သာမန် မျက်စိ ကောင်းသူများသည် စာဖတ်သောအခါ စာအုပ်နှင့်မျက်စိ ဆယ့်သုံးလက်မခန့် ခွာ၍ ဖတ်သင့်သည်ဟု ကျနော် မှတ်သားခဲ့ဖူးပါသည်။ ဆယ့်သုံးလက်မထက် ပို၍ နီးလာလျှင် ဝါး၍ ဝါး၍ လာတတ်ပါသည်။
ကျနော်တို့သည် ဝေးလွန်း၍ မမြင်ရခြင်းကိုကား သတိပြုမိကြသည် ဖြစ်၏။ နီးလွန်း၍ မမြင်ရခြင်းလည်း ရှိပါသေးသည်။
ကျနော် တခါက အိန္ဒိယရုပ်ရှင်ကား တကားကို သွား၍ ကြည့်ခဲ့ဖူးပါသည်။ အိန္ဒိယရုပ်ရှင် မင်းသမီးချော မဒူဘာလာကို ကျနော် အလွန်ချစ်သည်။
ရုပ်ရှင်ကြည့်မည်ဟူသော အစီအစဉ်ဖြင့် သွား၍ ကြည့်ခြင်းမဟုတ်ပါ။ သွားရင်းဟန်လွဲ အသည်းစွဲ မဒူဘာလာ ပါဝင်သော ရုပ်ရှင်ကားကို အသင့်တွေ့နေသောကြောင့်သာ ဝင်ကြည့်ခြင်း ဖြစ်ပါသည်။
ရုပ်ရှင်ပြချိန်ကလည်း နီးလှပြီ။ တစ်ကျပ်ခွဲတန်း လက်မှတ်ကုန်ပြီ။ နှစ်ကျပ်တန်းမှ ဝင်ကြည့်လျှင်လည်း ကျနော့် အပြန် စရိတ် မကျန်နိုင်။ သုံးမတ်တန်းကပင် ဝင်ကြည့်သည်။ သုံးမတ်တန်းတွင်လည်း လူကြပ်သောကြောင့် ရှေ့ဆုံးတန်းတွင်သာ နေရာရတော့သည်။
လက်မှတ်ယူ၍ ရုံထဲဝင်ပြီး နေရာတကျ ထိုင်မိမှ မော့ကြည့်လိုက်သည်။ ကျနော့်ရှေ့တွင် ပိတ်ကား။ ပိတ်ကားရှေ့က ကပ်လျက် ကျနော်။
ရုပ်ရှင် စပြသောအခါ နီးကပ်လွန်းသောကြောင့် မော့ကြည့်နေရသည်။ လူက ပိတ်ကားထဲသို့ ဝင်ရောက်နေရဘိ သကဲ့သို့ ဖြစ်လေရာ မျက်စိ ချိန်သားကိုက်အောင် မနည်းအားထုတ် ကြိုးပမ်းနေရသည်။
သည်ကြားထဲတွင် ဓာတ်ပုံဆရာကလည်း မဒူဘာလာ၏ အလှကို ကြွားဝင့်လိုက်သည်။ မကြာခဏ အနီးကပ် ရိုက်ကူး ပြသ လေသောကြောင့် ပိတ်ကားတခုလုံးမှာ မရွှေချော၏ မျက်နှာကြီးဖြင့် ပြည့်နေလေ့ရှိသည်။
သီချင်းလေး တဟင့်ဟင့်ဆို၍ ပြုံးရွှင် ရယ်မောပြန်လျှင်လည်း သွားတချောင်း တချောင်း စကောငယ်လောက် ရှိသည်ကို မြင်ရပါသည်။ ရွှန်းစိုကြည်လဲ့သော မျက်လုံးအစုံမှာလည်း တလုံးနှင့်တလုံး ဆယ့်ငါးပေလောက် ကွာသည်။
