သေနင်္ဂဗျူဟာကျသည့် လားရှိုးမြို့မှ ကျည်ဆံရာများနှင့် အဆောက်အအုံများတွင် အနီရောင်အလံများ တဖြတ်ဖြတ်လွင့်နေသည်။ စစ်တပ်က အကြီးမားဆုံး ရှုံးနိမ့်ခဲ့သော ထိုမြို့ကို တရုတ်နှင့်ပတ်သက်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက သိမ်းပိုက်ထားသည်။
လားရှိုးသည် ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက သိမ်းပိုက်သည့် မြို့များအနက် အကြီးမားဆုံးမြို့ဖြစ်သည်။ ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဗဟိုအစိုးရများကို တိုက်ခိုက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သည်။
သို့သော် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် လားရှိုးကို အုပ်ချုပ်ရန် ရုန်းကန်နေရသည်။ ထိုမြို့သည် တရုတ်သို့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိပြီး ပုံမှန်အားဖြင့် လူဦးရေ ၁ သိန်းခွဲရှိသည်။
ပြည်သူအများစုသည် ရက်သတ္တပတ်ပေါင်းများစွာ ကြာသည့် တိုက်ပွဲများအတွင်း ထွက်ပြေးသွားပြီး လွန်ခဲ့သောလက ထိုမြို့ကို MNDAA က သိမ်းပိုက်နိုင်ခဲ့ကာ ကျန်ရစ်သူများမှာလည်း သွေးချောင်းစီးတိုက်ခိုက်မှု ပြန်လည် ဖြစ်မည်ကို စိုးရိမ်နေသည်။
စစ်တပ်က လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် အရပ်သား ဒါဇင်ပေါင်းများစွာ သေဆုံး၊ ဒဏ်ရာရကြောင်းနှင့် နှစ်ဖက်လုံးက တဖက်နှင့်တဖက် ဒုံးကျည်များ၊ အမြောက်များဖြင့် ပစ်ခတ်ကြောင်း ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
သြဂုတ်လမှစတင်ပြီး တိုက်ပွဲများ လျော့ကျသော်လည်း စစ်ကောင်စီ လေယာဉ်များသည် စက်တင်ဘာ ၂၃ နှင့် စက်တင်ဘာ ၂၄ ရက်နေ့ ညများ အပါအဝင် အခေါက်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှု လုပ်နေဆဲဖြစ်သည်။
သြဂုတ်လမှ စတင်ပြီး တိုက်ပွဲများ လျော့ကျသော်လည်း စစ်ကောင်စီ လေယာဉ်များသည် စက်တင်ဘာ ၂၃ နှင့် စက်တင်ဘာ ၂၄ ရက်နေ့ ညများ အပါအဝင် အခေါက်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှု လုပ်နေသည်။
“လားရှိုးမှာ ပုံမှန်အခြေအနေ ပြန်ရောက်ပြီလို့ ကျမတို့ မပြောနိုင်ဘူး။ ဒါပေမယ့် လူတိုင်းက ပုံမှန်လိုနေဖို့ ကြိုးစားနေကြတယ်” ဟု အသက် ၃၀ အရွယ် အိမ်ခြံမြေပွဲစား မစိုးစိုးက AFP သတင်းဌာနသို့ ပြောသည်။
သူသည် ဇူလိုင်လတွင် လားရှိုးမှ ထွက်ပြေးခဲ့ပြီးနောက် MNDAA သိမ်းပိုက်အပြီးတွင် ပြန်လာခြင်းဖြစ်ပြီး အနီးနားတွင် တိုက်ပွဲငယ်များ ဖြစ်နေသော်လည်း ဆက်လက် နေထိုင်နေသည်။
“အခုလောလောဆယ် အခြေအနေက မရေရာဘူး။ လူတိုင်းကြောက်နေကြတယ်” ဟုလည်း မစိုးစိုးက ဆက်လက် ပြောကြားသည်။
အတွေ့အကြုံ မရှိ
ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ်က ဖြုတ်ချခဲ့သည့် စစ်ကောင်စီကို MNDAA သည် လွန်ခဲ့သော တနှစ်က ရုတ်တရက် ထိုးစစ်ဆင်ပြီး ရှမ်းပြည်မြောက်ပိုင်းမှ နယ်မြေများကို သိမ်းပိုက်လိုက်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း သုံးခုတွင် ပါဝင်သည်။
