စစ်ကောင်စီသည် ကရင်ပြည်၊ ရှမ်းပြည်မြောက်ပိုင်း၊ ကရင်နီ (ကယား) ပြည်နယ်နှင့် မန္တလေးတိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် ၎င်းတို့၏ တော်လှန်ရေးအင်အားစုများထံ ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်လည် သိမ်းပိုက်ရေးအတွက် အဓိကကျသည့် စစ်ဆင်ရေး သုံးခုကို လွန်ခဲ့သော ခြောက်လအတွင်း ပြုလုပ်ခဲ့သည်။
ထိုစစ်ဆင်ရေးများ တစုံတရာ တိုးတက်မှုရှိသည်ဆိုလျှင်ပင် အနည်းငယ်သာဖြစ်ကြောင်း သုတေသီများက ပြောသည်။
စစ်ကောင်စီသည် ကျယ်ပြန့်သောနယ်မြေများကို EAO များနှင့် ၎င်းတို့၏ မဟာမိတ်များထံ ဆုံးရှုံးခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သူသည် မြန်မာနိုင်ငံမြို့နယ် ၃၃၀ အနက် ၁၉၈ မြို့နယ်ကိုသာ ထိန်းချုပ်နိုင်တော့ကြောင်း ဝန်ခံသည်။
ထို့နောက် အောက်တိုဘာလ ၂၇ ရက်နေ့ ရောက်သောအခါ တိုင်းရင်းသားတပ်မတော် သုံးခု၏ မြောက်ပိုင်း ညီနောင်မဟာမိတ်များက ၁၀၂၇ စစ်ဆင်ရေးသည် တော်လှန်ရေးကို အကြီးအကျယ် အောင်မြင်သည်။ ထိုအချိန်မှစတင်ပြီး စစ်ကောင်စီသည် တိုင်းရင်းသား ပြည်နယ်များတွင် အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် မြို့ဒါဇင်ပေါင်းများစွာ ဆုံးရှုံးသည်။ ဇူလိုင်လတွင် မန္တလေးတိုင်းတွင်လည်း ဆုံးရှုံးသည်။
ဆုံးရှုံးနယ်မြေများကို ပြန်လည် သိမ်းပိုက်ရန် ကြိုးစားသည့်အနေဖြင့် စစ်ကောင်စီသည် စစ်ဆင်ရေး သုံးခု စတင်သည်။ သို့သော် တန်ပြန်ထိုးစစ် အားလုံးသည် အောင်မြင်မှုရရန် ရုန်းကန်နေရသည်။
စစ်ကောင်စီသည် စစ်တိုင်း ၁၄ တိုင်းအနက် လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဆုံးရှုံးသည်။ ထိုစစ်တိုင်းအားလုံးတွင် ၎င်းတို့ သီးခြားအမည်ဖြင့် စစ်ဆင်ရေးများရှိကြောင်း စစ်အာဏာသိမ်းမှုအပြီး စစ်တပ်မှ ဘက်ပြောင်းလာပြီး အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) ကို ပူးပေါင်းလာသည့် ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောသည်။
စစ်ကောင်စီသည် စစ်တိုင်း ၁၄ တိုင်းအနက် လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဆုံးရှုံးသည်။ ထိုစစ်တိုင်းအားလုံးတွင် ၎င်းတို့ သီးခြားအမည်ဖြင့် စစ်ဆင်ရေးများရှိကြောင်း စစ်အာဏာသိမ်းမှုအပြီး စစ်တပ်မှ ဘက်ပြောင်းလာပြီး အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) ကို ပူးပေါင်းလာသည့် ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောသည်။
ထိုစစ်တိုင်းများအတွင်းမှ စစ်ရေးလှုပ်ရှားမှုများ အားလုံးကို အသေးစိတ် ဂရုတစိုက် စီမံကာ စစ်ဆင်ရေးအမည် အတိအကျများအရ မှတ်တမ်းတင်ထားကြောင်း ၎င်းက ရှင်းပြသည်။
အောင်ဇေယျ စစ်ဆင်ရေး