ကျနော့်မှာ စီရရီဖွေးနေသော ဧရာမ သွားကြီးတွေကို ကြည့်လိုက်၊ ဟိုဘက်က မျက်လုံးကြည့်လိုက် ဒီဘက်က မျက်လုံးဆီ လှမ်းကြည့်လိုက်နှင့် မဇ္ဈိမတိုင်းသူ၏ အလှကို တောင်ကြည့်၊ မြောက်ကြည့်၊ ကျီးကန်း တောင်းမှောက် ခံစားနေရပါသည်။
မဒူဘာလာ၏ အလှကို အာရုံခံစားလိုသဖြင့် ရုပ်ရှင် ကြည့်မိပါသော်လည်း မျက်စိထဲသို့ အလှက မဝင်၊ အလှထဲသို့ မျက်စိက ဝင်နေသဖြင့် အလှကို မမြင်ရဘဲ ရှိခဲ့ပါတော့သည်။ ပိတ်ကားကလည်း နီးလွန်းလှသည်။ ရွှေမင်းသမီး၏ မျက်နှာ ကလည်း ကြီးလွန်းလှသည်။
ဝေးလွန်းမှသာ မမြင်ရသည် မဟုတ်။ သေးလွန်းမှသာ မမြင်ရသည် မဟုတ်။ နီးလွန်းလျှင်လည်း မမြင်သာ ဖြစ်တတ် ချေသည်။ ကြီးလွန်းလျှင်လည်း မမြင်သာ ဖြစ်တတ်ချေသည်။
လျှပ်စစ် ဓာတ်မီးကို စတင်တီထွင်ခဲ့သော အယ်ဒီဆင် ဆိုသူ အမေရိကန် သိပ္ပံပညာရှင်ကြီး ကွယ်လွန်သည့် နေ့တွင် နယူးယောက်မြို့ တမြို့လုံး ခေတ္တမှောင်ချ၍ ပညာရှင်ကြီးကို အလေးပြုခဲ့ကြသည်။
မှောင်မိုက်နေသော အခါတွင်မှ အလင်းရောင်၏ ကျေးဇူးကို ပိုမို ဆင်ခြင်မိနိုင်ဖွယ် ဖြစ်သည်။ ဤသို့သော မှောင်မိုက်ကို တိုက်ဖျက်ပေးခဲ့ရှာသည့် အယ်ဒီဆင်၏ ကျေးဇူးကား ကြီးပေစွဟု ဆင်ခြင်မိနိုင်ဖွယ်လည်း ဖြစ်သည်။
အမေရိကန် ပြည်သူပြည်သား တို့သာမက တကမ္ဘာလုံးရှိ လူအများကလည်း အမှောင်ခွင်း၍ အလင်းဆောင်ခဲ့သည့် ဤ သိပ္ပံ ပညာရှင်ကြီးကို ကျေးဇူး တင်ကြရကောင်းမှန်း သိပါသည်။
သို့သော်…
သို့သော် ကျနော်တို့သည် နေမင်း၏ကျေးဇူးကို ဘယ်နခါများ လေးလေးနက်နက် ဆင်ခြင်ဖူးပါသနည်း။
နေမင်း၏ အလင်းရောင်ကြောင့် ချစ်သူ၏မျက်နှာကို မြင်ကြရသည်။ သစ်ပင် သတ္တဝါတို့ အသက်ရှင်ကြရ၏။ လောကကြီး ရပ်တည် နေနိုင်ခဲ့ပေ၏။ နေမင်း၏ ကျေးဇူးကား ပြော၍မပြီး၊ ရေး၍ မကုန်အောင် ကြီးလှစွာ၏။
သို့သော်လည်း သူ၏ကျေးဇူးမှာ ကြီးလွန်းလှသည် ဖြစ်သောကြောင့် သူ့အကြောင်းကို အဆန်းလုပ်၍ ထွေထွေထူးထူး တွေးမနေကြတော့ပြီ။
ကျနော်တို့သည် ညဉ့်ကာလတွင် တဖျပ်ဖျပ် တောက်ပနေသော ကြယ်ပွင့်တို့၏ အလှကို မြင်မိကြသည်။ တရွှန်းလဲ့လဲ့ ဝင်းသော လမင်း၏ အေးငြိမ်းသော အလှကိုလည်း မြင်မိကြသည်။
