တံခွန်တိုင် ရွာအဝင် လမ်းဘေးတွင် ပင်စည်ထွားထွား၊ အမြစ်ပျဉ်း အခွေခွေနှင့် ရှိသော ညောင်ညိုပင်ကြီး တပင် ရှိလေသည်။
ထိုညောင်ညိုပင်ကြီး အောက်တွင် ခရီးသည်တို့ အပန်းဖြေ ထိုင်နားရန် အုတ်ခုံရှည် တလုံး တည်ရှိလေသည်။
အုတ်ခုံရှည်မှာ နောက်မှီ လက်တန်း အပြည့်အစုံနှင့် သက်သောင့်သက်သာ ထိုင်ချင်စဖွယ် ဖြစ်သည်။ အောက်ခြေကား အပိတ်ဖြစ်၍ အုတ်ဂူသဖွယ် လုပ်ထားပေသည်။
လွန်ခဲ့သည့် ၅ နှစ်ခန့်က ကျနော်သည် ဤအုတ်ခုံပေါ်တွင် အချိန်အတန်ကြာအောင် အပန်းဖြေ ထိုင်နားဖူးလေသည်။
တံခွန်တိုင်ရွာသို့ အလုပ်ကိစ္စ အတွက် လာခဲ့ရာမှ ဝန်စည်စလယ်တို့ဖြင့် နောက်ကျန်နေရစ်ခဲ့သော အဖော်တို့ကို ရှေ့မှ သွားနှင့်သူ ကျနော်က ဤနေရာမှ အပန်းဖြေလျက် ထိုင်စောင့်ဖူးလေသည်။
ထိုအချိန်မှာ ညနေစောင်း အချိန် ဖြစ်သည်။ ကောင်းကင်မှာ တိမ်တောက်နေသည်။ စပါး ရိတ်ပြီးစ ဖြစ်သော လယ်ကွင်းပြင်မှာ တိမ်ရောင် သန်းနေသည်။
လေချိုအေးကလေးသည် ညင်းညံ့ညံ့ သွေးနေသည်။ လေအသွဲ့တွင် ညောင်ရွက်တို့ ယိမ်းနွဲ့သွားကြသည်။ ခပ်လှမ်းလှမ်း သရက်ပင် အုပ်ဆီမှ ချိုးကူသံသဲ့သဲ့ကို ကြားရလေသည်။
ဤနေရာတွင် ထိုင်လျက် မိခင် သဘာဝ အလှရင်ခွင်တွင် နားခိုရင်း အပန်းဖြေရသည်မှာ ကြည်နူးဖွယ် ကောင်းလှသည် တကား။
ထိုစဉ် မြေးအဘွား နှစ်ဦးတို့သည် အုတ်ခုံသို့ နားခိုလာကြသည်။ သူတို့သည် ကျနော့်ဘေးတွင် လာထိုင်ကြသည်။
အဘွားအိုမှာ အသက် ၆၀ ကျော် အရွယ်ခန့် ရှိပုံရသည်။ ဆံပင်ဖြူဖြူ၊ ပါးရေ အလိပ်လိပ်၊ ခါးကိုင်းကိုင်း၊ မျက်စိ သီဝေဝေနှင့်။ လည်တွင် အုန်းပုတီးကြီး ဆွဲလျက်။
မြေးမကလေးမျာမူ အသက် ၁၂ နှစ် ၁၃ နှစ် အရွယ် အပျိုဘော်ဝင်စကလေး ဖြစ်သည်။ အသားအရေ စိုစိုပြည်ပြည်၊ ဆံရစ်ဝိုင်းကလေးနှင့်။ ချစ်စရာ။ သူ့လက်တွင်ကား ဆွမ်းအုပ်နီနီကို ကိုင်ထားသည်။
သူတို့သည် မလှမ်းမကမ်းရှိ ရွာဖျား ဘုန်းတော်ကြီးကျောင်းမှ အပြန် ဤနေရာတွင် နားခိုလာခြင်း ဖြစ်ပေသည်။ အဘွားအိုက သူ၏ ကောင်းမှု အတွက် အမျှပေးဝေသဖြင့် ဤနေရာမှ ကျနော်သည် ကြည်နူးစွာ သာဓု ခေါ်ခဲ့ရသေးသည်။