ဧပြီလ ၁၁ ရက်နေ့တွင် စတင်သည့် စစ်ကောင်စီ၏ ပထမဆုံး တန်ပြန်ထိုးစစ် အောင်ဇေယျ စစ်ဆင်ရေးသည် အခြားနိုင်ငံတော်အဆင့် စစ်ဆင်ရေး နှစ်ခုနှင့် ကွဲပြားခြားနားပြီး စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ကြီးကြပ်သည်။ (ဤစာပိုဒ်တွင် စာရေးသူပြောလိုသည့် အောင်ဇေယျစစ်ဆင်ရေးနှင့် အခြားစစ်ဆင်ရေး နှစ်ခု ကွဲပြားခြားနားမှုမှာ (၁) အောင်ဇေယျ စစ်ဆင်ရေးကို နိုင်ငံတော်အဆင့် စစ်ဆင်ရေးဟု အမည်ပေးသည်။ (၂) စစ်ကောင်စီပိုင် ဝါဒဖြန့်ချိရေးလမ်းကြောင်းများနှင့် စစ်ကောင်စီထိန်းချုပ် သတင်းစာများက ထိုစစ်ဆင်ရေး အကြောင်း လူသိရှင်ကြားဖော်ပြသည်။ စစ်ကောင်စီသည် အခြားစစ်ဆင်ရေး နှစ်ခုအကြောင်း လူသိရှင်ကြား ဖော်ပြခြင်းမပြုဘဲ လျှို့ဝှက် စီစဉ်ကွပ်ကဲသည်။ ထိုအချက်သည် အခြားစစ်ဆင်ရေး နှစ်ခုနှင့် မတူပေ။)
သို့သော် ဗိုလ်ကြီးဟောင်း ဇင်ယော်နှင့် အခြားသုတေသီများက အောင်ဇေယျ စစ်ဆင်ရေးသည် မွန်နှင့် ကရင်ပြည်နယ်များ ပါဝင်သည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) အတွက်သာ ဖြစ်သည်ဟု ယူဆသည်။
အောင်ဇေယျ စစ်ဆင်ရေးသည် ထိုင်းနယ်စပ် မြဝတီကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ်ဖွဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ထံမှ ပြန်လည်သိမ်းယူရန် ရည်ရွယ်သည်။
အောင်ဇေယျသည် ၁၈ ရာစုတွင် ကုန်းဘောင်မင်းဆက်ကို ထူထောင်ခဲ့သည့် အလောင်းဘုရားဘုရင်၏ အခြားအမည်ဖြစ်သည်။ အောင်ဇေယျ တန်ပြန်ထိုးစစ်တွင် ကရင်တပ်များက အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကို ဝင်ရောက်စီးနင်းပြီးနောက် မြဝတီတွင် ကျန်ရစ်သည့် တပ်များကို တပ်ကူဖြည့်ရန် သံချပ်ကာယာဉ်များ၊ တင့်ကားများ၊ အမြောက်တပ်ကူများဖြင့် ဖွဲ့စည်းထားသည် စစ်သား ၁,၀၀၀ ခန့် ပါဝင်သည်။
သို့သော် ထိုတပ်ကူများသည် မြဝတီသို့သွားစဉ် ကရင်တိုင်းရင်းသားများနှင့် အခြားတော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်ခံရပြီး ဒေါနတောင်တန်းတွင် လအတန်ကြာ ရှေ့မဆက်နိုင် ဖြစ်နေသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ပြန်လည် ဆုတ်ခွာပြီး မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအသီးသီးသို့ ပျံ့နှံ့သွားသည်။
ဆင်ဖြူရှင် စစ်ဆင်ရေး
အောင်ဇေယျ စစ်ဆင်ရေး စတင်ပြီး လေးလကြာသောအခါ စစ်ကောင်စီသည် ဒုတိယ အဓိကကျသည့် တန်ပြန်ထိုးစစ်ကို စတင်သည်။ ဆင်ဖြူရှင် စစ်ဆင်ရေးသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့နှင့် ၎င်းတို့၏ မဟာမိတ်များထံ ဆုံးရှုံးသွားသည့် ရှမ်းပြည်မြောက်ပိုင်းမှ နယ်မြေများကို ပြန်လည်သိမ်းယူရန် ရည်ရွယ်သည်။
နေပြည်တော်ရှိ စစ်ကောင်စီဌာနချုပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ ဆင်ဖြူရှင် စစ်ဆင်ရေးသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အောက်မှ စစ်ရေးလှုပ်ရှားမှု အားလုံးနှင့် စစ်ဆင်ရေးများကို ပေးထားသည့် စစ်ဆင်ရေးသစ် ဖြစ်သည်ဟု သိရသည်။
