စစ်ကောင်စီက ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေး အလှူငွေ ကျပ် ၄၀ ဘီလီယံကျော် ရထားသော် လည်း မည်သို့အသုံးပြုနေသည်ကို ထုတ်ပြန်ခြင်း မရှိသေးသလို လက်ရှိအချိန်ထိ စစ်ကောင်စီထံမှ အကူအညီများ မြေပြင် တွင်မတွေ့ရသေးကြောင်း ရေဘေးသင့်ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူများက ပြောဆိုကြသည်။
စက်တင်ဘာ ၂၄ ရက်က နေပြည်တော်၌ ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲတွင် မြန်မာခရိုနီကြီးများ၊ လုပ်ငန်းရှင်အသီးသီးတို့ ဝိုင်းဝန်းလှူဒါန်းသဖြင့် ကျပ် ၃၂ ဒသမ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂ သန်း) ရရှိခဲ့သလို စက်တင်ဘာ ၂၈ ရက် ဒုတိယအကြိမ်မြောက် အလှူငွေလက်ခံပွဲတွင် ငွေကျပ် ၁၀ ဘီလီယံကျော် ရရှိခဲ့ပြီး လှူဒါန်းငွေများအား ဆက်လက် လက်ခံသွားမည်ဟုလည်း ကြေညာထားသေးသည်။
ဤတကြိမ် ရေကြီးမှုက သာမန်ထက် လွန်ကဲသည်ဟု ဆိုရမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးကျိုးကို တိုက် ရိုက်ခံစားရသည်ဟုပင် ပြောနိုင်သည်။ မြေပြိုခြင်းကြောင့် အသက်အန္တရာယ်သာမက ပိုင်ဆိုင်သည့် အိုးအိမ်များပျက်စီးဆုံး ရှုံးခဲ့ရပြီး လက်ရှိသေဆုံးသူ ၄၃၃ ဦး၊ ပျောက်ဆုံးသူ ၇၉ ဦးရှိကာ၊ သီးနှံစိုက်ဧက ၈ သိန်းခန့် ပျက်စီးသကဲ့သို့ လယ်ယာသုံး ကျွဲနွားနှင့် တိရစာ္ဆန်အကောင်ရေ ၁၇၆၂၄၆ သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်သည်။
အာဏာအတွက် စစ်ပွဲဆင်နွှဲနေရသဖြင့် စစ်စရိတ်ထောင်းနေသည့် စစ်ကောင်စီသည် နိုင်ငံတဝှမ်းကျရောက်ခဲ့သည့် သဘာဝ ဘေးကို ကူညီကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးဖြင့် အားသွန်ခွန်စိုက်တုံ့ပြန်နိုင်သည်ကို မတွေ့ရ။
NLD အစိုးရလက်ထက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေတရပ် ထူထောင်ထားသော်လည်း စစ်ကောင်စီကမူ ထိုငွေထဲမှ ကျပ် ဘီလီယံ ၄၀၀ ကို နိုင်ငံစီးပွားမြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ပြည်နယ်တိုင်းဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ အကြီးအကဲများအား ၂၀၂၂ခုနှစ် သြဂုတ်လက ခွဲဝေပေးခဲ့သလို အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ထိုရန်ပုံငွေမှ ကျပ်ငွေဘီလီယံ ၇၀ ချေးပေးခဲ့သည်။
ထိုသို့ ငွေမရှိသည့် အကျိုးဆက်က ဝေးလံသော ကရင်နီ (ကယား) ပြည်နယ်၊ ရှမ်းတောင်နှင့် အင်းလေးဒေသသို့ အကူအညီ ရောက်ရန် မဆိုထားနှင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ထောက်ပံ့မှု မရသေးသူ အများ အပြား ရှိနေသည်။