ဤ အုတ်ခုံကား ဘုရားတရား မွေ့သူတို့ အပန်းဖြေရာ နေရာလည်း ဖြစ်သည်။ ကုသိုလ်ရှင်တို့ အမျှဝေရာ နေရာလည်း ဖြစ်သည်။
အတန်ကြာသောအခါ မြေးအဘွား နှစ်ဦးတို့သည် ကျနော့်ကို နှုတ်ဆက်ပြီးလျှင် တံခွန်တိုင် ရွာထဲသို့ တလှုပ်လှုပ် ဝင်သွားကြလေသည်။
ကျနော်ကား အဖော်တို့ကို စောင့်ဆဲပင်။
မကြာမီ သန်မာ ထွားကျိုင်းလှသော ယောက်ျားကြီး တယောက် ဤအုတ်ခုံသို့ ရောက်လာပြန်သည်။ သူ့တောင်းမှာ ဘူးသီး အပြည့်နှင့်။ အနီးအနားရှိ ရွာတရွာမှ ဘူးသီးများကို ယူဆောင်လာခြင်း ဖြစ်သည်။
သူ့မှာ အင်္ကျီ မပါ။ ပခုံးတွင် လုံချည် အပိုတခု ခြုံသိုင်းထားသည်။ တကိုယ်လုံး ချွေးတို့ ရွှဲလျက်။ အပြိုင်းပြိုင်းထနေသော ကြွက်သားတို့မှာ ပိုမို ပေါ်လွင်နေသည်။ သူသည် ကျနော့်ဘေး ခုံပေါ်တွင် တောင်းကိုချလျက် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
ထိုယောက်ျားကြီးသည် အပန်းဖြေပြီးနောက် ကျနော့်ကို နှုတ်ဆက်၍ ရွာထဲသို့ ထွက်ခွာသွားပြန်၏။
ကျနော်သည် အဖော်တို့ကို စောင့်ရင်း ဤအုတ်ခုံ ထားရှိခြင်း၏ ကျေးဇူးတရားကို တစိမ့်စိမ့် အောက်မေ့မိသည်။ ထိုမှ တဆင့် တက်၍ အုတ်ခုံ အလှူရှင်ကိုလည်း သတိရလာသည်။ သူ့ကောင်းမှုနှင့် သူ့စေတနာကို ချီးကျူးမိသည်။ လေးစား ကြည်ညိုမိသည်။
ဤသို့ လေးစား ကြည်ညိုရာမှလည်း အလှူရှင်ကို သိလိုသော ဆန္ဒတို့ ပေါ်လာသည်။ ဘယ်သူများပါလိမ့်။ သူချမ်းသာလော။ သူဆင်းရဲလော။ ယောက်ျားလော။ မိန်းမလော။
မြန်မာတို့သည် ကောင်းမှု ပြုရာတွင် ကမ္ပည်း ထိုးလေ့ရှိကြသည်။ ဘုရားတည်၊ ကျောင်းဆောက် စသော ကောင်းမှုကြီး တို့ကို မဆိုထားနှင့် ရေချမ်းစင်ကလေး တည်လျှင်ပင် ဝမ်းမြောက်ဝမ်းသာ ကမ္ပည်းတင်တတ်ကြသည်။
သည်အုတ်ခုံတွင်လည်း အလှူရှင့် အမည်ကို ကမ္ပည်း တင်ထားမည် မလွဲဟု တွေးမိသည်။ ထို့ကြောင့် အလှူရှင့် အမည်ကို အုတ်ခုံ ဘေးပတ်လည်တွင် ရှာကြည့်သည်။
