သည်းထန်စွာရွာချနေသည့် မိုးသံလေသံများနှင့်အတူ အိမ်အောက်ဘက် ဝက်အော်သံများကြောင့် ညသန်းခေါင် အချိန်မှာ လန့်နိုးလာသည့် မခင်ခင် (အမည်လွှဲ) တယောက် အခြေအနေကို ကြည့်ရန် ခြံထဲအဆင်း ရုတ်တရက် ရေထုအရှိန်နှင့် မျောပါသွားသည်။
“ကြောက်လန့်တကြား အော်ဟစ်တဲ့အသံကြောင့် အိမ်ကလူတွေ နိုးလာပြီး ခဲအိုကလိုက်ဆယ်လို့ သေကံ မရောက်ခဲ့တာ” ဟု မခင်ခင်က သူမ စက်တင်ဘာ ၁၁ ရက် ညသန်းခေါင်ကျော်က ကြုံခဲ့ရသည့် ဖြစ်ရပ်ကို ပြန်ပြောပြသည်။
အသက် ၂၇ နှစ်အရွယ် မခင်ခင်သည် ရမည်းသင်းမြို့နယ်ရှိ နာမည်ကျော် ရွှေလုပ်ကွက်များရှိရာ မိုးထိမိုးမိအနီး ရွှေမြင်တင်တောင်ခြေရှိ မြင်းနားရွာခံတဦးလည်း ဖြစ်သည်။
ရှေ့ရက်များက မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး ရေအနည်းငယ်တင်ကျန်နေသော်လည်း ယခုကဲ့သို့ ရွာလုံးကျွတ် ရေပြင်ကြီး ဖုံးလွှမ်းသွားသည့်အဖြစ်အပျက်မျိုး မခင်ခင်တို့တသက် မတွေးဖူး မကြုံဖူးခဲ့ပေ။
ရှေ့ရက်များက မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး ရေအနည်းငယ်တင်ကျန်နေသော်လည်း ယခုကဲ့သို့ ရွာလုံးကျွတ် ရေပြင်ကြီး ဖုံးလွှမ်းသွားသည့်အဖြစ်အပျက်မျိုး မခင်ခင်တို့တသက် မတွေးဖူး မကြုံဖူးခဲ့ပေ။
နာရီပိုင်းတွင်းပင် မခင်ခင်တို့တသက်တာစုဆောင်းခဲ့သမျှ ပစ္စည်းတွေအားလုံး အိမ်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာသော တောင်ကျရေက သယ်ဆောင်သွားတော့သည်။ ယခုကား မခင်ခင်တို့ မိသားစု လေးယောက် အဖို့ အသက်မသေတာပင် ကံကောင်းဟု ဆိုရမလိုပင်ဖြစ်ပြီး စုဆောင်းခဲ့သမျှ ပစ္စည်းများအားလုံးမှာ ဗလာကျင်းခဲ့ပြီ ဖြစ်သည်။
“ကျမ အကူညီတွေ တောင်းပြီး ငိုရလို့ အသံတွေ ဝင်နေတယ်” ဟု သူမ ရေတက်စဉ်ကာလရော ယခု ရေပြန်ကျ သော်လည်း အသိမိတ်ဆွေများကို ကူညီကယ်ဆယ်ရေးများဆောင်ရွက်ပေးရန် အကူညီတောင်းခံရပုံကို ပြန်ပြောပြသည်။
မခင်ခင်တို့ မိသားစုမှာ ယနေ့အချိန်အထိ ပြန်လည်ထူထောင်ရေး အကူအညီမရရှိသေးဘဲ အလှူရှင်များ လာရောက်လှူဒါန်းသည့် ထမင်းထုပ်ဖြင့် တနေ့စာတနေ့ ဖြတ်သန်းနေရသည်။
ရှာခဲ့ဖွေခဲ့သမျှမှာ ရေနောက်ပါသွားပြီး အိမ်မှာ အခွံသာကျန်ခဲ့သည်မို့ စားစရာ ဆန်မရှိတော့သလို ချက်ပြုတ်စရာ အိုးခွက် ပန်းကန်များနှင့် ဇွန်းပင် ရှိမနေတော့။
အိမ်မှထွက်ပြီး အကူအညီတောင်းရန်လည်း ပိုင်ဆိုင်သည့် ဆိုင်ကယ်လေး တောင်ကျရေက သယ်သွားပြီမို့ သွားစရာမရှိ။ မိုးမရွာခင်က လာရောက်ဝယ်ယူသော်လည်း ဈေးနည်းသည်ဟုဆိုကာ မရောင်းလိုက်ရသည့် ၈ သိန်း တန် ဝက်ထီးတကောင်မှာ တောင်ကျရေနှင့် ပါသွား၍ ဝင်ငွေ နတ္ထိ။
