မစ္စစ် ဘမောင်ချိန်၏ အမည်ရင်းမှာ ကလယ်ရီဗဲလ် အိုင်ရင်း ပိုး ဖြစ်သည်။
၁၉၀၅ ခုနှစ် ဇွန် ၁ ရက်နေ့၌ ပုသိမ်တွင် ဖွားမြင်ခဲ့၏။ ဖခင်မှာ ကရင်အမျိုးသား ခေါင်းဆောင်ကြီး ဆာစံစီဖိုး (၁၈၇၀ – ၁၉၆၄) ဖြစ်၍ မိခင်မှာ လေဒီ အေမီ လူနီ ဖြစ်သည်။ မွေးချင်း ၇ ဦး အနက် ပဉ္စမမြောက် သမီး ဖြစ်သည်။
ငယ်စဉ်က အေဘီအမ် သာသနာပြု အင်္ဂလိပ်ကျောင်းများနှင့် ဂျပ်ဆင် ကောလိပ်မှ ၁၉၂၈ ခုနှစ်တွင် ဘီအေ အောင်ခဲ့သည်။
၁၉၃၀ တွင် ဆရာဖြစ်သင် ကောလိပ်မှ လက်မှတ် ရခဲ့ပြီး အထက်တန်း ဆရာ အဖြစ် ၁၉၃၀ မှ ၁၉၃၅ အထိ တာဝန် ထမ်းဆောင်ခဲ့သည်။
၁၉၃၅ ခုနှစ်တွင် လမ်းအရေးပိုင် ဦးဘမောင်ချိန် နှင့် လက်ထပ်ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် မင်းကြီး အဖြစ် ပုသိမ်၊ ပခုက္ကူ၊ ရန်ကုန်မြို့တွင် နေထိုင်ခဲ့သည်။
မစ္စစ် ဘမောင်ချိန်လည်း ၁၉၅၂ ခုနှစ်တွင် ဟံသာဝတီ ခရိုင်မှ မင်းတိုင်ပင် အောက်လွှတ်တော် အမတ် အဖြစ် ရွေးကောက်ခြင်း ခံခဲ့ရသည်။
တဖန် ပြည်နယ်များ ဖွဲ့သည့်အခါ ကရင်အမျိုးသား အမတ် ၁၆ ဦးအနက် ၁၉၅၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ကရင်ပြည်နယ် ဝန်ကြီး အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။
၎င်းနောက် ဝန်ကြီး ဦးသန်းအောင် ခေါင်းဆောင်သော မြန်မာ ပါလီမန် ကိုယ်စားလှယ် အဖွဲ့ဝင် တဦးအဖြစ် ၁၉၅၂ ခုနှစ် ဇူလိုင်လတွင် လန်ဒန်သို့ တက်ရောက်ခဲ့သည်။ ၁၉၅၃ ခုနှစ် မတ်လတွင် ဝန်ကြီး အဖွဲ့မှ နုတ်ထွက်ခဲ့သည်။
၁၉၅၁ ခုနှစ်တွင် စည်သူ ဘွဲ့ကို ရရှိခဲ့သည်။
၁၉၅၂ ခုနှစ်၌ ဝိုင်ဒဗလျူစီအေ အသင်း၏ ဒုဥက္ကဌ အဖြစ် လည်းကောင်း၊ အာရှတိုက်လုံး ဆိုင်ရာ ခရစ်ယာန် အသင်း၏ အမှုဆောင် လူကြီး အဖြစ် ၁၂ နှစ်တိုင် တာဝန်ယူခဲ့ပြီး ဂျနီဗာသို့ တနှစ်တခါ ရောက်ခဲ့သည်။
စေတနာ့ဝန်ထမ်း အသင်းအဖွဲ့များတွင် ပါဝင်ကူညီခဲ့သည်။
အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်၍ ယခုအခါ လမ်းမင်းကြီး ဦးဘမောင်ချိန် အငြိမ်းစား ခင်ပွန်းသည်နှင့် အတူ မြေးမြစ် ကလေးများဖြင့် ယူနီဘာစီတီ ရိပ်သာတွင် နေထိုင်လျက် ရှိသည်။
မစ္စစ် ဘမောင်ချိန်တို့ မိသားစုမှာ ကရင်အမျိုးသားများ လောကတွင် ထင်ရှား ကျော်စောလှသည်။
