ခွေးချစ်တဲ့ လူတွေဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ စိတ်မသက်မသာ ဖြစ်ကြရပါတယ်။
အဲဒီ လူတွေထဲမှာ ကျမလည်း ပါပါတယ်။
အာဏာရူးတွေကို ခွေးနဲ့ နှိုင်းတာဟာ တော်လှန်ရေး အဖွဲ့တွေ၊ စစ်ကောင်စီကို ဆန့်ကျင်တဲ့ သူတွေကြားမှာ “ယဉ်ကျေးမှု” လို ဖြစ်လာတာကို ဝမ်းနည်းစွာ တွေ့ရပါတယ်။
ကျမ မေးချင်တာကတော့ ခွေးနဲ့ သူတို့နဲ့ နှိုင်းစရာလား…ဆိုတာပါပဲ။
ကျမက Be kind to all animals ဆိုတာကို ယုံကြည်လက်ခံသလို ခွေး ဆိုတာ လူသားတွေရဲ့ မိတ်ဆွေ အစစ် ဆိုတာကိုလည်း ယုံကြည်တဲ့ သူပါ။
ကျမဆီမှာ ခွေးတွေ မွေးထားပါတယ်။
သူတို့ဟာ Man’s best friend ဆိုတာ တကယ်ပါပဲ။ သူတို့ဟာ အိမ်မွေး တိရစ္ဆာန် အဆင့်ထက် ပိုပါတယ်။
သူတို့ဟာ သခင်အပေါ်မှာ မိတ်ဆွေတွေ အပေါ်မှာ တကယ် Loyal ဖြစ်တဲ့ သူတွေပါ။ သစ္စာ ရှိသူတွေပါ။
ကျမ ခွေးမွေးတယ် ဆိုတာ အိမ်စောင့်ခိုင်းဖို့ မွေးတာ မဟုတ်ပါဘူး။ အဲဒီလောက် အထိ ကျမဟာ သေးသိမ်တဲ့သူ မဟုတ်ပါ။
ကျမရဲ့ ခွေးတွေဟာ ကျမရဲ့ အဖော် မိတ်ဆွေကောင်းတွေ ဖြစ်သလို သူတို့ဟာ မလိမ်တတ်၊ မညာတတ်၊ အတင်း မပြောတတ်ပါဘူး။
ဒါပေမယ့် ကျမရဲ့ အထီးကျန် ဆန်တဲ့ နေ့ရက်တွေ၊ ပျင်းစရာ ကောင်းတဲ့ အချိန်တွေ၊ စိတ်ဓာတ် ကျနေချိန်တွေမှာ သူတို့ ဘေးမှာ လာထိုင်ပေးတာ၊ နေပေးတာဟာ ခွန်အားတွေ ရစေပါတယ်။
ခွေးတွေက လူတွေကို ချစ်တတ်ပေမယ့် လူတိုင်းကတော့ ခွေးကို မချစ်တတ်ပါဘူး။ ခွေး မချစ်တတ်တဲ့ သူတွေကို ကျမက နည်းနည်းတော့ သံသယ ဖြစ်ရပါတယ်။
မြန်မာ့ တော်လှန်ရေးမှာ ခွေးနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှု စာတမ်းတောင် ဖတ်ဖို့ လိုလာပြီလို့ တခါတရံ အတွေးဘောင် ချဲ့မိပါတယ်။
မြန်မာ အများစုက ခွေးကို ဘယ်လိုမြင်သလဲ၊ ဘာကြောင့် မြန်မာ စစ်တပ်က လက်နက်ကိုင်တွေကို “စစ်ခွေး” (စခ) လို့ ခေါ်ရတာလဲ။
သူတို့ကို ခွေးနဲ့ အတူတူပဲလို့ သတ်မှတ်ပြီး နံနှိမ် ခေါ်တာပေါ့နော်…။
ဒါဆိုရင်တော့ ကျမ မြင်တာကတော့ ကမ္ဘာပေါ်မှာ ချစ်စရာ အကောင်းဆုံး ကျမတို့ရဲ့ မိတ်ဆွေလေးတွေကို စော်ကားတာပဲ လို့ တွေးမိပါတယ်။
သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တဲ့အပြင် နိုင်ငံခြားက လေ့လာ စူးစမ်းသူတွေ ကြားရင်၊ သိရင်တောင် ဒါဟာ ရင်ထဲမှာ မကောင်းစရာပါ လို့လည်း အတွေး ဆန့်မိပါရဲ့။
ကျမရဲ့ ခွေးလေးတွေက ကျမရဲ့ အဖော်တွေ၊ မိသားစုဝင်တွေ၊ သူတို့ရဲ့ အချစ်တွေကို ကျမတို့ကို လိုတာထက် ပိုပြီး ပေးနိုင်တဲ့ သူတွေပါ။ စိတ်ရှည် သည်းခံတဲ့ မိတ်ဆွေစစ်တွေပါ။
သူတို့ရဲ့ အချစ်ဟာ မယိမ်းမယိုင် တည်မြဲပြီး ကျမတို့ကို ချစ်နိုင်တဲ့၊ အလွန်ကို ချစ်စရာ ကောင်းတဲ့၊ ဘုရားက ဖန်ဆင်း ပေးထားတယ် လို့တောင် တင်စားခံရတဲ့ သူတွေပါ။
ဒီတော့ ဘာကြောင့်များ နေပြည်တော်က ပြိတ္တာတွေကို၊ လူ တဝက်၊ သရဲ တဝက်၊ အမြီး မထွက်သေးတဲ့ စစ်ဗိုလ်တွေကို ဒီလိုမျိုး ခွေးနဲ့ နှိုင်းတာကတော့ ခွေးတွေမှာ ရှိတဲ့၊ အားလုံး ချစ်ရတဲ့ တန်ဖိုးတွေ၊ “သိက္ခာ” တွေ ကျပါတယ်လို့ ကျမ ချစ်တဲ့ ခွေးလေးတွေ ဘက်က ခုခံပြောဆိုလိုက်ပါတယ်။
သူတို့သာ နားလည်ရင်လည်း UN ကို တက်ပြီး တိုင်ပါလိမ့်မယ်။
ခွေးများကို မစော်ကားပါနဲ့…။ ။