ထိုင်းနိုင်ငံအရှေ့ပိုင်းပြည်နယ် ချန်သာဘူရီမှ အတော်အသင့် ကောင်းမွန်သော အိမ်တအိမ်ရှေ့ ကားလမ်းသို့ အဖြူရောင် ဘင်ကားတစီး နေ့လယ်ဝန်းကျင်တွင် ရောက်လာသောအခါ အသက်အရွယ် ကြီးရင့်သူ ငါးဦး ကားပေါ်တက်ကြပြီး ကမ္ဘောဒီးယားနယ်စပ်သို့ နှစ်နာရီခရီးအတွက် ခေါင်းအုံးများ၊ စောင်များဖြင့် နေရာယူကြသည်။
လူဝင်မှုကြီးကြပ်ရေးဂိတ်သို့ ရောက်သောအခါ ကမ္ဘောဒီးယားနယ်စပ်တဖက် ပိုင်လင်းမှ ကာစီနို ကိုယ်စားလှယ်တဦးက ထိုင်းခရီးသည် တဦးစီအတွက် ဘတ် ၅၀၀ (၁၅ ဒေါ်လာ) ဘောက်ချာပေးသည်။ ထိုဘောက်ချာသည် ဖဲကစားရာတွင် ပထမလောင်းကြေးဖြစ်ပြီး နိုင်ပါက အသွားအပြန် ခရီးအတွက် လုံလောက်သည်။
နယ်စပ်မှ မီတာ ၆၀၀ မျှသာဝေးသော ထိုင်းပိုင် ကာစီနိုသည် ချန်သာဘူရီမှ သက်ကြီးရွယ်အိုများအတွက် ဝန်ဆောင်မှုပေးပြီး အလောင်းအစားကို ကမ္ဘောဒီးယား ရိရယ်ငွေဖြင့် မယူဘဲ ထိုင်း ဘတ်ဖြင့်ယူသည်။
ထိုအုပ်စု၏ အသက် ၈၀ နှစ်အရွယ်ခေါင်းဆောင် ပီအက်အမည်ရှိသူသည် တပတ်လျှင် နယ်စပ်ဖြတ်ကျော် တံဆိပ်တုံး အကြိမ်ကြိမ် အနှိပ်ခံရသည်။ ထိုသို့ ထွက်လာပြီးနောက် သူသည် ဖဲ၊ ဂျင်နှင့် တရုတ်အံစာတုံးကစားပြီး ဘတ် ၄,၀၀၀ နိုင်သော်လည်း ယခင်နေ့က ရှုံးခဲ့သည့် ဘတ် ၇,၀၀၀ ကို မကာမိပေ။
ပိုင်လင်း လောင်းကစားခန်းမသည် လောင်းကစား ဝါသနာပါသူများအတွက် ထိုင်းနှင့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနယ်စပ်များကဲ့သို့ လောင်းကစားလုပ်ငန်းတခုသာ ဖြစ်သည်။ မက္ကာအိုနှင့် စင်ကာပူမှ ပိုမိုကောင်းမွန်သည့် ကာစီနိုများသည် ခရီးပိုမိုဝေးဝေး သွားနိုင်သူများအတွက် ထိုင်းစကားပြောသည့် ဆက်ဆံရေးဝန်ထမ်းများကို ခန့်ထားကြသည်။ အချိန်မရှိသူများသည် တဆင့်စကားဖြင့် ထိုင်းနိုင်ငံအတွင်းမှ မြေအောက်ကာစီနိုများသို့ သွားကြသည်။ ထိုကာစီနိုများကို ရဲက မကြာခဏ ဝင်ရောက်စီးနင်းသော်လည်း ရှိနေသည်။
ထိုင်းလောင်းကစားသမားများကို ဝန်ဆောင်မှုပေးသည့် ကာစီနိုများသည် ကမ္ဘောဒီးယားနိုင်ငံ ပိုင်လင်းသို့သွားသည့် ပင်မလမ်းဘေးတွင် တည်ရှိသည်။ မြန်မာနှင့် လာအိုတွင်လည်း ထိုင်းများကို ပစ်မှတ်ထားသည့် အလားတူ ကာစီနိုလုပ်ငန်းများ ရှိသည်။
ထိုင်းလောင်းကစားသမားများကို ဝန်ဆောင်မှုပေးသည့် ကာစီနိုများသည် ကမ္ဘောဒီးယားနိုင်ငံ ပိုင်လင်းသို့သွားသည့် ပင်မလမ်းဘေးတွင် တည်ရှိသည်။ မြန်မာနှင့် လာအိုတွင်လည်း ထိုင်းများကို ပစ်မှတ်ထားသည့် အလားတူ ကာစီနိုလုပ်ငန်းများ ရှိသည်။

“ငွေအများကြီး ရနိုင်တယ်” ဟု ယခင်က ကမ္ဘောဒီးယားနှင့် လာအို ကာစီနိုလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ဖူးသည့် ဟောင်ကောင်အခြေစိုက် ဂိမ်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Fortuna Investments Worldwide မှ တင်မ် ရှက်ပတ်က ပြောသည်။ “ထိုင်းတွေက ကာစီနိုနဲ့ မရင်းနှီးတဲ့သူတွေ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