တရွာထဲနေ ဆွေမျိုးသားချင်းများထံ အကူအညီတောင်းရန်မှာလည်း အိမ်အလုံးလိုက် ရေထဲမျောသူကမျောနှင့် မြင်းနားရွာ တရွာလုံး ရေဘေးအတိဒုက္ခကိုယ်စီဖြင့် သူ့မကယ်နိုင် ကိုယ့်မကယ်နိုင် ရွာလုံးကျွတ် ဒုက္ခသည်များ အဖြစ် နေ့ချင်းညချင်း ရောက်ရှိသွားတော့သည်။
အိမ်ခြေ ၄၀၀ ခန့်ရှိသည့် မြင်းနားရွာမှာ တောင်ကျရေနှင့်အတူ အိမ်တိုင်ကျွတ်ကာ အိမ်အလုံးလိုက် ပါဝင်သွား သည့်အိမ်ခြေမှာ ၁၀ အိမ်ခန့်ရှိပြီး ထိခိုက်ပျက်စီးသွားသည့် အိမ်များလည်း ရှိသည်။ အိမ်ထဲတွင်နွံများ တင်ကျန် နေရစ်ခဲ့ပြီး အိမ်တိုင်းနီးပါး အိမ်အသုံးဆောင်ပစ္စည်းအားလုံး ရေထဲမျောပါသွားပြီ ဖြစ်သည်။
ယခုအချိန် မခင်ခင် အရေးပေါ်လိုအပ်နေသည်မှာ သိပ်တော့ များများစားစား မဟုတ်။
“အများကြီးတော့ မလိုပါဘူး။ စောင်၊ ခြင်ထောင်၊ ထမင်းဟင်းချက်စားဖို့ ဒန်အိုးခွက်တချို့၊ ပန်းကန် ၂ ချပ်၊ ဇွန်း ၂ ချောင်းလောက်ပဲ ရချင်တယ်။ ဖြစ်နေတဲ့နေရာတွေကများတော့ အလှူရှင်တွေကိုလည်း အားနာပါတယ်။ ဘဝရှေ့ရေးကတော့ ကိုယ်ရည်မှန်းထားတာတွေ မရှိတော့ဘူးပေါ့“
“အများကြီးတော့ မလိုပါဘူး။ စောင်၊ ခြင်ထောင်၊ ထမင်းဟင်းချက်စားဖို့ ဒန်အိုးခွက်တချို့၊ ပန်းကန် ၂ ချပ်၊ ဇွန်း ၂ ချောင်းလောက်ပဲ ရချင်တယ်။ ဖြစ်နေတဲ့နေရာတွေကများတော့ အလှူရှင်တွေကိုလည်း အားနာပါတယ်။ ဘဝရှေ့ရေးကတော့ ကိုယ်ရည်မှန်းထားတာတွေ မရှိတော့ဘူးပေါ့” ဟု သူမက ဆိုသည်။
နိုင်ငံတဝှမ်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည့်အနက် ရမည်းသင်းမြို့နယ် ရေကြီးနစ်မြုပ်မှုမှာလည်း အဆိုးဆုံး အခြေအနေထဲတွင် ပါဝင်ခဲ့သည်။ တောင်ကျရေကြောင့် မိုးထိမိုးမိဒေသ ရွှေမြင်တင်တောင်ကြောတလျှောက် တွင်ရှိ ကျေးရွာများမှ အိမ်ခြေအများစုမှာ တောင်ကျရေဖြင့် ပါသွားပြီး သေဆုံး/ ပျောက်ဆုံးနေသော လူဦးရေ စာရင်းကို ယနေ့ချိန်ထိ ကောက်ယူနိုင်ခြင်း မရှိသေးပေ။ တောင်ပြိုမြေပြိုနေမှုကြောင့် လမ်းပန်းဆက်သွယ်ရေး လည်း ခက်ခဲနေကာ တရွာနှင့်တရွာ သွားလာရန် အခက်အခဲများစွာ ရှိနေကြောင်း ဒေသခံအချို့က ဆိုသည်။
မြင်းနားရွာနှင့် အနည်းငယ်ဝေးပြီး တောင်ပေါ်အနီးတည်ရှိသည့် သပြေပင်ကျေးရွာသည်လည်း တောင်ကျရေ ကြောင့် မြေပြိုကာ လူနေအိမ်များ မြေဖုံးလွှမ်းမှု ဆိုးဆိုးရွားရွား ခံစားခဲ့ရသော်လည်း ငါးရက်ကြာသည်အထိ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။
ပုံမှန်အခြေအနေတွင် တရွာနှင့်တရွာ သွားလာနိုင်သော်လည်း ယခုအခါ လမ်းများပျက်နေ၍ သွားရောက်ရန် ခက်ခဲကြောင်း သပြေပင်ရွာသို့ သွားရောက်ကူညီကြသူများသည်လည်း ဒေသခံများနှင့် ချိတ်ဆက်ကာ သွားလာ နေရသဖြင့် ထင်သလောက် ခရီးမတွင်လှကြောင်း ကူညီနေသူများက ဆိုကြသည်။