လက်တွေ့တွင် ပုဂ္ဂလိက အလှူရှင်များ အသင်းအဖွဲ့များကသာ ဆန်စင်ရာ ကျည်ပွေ့လိုက်ရသကဲ့သို့ နည်းများမဟူ လှူဒါန်းနေ သော်လည်း စစ်ကောင်စီကမူ အင်တိုက်အားတိုက် လုပ်ကိုင်သည်ကို မတွေ့ရဘဲ၊ ဗုံးကြဲရေးနှင့် သန်းခေါင်စာရင်းကောက် ရေးကိုသာ အာရုံစိုက်နေသည်။
ရေကြီးမှုကြီး အဆိုးဆုံးကြုံခဲ့ရသည့် တပ်ကုန်းမြို့နယ် လက်ပံကုန်းရွာမှ ရေဘေးသင့်ပြည်သူတဦး “အစိုးရဘက်က စာရင်း ဇယားတွေနဲ့ ပျက်စီးသွားတဲ့အိမ်တွေ ဘယ်လောက် ထောက်ပံ့မယ်ပြောထားလည်း မရှိသေးဘူး။ စာရင်းတွေ တောင်းတာ လည်း မတွေ့ရသေးဘူး။ ပြင်ပအလှူရှင်တွေနဲ့ ကုမ္ပဏီတချို့က ပျက်စီးသွားတဲ့အိမ်တွေကို ငါးသောင်း၊ တသိန်း၊ နှစ်သိန်း၊ သုံးသိန်းမျိုး လှူတာတော့ ရှိပါတယ်” ဟု ပြောသည်။
တပ်ကုန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများသည် ပုဂ္ဂလိကအလှူရှင်များ၏ ကူညီမှုများဖြင့် စားဝတ်နေရေး အခက် အခဲများ ပြေလည်အောင်ဖြေရှင်းနေကြရပြီး အလှူရှင်အရောက်နည်းသည့် မကျည်းပင်၊ လက်ပံ၊ ပုဏ္ဏမာ၊ ညောင်ပင်သာ ကျေးရွာများပင်လျှင် စားနပ်ရိက္ခာ မလုံလောက်မှုများနှင့် ကြုံနေရသည်ဟု သိရသည်။
လက်ရှိတွင် တပ်ကုန်းမြို့နယ်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူတချို့သည် ကျေးရွာများရှိ အမှိုက်များ၊ နုန်းများကို ဖယ်၍ နေအိမ်များ၌ ပြန်နေသူများရှိသော်လည်း ပြန်လည်ထူထောင်ရေးအတွက် တာဝန်ရှိသူများ၏ အထောက်အပံ့ အစီအစဉ်များ လိုအပ်နေသည်ဟု ရေးဘေးသင့်ပြည်သူများက ဆိုသည်။
လက်ပံကုန်းကျေးရွာမှ နေအိမ်ပျက်စီးသွားသည့် ရေဘေးသင့်ဒေသခံတဦးက “အိမ်ပြန်ဆောက်နိုင်ဖို့ သစ်၊ ဝါး၊ သံ၊ သွပ် တွေ အဓိကလိုတယ်။ နောက်လယ်ယာမြေတွေဆို ရေလွှမ်းသွားတာ ဧကထောင်ချီရှိတယ်။ အခုက နုန်းတွေဖုံးသွားတော့ သူ့အပိုင်၊ ကိုယ့်အပိုင် မသိရတော့ဘူး။ မြေပုံထောက်၊ ပြန်အကွက်ရိုက်မှရမယ်။ ပြန်လည်ထူထောင်ရေးက သေချာ စနစ် တကျ လုပ်ပေးမှရမယ်။ ဒါတောင် အရင်လို ပြန်စိုက်စားနိုင်ဖို့ အချိန်အတော်ယူရမယ်” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ သတင်းစာများတွင်မူ နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့ရှိ ရေဘေးသင့်သူ တချို့အတွက် အစားအသောက်နှင့်လိုအပ်သည်များ ပံ့ပိုးပေးခဲ့သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ပုဗ္ပသီရိမြို့နယ်ရှိ ရေဘေး တွင် မျောပါသေဆုံးသူ ၁၁ ဦးအတွက် သိန်း ၁၁၀ ပံ့ပိုးပေးခဲ့သည်ဟုဆိုထားရာ သေဆုံးသူ ၁ ဦးအတွက် ငွေကျပ် ၁၀ သိန်းစီ ပေးအပ်ခြင်းဖြစ်သည်။