နေပြည်တော်ရှိ စစ်ကောင်စီဌာနချုပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ ဆင်ဖြူရှင် စစ်ဆင်ရေးသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အောက်မှ စစ်ရေးလှုပ်ရှားမှု အားလုံးနှင့် စစ်ဆင်ရေးများကို ပေးထားသည့် စစ်ဆင်ရေးသစ် ဖြစ်သည်ဟု သိရသည်။
သို့သော် ထိုစစ်ဆင်ရေးကို သြဂုတ်လလယ်တွင် စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ဦးဆောင်သည့် ကော်မတီက စတင်သောအခါ ရှမ်းပြည်မြောက်ပိုင်း မြို့တော်လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုဆုံးရှုံးပြီးဖြစ်သည်။
ထိုစစ်ဆင်ရေးသည် လားရှိုးမြို့ အရှေ့တောင်ဘက် ၆၅ ကီလိုမီတာခန့်ရှိ မိုင်းရယ်သို့ ရွှေ့ပြောင်းထားသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သစ်၏ အမည်ဖြစ်လာသည်ဟု စစ်တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တခုက ပြောသည်။
ဆင်ဖြူရှင် စစ်ဆင်ရေး၏ ရည်မှန်းချက်မှာ ရှမ်းပြည်မြောက်ပိုင်းမှ ဆုံးရှုံးသွားသော မြို့များကိုသာမက မန္တလေးတိုင်းမှ မြို့များကိုလည်း ပြန်လည် သိမ်းပိုက်ရန် ဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။ သို့သော် အင်အားကုန်ခန်းနေသော စစ်တပ်သည် ၎င်းတို့ အစောပိုင်းက ဆုံးရှုံးထား၊ လက်နက်ချထားသည့် မြို့များနှင့် အခြေစိုက်စခန်းများကို ပြန်လည် သိမ်းယူရန် လိုအပ်သည့် ကြီးမားသော တန်ပြန်ထိုးစစ် လုပ်နိုင်၊ မလုပ်နိုင်ကို ၎င်းတို့ သံသယရှိကြသည်။
ဆင်ဖြူရှင် စစ်ဆင်ရေးသည် လက်ရှိအချိန်အထိ တိုးတက်မှုမရှိဘဲ အဓိကကျသည့် ဆုံးရှုံးမှုတခု ဖြစ်ပွားခဲ့သည်။ နောင်ချိုမြို့နယ်ရှိ တောင်ခမ်းနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ တိုက်ပွဲများတွင် ညီနောင်မဟာမိတ်အဖွဲ့မှ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်များ အပါအဝင် ၎င်း၏ မဟာမိတ်များသည် စစ်ကောင်စီစစ်သား ဒါဇင်ပေါင်းများစွာကို ထိခိုက်သေဆုံးစေပြီး နောက်ထပ် ဒါဇင်ပေါင်းများစွာကို ထွက်ပြေးစေခဲ့သည်။
ရန်နိုင်မင်း စစ်ဆင်ရေး
ရန်နိုင်မင်း စစ်ဆင်ရေးဟုခေါ်သည့် ယခုနောက်ဆုံး တန်ပြန်ထိုးစစ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကရင်နီပြည်နယ်မှ နယ်မြေများကို ပြန်လည်သိမ်းယူရန်နှင့် ကရင်နီနယ်စပ်အနီး ရှမ်းပြည်တောင်ပိုင်းမှ ပင်လောင်းနှင့် နောင်တရားမြို့နယ်များမှ ခံစစ်များ တောင့်တင်းစေရန် ရည်ရွယ်သည်ဟု သုတေသီများ၊ စစ်တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
ယခုလ ပထမပတ်တွင် မင်းအောင်လှိုင်သည် ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်သို့ သွားရောက်ပြီး ထိုဒေသ နှစ်ခုလုံးမှ အုပ်ချုပ်ရေး၊ စစ်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံသည်။