ထိုင်းအစိုးရသည် လာမည့်အပတ်တွင် စတင်မည့် ဘဏ္ဍာရေးနှစ်အတွက် ခန့်မှန်းခြေ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု၏ ၄ ဒသမ ၃ ရာခိုင်နှုန်း သို့မဟုတ် အသုံးစရိတ်လိုငွေ ဘတ် ၈၆၅ ဒသမ ၇ ဘီလီယံ ပြနေသောကြောင့် လောင်းကစားလုပ်ငန်း အမျိုးမျိုးကို လွန်စွာ မျက်စေ့ကျနေသည်။
ဝန်ကြီးချုပ်အဖြစ် လွန်ခဲ့သော နှစ်ပတ်က ပါလီမန်သို့ ပထမဆုံး မိန့်ခွန်းပြောသောအခါ မစ္စ ပေတောင်တန် ရှင်နာဝပ်က “မြေအောက်စီးပွားရေးလုပ်ငန်းများ” ကို အခွန်စနစ်အတွင်း ထည့်သွင်းပြီး “ဖျော်ဖြေရေး လုပ်ငန်းများ” အတွက် အစီအစဉ်များအကြောင်း ပြောသည်။
မြေအောက်စီးပွားရေးဆိုသည်မှာ ပိုမိုကျယ်ပြန့်သော ဈေးဝယ်ခြင်း၊ ဖျော်ဖြေရေးနှင့် ဧည့်ဝန်ဆောင်မှု ပေးခြင်းတို့တွင် လောင်းကစားကို ပေါင်းထည့်ပြီး ကာစီနိုလောင်းကစားခြင်းကို မိသားစုနှင့် ကိုက်ညီအောင်လုပ်ကာ စင်ကာပူက လူသိများအောင် လုပ်ဆောင်ခဲ့သည့် “ပေါင်းစပ်အပန်းဖြေလုပ်ငန်း” ကို ထိုင်းစကားဖြင့် ခေါ်ခြင်းဖြစ်သည်။
လောင်းကစား အပန်းဖြေလုပ်ငန်းများကို နိုင်ငံတွင် ခွင့်ပြုမည့် ဥပဒေကြမ်းတခုအား ယခုနှစ်မကုန်မီ ပါလီမန်သို့ တင်သွင်းနိုင်ဖွယ်ရှိကြောင်း လွန်ခဲ့သောအပတ်တွင် ထိုင်း ဒု ဘဏ္ဍာရေးဝန်ကြီး ဂျူလာပန် အမွန်ဗီဗတ်က ပြောသည်။
ဒေသခံများ လောင်းကစား နှစ်သက်ခြင်းနှင့် ထိုင်းနိုင်ငံသည် အာရှ၏ထိပ်တန်း ခရီးသွားဒေသ ဖြစ်သောကြောင့် အပေါ်ယံအားဖြင့် ကာစီနိုလုပ်ငန်းများသည် နိုင်ငံအတွက် အာမခံချက်ရှိသော ဝင်ငွေရလမ်းဖြစ်သည်။
သို့သော် ဖျော်ဖြေရေးလုပ်ငန်းများကို သတင်းခေါင်းစဉ်များတွင် ပါစေသည့် ရုတ်တရက် အရှိန်အဟုန်သည် အများပြည်သူ စိုးရိမ်ပူပန်မှုနှင့် လက်ရှိ နိုင်ငံရေးအရ ဆန့်ကျင်မှုကို ကျော်လွှားရန် လုံလောက်မည်၊ မလုံလောက်မည်ကို ရှင်းလင်းစွာ မသိရသေးပေ။
ထိုသို့ တရားဝင်အောင် လုပ်ခြင်းကို ပါလီမန်က ထောက်ခံလျှင် ထိုင်းဘဏ္ဍာတိုက်အတွက် အကျိုးအမြတ်မှာ အသေးစိတ်များအပေါ် အကြီးအကျယ် မူတည်နေသည်။ ဂျပန်မှ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီက ၂၀၂၀ တိုကျိုအိုလံပစ် မတိုင်မီ သို့မဟုတ် ၂၀၂၅ ခုနှစ် အိုဆာကာ ကုန်စည်ပြပွဲ မတိုင်မီ ကာစီနို အပန်းဖြေလုပ်ငန်းများ ဖွင့်ရန် ရည်မှန်းချက်သည် ထိုင်းနိုင်ငံ၏ စီမံကိန်းများ လမ်းချော်သွားနိုင်သည့် အန္တရာယ်ကို ပြသနေသည်။ ဂျပန်တွင် မူလက စီစဉ်ထားသည့် ကာစီနိုစီမံကိန်း သုံးခုအနက် တခုကိုသာ အကောင်အထည်ဖော်နေပြီး ထိုစီမံကိန်းသည်ပင် အနည်းဆုံး ၂၀၃၀ ပြည့်နှစ် မတိုင်မီ စတင်နိုင်မည် မဟုတ်ပေ။