ဖခင်ကြီး ဒေါက်တာ ဆာစံစီပိုး မှာလည်း စိတ်ဝင်စားဖွယ် အတိတ် ရာဇဝင် ရှိခဲ့သည်။ ၁၄ နှစ်သား အရွယ်က ခရစ်ယာန် သာသနာပြုဆရာ အမေရိကန် လူမျိုး ဒေါက်တာ ချားလ်နီကောက်က ခေါ်သွား၍ ကောလဂိတ်မြို့၊ အယ်လ်ဗာနီ တက္ကသိုလ်တွင် ဆေးပညာ သင်ခဲ့ပြီး ဆေးပါရဂူဘွဲ့ ရခဲ့သည်။
မိခင်ရင်းပမာ စောင့်ရှောက်သော အမေရိကန် အမျိုးသမီး၏ အမည်ကို ယူ၍ နာမည်ရင်း စံပိုးမှ စံကရွမ်ဗီပိုး ဟု ပြောင်းကာ အမေရိကန် နိုင်ငံသား ဖြစ်ခဲ့သည်။
သို့သော် ၁၈၉၄ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လာပြီး ၁၈၉၅ ခုနှစ်တွင် ဦးလူနီ၏ သမီး ဒေါ်အေမီလူနီ နှင့် လက်ထပ်၍ သားသမီး ၇ ယောက် ထွန်းကားခဲ့ရာ၊ အားလုံး သားသမီးများမှာလည်း ထင်ရှားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
သားအကြီးဆုံးမှာ ဒေါက်တာ ကလဲရင့်ကရွမ်စီပိုး ဖြစ်၍ ကျန်းမာရေး လက်ထောက် ညွှန်ကြားရေးဝန် အဖြစ် တာဝန် ထမ်းဆောင်ရင်း ကုလသမဂ္ဂ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ကွန်ဖရင့်သို့ သွားစဉ် လေယာဉ်ပျက်ကျ၍ အနိစ္စရောက်ခဲ့ရသည်။
ဒုတိယ သားမှာ ပထမ ကမ္ဘာစစ် နှင့် ဒုတိယ ကမ္ဘာစစ် နှစ်ခုလုံးတွင် ဗြိတိသျှ တပ် နှင့် မြန်မာ စစ်တပ် ဒု ဗိုလ် ရာထူးနှင့် အငြိမ်းစား ယူခဲ့သော လိုင်ယွန်နယ်ဗန်ဒါဗီယာပိုး ဖြစ်သည်။
တတိယ သမီးမှာ သူနာပြု ဆရာမကြီး ဝန်ကီကရွမ်ကိုက်ပိုး ဖြစ်ပြီး ဖခင်ကြီးအား အပါးမကွာ ပြုစုခဲ့သော သမီး ဖြစ်သည်။
စတုထ္တ သမီးမှာ ၁၉၅၂ – ၁၉၅၉ ခုနှစ်တွင် ပုသိမ် တောင်ပိုင်း ကရင်မဲဆန္ဒနယ်မှ အရွေးခံရသော ဗစ်တာစံစီပိုး ဖြစ်သည်။
ပဉ္စမ သမီးမှာ ၁၉၅၃ – ၁၉၅၄ ခုနှစ်တွင် ကရင်ပြည်နယ် ဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သော မစ္စစ် ဘမောင်ချိန် ခေါ် ကလယ်ရီဗဲလ် အိုင်ရင်း ပိုး ဖြစ်သည်။
ဆဌမ သားမှာ ရဲအဖွဲ့ဝင်ဟောင်း စတန်လေ ဗန်ဟူဆင်ပိုး ဖြစ်၏။
သတ္တမမှာ ဒုတိယ ဗိုလ်မှူးကြီး အိုဒဗလျူပိုး ဖြစ်သည်။
၁၉၄၂ ခုနှစ် ဗြိတိသျှများ ဆုတ်ခွာစဉ် ဂျပန်နှင့် တိုက်၍ မျက်လုံး တဖက် ကန်းခဲ့ရသည်။ ၎င်း၏ စွမ်းရည် သတ္တိများကို တိုက်ပွဲ အစီရင်ခံစာများတွင် ဖော်ပြ ချီးကျူးခြင်း ခံရသော ပုဂ္ဂိုလ် ဖြစ်သည်။
ဆာစံစီပိုးသည် အစိုးရ ခရိုင် ဆရာဝန်ကြီး အဖြစ် ပုသိမ် နှင့် ကျောက်ဆည်၊ မြောင်းမြ၌ အမှုထမ်းခဲ့ပြီး ပုသိမ်၌ ကိုယ်ပိုင် ဆေးတိုက် ဖွင့်ခဲ့သည်။
