သတင်းထောက်များက သတင်းပြတိုက်ကို သဘောကျသည်။ ဘတ်စ်ကားကြီးများဖြင့် လာကြည့်ကြသော ကျောင်းသား ကလေးများကလည်း သဘောကျကြသည်။
ထိုနေရာသည့် ကမ္ဘာလှည့် ခရီးလှည့် ခရီးသည် ထောက်ချောက်တခု မျှသာ မကပါ။ အမေရိကန် စာနယ်ဇင်း လောက၏ အသည်းနှလုံးတွင် ကိန်းဝပ်နေသော ကြောက်ဖွယ် မလုံခြုံမှု၏ သန်း ၅၀ တန် သက်သေ သာဓက တခုလည်း ဖြစ်ပါသည်။
မလုံခြုံမှုတဲ့လား…။
ထိုစကားကို ပြောလျှင် မည်သူကမျှ ယုံမည်မဟုတ်ပါ။
သို့ရာတွင် ဘုရားသခင်က အပျင်းပြေ အနေဖြင့် အောက်တန်းကျလှသော ချီကာဂို ဘေ့စ်ဘောလ် အသင်းများကို ဖန်တီးပြီးသည့် နောက်၌ သတင်းစာ ဆရာများသည် လုံခြုံမှု အကင်းမဲ့ဆုံးသော လူသား အစုတစု ဖြစ်ခဲ့ပါသည်။
ထိုစကားသည် အဓိပ္ပာယ် ကင်းမဲ့သယောင် ရှိသည့် အတွက် မည်သူမျှ ယုံကြည်မည် မထင်ပါ။ (ကျနော် ဝန်ခံပါသည်။)
အေဘီစီ ရုပ်သံလွှင့်ဌာန (အမေရိကန် အသံလွှင့် ကော်ပိုရေးရှင်း) ၏ သတင်းထောက် ပီတာဂျင်းနင်း၏ ဆံပင် ညှပ်ခသည် လစဉ် မော်တော်ကား အရစ်ကျ ဆပ်ငွေထက် များပါလျက် အဘယ်ကြောင့် မလုံခြုံဘူးဟု ပြောရမည်နည်း။
သူ့ လုပ်ဖော်ကိုင်ဖက် အမျိုးသမီး သတင်းထောက် ဒီယန်းဆောယား၏ ဆံပင် ပြင်ခသည် ပီတာဂျင်းနင်း၏ လစဉ် မော်တော်ကား အရစ်ကျ ဆပ်ငွေထက် များပါသေးသည်။
သို့တိုင် သူမသည်လည်း မလုံမလဲ ဖြစ်နေပါသည်။
လေယာဉ် ပျက်ကျရာသို့ သူ့ထက်ငါ အရင်ရောက်အောင် ပြေးပြိုင်လာကြပြီး ကျန်ရစ်သူတို့၏ မျက်နှာနားသို့ အသံသွင်း စက်များကို အတင်း ထိုးပေးကာ ဘယ်လိုခံစားသလဲဟု မေးကြသော သတင်းထောက်များ၊ ငမ်းငမ်းတက် ဖြစ်နေသော သတင်းစာများသည် အကယ်ပင် သူတို့ကိုယ်ကို သူတို့ မယုံကြည်၊ သံသယ ဖြစ်နေကြသူများလော။
အမဲလိုက် ခွေးလို အနံ့ခံကောင်းသော စီဘီအက်စ် ရုပ်မြင်သံကြားမှ မိုက်ဝေါလေ့စ် သည်လည်း ထိုအတိုင်းလော။
မှန်ပါသည်။ မှန်ပါသည်။ သူတို့အားလုံး ထိုအတိုင်းပင် ဖြစ်နေကြပါသည်။ ထိုသို့ ပြောခြင်းမှာ သနားအောင် ပြောခြင်း မဟုတ်ပါ။
သတင်းစာ ဆရာများတွင် ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှု ရှိသလို သည်းမခံနိုင်စရာ ကောင်းသော ဘဝင်မြင့်မှု၊ အထွတ်အမြတ် ထားမှုတို့လည်း ရှိပါသည်။