စက်တင်ဘာလ ၅ ရက်နေ့တွင် သူသည် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်ကျော်ခိုင် အပါအဝင် အဆင့်အမြင့်ဆုံး လက်ကျန်အရာရှိများနှင့် ဆွေးနွေးရန် ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်ရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ) သို့ သွားရောက်သည်။
လွိုင်ကော်ပတ်လည်ဒေသများ လုံခြုံရေးမြှင့်တင်ရန်နှင့် ကယားပြည်နယ်တခုလုံးကို ပြန်လည်သိမ်းပိုက်ရန် မင်းအောင်လှိုင် အမိန့်များ ထုတ်ပြန်သည်ဟု စစ်တပ်ဝါဒဖြန့်ရုပ်သံ မြဝတီက ဖော်ပြသည်။
လွိုင်ကော် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် အပါအဝင်ဖြစ်သော တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) အောက်မှ ထိုစစ်ဆင်ရေးကို “ရန်နိုင်မင်း စစ်ဆင်ရေး” ဟု မင်းအောင်လှိုင်က အမည်ပေးသည်။
ပဋိပက္ခသရုပ်ခွဲလေ့လာသူတဦး၏ အကဲဖြတ်ချက်အရ ရန်နိုင်မင်း စစ်ဆင်ရေးသည် ထိုကိစ္စအောင်မြင်ရေးအတွက် လိုအပ်သည့် အင်အားနှင့် လူအင်အားမရှိကြောင်း၊ ထိုအချက်ကို မည်သည့်တိုးတက်မှုမှ မရသည်က ပြသနေကြောင်း သိရသည်။
မင်းအောင်လှိုင် ပြန်သွားပြီးနောက် ၎င်းတို့ဒေသတွင် စစ်ကောင်စီ၏ ကြီးမားသောထိုးစစ် မတွေ့ရသေးကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အတွင်းရေးမှူး ခူးရီဒူးက ပြောသည်။
“ဒါပေမယ့် စစ်ကောင်စီက အရပ်သားနေရာကို လေကြောင်းက အဆက်မပြတ် တိုက်ခိုက်နေတယ်။ အခုလောလောဆယ် စစ်တပ်က လွိုင်ကော်မြို့တွင်း၊ မြို့ပြင်မှာ တပ်တွေချထားပြီး မြို့တော်ပတ်ဝန်းကျင်မှာ စခန်းချထားတဲ့ ကင်းစခန်းတွေလည်းရှိတယ်” ဟု ၎င်းကပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီသည် လွိုင်ကော်နှင့် ပတ်ဝန်းကျင်နေရာအချို့၊ တပ်ရင်းဌာနချုပ် အများအပြားရှိရာ ဘောလခဲမြို့နယ်တို့ကို ထိန်းချုပ်ထားဆဲဖြစ်သည်။
ထိုမြို့နယ် နှစ်ခုသည် စစ်ကောင်စီ အာဏာကျင့်သုံးနိုင်သည့် နောက်ဆုံးအမာခံ ဒေသများဖြစ်သည်။ ပြည်နယ်၏ ကျန်အစိတ်အပိုင်းများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်တပ်ကို တိုက်ခိုက်နေသည့် တော်လှန်ရေးအင်အားစုများ၏ တစိတ်တပိုင်းဖြစ်စေ၊ အပြည့်အဝဖြစ်စေ ထိန်းချုပ်မှုအောက်သို့ ရောက်နေသည်။
“ဖြစ်နိုင်ခြေကို ကျနော် အပြတ်မငြင်းပေမယ့် ပြည်နယ်တခုလုံးကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ဆိုတာ စစ်ကောင်စီအတွက် အရမ်းကို စိန်ခေါ်မှုကြီးမားတယ်” ဟု ကရင်နီပြည်နယ် ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ (KIEC) အတွင်းရေးမှူး ဗညားခွန်အောင်က ပြောသည်။
စစ်ကောင်စီသည် ပအိုဝ်းပြည်သူ့စစ်နှင့် ပူးပေါင်းပြီး ပင်လောင်းနှင့် နောင်တရားကို ထိန်းချုပ်မှု ခိုင်မာအောင် လုပ်နေကြောင်း ၎င်းကပြောသည်။