မြူနီစီပယ် လူကြီး အဖြစ် လည်းကောင်း၊ ကရင်အမျိုးသားတို့ ဘက်မှ ဦးဆောင်၍ လည်းကောင်း ၁၉၁၇ – ၁၉၂၃ ခုနှစ် အထိ မြန်မာပြည် ဥပဒေပြု ကောင်စီ၌ မင်းတိုင်ပင် အမတ် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။
အမေရိကန် နိုင်ငံသား အဖြစ်မှ စွန့်လွှတ်၍ မြန်မာပြည်သား အဖြစ် ခံယူခဲ့သည်။
၁၉၂၁ ခုနှစ်တွင် မြန်မာပြည် အုပ်ချုုပ်ရေး ပြောင်းလဲရန် ဖွဲ့စည်းသော ဝှိုက်ကော်မတီ၌လည်း အဖွဲ့ဝင် တဦး ဖြစ်ခဲ့သည်။
၁၉၂၃ ခုနှစ်တွင် ဒေါက်တာ စံစီပိုးသည် ဧရာဝတီတိုင်း ဥပဒေပြု လွှတ်တော် အမတ် အဖြစ် အစိုးရက ရွေးကောက်ခြင်း ခံရသည်။
ကမ္ဘာစစ် အတွင်း၌ လူမှုဝန်ထမ်း နှင့် စစ်သား စုဆောင်းရေး လုပ်ငန်းတွင် ပါဝင်ခဲ့၍ ၁၉၂၄ ခုနှစ်တွင် စီဘီအီး ဘွဲ့ ရခဲ့သည်။
၁၉၂၅ ခုနှစ်တွင် ကရင်အမျိုးသား အသင်း၏ ဥက္ကဌ ဖြစ်လာသည်။
၁၉၂၈ ခုနှစ်တွင် မြန်မာပြည်နှင့် ကရင်များ ဟူသော စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထုတ်ဝေခဲ့သည်။
၁၉၃၄ ခုနှစ်တွင် ဆာဘွဲ့ နှင့် သူကောင်းပြု ခံရပြန်သည်။
၁၉၃၇ ခုနှစ်တွင် အိန္ဒိယနှင့် ခွဲပြီးနောက် အထက်အောက် လွှတ်တော် နှစ်ရပ် ဖွဲ့စည်းသည့်အခါ ဆာစံပိုးသည် အထက် လွှတ်တော် အမတ် ဖြစ်လာလေသည်။
ဒုတိယ ကမ္ဘာစစ် အတွင်းကမူ ကရင်အမျိုးသား ဗဟို အဖွဲ့ကို တည်ထောင်နေချိန် နာယက အဖြစ် ဆောင်ရွက်ခဲ့ကာ ၁၉၄၆ ခုနှစ် ဇွန်လ ၇ ရက်တွင် ပုသိမ်၌ ကွယ်လွန်ခဲ့သည်။
မစ္စစ် ဘမောင်ချိန် တို့၏ မိဘမှာ ထင်ရှားသော ကရင် ခေါင်းဆောင်ကြီးများ ဖြစ်၍ သားသမီးများသည်လည်း ထူးချွန်သော အရည်အသွေးများ ရှိကြသည်။
မစ္စစ် ဘမောင်ချိန် တို့၏ ဆောင်ရွက်ချက်များကား နှစ်ကာလအားဖြင့် တိုတောင်းသည် မှန်သော်လည်း အမျိုးသမီး ဝန်ကြီး မင်းတိုင်ပင် တယောက် ဟူ၍ကား မှတ်တမ်း တင်ကြရမည် ဖြစ်ပါသည်။ ။
(စာရေး ဆရာမကြီး စောမုံညင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေတိုက်က ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “မြန်မာအမျိုးသမီး” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၁ နှစ် ဒီဇင်ဘာလ ၁၁ ရက် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)