သို့သော်လည်း ဂြိုဟ်ကြီး ကိုးလုံးတွင် အပါအဝင်ဖြစ်သည့် ကျနော်တို့ မှီတင်းနေထိုင်ရာ ဤကမာ္ဘမြေကြီး၏ အလှကို ဘယ်နှခါ မြင်ဖူးကြသနည်း။
နီးလွန်းသောကြောင့် မမြင်နိုင်ကြလေပြီ။
မကြာမီက တီထွင်လိုက်သော ဂြိုဟ်တုနှင့် လိုက်ပါ သွားကြသူတို့ကိုမူကား ဤကမာ္ဘမြေကြီး၏ အလှကို တအံ့တဩ တွေ့မြင်ခဲ့ကြရသည်ဟု ဆိုကြသည်။
အလှကိုမြင်နိုင်ရန် ခပ်ဝေးဝေးသို့ ခွာတန်လျှင် ခွာပေးရပြန်သည်။
ကျနော်တို့ မျက်စိများသာ မဟုတ်။ ကျနော်တို့၏ စိတ်များကလည်း နီးလွန်းလျှင် မမြင်၊ ကြီးလွန်းလျှင် မထင် ရှိတတ် သည်ဟု ကျနော်တွေးမိသည်။
တခါတရံ ငွေကြေး ကြပ်တည်းနေသောအခါ ငါးဆယ်မျိုး တစ်ရာမျိုးပေး ချေးငှားဖူးသော သူတို့၏ကျေးဇူးကို “သူ့ကျေးဇူး ရှိပေသည်”ဟု တသသဆင်ခြင် သတိရမိ တတ်ကြသော်လည်း တသက်လုံး ကျွေးမွေး စောင့်ရှောက်လာခဲ့သော မိဘ၏ ကျေးဇူးကို လေးလေးနက်နက် ဆင်ခြင်မိခဲလှသည်ဟု ကျနော်ထင်မိသည်။
မိမိအား တစုံတခုသော အသက်ဘေးမှ ကယ်တင်လိုက်သောသူကို အသက်သခင် ကျေးဇူးရှင်ဟု ထပ်တလဲလဲ ချီးမွမ်း သတိရလေ့ ရှိကြသော်လည်း၊ ထိုအသက်ကို စတင် ပေါ်ပေါက်စေ၍ ကျွေးမွေး စောင့်ရှောက်ခဲ့သော အမိ၏ ကျေးဇူးကို လှိုက်လှဲစွာ ဆင်ခြင်ရန် သတိရချင်မှ ရတတ်ပါသည်။
မဂ္ဂဇင်းတိုက် တခုတွင် မတော်တဆ ခဏကြုံတွေ့လိုက်စဉ် ကဗျာရေးနည်း ညွှန်ကြားလိုက်လေဖူးသော စာရေးဆရာကြီး တဦး၏ ကျေးဇူးကို မကြာခဏ ထုတ်ဖော် ပြောပြတတ်ပါသော်လည်း ကျောင်းစာသင်ခန်းတွင် မိမိအား နေ့စဉ် သင်ကြား ပို့ချနေသည့် ဆရာ၏ ကျေးဇူးကိုကား အမှတ်မထင် ဖြစ်နေတတ်ပါသည်။
ကျနော်သည် ရန်ကုန်က စာပေပညာရှင်ကြီး တဦးနှင့် ဆုံတွေ့ခဲ့ပါသည်။ ယခင်ကမူ ခြောက်လမှ တခါ တနှစ်မှ တခါ ဆိုသလိုသာ ဆုံတွေ့ခွင့်ရခဲ့သည်။
တွေ့ခွင့်ရသမျှသော အချိန်တွင်လည်း ထိုပုဂ္ဂိုလ်ကြီး၏ နှုတ်ဖျားမှ ယိုစီးကျလာသမျှ သြဝါဒများကို တလုံးမကျန် မှတ်သား နာယူလေ့ ရှိခဲ့သည်။