ထိုနေရာသည် စစ်ကောင်စီ ထိန်းချုပ်ကွပ်ကဲရေးဗဟိုနှင့် အုပ်ချုပ်ရေးမြို့တော် နေပြည်တော် အရှေ့ဘက် ၁၄၀ ကီလိုမီတာသာ ဝေးသောကြောင့် သေနင်္ဂဗျူဟာအရ အရေးပါသည်။
အင်အားချိနဲ့လာသော စစ်တပ်
စစ်ကောင်စီ၏ စစ်တပ်သည် အင်အားချိနဲ့နေကြောင်းနှင့် ဆုံးရှုံးပိုင်နက်ကို ပြန်လည်သိမ်းယူရန် ထိုးစစ်ဆင်ရမည့် လူအင်အားမရှိကြောင်း သုတေသီများက အကဲဖြတ်သည်။
“သေဆုံးစစ်သားနဲ့ တော်လှန်ရေးတပ်တွေ ဖမ်းမိတဲ့၊ လက်နက်ချတဲ့ စစ်သားအရေအတွက်ကြောင့် စစ်ကောင်စီမှာ တနိုင်ငံလုံး အဲဒီလို အဓိကထိုးစစ်ဆင်ဖို့ လိုအပ်တဲ့ အင်အားမရှိဘူး။ ဒါကြောင့် ပဋိပက္ခဒေသတွေကို မင်းအောင်လှိုင် သွားတာဟာ သူ့တပ်တွေကို အားပေးဖို့သာဖြစ်တယ်” ဟု ပဋိပက္ခလေ့လာသူ သုတေသီတဦးက ပြောသည်။
“သေဆုံးစစ်သားနဲ့ တော်လှန်ရေးတပ်တွေ ဖမ်းမိတဲ့၊ လက်နက်ချတဲ့ စစ်သားအရေအတွက်ကြောင့် စစ်ကောင်စီမှာ တနိုင်ငံလုံး အဲဒီလို အဓိကထိုးစစ်ဆင်ဖို့ လိုအပ်တဲ့ အင်အားမရှိဘူး။ ဒါကြောင့် ပဋိပက္ခဒေသတွေကို မင်းအောင်လှိုင် သွားတာဟာ သူ့တပ်တွေကို အားပေးဖို့သာဖြစ်တယ်” ဟု ပဋိပက္ခလေ့လာသူ သုတေသီတဦးက ပြောသည်။
စစ်ကောင်စီသည် ပျံ့ကြဲနေသည့် တပ်များစုစည်းပြီး ခံစစ်အနေအထားသို့ ပြောင်းနေကာ စစ်သားသစ်များသည် ထိရောက်မှု မရှိကြောင်း ၎င်းကမှတ်ချက်ချသည်။
စစ်ကောင်စီခေါင်းဆောင်သည် စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ပြီး ကြောက်စရာကောင်းသည့် စစ်ဆင်ရေးအမည်များဖြင့် အရပ်သားများနှင့် တော်လှန်ရေးအင်အားစုများကို ခြောက်လှန့်ရန် ကြိုးစားနေကြောင်းလည်း ၎င်းကပြောသည်။
“အခုသူက EAO တွေနဲ့ တခြား တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နေရာတွေကို ဗုံးကြဲတဲ့နည်းနဲ့ ဒေသခံပြည်သူတွေအကြားမှာ အကြောက်တရား ဖန်တီးနေတယ်” ဟုလည်း အထက်ပါသုတေသီက ပြောသည်။
တိုက်ခိုက်ရေးတပ်များ ကုန်ခန်းလာသောကြောင်း စစ်ကောင်စီသည် ထောက်ပို့တပ်၊ ဆက်သွယ်ရေးတပ်များမှ စစ်သားများကို မသန်စွမ်း စစ်သားများ၊ ဆေးရုံတက်စစ်သားများ၊ စစ်သားသစ်များနှင့် ရောနှောသုံးနေရသည်။
“ဒါပေမယ့် သူတို့အားလုံးကို တိုက်ခိုက်ရေးသမားတွေအဖြစ် မသုံးနိုင်ဘူး။ အားလုံးကို ချက်ချင်းရှေ့တန်းကို ပို့လို့မရဘူး” ဟု ၎င်းကပြောသည်။
မရေရာမှုကြီးစိုးနေ
စက်တင်ဘာလ ၃ ရက်နေ့က ရှမ်းပြည်မြို့တော် တောင်ကြီးမှ အုပ်ချုပ်ရေးအရာရှိများနှင့် အစည်းအဝေးတခုတွင် စစ်ကောင်စီခေါင်းဆောင်က သတိပေးချက်တခု ထုတ်ပြန်သည်။ အာဏာပိုင်များနှင့် အရပ်သားများသည် တော်လှန်ရေးအုပ်စုများက မြို့များနှင့်ရွာများကို ထိန်းချုပ်ခြင်း၊ အုပ်ချုပ်ရေးနှင့် အရပ်ဘက်အဆောက်အအုံများတွင် ခိုလှုံရန်ကြိုးစားခြင်းကို တားဆီးရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
လက်နက်ကိုင်တော်လှန်ရေး အုပ်စုများသည် တန်ပြန်တိုက်ခိုက်မှုများမှ အကာအကွယ်ရရန် အရပ်သားအဆောက်အအုံများကို ထိန်းချုပ်ထားသည်ဟု မင်းအောင်လှိုင်က စွပ်စွဲသည်။