စစ်ကောင်စီ ဂျက်တိုက်လေယာဉ်များသည် လားရှိုးမြို့ကို တိုက်ခိုက်နေဆဲဖြစ်ပြီး ပစ်မှတ်များတွင် ဆေးရုံများနှင့် အုပ်ချုပ်ရေး အဆောက်အအုံများလည်း ပါဝင်သည်ဟု အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) မှ မြန်မာအစီအစဉ်အကြီးအကဲ ဂျေဆင်တာဝါက ပြောသည်။
စစ်ကောင်စီသည် MNDAA ကို ပဋိပက္ခအလွန် ပြန်လည် တည်ဆောက်ရေးနှင့် အုပ်ချုပ်ရေးအောက်တွင် မြို့ကို ပုံမှန်ပြန်လည် မလည်ပတ်နိုင်အောင် တားဆီးနေပုံရကြောင်း ၎င်းကပြောသည်။
လားရှိုးကို လည်ပတ်အောင်လုပ်ရန် MNDAA ၏ လူအင်အားနှင့် စွမ်းရည် ကုန်ခန်းမည်ဖြစ်ကြောင်း AFP သို့ ဂျေဆင်တာဝါက ပြောသည်။
“ဒီအဖွဲ့က အရမ်းကျယ်ပြန့်လာတဲ့ နယ်မြေကို အုပ်ချုပ်ဖို့ ကြိုးစားနေပြီး သူတို့ အတွေ့အကြုံ မရှိတဲ့ စိန်ခေါ်မှု အများအပြားကို ရင်ဆိုင်နေရတယ်” ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။
လူတိုင်း ထိတ်လန့်နေ
လားရှိုးမြို့အနီးတွင် အကျိုးအမြတ်များသည့် ခဲ၊ ငွေနှင့် သွပ် သတ္တုတွင်းများရှိပြီး ဒေါ်လာသန်း ရာပေါင်းများစွာတန်သည့် ကုန်စည်များသည် တောတောင်ထူထပ်သော ရှမ်းပြည်မှ တရုတ်နိုင်ငံသို့ ထိုအဝေးပြေးလမ်းမှ နှစ်စဉ် စီးဆင်းနေကြောင်း စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖော်ပြသည်။
လားရှိုးမြို့အနီးတွင် အကျိုးအမြတ်များသည့် ခဲ၊ ငွေနှင့် သွပ် သတ္တုတွင်းများရှိပြီး ဒေါ်လာသန်း ရာပေါင်းများစွာတန်သည့် ကုန်စည်များသည် တောတောင်ထူထပ်သော ရှမ်းပြည်မှ တရုတ်နိုင်ငံသို့ ထိုအဝေးပြေးလမ်းမှ နှစ်စဉ် စီးဆင်းနေကြောင်း စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖော်ပြသည်။
လမ်းတလျှောက် တိုက်ပွဲများကြောင့် ထိုမြို့သို့ ရောက်ရန် ခက်ခဲသည်။
တရုတ်နှင့် နီးစပ်သည်ဟု သုတေသီများက ပြောသည့် MNDAA သည် ထိုမြို့အတွင်း ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းများ ပြန်လာအောင် ကြိုးစားနေပြီး အနက်ရောင်ဝတ်စုံနှင့် ရိုင်ဖယ်လွယ်ထားသည့် MNDAA ရဲများသည် လမ်းများပေါ် ကင်းလှည့်နေသည်။
တိုက်ပွဲအတွင်း ဈေးပျက်စီးသွားသောကြောင့် ဈေးသည်များသည် မြေကွက်သစ်များတွင် နေရာရွေးနေကြသော်လည်း ကျောင်းများကို ပိတ်ထားဆဲဖြစ်ပြီး ယခင် အသွားအလာများသော အဝေးပြေးလမ်းတွင် ယာဉ်အနည်းငယ်သာ ရှိသည်။
ပုံမှန်ပြန်လည်ဖြစ်ရေး ထိန်းသိမ်းနေစဉ် MNDAA နှင့် ပတ်သက်သည့် မီဒီယာသည် ပင်မဈေးကို ပြန်လည် စီမံခြင်းမှသည် လိုအပ်သည့် မိသားစုများကို ဆန်နှင့် ရိက္ခာဝေခြင်းအထိ အုပ်ချုပ်ရေး အစီအမံသစ်များကို ပုံမှန် ထုတ်ပြန်နေသည်။
သို့သော် တိုက်ပွဲကြောင့် ထွက်ပြေးသွားသူ အများအပြား ပြန်မလာသေးပေ။
