သမ္မတ ဂျိုးဘိုင်ဒန်က ကမ်မလာ ဟဲရစ်ကို ၂၀၁၇ ဇန်နဝါရီလမှာ အမေရိကန် အထက်လွှတ်တော် အမတ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုစေပြီးတဲ့ အခါ အစဉ်အလာအတိုင်း ဟဲရစ်ရဲ့ မိသားစုနဲ့အတူ Capitol အဆောက်အအုံမှာ ဓာတ်ပုံ ရိုက်ကြပါတယ်။
အဲ့ဒီနောက် မစ္စ ဟဲရစ်က ဂျိုးဘိုင်ဒန်ကို နောက်ထပ် တပုံလောက် ထပ်ရိုက်ခွင့်ပြုဖို့ တောင်းဆိုပြီး “အားလုံး လာကြပါ” လို့ နောက်က လူတဒါဇင်ခန့်ကို လက်ပြခေါ်ရင်း “ကျမရဲ့ နောက်ထပ် မိသားစုဝင်တွေပါ”လို့ ပြောကြားခဲ့ပါတယ်။
မစ္စ ဟဲရစ် ခေါ်လိုက်တဲ့ အထဲက မစ္စတာ ဘိုင်ဒန်ဆီ ပထမဆုံး ချဉ်းကပ်လာတဲ့ သူကတော့ ကမ္ဘာ့ အချမ်းသာဆုံး သူတွေ ထဲက တဦးဖြစ်တဲ့ မစ္စ လော်ရင်း ပေါ်ဝဲ ဂျော့ဘ်စ် (Ms. Laurene Powell Jobs) ပါပဲ။
အမေရိကန်ရဲ့ အကျော်ကြားဆုံး စွန့်ဦးတီထွင်သူ စတိဗ် ဂျော့ဘ်စ် (Steve Jobs) (ကွယ်လွန်) ရဲ့ ဇနီးဖြစ်သူ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံကျော် ကြွယ်ဝတဲ့ ပရဟိတသမား မစ္စ ပေါ်ဝဲ ဂျော့ဘ်စ် ဟာ မစ္စတာ ဘိုင်ဒန်ရဲ့ နောက် ညာဘက်ခြမ်းမှာ နေရာ ယူလိုက်ပါတယ်။
အဲဒီ ဓာတ်ပုံထဲမှာတော့ မစ္စ ဟဲရစ် ရဲ့ ငယ်စဉ်ကတည်းက ခင်မင်ခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်းနဲ့ အခြားသော သူနဲ့ အနီးကပ်ဆုံး လူတွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း မစ္စ ပေါ်ဝဲ ဂျော့ဘ်စ် ဟာ မစ္စ ဟဲရစ်ရဲ့ မရှိမဖြစ် လူယုံတဦး ဖြစ်လာခဲ့ပြီး အကြံဉာဏ်၊ ငွေကြေးနဲ့ ဟဲရစ်ရဲ့ ဂုဏ်သတင်း ကျယ်ပြန့်လာဖို့တွေ အတွက် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
အခု ဒီနှစ် ရွေးကောက်ပွဲ ပြိုင်ဆိုင်မှုမှာတော့ ဆီလီကွန် ဗယ်လီ (Silicon Valley) ရဲ့ အချမ်းသာဆုံး အမျိုးသမီးဟာ အရေးပါတဲ့ နောက်ကွယ်ကလူ အဖြစ် ပေါ်ထွက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။
သူဟာ မစ္စ ဟဲရစ်ကို ကျောထောက်နောက်ခံ ပေးထားတဲ့ အဖွဲ့အစည်းတခုကို ဒေါ်လာ သန်းနဲ့ချီပြီး လျှို့ဝှက်စွာ ပေးခဲ့ကြောင်း အမည်မဖော်လိုတဲ့ အတွင်းလူ သတင်းအရ သိရပါတယ်။
ဂျိုးဘိုင်ဒန်ကို သမ္မတ ပြိုင်ဆိုင်မှု လမ်းကြောင်းကနေ ထွက်ခွာစေပြီး ဟဲရစ် အတွက် လမ်းကြောင်း ပွင့်စေခဲ့မှုမှာ မစ္စ ပေါ်ဝဲက နောက်ကွယ်ကနေ အရေးပါတဲ့ အဓိကနေရာက ပါဝင်ခဲ့တယ် လို့လည်း ဆိုပါတယ်။