အုတ်ခုံမှာ နှစ်ပရိစ္ဆေဒ ကြာမြင့်စွာ တည်ထားခြင်း ဖြစ်သဖြင့် လွန်စွာပင် ဟောင်းနွမ်းနေပြီ။ ရေညှိတို့ တက်လျက်။ အချို့နေရာတို့တွင် အင်္ဂတေများ ကွာ၍ပင် ကျနေပြီ။
ကျနော်သည် ရေညှိတို့ကို ပွတ်တိုက်လျက် သေချာစွာ ရှာဖွေကြည့်သည်။ အတန်ကြာသော အခါမှ အလှူရှင့်အမည်ကို မထင်မရှား တွေ့ရသည်။ တွေ့ရပြန်တော့လည်း အံ့သြမဆုံး ဖြစ်ရပြန်သည်။
အလှူရှင်ကား ကွယ်လွန်သူ ဦးရာကျော် ဆိုသူတည်း။ သည်အုတ်ခုံကား အုတ်ခုံသက်သက် မည်ကာမတ္တ မဟုတ်။ ဦးရာကျော်၏ အလောင်းကို မြှုပ်နှံရာ သင်္ချိုင်း ဂူပင်တည်း။
“ဦးရာကျော်
အသက် ၆၅ နှစ်
၁၂၇၀ ပြည့်နှစ်၊ တန်ဆောင်မုန်း လဆန်း ၁၀ ရက်နေ့တွင်
ကွယ်လွန် အနိစ္စရောက်သည်။”
ဟူသော ဟောင်းနွမ်း ပျက်စီးနေပြီ ဖြစ်သည့် ကမ္ပည်း စာသည် ကျနော့်ကို ညှို့ထားသကဲ့သို့ ရှိနေလေပြီ။
ဦးရာကျော် ကွယ်လွန်သောအခါ ကျန်ရစ်သူတို့သည် ဤနေရာတွင် လူအများ အပန်းဖြေ ထိုင်နားရန် နှိမ့်ချစွာဖြင့် အုတ်ခုံ တည်ကာ ဦးရာကျော် အတွက် ကောင်းမှု ပြုခြင်း ဖြစ်သည်။ စိတ်ကူး ကောင်းလေစွ။ စေတနာ ကြီးမားလေစွ။ အံ့သြ ချီးကျူးဖွယ် ကောင်းလေစွ။
မကြာမီ အဖော်တို့ ရောက်လာသဖြင့် ကျနော်သည် ဤ အုတ်ခုံမှ ဖဲခွာခဲ့ရသည်။ သို့ ဖဲခွာခဲ့ရငြားလည်း ဤထူးခြား မွန်မြတ် လှသော ကောင်းမှုကိုကား မကြာခဏပင် သတိရနေမိသည်။ သတိရတိုင်းလည်း ဝမ်းသာကြည်နူးခြင်း ဖြစ်မိလေသည်။
လူအများ အပန်းဖြေ ထိုင်နားရန် အတွက် သင်္ချိုင်းဂူကို အုတ်ခုံသဖွယ် ပြုသော ကောင်းမှုမျိုးမှာ တံခွန်တိုင် ရွာတရွာ၌သာ မဟုတ်။ အချို့သော မြန်မာ ရွာများ၊ မြို့ငယ်များ၌လည်း ရှိသည်ကို နောင်အခါ ထပ်မံမြင်တွေ့လာရသည်။
ယင်းသို့ မြင်တွေ့တိုင်းလည်း ကျနော်သည် ကြည်နူးခြင်း ဖြစ်ခဲ့ရပေသည်။ ။
(ကဗျာဆရာ၊ စာရေးဆရာကြီး မင်းယုဝေ ရေးသားခဲ့သည့် ဤ ရသစာတမ်းကို စာပေလောက စာအုပ်တိုက်က ၁၉၉၇ ခုနှစ် သြဂုတ် လတွင် ထုတ်ဝေသော “ကံ့ကော်မြိုင်စာတန်း တတိယအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၉ ရက် အသက် ၉၂ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)