လူရာချီ သေဆုံးမှုရှိနိုင်သည်ဟု ခန့်မှန်းပြောဆိုနေရသည့် မိုးထိမိုးမိဒေသ ကျေးရွာများမြေပြိုခဲ့မှုကို ယနေ့အချိန် ထိ ရှင်းလင်းဆောင်ရွက်နိုင်မှုမရှိသေးသဖြင့် လူမသိသူမသိ သေဆုံးသူများစွာ ရှိနိုင်ကြောင်း ဇာတိမွေးရပ်မြေ အတွက် စိတ်မကောင်းဖြစ်နေသည့် အသက် ၄၀ ကျော် အရွယ်အမျိုးသမီးတဦးက ပြောပြသည်။
“တောင်ပေါ်ကနေ မျောပါလာပြီးတော့ တောင်ခြေမှာ သေဆုံးနေကြတဲ့သူတွေအတွက်တောင် သဂြိုဟ် မပေးနိုင် သေးဘူး။ ပုပ်နံ့တွေ နံလွန်းလို့ဘယ်သူမှ မကပ်နိုင်ကြဘူး” ဟု ဆိုသည်။
လူမှုကယ်ဆယ်ရေး လာကြသူများက လယ်ကွင်းထဲ၌ သေဆုံးနေကြသူအချို့၏ ရုပ်အလောင်းကို ကောက်ယူ ပေးခဲ့မှုကြောင့် စက်တက်ဘာ ၁၅ ရက် ညနေတွင် ရွာသားများက မီးသဂြိုဟ်ပေးခဲ့နိုင်သော်လည်း ဆက်လက် ကောက်ယူရန် အလောင်းများ ကျန်နေသေးကြောင်း သူမက ဆက်ပြောသည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ရမည်းသင်း၊ သပြေပင်ရွာ မြေပြိုကျမှု ဖြစ်စဉ်ကြောင့် လူ ၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ တချို့ရှိကြောင်း၊ လူရာနှင့်ချီ သေဆုံးသည်ဆိုသည်မှာ သတင်းမှား သာဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်က ထုတ်ပြန် ပြောဆိုထားသည်။
သို့သော် ရွာခံများကမူ ထိုအရေအတွက်ထက် သေဆုံးသူပိုများနိုင်သည်ဟု ဆိုကြသည်။
မိုးကြီးသဖြင့် ရွာလုံးကျွတ် သဲဖုံးလွှမ်းသွားသည့်ဖြစ်စဉ်တခု လွန်ခဲ့သည့် ဆယ်နှစ်ကျော်က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း ရွှေလုပ်ကွက်အချို့၌ ဖြစ်ပွားခဲ့ဖူးကာ လူသေဆုံးမှုများရှိခဲ့ကြောင်း မြန်မာနိုင်ငံရှိ မြစ်ချောင်းအင်းအိုင်များနှင့် ပတ်သက်သည့် သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတဦးက ပြောသည်။
“နောင်လာမယ့် ရာသီချိန်တွေအတွက် ကြိုပြင်ဆင်မှ ဒီလို ဖြစ်ရပ်ဆိုးတွေ ရှောင်ရှားနိုင်မှာ။ မပြင်ဘူးဆိုရင်တော့ လူမှုအဖွဲ့အစည်းက သမင်မွေးရင်း ကျားစားရင်း အကုန် လုံးပါးပါးပြီး ဆင်းရဲတွင်းက မထွက်နိုင်အောင် ရှိပါလိမ့်မယ်”
“သတ္တုတူးဖော်ရေးလုပ်ကွက်တွေ မဆင်မခြင်လုပ်မှုကြောင့် အနီးကပ်ဒေသတွေ အန္တရာယ် ဘယ်လောက်ဆိုးတယ်ဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်နေကြရပြီ။ ဒီလို ဖြစ်ရပ်မျိုးကို ထိန်းချုပ်နိုင်ဖို့ အစီအစဉ်တွေ အများကြီး ချမှတ်ဖို့ လိုပါတယ်။ နောင်လာမယ့် ရာသီချိန်တွေအတွက် ကြိုပြင်ဆင်မှ ဒီလို ဖြစ်ရပ်ဆိုးတွေ ရှောင်ရှားနိုင်မှာ။ မပြင်ဘူးဆိုရင်တော့ လူမှုအဖွဲ့အစည်းက သမင်မွေးရင်း ကျားစားရင်း အကုန် လုံးပါးပါးပြီး ဆင်းရဲတွင်းက မထွက်နိုင်အောင် ရှိပါလိမ့်မယ်” ဟု သုံးသပ်ပြောဆိုသည်။
ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသတွင် မိုးရွာသဖြင့် တောင်ကျရေဆင်းလေ့ရှိသော်လည်း ယခုကြုံတွေ့ခဲ့ရ သည့် ဖြစ်စဉ်သည် အဆိုးရွားဆုံးအခြေအနေဖြစ်ကြောင်း ဒေသခံအမျိုးသားတဦးက ဆိုသည်။
ရာဂိမုန်တိုင်းအကြွင်းအကျန်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ဒေသတော်တော်များများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေချိန်စံချိန်သစ်တင်ခဲ့သည့်မြို့များအနက် ရမည်းသင်းမြို့လည်း ပါဝင်ခဲ့သည်။
၂၀၁၂ ခုနှစ် စက်တင်ဘာ ၅ ရက်က ရမည်းသင်းမြို့တွင် စံချိန်တင်မိုးရွာသွန်းမှုသည် မိုးရေချိန် ၄ လက်မကျော် ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၁ ရက်က မိုးရွာသွန်းမှုသည် မိုးရေချိန် ၁၁ လက်မကျော်ဖြင့် စံချိန်အသစ် တင်ခဲ့သည်။
နှစ်ပေါင်း ၁၂ နှစ်အကြာတွင် မိုးရွာသွန်းမှုမှာ မိုးရေချိန်စံချိန်ဟောင်းထက် သုံးဆနီးပါးခန့် ပိုမိုရွာသွန်းခဲ့သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၏ သစ်တော ပြုန်းတီးမှုနှင့် သတ္တုသယံဇာတ အလွန်အကျွံတူးဖော်ထုတ်လုပ်မှုများကြောင့် ရာသီဥတုပြောင်းလဲမှု အကျိုးဆက်အဖြစ် သဘာဝဘေးဒဏ်ဖြစ်သည့် ရေကြီးမှုနှင့်မြေပြိုမှုကို အများဆုံး ခံစားရကြောင်း Insight Research Corner မှ သုတေသီ ဒေါက်တာ လွင်လွင်ဝေ က ဆိုသည်။
“ဒီလို သဘာဝဘေးဒဏ်တွေ ဖြစ်လာတာက သဘာဝပတ်ဝန်းကျင်အပေါ် ဝန်ထုပ်ဝန်ပိုးတွေ အဆမတန် ထမ်းခိုင်းလို့ပါပဲ” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
ဒေါက်တာ လွင်လွင်ဝေသည် အမျိုးသားဒီမိုကရေစီ အစိုးရ (NLD) အစိုးရလက်ထက်တွင် ရေကြီးမှုခန့်မှန်းသည့် သုတေသနစီမံကိန်းတခု၌ ပါဝင်ခဲ့သူတဦးလည်းဖြစ်ပြီး ယင်းစီမံကိန်းကို ရှေ့ပြေး စီမံချက်အနေဖြင့် စတင် လုပ်ဆောင်နေပြီဖြစ်သလို တနိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးမှုခန့်မှန်းမြေပုံများ၊ အပလီကေးရှင်းများ လူထုထံသို့ ရောက်ရှိရန်တို့လည်း ပါဝင်သည်။
စီမံကိန်းရည်ရွယ်ချက်အနေဖြင့် ချင်းတွင်းနှင့် ဧရာဝတီမြစ်ဝှမ်းရှိ မြို့ ၆ မြို့အတွက် ရေကြီးမှုနှင့် ထိခိုက်နစ်နာမှု ဆိုင်ရာ မြေပုံများရေးဆွဲရန်၊ ရေလွှမ်းမိုး သက်ရောက်မှု ဆန်းစစ်ချက်များရေးဆွဲရန်၊ ရေလွှမ်းမှုမြေပုံများ၊ သတိ ပေးချက်များ လုပ်ဆောင်ရန် အစရှိသည်တို့လည်း ပါဝင်ကြောင်း ဒေါက်တာ လွင်လွင်ဝေက ရေးသားဖြန့်ဝေ ထားသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက် ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင် ၂၀ ဦးခန့် ပါဝင်သည့် ထိုရေကြီးမှု ခန့်မှန်းချက် သုတေသနစီမံကိန်းမှာ ဖျက်သိမ်းခြင်း ခံလိုက်ရတော့သည်။