ထို့ပြင် ကယားပြည်အစိုးရက လွိုင်ကော်မြို့ရှိ ရေဘေးသင့်သူများအတွက် ဆန်၊ ဆီ၊ စားနပ်ရိက္ခာတချို့နှင့် ငွေကျပ် ၃၈ သိန်း ထောက်ပံ့ပေးခဲ့ကြောင်းနှင့် လှိုင်းဘွဲ့မြို့ရှိ ရေဘေးသင့် အိမ် ၈ လုံးအတွက် ငွေကျပ် ၁၀ သိန်းပေးခဲ့ကြောင်း စက် တင်ဘာ ၂၃ ရက်တွင် စစ်ကောင်စီက သတင်းများတွင် ဖော်ပြထားသည်။
စစ်ကောင်စီထုတ်ပြန်ထားသည့် သတင်းဓာတ်ပုံများအရ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ကူညီမှုမျိုးမှာ စားနပ် ရိက္ခာ၊ ကုန်ခြောက်နှင့် ငွေကြေးတချို့ကို ၎င်းတို့ထိန်းချုပ်နိုင်သည့် နေပြည်တော်တဝိုက်နှင့် လွိုင်ကော်တို့တွင်သာ ထောက်ပံ့မှုတချို့ရရှိသည်ကို တွေ့ရသည်။ သို့သော် ထိုနေရာများတွင်ပင် ရေဘေးသင့်သူအားလုံး လွှမ်းခြုံနိုင်သည့် အခြေ အနေမျိုး မဟုတ်ပေ။
လက်ရှိ ကယားပြည်နယ်၏ ရေဘေးအခြေအနေမှာ မုန်တိုင်းပြီးဆုံး၍ ရက်သတ္တ နှစ်ပတ်ကျော်ပြီဖြစ်သော်လည်း အင်းလေး ကန်ရေကို ထိန်းထားသည့် မိုးဗြဲဆည်မှ ရေလွှတ်နေသဖြင့် ဘီလူးချောင်းတလျှောက်ရှိ လွိုင်ကော်အပါအဝင် ဒေသများ ရေ လွှမ်းမိုးမှုက ပိုမိုဆိုးရွားလာကာ လချီကြာမြင့်မည့် အခြေအနေဖြစ်သည်ကို တွေ့မြင်နေရသည်။
ရေဘေးအဆိုးဆုံးကြုံရသည့် မန္တလေးတိုင်းအတွင်းရှိ ရမည်းသင်းမြို့နယ်ထဲရှိကျေးရွာများ၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက် ဆည်၊ ပျော်ဘွယ်၊ သာစည် အစရှိသော ဒေသများအပြင် လက်ရှိအချိန်ထိ တောင်ပြိုမြေပြိုမှုများကြောင့် ပိတ်မိနေသော ရွာ များရှိနေသေးသည့် ရှမ်းတောင်ပိုင်း ကလောမြို့၊ ညောင်ရွှေ၊ အင်းလေး၊ ဆီဆိုင်၊ ဟိုပုံး အစရှိသည့် ဒေသများမှာ စစ်ကောင် စီထံမှ အကူအညီများ မရရှိဘဲ ပြည်သူများဝိုင်းဝန်းလှူဒါန်းသည်များကိုသာ အားကိုးနေရသည့် အခြေအနေဖြစ် သည်။
ယခင် ကမ္ဘာလှည့်ခရီးသွားများ နှစ်သက်သည့် ကလောမြို့လည်း ဧည့်သည်အလာနည်း၍ စီးပွားရေး မကောင်းချိန် ရေဘေးနှင့် မြေပြိုမှုကြောင့် သေဆုံးမှု အိုးအိမ်ဆုံးရှုံးမှုများ ရှိနေပြီး စားဝတ်နေရေးအတွက် ပြင်ပအလှူရှင်တို့ကိုသာ မျှော်နေရပြီး ပြန်လည်ထူထောင်ရေးကို မစဉ်းစားနိုင်သည့် အနေအထားဖြစ်သည်။