သင်သည် အခြားသူများနှင့် အတူတူ ဆိုလျှင် သတင်းစာ ဆရာများကို ထို့ကြောင့် မုန်းခြင်း ဖြစ်ပါလိမ့်သည်။
သို့ရာတွင် သတင်းလွှင့်ရန် အချက်ပြမီးက တလက်လက် ပြန်လာသည်နှင့် သတင်း ဖတ်သူ၏ မျက်လုံးသည် ပြူးကျယ်လာပါသည်။
မသေမပျောက် အဗျူးခံရသူက မဆီမဆိုင် လာမမေးဖို့ ပြောသည့်အခါတွင် မှတ်စုစာအုပ်ကို ကိုင်ထားသည့် သတင်း ထောက်၏ လက်သည် တုန်နေသည်ကို မြင်ရပါလိမ့်မည်။ နည်းနည်း အနီးကပ်၍ ကြည့်လိုက်လျှင် ရုပ်လုံးပေါ်သွား ပါသည်။
သတင်းစာ ဆရာ၏ မည်းမှောင်သော ဝိဉာဉ် အတွင်းဘက်၌ ကြောက်ဖွယ် သံသယ (ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှု) အသံ ကိန်းအောင်းနေပါသည်။
သည်အလုပ်ဟာ အရွယ်ရောက်ပြီးသား လူတယောက် အဖို့ အသက်မွေးမှု လုပ်ငန်းအနေနဲ့ အလွန် တိမ်တဲ့အလုပ်၊ မလျော်တဲ့ အလုပ်ဟု သူ့ဘာသာသူ ထင်နေပါသည်။
ဤတွင် အမေရိကန် သတင်းစာ ပညာသည် သူ့အလုပ်ကိုသူ တန်းတင်ဖို့ အတွက် ကြီးကြီးကျယ်ကျယ် ဟိတ်ဟန်တွေကို ပြလာပါသည်။
ဥပမာ အားဖြင့် သတင်းစာ သင်တန်းကျောင်းများသည် သတင်း အဖြစ်အပျက် ရေးခြင်း ဟူသည့် အတတ်ကို ၄ နှစ် သင်ပေးပါသည်။
အမှန်ကတော့ ဘွဲ့မရသေးသူ တော်တော်များများပင်လျှင် ထိုအတတ်ကို တပတ်လောက် သင်ရုံဖြင့် တတ်ပါသည်။
ဤတွင် သတင်းစာ ပညာသည် ပိုက်ပြင် ပိုက်ဆက်သည့် အလုပ်မျိုး မဟုတ်ဘဲ ရှေ့နေရှေ့ရပ်လို ဉာဏ်သုံးရသည့် သက်မွေးမှု လုပ်ငန်းဖြစ်သည် ဆိုသည့် ဒဏ္ဍာရီကြီးသည် သက်တမ်း ရှည်လာခဲ့ပါသည်။
သတင်းစာ ပညာ အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ခွဲခြမ်း စိတ်ဖြာကြည့်ဖို့ အတွက် ဖရီးဒမ်း ဖိုရမ်လို အမြတ်အစွန်း မရှာသည့် အဖွဲ့အစည်းကြီးတွေ ပေါ်လာကြပါသည်။ ထိုဌာနကြီးများ၌ မီဒီယာ ဆွေးနွေးပွဲများ နေ့တိုင်း ကျင်းပကြပါသည်။
သတင်းထောက် နှစ်ယောက်နှင့် သတင်းစာ ပညာ ပါမောက္ခ တယောက်တို့က ပရိသတ်ရှေ့ စင်မြင့်တွင် ထိုင်ပြီး –
“ကျွန်ုပ်တို့အား အမှိုက်သရိုက်များဟု ထင်ကြသည်။ အံ့သြစရာ မရှိပါ။ မီဒီယာများ အပေါ်တွင် အများပြည်သူက အယုံအကြည် ကင်းမဲ့ခြင်းနှင့် ပတ်သက်၍ သုံးသပ်ချက်များ” စသည့် ပြဿနာများကို ဆွေးနွေးကြပါသည်။