သမ္မတ ဖြစ်လာနိုင်ခြေရှိတဲ့ လက်ရှိ ဒုသမ္မတ ကမ်မလာ ဟဲရစ်နဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ မစ္စ ပေါ်ဝဲကို နောက်တက်မယ့် အစိုးရအဖွဲ့အပေါ် ပုံမှန်ထက်ပိုတဲ့ လွှမ်းမိုးနိုင်စွမ်း ဒါမှမဟုတ် လွှမ်းမိုးနိုင်မှု အနည်းအကျဉ်းတော့ ရှိနိုင်မယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။
“လော်ရင်းဟာ ခင်မင်ရင်းနှီးမှု အတွက် တကယ့် ဆုလာဘ် တခုပါပဲ။ အထူးသဖြင့် မိတ်ဆွေဟောင်းတွေ အပေါ်မှာပေါ့။ သူက ရင်းနှီးသူတွေအပေါ် တကယ်ကို သစ္စာရှိတဲ့သူပါ” လို့ ဒေးဗစ် ဘရက်ဒ်လေ က ပြောပါတယ်။
ဒေးဗစ် ဘရက်ဒ်လေ ဟာ The Atlantic Magazine ကို ၂၀၁၇ ခုနှစ်က မစ္စ ပေါ်ဝဲ ပိုင်တဲ့ Emerson Collective ကုမ္ပဏီဆီ ရောင်းချခဲ့သူ ဖြစ်ပါတယ်။
Ford Foundation ရဲ့ ဥက္ကဌ ဖြစ်သူ ဒါရင်း ဝေါ့လ်ကာ ကလည်း ဒုသမ္မတရဲ့ နေရာမှာ ကျင်းပတဲ့ ညစာစားပွဲ တခုမှာ မစ္စ ဟဲရစ် နဲ့ မစ္စ ပေါ်ဝဲတို့ဟာ နှစ်ပေါင်းများစွာ ရင်းနှီးလာတဲ့ သူငယ်ချင်းတွေလို ဆိုဖာတခုတည်းမှာ အေးအေး ဆေးဆေး ထိုင်နေခဲ့ကြောင်း ပြောပါတယ်။
သူတို့ နှစ်ဦးဟာ အနုပညာ အကြောင်းနဲ့ မကြာသေးခင်က သွားခဲ့တဲ့ အာဖရိက ခရီးစဉ်အကြောင်း တွေပဲ ပြောခဲ့ကြပြီး နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ပတ်သက်လို့၊ ထရမ့်အကြောင်း၊ သမ္မတ အကြောင်း ဘာမှ မပြောခဲ့ကြဘူး လို့လည်း ပြောဆိုပါတယ်။
နိုင်ငံရေးသမားတွေက သူတို့ လမ်းကြောင်းနဲ့ ကမ်ပိန်းတွေ အတွက် ထောက်ပံ့ပေးပြီး အားကောင်းစေတဲ့ သူတွေကို မိတ်ဆွေ ဆိုတဲ့ စကားလုံးနဲ့ ဖော်ညွှန်းကြလေ့ ရှိပါတယ်။
မစ္စ ပေါ်ဝဲ နဲ့ မစ္စ ဟဲရစ်တို့ဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကို ပြင်ပသို့ မပေါက်ကြားစေချင်တဲ့ သူတွေဖြစ်တယ် လို့လည်း သိရပါတယ်။