စက်တင်ဘာ ၉ ရက် က ကလောမြို့နယ်ရှိ တောင်ကိုးလုံးတောင်တန်း စတင်ပြိုကျခဲ့ပြီး နောက်ပိုင်းရက်ပိုင်းတွင်လည်း ထပ်မံပြိုမှုများဖြစ်ပွား၍ လက်ရှိအချိန်ထိ တောင်အောက်ဘက်ရွာများမှာ ပိတ်မိနေကြသလို လမ်းပေါက်နိုင်ရန် ရွာသူရွာ သားများ၏ ကိုယ်ထူကိုယ်ထစနစ်အပြင် နီးစပ်ရာအလှူရှင်များ ဝိုင်းဝန်းလှူဒါန်းမှုဖြင့် လမ်းများကို ရှင်းလင်း ဆောင်ရွက် နေရဆဲ ဖြစ်သည်။
တောင်ကိုးလုံး အောက်ဘက်ရွာခံ အမျိုးသားတဦးက “တောင်ပြိုတော့ လမ်းတလျှောက်လုံးပိတ်သွားတာ။ ဒီဘက်ကို လာဖို့လည်း မလွယ်သလို ကလောဘက်တက်ဖို့လည်း မလွယ်ဘူး။ ရထားလမ်းတွေကလည်း ပြိုပြီး ရထားလည်း မထွက် နိုင်။ အခု ကိုယ်ထူကိုယ်ထစနစ်နဲ့ စက်ယန္တရားတွေငှားပြီး လမ်းတွေ ပြန်ဖောက်နေတယ်” ဟု ပြောသည်။
ထိုသို့ အပျက်အစီးများကို ရပ်ရွာခံများနှင့် အလှူရှင်များ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ရှင်းလင်းရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေရသည်မှာ စစ်ကောင်စီအကူအညီ မြေပြင်မရောက်သည်ကို သိသာထင်ရှားစေသည်။
ထိုသို့ မြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများသာမက ကလောမြို့ပေါ်တွင်လည်း ရှင်းလင်းရေးလုပ်ငန်းများကို ကိုယ်ထူ ကိုယ်ထစနစ်ဖြင့်သာ အများဆုံးပြုလုပ်နေကြသည်ကို တွေ့ရသည်။ အခြား ဒေသများတွင်လည်း စစ်ကောင်စီ၏ အကူအညီများ မရရုံမက ရေဘေးကူရန်သွားသည့် ပရဟိတအသင်းအဖွဲ့များကိုမူ ပိတ်ပင်ကန့်သတ်မှုများရှိနေသည်။
ရေဘေးသင့်ပြည်သူ ရှစ်သောင်းကျော်အထိရှိခဲ့သည့် ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် စစ်ကောင်စီက လှူရှင်များကို ကန့်သတ်ထားသည်ဟု ဒေသခံများနှင့် အလှူရှင်များထံက သိရသည်။
တောင်ငူမြို့မှ ပရဟိတအဖွဲ့ဝင်တဦးက “တောင်ငူမြို့တွင်းဆို ပြဿနာမရှိပေမယ့် စစ်တောင်းမြစ် ဟိုးဘက်ခြမ်းကူးမယ် ဆိုရင် သူတို့ဆီက ထောက်ခံစာယူရတယ်။ နောက်ပြီး ဆန်တောင် အိမ်ထောင်စုတစုကို ဘယ်လောက်ဂရမ်ပဲ လှူရမယ်ဆိုပြီး ကန့်သတ်ထားတယ်။ ပရဟိတအသင်းတွေအတွက်အခက်အခဲ ဖြစ်တာပေါ့။ ထုပ်လာတဲ့ ဆန်အထုပ်တွေက သူတို့ သတ် မှတ်ဂရမ်ထက် အများကြီးပိုနေတဲ့အခါမှာ အဆင်မပြေလို့ မလှူရဘဲ ပြန်သွားတဲ့ အသင်းတွေလည်းအများကြီးပဲ” ဟု ပြော သည်။
ထိုသို့စစ်ကောင်စီက ကန့်သတ်ထားမှုများကြောင့် ရေးဘေးသင့်ပြည်သူများမှာ စားနပ်ရိက္ခာအခက်အခဲဖြစ်နေပြီး အလှူရှင် မရောက်သည့် ကျေးရွာများစွာလည်းရှိနေကြောင်း သိရသည်။