သုန်မှုန်စွာဖြင့် ထိုအဖွဲ့က လူထု၏ ဆန္ဒကို ကောက်ပါသည်။ ရလဒ်မှာ တခုတည်း ဖြစ်ပါသည်။
သတင်းထောက် ဆိုသည်မှာ နှိပ်စက် ညှဉ်းပန်းရေးစခန်း အစောင့်များနှင့် တူကြောင်း၊ သတင်းစာထဲတွင် ပါသမျှကို မည်သူမျှ မယုံကြောင်း စသည့် အဖြေများကို ရပါသည်။ ထုံးစံအတိုင်းပင် အဖြေများကို ပို့ရပါသည်။
အခြားဖို့ မဟုတ်ပါ။ သတင်းစာတိုက်ဖို့ ဖြစ်ပါသည်။
ဤအဖြစ်တွင် စိတ်မကောင်း ဖြစ်နေသူမှာ ကျနော် တယောက်တည်းသာလော…။
ဖြစ်နိုင်ပါသည်။
နယူးစီယန် (သတင်းပြတိုက်) ထဲသို့ လျှောက်ကြည့်လျှင် သင်သည် စိတ်ထိခိုက်ခံမည် မဟုတ်သည့်ပြင် အံ့အား သင့်မိပါ လိမ့်မည်။
သတင်း ပြတိုက်ထဲတွင် မတ်တွိန်း၏ ပြောင်းဖူးအူတိုင် ဆေးတန်၊ ချားလ်ဒစ်ကင်း၏ ကလောင်တံ စသည်တို့ ရှိပါသည်။
ဂူတင်ဘတ် ပုံနှိပ်စက်ဖြင့် ရိုက်သည့် သမ္မာကျမ်းစာသည် လန်ဒန်ကို မီးလောင်ဗုံး ကြဲတုန်းက အသံလွှင့် သတင်းပို့ခဲ့သော အက်ဒွပ်မားရိုး၏ မိုက်ကရိုဖုန်း နှင့် မီတာ အနည်းငယ် အကွာတွင် ရှိပါသည်။
ဆိုလိုချက်က ရှင်းပါသည်။ ရှည်လျား၍ ဂုဏ်ယူဖွယ်ကောင်းသည့် သမိုင်းသည် သတင်းစာ ဆရာ၏ “အတတ်ပညာ” (သတင်းစာ ဆရာတို့က ထိုအတိုင်း ခေါ်လေ့ရှိသည်) ကို ဂုဏ်ပြု ချီးကျူးခဲ့ပါသည်။ မြှင့်တင်ခဲ့ပါသည်။ ကြီးမြတ်မှုဖြင့် အမွှမ်းတင်ပေးပါသည်။
သတင်းများကို ကြည့်လျှင် သတ်မှတ်ထားသည့် အချိန်ကလေး အတွင်း သတင်း တပုဒ်ကို ဘယ်လို ရေးရကြောင်း၊ သတင်းထောက် ဆိုသည်မှာ ပင်လယ် ကမ်းခြေသို့ သွား၍ ဇိမ်နှင့် နေရသူ မဟုတ်ကြောင်း၊ သင့်ကို မည်မျှ ကျေးဇူး တင်ကြောင်းကို ပြသပါလိမ့်မည်။
ထိုမျှနှင့်မျှ မလုံလောက်သေးလျှင် “ထင်မြင်ချက် စုဆောင်းရေး ဌာန” တခု ဖွင့်ကာ မီဒီယမ် ကင်မရာများဖြင့် ရှင်းအောင် ပြပါလိမ့်ဦးမည်။
ဤတွင် လာကြည့်သူက မိမိတို့အနေဖြင့် သတင်းစာ ဆရာများအား ဘယ်လောက် မုန်းကြောင်းကို သတင်းပြတိုက် ကြီးကြပ်သူ သတင်းစာ ဆရာများကို ပြောနိုင်ပါသည်။
ကျနော်၏ အနက် ဖွင့်ဆိုချက်သည် မှားကောင်း မှားပါလိမ့်မည်။