မစ္စ ဟဲရစ် က အသက် ၅၉ နှစ်ရှိပြီ ဖြစ်ပြီး မစ္စ ပေါ်ဝဲ ကတော့ ၆၀ ရှိပြီဖြစ်ကာ နှစ်ဦးစလုံး ဆန်ဖရန်စ္စစကို ဘေးဧရိယာ ကနေ အတူတူ ထင်ပေါ် ကျော်ကြားလာခဲ့တဲ့သူတွေ ဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်မှာ ဟဲရစ်ရဲ့ ပထမဆုံး ဆန်ဖရန်စ္စစကို ခရိုင်ရှေ့နေ ယှဉ်ပြိုင်မှုအတွက် မစ္စ ပေါ်ဝဲက ဒေါ်လာ ၅၀၀ လှူဒါန်း ခဲ့ဖူးပြီး ဟဲရစ်ရဲ့ နိုင်ငံရေး လမ်းကြောင်း အစမှာတည်းက ကူညီပေးခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသမီး နှစ်ဦးဟာ နောက်ထပ် ဆယ်စုနှစ် နှစ်ခုထိအောင် ဆီလီကွန်တောင်ကြားရဲ့ အထက်ပိုင်း အသိုင်းအဝိုင်းမှာ အတူတကွ ကျင်လည်ခဲ့ကြပြီး ၎င်းတို့ရဲ့ မိသားစုပွဲတွေကို အပြန်အလှန် တက်ရောက်ခဲ့ကြတယ် လို့လည်း ဆိုပါတယ်။
၂၀၁၇ ခုနှစ်က နည်းပညာ ကွန်ဖရန့်တခုမှာ နယူးယော့ခ် တိုင်းမ်ရဲ့ ဆောင်းပါးရှင် ဖြစ်လာမယ့် ဂျာနယ်လစ် ကာရာ ဆွစ်ရှာ က မစ္စ ပေါ်ဝဲကို ရှားရှားပါးပါး အင်တာဗျူးခွင့် ရခဲ့ပါတယ်။
အဆိုပါ အင်တာဗျူးမှာ မစ္စ ပေါ်ဝဲ ဂျော့ဘ်စ်ကို ၂၀၂၀ ရွေးကောက်ပွဲကျရင် သမ္မတလောင်း ဝင်ပြိုင်ဖို့ အစီအစဉ် ရှိမရှိ ဟာသနှောပြီး မေးမြန်းခဲ့ပါတယ်။
အဲဒီ မေးခွန်းကို “ကျမတို့ထဲက အမျိုးသမီး တယောက်တော့ ဖြစ်သင့်ပါတယ်။ သူ့ကို ကျမ မဲပေးမှာ” လို့ မစ္စ ဟဲရစ်ကို ညွှန်ပြပြီး ဖြေကြားရင်း အဲဒီအချိန်ကတည်းက ကယ်လီဖိုးနီးယားရဲ့ အသစ်စက်စက် လွှတ်တော်အမတ် မစ္စ ဟဲရစ်ကို အားပေးမြှင့်တင်မှု လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
မစ္စ ဟဲရစ်ရဲ့ ဒုသမ္မတ တာဝန် အစောပိုင်း ကာလတွေဟာ မလွယ်ကူခဲ့ဘဲ အခက်အခဲတွေ၊ ဝေဖန် ပြောဆိုမှုတွေ များစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး မစ္စ ပေါ်ဝဲအပေါ် မှီခိုခဲ့ရတယ်လို့ ဆိုပါတယ်။
မစ္စ ပေါ်ဝဲကလည်း အခြားသော ဒီမိုကရက်တွေ အနေနဲ့ မစ္စ ဟဲရစ်ကို ပိုမိုကာကွယ်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
မစ္စ ပေါ်ဝဲ ဂျော့ဘ်စ် အနေနဲ့ သမ္မတ ဘိုင်ဒန် နဲ့ ဟဲရစ် တို့ရှိတဲ့ အိမ်ဖြူတော်ကို ၉ ကြိမ်အထိ သွားရောက် လည်ပတ်ခဲ့ ပေမယ့် အစိုးရနဲ့ ပတ်သက်လို့ အမြဲတမ်း နှစ်သက် သဘောကျနေတာတော့ မဟုတ်ပါဘူး။
မစ္စ ပေါ်ဝဲဟာ ဒုသမ္မတ ဟဲရစ်နဲ့ အဆင်ပြေပေမယ့် သမ္မတ ဘိုင်ဒန်နဲ့ ဆက်ဆံရေးကတော့ သိပ်အဆင်မပြေပါဘူး။ ဆီလီကွန်တောင်ကြားနဲ့ လူချမ်းသာတွေအပေါ် သမ္မတရဲ့ ရန်လိုတဲ့ ပြောဆိုမှုတွေကို မနှစ်သက်မှုတွေ ရှိခဲ့တယ် လို့ ဆိုပါတယ်။