ဂျပန်တွင် ကဲ့သို့ပင် ကမ္ဘာ့ကာစီနိုလုပ်ငန်း လုပ်ကိုင်သူများသည် ထိုင်းနိုင်ငံတွင် ကာစီနို တရားဝင်ရေးကို စောင့်ကြည့်နေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ထိပ်တန်းအမှုဆောင်များသည် သုတေသီများနှင့် သုံးလတကြိမ် အွန်လိုင်းဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံကို စိတ်ဝင်စားကြောင်း ထပ်မံအတည်ပြုသည်။
“ခင်ဗျားတို့မှာ အရမ်းကောင်းတဲ့ ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံ ရှိတယ်။ ခင်ဗျားတို့မှာ အရမ်းခိုင်မာတဲ့ ဝန်ဆောင်မှုယဉ်ကျေးမှုနဲ့ အဲဒီဈေးကွက်အတွက် အခြေအနေပေးတဲ့ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ် စနစ်ရှိတယ်” ဟု Wynn Resorts အမှုဆောင်အရာရှိချုပ် ခရိတ် ဘေးလင်းစ်က လွန်ခဲ့သောလတွင် ပြောသည်။ “ဒါကြောင့် ဒီလုပ်ငန်းစဉ်ကို ကျနော်တို့ အရမ်းနီးကပ်စွာ စောင့်ကြည်နေပြီး မြေပြင်မှာလည်း အရမ်းတက်ကြွနေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သို့သော် Wynn Resorts ကဲ့သို့သော လုပ်ငန်းများသည် အမှန်တကယ် လုပ်မည်၊ မလုပ်မည်မှာ အခြားကိစ္စ ဖြစ်သည်။ ဘေးလင်းစ်က “လုပ်ထုံးလုပ်နည်းနဲ့ လိုင်စင်ချထားပေးတဲ့ စနစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်တွေကို ကြည့်ဖို့ လိုသေးတယ်” ဟု ပြောသည်။ ရင်းနှီးမြှုပ်နှံမှုမှ ပြန်ရသည့် အကျိုးအမြတ်သည် “သင့်တင့်လျှောက်ပတ်ခြင်း” မရှိသည့်အခြေအနေတွင် သူ၏လုပ်ငန်းသည် ရှေ့ဆက်လုပ်မည် မဟုတ်ကြောင်းလည်း ပြောသည်။
အစိုးရက ဖြန့်ချိသည့် မူဝါဒဆိုင်ရာစာတမ်းများတွင် ထိုင်းနိုင်ငံ၏ လောင်းကစားခွန်ကို ၁၇ ရာခိုင်နှုန်းဟု ဖော်ပြထားသောကြောင့် မက္ကာအို၏ ထိရောက်သော အခွန် ၄၀ ရာခိုင်နှုန်းထက် များစွာလျော့နည်းသည်။ ထုတ်ပေးနိုင်ဖွယ်ရှိသည့် လိုင်စင်အရေအတွက်ကို မသတ်မှတ်ရသေးသော်လည်း အဆိုပြုသူ ၁၀ ဦးခန့်အထိ ခွင့်ပြုနိုင်ကြောင်း အချို့က ပြောသည်။

နှိုင်းယှဉ်ကြည့်ပါက မလေးရှားတွင် ကာစီနိုလုပ်ငန်းခွဲ တခုသာရှိပြီး စင်ကာပူတွင် နှစ်ခု ရှိသည်။ ထိုင်းနိုင်ငံ၏ မူကြမ်းစည်းမျဉ်းများအရ လိုင်စင်များသည် အနည်းဆုံး ငွေရင်း ဘတ် ၁၀ ဘီလီယံ မှတ်ပုံတင်ရန် လိုအပ်မည်ဖြစ်ပြီး ပထမဆုံး စီမံကိန်းများအတွက် ဘတ် ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရမည် ဖြစ်သည်။