သတင်းစာ ပညာက မိမိ ပတ်ဝန်းကျင်တွင် ထပ်ဆောက်သည့် အပေါ်ယံ အဆောက်အအုံမှာ ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှု အထောက်အထား မဟုတ်ပါ။ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်မှု အထောက်အထား ဖြစ်ပါသည်။
သို့ရာတွင် ထိုနှစ်ခုသည် အတူတူ အလုပ်လုပ်နေကြပါသည်။
မိမိစားသုံးသူများအား သဘောပေါက် ယုံကြည်အောင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ရမည့် အသက် မွေးဝမ်းကျောင်း လုပ်ငန်း ရှိမည် မထင်ပါ။
တပတ်ရစ် မော်တော်ကား ပွဲစားများ၏ အဖွဲ့အား “ခရီးသွားပြီး မိုင်နှုန်းပြ မီတာ ကောင်းကြောင်း၊ ကျွန်ုပ်တို့ မည်မျှ ဝေးဝေး ပြေးနိုင်ကြောင်း” ကို ပရိသတ်အား ယုံကြည်အောင် ဆွေးနွေးပြသည့် ဖောင်ဒေးရှင်းမျိုး မရှိပါ။
ရာဇဝတ်မှု ရှေ့နေများက အနောက်မှ အလိုက်ခံရသော အထင်ရှားဆုံးသော သူနာပြုကားများကို ပြသမည့် ပြတိုက်မျိုး ဆောက်မည် မဟုတ်ပါ။
သတင်းစာ လုပ်ငန်းကို ပြောပါရစေ။
သတင်းပြတိုက် ခန်းဆောင်ထဲတွင် သတင်းစာများ၏ ဆောင်ပုဒ် ရာပေါင်းများစွာကို ချိတ်ဆွဲထားပါသည်။
ယင်းတို့အနက် တိုင်းမ် သတင်းစာမှ ဆောင်ပုဒ် တခုမှာ ထင်းနေပါသည်။
“အများက ကြိုက်၍ တချို့က ဆဲသော်လည်း အားလုံးတော့ ဖတ်ကြသည်”
ဆိုသည့် ဆောင်ပုဒ် ဖြစ်ပါသည်။
အလွန်ကောင်းပါသည်။ သတင်းစာ ဆရာများကလည်း ရယ်ကြပါသည်။ သို့ရာတွင် ယင်းမှာ ကြွားလုံးသာ ဖြစ်ပါသည်။
သတင်းစာ ဆရာများသည် ကျိန်ဆဲ မခံချင်ကြပါ။ သတင်းများကို ရေးပြီး အမှားများကို ဖော်ထုတ် ဖွင့်ချလိုကြပါသည်။
အရိပ်ထိုးနေသော ကမ္ဘာ့ထောင့်များကို အလင်းရောင် လာလိုကြပါသည်။ သို့ရာတွင် အများအားဖြင့် ချစ်ခင်နှစ်သက် ခံလိုကြပါသည်။
မိုက်ဝေါလေ့စ် ပင်လျှင် ထိုအတိုင်း ဖြစ်ချင်ပါသည်။ ။
ရည်ညွှန်း – Time May 26, 1997.
(စာရေးဆရာကြီး မြသန်းတင့် မြန်မာပြန် ရေးသားသည့် ဤ ရသစာတမ်း (Literary Essay) ကို ချမ်းမြေ့ ရတနာ စာအုပ်တိုက်က ၂၀၀၅ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “ခရမ်းလွန် နွေဦး၌ ဗျစ်ဆိုင်များ ကွယ်လွန်ခြင်း နှင့် သမိုင်း ပုံရိပ် အက်ဆေးများ ဒုတိယ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)