တောင်ငူမြို့မှပရဟိတအဖွဲ့ဝင်တဦးက “ကျနော်တို့က ဝန်နဲ့အားမမျှတဲ့ အခြေအနေမှာ အခုလိုသွားရေးလာရေး ကန့်သတ် တာ အတော်အခက်အခဲ ရှိတယ်။ ပစ္စည်းကန့်သတ်တာ၊ စာတင်ရတာ၊ ထောက်ခံစာတွေ လုပ်ရတာ အလုပ် အရမ်းရှုပ် တယ်။ ကျနော်တို့က နေ့တိုင်းလည်း မသွားနိုင်ဘူး။ ပစ္စည်းတွေ အများအပြားပုံပြီး တခါတည်းသွားလှူချင်တာ။ ကျနော်တို့ က ဟိုးဘက်၊ ဒီဘက်လည်း မဟုတ်ဘူး။ တကယ်ရေဘေးဖြစ်တဲ့သူတွေကို သွားလှူတာတောင် ပြဿနာ ရှိနေတယ်” ဟု ပြောသည်။
ရေဘေးသင့်ပြည်သူများအတွက် တောင်ငူမြို့ပေါ်၌ ကယ်ဆယ်ရေးစခန်း ၄၀ ခန့်ထိ ဖွင့်လှစ်ထားခဲ့ပြီး စစ်ကောင်စီ လက် အောက်ခံအဖွဲ့များကကွပ်ကဲရေးရုံးဖွင့်၍ အလှူငွေများလက်ခံနေသော်လည်း ကူညီထောက်ပံ့မှု အစီအမံများ ပွင့်လင်း မြင်သာမှုမရှိဟု တောင်ငူမြို့ခံတချို့က ပြောသည်။
ထို့အတူ ရှမ်းတောင်ပိုင်းနှင့် ကရင်နီဒေသခံတို့တွင်လည်း လက်ရှိ အချိန်ရက်ပတ္တပတ် နှစ်ပတ်ကျော်ကြာထိ ရေကြီးမှုများ ကြုံနေရသော်လည်း စစ်ကောင်စီ၏ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးများကို မြို့ပေါ်နေရာအနည်းငယ်သာ ရှိနေကြ သည်။
စစ်ကောင်စီ၏ ထောက်ပံ့မှုတချို့သည် လွိုင်ကော်မြို့ခံတချို့သာရရှိပြီး ရေဘေးဆိုးဆိုးဝါးဝါးကြုံနေရသည့် ဒီးမော့ဆို၊ မိုးဗြဲ အစရှိသည့်ဒေသများအပါအဝင် ကရင်နီဘက် သွားကူမည့် ပရဟိတအသင်းအဖွဲ့များ သွားရောက်ရန် ကန့်သတ်ခံထားရ ကြောင်း သိရသည်။
ညောင်ရွှေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများတွင်လည်း စစ်ကောင်စီ၏ ကူညီရေ အစီအစဉ်တချို့သာတွေ့ရပြီး အင်းလေး ကန်ပတ်လည်ရှိ ရေဘေးသင့်နေသော ကျေးရွာ ၂၀၀ နီးပါးအတွက် စစ်ကောင်စီ၏ ကူညီထောက်ပံမှုများ မရရှိသေးကြောင်း ဒေသခံများနှင့် ပရဟိတအဖွဲ့များက ပြောသည်။
ထို့ပြင် ဆီဆိုင်မြို့နယ်တွင်လည်း စစ်ကောင်စီ၏ အကူအညီများမရှိသည့်အပြင် အလှူရှင်များလည်း မရှိသလောက်နည်း နေသေည်ဟု ဒေသခံများထံက သိရသည်။
ဆီဆိုင်မြို့နယ် ဒေသခံတဦးက “ကျနော်တို့ဆီဆိုင်မှာက ဘေးသင့်ပြည်သူ နှစ်သောင်း လောက်ရှိတယ်။ အခုကရေလည်း မကျသေးဘူး။ မိုးကလည်းပြန်ရွာနေတယ်။ ဟိုပုံးဘက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက PNO က သွားလှူတာရှိတယ်။ ဒီဘက်က အခုထိ အလှူရှင်တွေ မရောက်သေးဘူး။ လက်ရှိက အစားအသောက်နဲ့ အဝတ်အထည်တွေ အရေးပေါ် လိုအပ်နေတယ်” ဟု ပြောသည်။