“တိုက်ပွဲက ပြီးကာစပဲရှိသေးတော့ လူတိုင်း ကြောက်နေကြတယ်” ဟု အသက် ၂၈ နှစ်အရွယ်ဈေးသည် မယ်ကြီးက ပြောသည်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား အများအပြား ထိခိုက် သေဆုံး ဒဏ်ရာရကြောင်း MNDAA ပြောသည်။
တရုတ် လူမျိုးစုနွယ်သော MNDAA ထိန်းချုပ်ထားသည့် လားရှိုးတွင် အမျိုးမျိုးသော ပြည်သူများဖြစ်သည့် ဗမာ၊ ရှမ်းနှင့် အခြား တိုင်းရင်းသားများ အရေအတွက် မည်မျှရှိသည်ကို မသိရပေ။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် နယ်စပ် MNDAA အဖွဲ့ ထိန်းချုပ်ထားသော ကိုးကန့်ဇာတိမြေ ဒေသများတွင် အုပ်ချုပ်ရေး ဘာသာစကား၊ ငွေကြေးနှင့် အင်တာနက် ဝန်ဆောင်မှု အားလုံးသည် တရုတ်မှ ဖြစ်သည်။
ထိုအဖွဲ့သည် တရုတ်နိုင်ငံနှင့် တူသည့် အခြားအရာများလည်း ရှိသေးသည်။ ဧပြီလတွင် MNDAA သည် ၎င်းတို့ အဖွဲ့ဝင် သုံးဦးကို လူမြင်ကွင်းတွင် စစ်ဆေးပြီး ပြစ်ဒဏ်များကို ဆိုင်းဘုတ်တွင် တရုတ်ဘာသာဖြင့် ရေးသားကာ လူသတ်မှုနှင့် ခိုးယူထားသည့် လက်နက်ရောင်းချမှုဖြင့် နယ်စပ်မြို့ လောက်ကိုင်တွင် သေဒဏ်ပေးပြီး ကွပ်မျက်လိုက်သည်။
ပြေးစရာ မြေမရှိ
ထိုလုပ်ရပ်ကို လားရှိုးဒေသခံများ ထိတ်လန့်သွားပြီး အမည်မဖော်လိုသည့် ဒေသခံတဦးက MNDAA ထွက်မသွားမချင်း မပြန်ဟု AFP သို့ ပြောသည်။
“ကျနော်တို့ မိဘတွေပဲ လားရှိုးကို ပြန်ကြတယ်” ဟု ထိုနေရာမှ စွန့်ခွာခဲ့သည့်ဒေသခံက ပြောသည်။
သို့သော် အချို့ကလည်း ထိုသို့ ပြင်းထန်စွာ အရေးယူခြင်းကို ကြိုဆိုသည်။
“MNDAA က မြို့ကို သန့်ရှင်းရေးလုပ်ပြီး ပြည်သူတွေကို ကူညီနေတယ်။ ကုန်ဈေးနှုန်းတွေ အရမ်း မမြင့်အောင် တားဆီးပေးတယ်” ဟု အခြား ဒေသခံဟောင်းတဦးက ပြောသည်။ သူ၏မိသားစုသည် လားရှိုးသို့ ပြန်သွားပြီ ဖြစ်သည်။
“MNDAA က မြို့ကို သန့်ရှင်းရေးလုပ်ပြီး ပြည်သူတွေကို ကူညီနေတယ်။ ကုန်ဈေးနှုန်းတွေ အရမ်း မမြင့်အောင် တားဆီးပေးတယ်” ဟု အခြား ဒေသခံဟောင်းတဦးက ပြောသည်။ သူ၏ မိသားစုသည် လားရှိုးသို့ ပြန်သွားပြီ ဖြစ်သည်။
လားရှိုးကို အုပ်ချုပ်ရေး အစီအစဉ်များ မေးရန် AFP က MNDAA အဖွဲ့ကို ဆက်သွယ်ခဲ့သော်လည်း အကြောင်း မပြန်ပေ။
မြို့လူဦးရေ၏ ၂၀ မှ ၃၀ ရာခိုင်နှုန်းသာ ပြန်လာကြကြောင်း၊ တိုက်ပွဲငယ်များ ရှိသော်လည်း သူ ထပ်မံ ထွက်မပြေးရန် ဆုံးဖြတ်ထားကြောင်း မစိုးစိုးက ပြောသည်။
“ကျမတို့မှာ ပြေးစရာမြေ မရှိတော့ဘူး။ ဒါကြောင့် လားရှိုးကို ပြန်လာပြီး ဒီမှာနေဖို့ အကောင်းဆုံး ကြိုးစားနေတယ်” ဟု သူက ရှင်းပြသည်။
(AFP ၏ Myanmar fighters battle to hold prized city ကို ဘာသာပြန်သည်။)
You may also like these stories:
လားရှိုး တောင်သူများ၏ မျှော်လင့်ချက်ရောင်ခြည်
လားရှိုးမြို့ကို စစ်တပ်က ဗုံးကြဲ (ရုပ်/သံ)
MNDAA လက်အောက်က လားရှိုးမြို့ရဲ့ အခြေအနေ (ရုပ်/သံ)
လားရှိုး ရမခ ကျဆုံးပြီးနောက် ဘာဆက်ဖြစ်မလဲ
လားရှိုးစစ်ဆေးရုံနှင့် ဗဟိုကင်း MNDAA စီးနင်း၊ စစ်သားတို့ လက်နက်ချ
လားရှိုးတိုက်ပွဲ တလအတွင်း အရပ်သား ၁၀၀ ခန့် ထိခိုက်သေဆုံး