အဲ့ဒီနောက် ဇွန်လက သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ စကား စစ်ထိုးပွဲမှာတော့ သမ္မတ ဂျိုးဘိုင်ဒန် အခြေအနေ မကောင်း ခဲ့တာကြောင့် ဂျိုးဘိုင်ဒန် ရဲ့ ရွေးကောက်ပွဲ အနိုင်ရဖို့ စွမ်းဆောင်နိုင်စွမ်းကို စိုးရိမ်မိတယ်လို့ ဒီမိုကရက်တစ် ပါတီရဲ့ အဓိက အလှူရှင်တွေကို မစ္စ ပေါ်ဝဲ က ပြောကြားခဲ့ကြောင်း သိရပါတယ်။
သီတင်းပတ် အနည်းငယ် အကြာမှာတော့ ချီကာဂိုမှာ ကျင်းပတဲ့ ဒီမိုကရက်တစ် ပါတီ ညီလာခံမှာ မစ္စ ဟဲရစ်ကို ပါတီရဲ့ သမ္မတလောင်း အဖြစ် တရားဝင် အမည်စာရင်း တင်သွင်းလိုက်တော့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
မစ္စ ပေါ်ဝဲဟာ အခြားသော နည်းပညာလောကရဲ့ အမျိုးသမီး ဦးဆောင်သူတွေနဲ့ စကားပြောခဲ့ပြီး မစ္စ ဟဲရစ် ကို လူသိရှင်ကြား ထောက်ပံ့ဖို့ တိုက်တွန်းခဲ့တယ် လို့လည်း သိရပါတယ်။
ဒါ့အပြင် သူ့ရဲ့ အကြီးတန်း နိုင်ငံရေး လက်ထောက်တဦး အလုပ်လုပ်နေတဲ့ PAC Future Forward အဖွဲ့အစည်း အပါအဝင် အခြားသော ဟဲရစ်ကို လိုလားတဲ့ အဖွဲ့အစည်း ၁၇ ခုရဲ့ စာရင်းကို လှူဒါန်းဖို့ အကြီးစား လှူဒါန်းသူတွေထံ လှုံ့ဆော် ဖြန့်ဝေခဲ့တယ် လို့လည်း သိရပါတယ်။
သူကိုယ်တိုင်လည်း Future Forward အဖွဲ့အစည်း ရဲ့ အလှူရှင်အမည် မဖော်ပြတဲ့ အန္တရယ်မရှိတဲ့ အလှူငွေ သန်းနဲ့ချီပြီး လှူဒါန်းခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အတွင်းသတင်းက ဆိုပါတယ်။
မစ္စ ပေါ်ဝဲဟာ နိုင်ငံရေး လောကထဲဝင်ဖို့ စဉ်းစားနေခဲ့တာ ကြာပြီဖြစ်ကြောင်း သူ့သူငယ်ချင်း တချို့က ပြောပါတယ်။
တကယ်လို့ မစ္စ ဟဲရစ်သာ ရွေးကောက်ပွဲ အနိုင်ရခဲ့ရင် အစိုးရအဖွဲ့ရဲ့ အရေးပါတဲ့ နေရာ တခုမှာ မစ္စ ပေါ်ဝဲ ပါဝင် လာနိုင် ကြောင်း ထင်ကြေး ပေးမှုတွေလည်း ရှိနေပါတယ်။
မစ္စ ပေါ်ဝဲ ဂျော့ဘ်စ် ကလည်း“အခု ကျမ လူတွေကို ကူညီရင်း ဘဝကို ဖြတ်သန်းနေပါတယ်။ ပြီးတော့ အဲ့ဒီအပိုင်းမှာ ကောင်းကောင်း လုပ်နိုင်တယ်လို့ ခံစားရတယ်။ ကျမ ရည်ရွယ်ထားတာ မဟုတ်ပေမယ့် အခြားသော အခွင့်အလမ်းတွေ ရှိလာခဲ့ရင်လည်း တွန့်ဆုတ်နေမှာ မဟုတ်ဘူး”လို့ ၂၀၂၂ ခုနှစ်က အင်တာဗျူး တခုမှာ ပြောကြားထားပါတယ်။ ။
New York Times ရဲ့ Behind Kamala Harris’s Rise: Silicon Valley’s Wealthiest Woman By Theodore Schleifer ဆောင်းပါးကို ဘာသာပြန် ဖော်ပြပါသည်။