ထိုသတိပေးချက် ထွက်လာပြီးနောက် စစ်တပ်သည် EAO များနှင့် ၎င်းတို့၏ မဟာမိတ်တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် အရပ်သားနေရာများကို လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်သည်။
လွန်ခဲ့သောအပတ် စက်တင်ဘာလ ၁၅ ရက်နေ့နောက်ပိုင်း ချင်း၊ ရှမ်း၊ ကရင်နီပြည်နယ်များနှင့် မကွေး၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းများမှ အရပ်သားပစ်မှတ်များကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် အရပ်သား ဒါဇင်ပေါင်းများစွာ သေဆုံးသည်။
“မင်းအောင်လှိုင်က တောင်ကြီးနဲ့လွိုင်ကော်ကို သွားတုန်းက ဆုံးရှုံးနယ်မြေတွေ ပြန်သိမ်းဖို့ ရည်ရွယ်ချက်ကို လူသိရှင်ကြား ကြေညာတယ်။ ဒါပေမယ့် သူပြောပြီး မကြာခင်မှာပဲ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်တယ်” ဟု ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
“မင်းအောင်လှိုင်က တောင်ကြီးနဲ့လွိုင်ကော်ကို သွားတုန်းက ဆုံးရှုံးနယ်မြေတွေ ပြန်သိမ်းဖို့ ရည်ရွယ်ချက်ကို လူသိရှင်ကြား ကြေညာတယ်။ ဒါပေမယ့် သူပြောပြီး မကြာခင်မှာပဲ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်တယ်” ဟု ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
ထိုလေကြောင်းတိုက်ခိုက်မှုများသည် EAO များ၊ တော်လှန်ရေးအင်အားစုများက ၎င်းတို့ ထိန်းချုပ်ဒေသများတွင် ထူထောင်ထားသည့် အုပ်ချုပ်ရေးစနစ်များကို ဖျက်ဆီးရန် ရည်ရွယ်ကြောင်း ၎င်းကပြောသည်။ ထို့ပြင် လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားများကို အကြောက်တရား ဖန်တီးရန်နှင့် နယ်မြေဆုံးရှုံးသောအခါ စစ်တပ်တုံ့ပြန်မှုကို သတင်းစကားပါးခြင်း ဖြစ်သည်။
သို့သော် စစ်ပွဲ၏ စစ်မှန်သော အောင်ပွဲသည် နယ်မြေ သိမ်းပိုက်ထိန်းချုပ်ခြင်းသာ ဖြစ်ကြောင်း ၎င်းက အလေးထားပြောသည်။ စစ်တပ်များသည် ၎င်းတို့ရည်ရွယ်သည့် ရည်မှန်းချက် မအောင်မြင်သေးပါက လေကြောင်းတိုက်ခိုက်မှု သက်သက်လုပ်နေခြင်းသည် အောင်နိုင်ရေး သေနင်္ဂဗျူဟာ မဟုတ်ကြောင်းလည်း ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ဟိန်းထူးဈာန်၏ Myanmar Junta Counteroffensives Failing Across Country: Analysts ကို ဘာသာပြန်သည်။)
You may also like these stories:
PDF တွေရဲ့ စစ်ဆင်ရေး မန္တလေးမြို့နားရောက်လာ (ရုပ်/သံ)
မန္တလေးမြောက်ပိုင်း စစ်ဆင်ရေးနှင့် အောင်ပွဲများ အပိုင်း ၁
မြင်းခြံခရိုင်စစ်ဆင်ရေးက အလယ်ပိုင်းမြို့များအား ခြိမ်းခြောက်နိုင်မှုကို ပြ
မန္တလေးတိုင်းမှာ NUG က အထူးစစ်ဆင်ရေးဖော်ဆောင် (ရုပ်/သံ)
၁၀၂၇ စစ်ဆင်ရေး အတွင်း စစ်ကောင်စီ ဆုံးရှုံးမှုများ
ကရင်နီစစ်ဆင်ရေးတွင် တာဝန်ရှိသော တိုင်းမှူးနှင့် တပ်မမှူး တချို့ကို အနားပေး