သို့သော် ၂၀၂၁ အာဏာသိမ်းပြီးနောက် ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင် ၂၀ ဦးခန့် ပါဝင်သည့် ထိုရေကြီးမှု ခန့်မှန်းချက် သုတေသနစီမံကိန်းမှာ ဖျက်သိမ်းခြင်း ခံလိုက်ရတော့သည်။
မန္တလေးတိုင်းအတွင်း ရမည်းသင်းမြို့နယ်ရှိ မိုးထိမိုးမိဒေသမှာ မြန်မာနိုင်ငံတွင် ရွှေထွက်အား အလွန် ကောင်း သော ရွှေသတ္တုတူးဖော်ရာ ဒေသတခုဖြစ်သည်။ ဧကသောင်းနှင့်ချီ ရွှေထုတ်လုပ်မှုရှိနေသော မိုးထိမိုးမိဒေသ တွင် ဧကခြောက်ထောင်ကျော် ရွှေတူးဖော်ခွင့်ကို ၂၀၁၁ ခုနှစ်က ရရှိထားသည့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် နိုင်ငံတော်သို့ ပေးဆောင်ရမည့် ရွှေကြွေးကျန်များကြောင့် ၂၀၁၈ ခုနှစ်က တရားစွဲဆိုခံရသည်။
အာဏာသိမ်းပြီးအချိန်တွင် အဆိုပါ လုပ်ကွက်ကို စစ်တပ်စီးပွားရေးလုပ်ငန်းစု မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) က လုပ်ပိုင်ခွင့် လွှဲပြောင်းရယူထားသည်။ ထို ရွှေလုပ်ငန်းခွင်များအနီး လုပ်သားများ စုစည်းနေထိုင်ရာမှ ရွာဖြစ်လာသည့် ရွာအသစ်များလည်းရှိပြီး ယခု ဆိုးဆိုးဝါးဝါးကြုံခဲ့ရသည့် သပြေပင်ရွာသည်လည်း ရွှေလုပ်သား အများစုနေထိုင်သော ရွာတရွာ ဖြစ်ကြောင်း သိရသည်။
မြင်းနားရွာ၊ သပြေပင်ရွာ၊ ချောင်းဖျား၊ ငါးတဲစုတင်မက ရမည်းသင်းမြို့နယ် မိုးထိမိုးမိလုပ်ကွက်များအနီး ကျန်ရွာများလည်း ရေဘေးဒဏ် ဆိုးဆိုးဝါးဝါးကြုံတွေ့ ခံစားရပြီး ရွာတချို့မှာ ရွာလုံးကျွတ် ရွံနွံတွေအောက် ရောက်သွားပြီ ဖြစ် သည်။
ယခုကဲ့သို့ ရေကြီးရေလျှံမှုကြောင့် တောင်ပြိုမြေပြိုမှု ဆိုးဆိုးဝါးဝါး ကြုံတွေ့ရခြင်းမှာ ရွှေလုပ်ကွက်များ အလွန်ကျွံ တူးဖော်မှုများကြောင့်ဟု ဒေသခံများနှင့် လေ့လာစောင့်ကြည့်သူတချို့က ဆိုကြသည်။
ယခုအချိန်တွင် ရွှေထွက်အားကောင်းသည့် မိုးထိမိုးမိဒေသအတွင်း မြေပြို၊ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးခဲ့သည့် အခြေခံ အဆောက်အအုံများ၊ အသက်ရှင်ကျန်ရစ်သူဒေသခံ မိသားစုဝင်များ၏ ရပ်တည်နေထိုင်ရေးတို့အတွက် ထိရောက်သည့် ကူညီမှုများဖြင့် ပြန်လည် ထူထောင်ရေးဆောင်ရွက်ရန်မှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။
You may also like these stories:
ရမည်းသင်း ရေကြီးမြေပြိုမှု အလောင်း ၄၀ ကျော်တွေ့ ၁၀၀ ကျော် ပျောက်နေ
နိုင်ငံအနှံ့ ရေကြီးရေလျှံ ကုန်စည်ပို့ဆောင်ရေး ယာယီရပ်တန့်
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရေဘေးအကူအညီ တောင်းသတဲ့လား
မသေသင့်တဲ့နေရာတွေ သေကြတယ် (ရုပ်/သံ)