ရှမ်းတောင်ပိုင်း ဆီဆိုင်မြို့နှင့် ကရင်နီပြည် လွိုင်ကော်မြို့တို့သည် ရေမကြီးမီ ရက်ပိုင်းအတွင်း စက်တင်ဘာ ၄ ရက်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့ပြီး စစ်ဘေးသင့် ပြန်လည်ထူထောင်ရေး ကိစ္စများပြောဆိုခဲ့ သော်လည်း လက်ရှိရေဘေး၌ ဒေသခံများ ကူညီကယ်ဆယ်မှု ကင်းမဲ့နေသည်။
ရှမ်းအရှေ့ ထိုင်းနယ်စပ်ရှိ တာချီလိတ်မြို့ဆိုလျှင် ရေကျသွားသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ပြန်လည်ထူထောင်နိုင်ဖို့ ထက် နေ့စဉ် ဝမ်းရေးအတွက် အလှူရှင်ကိုသာ စောင့်မျှော်နေရသည့် မိသားစုများ အများအပြားရှိနေပြီး တဖက်ရှိ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နှင့် နှိုင်းယှဉ်ပါက ကွာခြားလှသည်ကို တွေ့ရမည်။
တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်ခဲ့သော အင်အားကြီး ဆိုင်ကလုန်းမုန်တိုင်း ရာဂီနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ် ပေါ်ခဲ့သော မုန်တိုင်းငယ်တို့အရှိန်ကြောင့် စက်တင်ဘာလ ဒုတိယအပတ်တွင်း မိုးသည်းထန်စွာရွာသွန်းကာ ပြည်နယ်နှင့် တိုင်း ၉ ခုရှိ မြို့နယ် ၅၄ မြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကာ လူဦးရေ ၁၄၈၆၄၃ ရေဘေးသင့်ခဲ့ပြီး ၄၀၀ ကျော် သေဆုံးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
အဆိုပါ ရေဘေးနှင့်ပတ်သက်၍ စစ်ကောင်စီထုတ်ပြန်သည့် အချက်အလက်များမှာလည်း မြေပြင်နှင့်များစွာ ကွာဟမှုများ ရှိနေကြောင်း မြေပြင်တွင် ထိုထက်မက ရေဘေးသင့်နေကြကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက ထောက်ပြ ပြောဆို သည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNCHOA) က မြို့နယ်ပေါင်း ၇၀ ခန့် ရေကြီးရေလျှံခဲ့ရပြီး လူဦးရေ ၁ သန်းခန့် ရေဘေးသင့်ခဲ့သည်ဟု စက်တင်ဘာ ၂၈ ရက်က ထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်ခံရရှိသည့် အလှူငွေ ၄၀ ဘီလီယံကျော်အပြင် ကျပ် ၃၀ ဘီလီယံခန့် သဘာဝဘေးအတွက် သုံးမည်ဟု ရေဘေးအလှူပွဲတွင် စစ်ခေါင်းဆောင်ပြောဆိုခဲ့သော်လည်း လက်တွေ့မြေပြင် ရေဘေးသင့်ဒေသများမှပြည်သူများအဖို့ စုဆောင်းခဲ့သမျှ ရေနှင့်အတူ မျောပါသွားသဖြင့် ဆုံးရှုံးမှုများအပြင် စားဝတ်နေရေး အကျပ်အတည်းပေါင်းများစွာဖြင့် လာရောက်လှူဒါန်းမည့် အလှူရှင်များကို မျှော်နေကြဆဲပင် ဖြစ်သည်။ ။–
You may also like these stories:
ခရိုနီများ ရေဘေးကယ်ဆယ်ရေး ဒေါ်လာ ၁၅ သန်းကျော်လှူ
စစ်တပ်ခရိုနီများ နေပြည်တော်စစ်ရေးပြပွဲအတွက် ငွေလှူ
ရေဘေးကို အခွင့်ကောင်းယူ၍ ကရင်နီ၌ စစ်တပ် ပိုလှုပ်ရှားလာ