ထိုဩဝါဒများကြောင့်ပင် ကျနော်၏ အတွေးအကြံမှာလည်း တဖုံသစ်၍ တဖြစ်ပြောင်းခဲ့သည်ဟု ယုံကြည်မိခဲ့ပါသည်။ ထို့ကြောင့် ယင်းပညာရှင်ကြီး၏ ကျေးဇူးကို မကြာခဏ လှိုက်လှဲစွာ ဆင်ခြင်မိဖူးပါသည်။
ယခု ကျနော် ရန်ကုန် ရောက်လာသော အခါတွင်ကား ကျနော်၏ ကျေးဇူးရှင် ဆရာကြီးနှင့် နေ့စဉ်လိုလို တွေ့နေရသည်။ သူ့ဩဝါဒကိုလည်း မပြတ်ကြားနာ နေရသည်။ သူ့ကျေးဇူးမှာလည်း ပို၍ ပို၍ ကြီးလာပါတော့သည်။
သို့သော်…
သို့သော် ယခုလက်ရှိ ကျနော်၏စိတ်ကို သတိပြု ဆင်ခြင်ကြည့်သောအခါ ထိုပုဂ္ဂိုလ်ကြီးကို ကျေးဇူးတင်ပုံမှာ ပေါ့ဆဆ ဖြစ်လာ သကဲ့သို့ ထင်ရပါသည်။ ကျေးဇူးကိုကား ဆင်ခြင်မိပါ၏။
သို့သော်လည်း ယခင်ကကဲ့သို့ ရင်ထဲတွင် ရှိန်းလာလောက်အောင် ကျေးဇူးတင်ပုံမျိုး မဟုတ်တော့ပါ။
“ကြွေးများတော့ မပူ၊ သန်းထူတော့ မယား” ဆိုသော စကားကဲ့သို့ တစတစ ကျေးဇူး ကြီးလွန်းလာသောကြောင့် မမြင် သလိုလို ဖြစ်လာခြင်းပေလောဟု အထင်ရောက်မိပါသည်။
ထို့ကြောင့် နီးလွန်း ကြီးလွန်းသော သူ၏ ကျေးဇူးကို မျက်ခြည်မပြတ် ဆင်ခြင်မိပါလေအောင် အားထုတ်နေရပါသည်။
ထို့အတူ ဗုဒ္ဓမြတ်ရှင်၊ ခရစ်တော် စသော ပုဂ္ဂိုလ်မြတ်တို့၏ ကျေးဇူးတော်များကိုလည်း ကြီးလွန်း၍ မကွယ်လေအောင်၊ နီးလွန်း၍ မကွယ်လေအောင် အားထုတ်ရပါဦးမည်။
ကြီးလွန်းသောကြောင့်၊ နီးလွန်းသောကြောင့် မမြင်သာသည့် ကျေးဇူးများ ရှိတတ်သည်ကား မှန်ပေပြီ။ ကြီးလွန်း သောကြောင့်၊ နီးလွန်းသောကြောင့် မမြင်သာသော ဘေးအန္တရာယ်များကော မရှိနိုင်ဘူးလား။
ဝေးလွန်းမှ မမြင်သာသည် မဟုတ်။ သေးလွန်းမှ မမြင်သာသည် မဟုတ်။ နီးလွန်းလျှင်လည်း မမြင်သာပါတကား။ ကြီးလွန်းလျှင်လည်း မမြင်သာပါတကား။ ။
(စာရေးဆရာကြီး အောင်သင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စာပေလောက စာအုပ်တိုက်က ၁၉၉၇ ခုနှစ် သြဂုတ် လတွင် ထုတ်ဝေသော “ကံ့ကော်မြိုင်စာတန်း တတိယအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက် အသက် ၈၈ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)