ထိုပမာဏများသည် လက်စ် ဗီးဂက်မှ လောင်းကစားကုမ္ပဏီများအတွက် များပြားသော ပမာဏ မဟုတ်သော်လည်း ဘန်ကောက်တွင် ဘတ် ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုသည် ထိုလုပ်ငန်းများအတွက် ဆွဲဆောင်မှုရှိသည့် ထိုင်းနိုင်ငံမှ တခုတည်းသော နေရာဖြစ်သည်ဟု ဝါရင့်လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
နှစ်နာရီခရီးအတွင်းရှိ အလားအလာရှိသော လောင်းကစားသမား အများအပြားရှိသည့် နေရာတခုသာလျှင် ထိုငွေအတိုင်းအတာသည် မှန်ကန်သောပမာဏ ဖြစ်မည်ဟုလည်း ၎င်းတို့က ပြောကြားသည်။ “ဘန်ကောက်မှာ ဒေါ်လာ ၃ ဘီလီယံလောက်ဆို အဓိပ္ပာယ်ရှိတယ်” ဟု အရှေ့တောင်အာရှအခြေစိုက် အမေရိကန် အမှုဆောင်တဦးက ပြောသည်။
ရလဒ်မှာ ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းခြေများနှင့် မြောက်ဘက် ကုန်းမြင့်များသို့ လာရောက်သော ပြည်ပခရီးသွားများသည် ကာစီနိုကုမ္ပဏီများအတွက် ကြီးမားသော ဆွဲဆောင်မှုမဟုတ်ဆိုသည့် အချက်ဖြစ်သည်။
ရလဒ်မှာ ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းခြေများနှင့် မြောက်ဘက် ကုန်းမြင့်များသို့ လာရောက်သော ပြည်ပခရီးသွားများသည် ကာစီနိုကုမ္ပဏီများအတွက် ကြီးမားသော ဆွဲဆောင်မှုမဟုတ်ဆိုသည့် အချက်ဖြစ်သည်။
“ခရီးသွားလုပ်ငန်းသက်သက်က ဒီလောက်အဓိပ္ပာယ် မပြည့်ဝဘူး” ဟု ဟောင်ကောင်မှ Seaport Research Partners ၏ ဝါရင့် လောင်းကစားသုတေသီ ဗိုက်တာလီ ယူမန်စကီးက ပြောသည်။ ကာရစ်ဘီယံနှင့် မြေထဲပင်လယ်မှ အပန်းဖြေစခန်းများတွင် ကာစီနိုလုပ်ငန်းများ ပါဝင်သော်လည်း ဂိမ်းလုပ်ငန်းသည် အခြားဝန်ဆောင်မှုတခုသာဖြစ်ပြီး အပန်းဖြေစခန်း လုပ်ငန်းလုပ်ကိုင်သူများ သို့မဟုတ် အိမ်ရှင်နိုင်ငံများအတွက် အဓိကငွေရှာသည့် လုပ်ငန်းမဟုတ်ပေ။
“ကမ်းခြေတခုရှိနေတော့ လူတွေက လောင်းကစားခရီးထွက်မှာ မဟုတ်ဘူး။ ကမ်းခြေကို သွားတဲ့လူတွေက ကမ်းခြေမှာပဲ နေချင်တယ်။ ကာစီနိုရုံထဲမှာ မနေချင်ဘူး” ဟု ၎င်းက ရှင်းပြသည်။
လက်တွေ့တွင်လည်း ထိုင်းသို့ မကြာခဏသွားပြီး လာအိုနှင့် ကမ္ဘောဒီးယားသို့လည်း သွားလေ့ရှိသည့် အိန္ဒိယ ခရီးသည် မောရစ် (အမည်အပြည့်အစုံမဟုတ်) က ကာစီနိုများကို စိတ်မဝင်စားကြောင်း ပြောသည်။ “ကျနော် လောင်းကစား မလုပ်ဘူး။ ဒါကြောင့် လောင်းကစားလုပ်ငန်းတွေ ရှိ၊ မရှိ ကျနော်မသိဘူး” ဟု ၎င်းက ပြောသည်။
မည်သို့ဆိုစေ ယူမန်စကီးက ထိုင်းနိုင်ငံ၏ လုပ်ထုံးလုပ်နည်းသည် လုံလုံလောက်လောက် တင်းကျပ်ခြင်း ရှိ၊ မရှိ သို့မဟုတ် ထိုင်းလုပ်ထုံးလုပ်နည်း ကြီးကြပ်သူများသည် အမေရိကန် လောင်းကစားအရာရှိများက ထိုင်းလိုင်စင်များ ငွေကြေးခဝါချမှု ရှိ၊ မရှိ သို့မဟုတ် ရာဇဝတ်မှုများနှင့် ပတ်သက်မှု ရှိ၊ မရှိ မေးခွန်းထုတ်သည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် ခုနစ်နိုင်ငံတွင် တရားဝင် ကာစီနိုများ ရှိပြီးဖြစ်သော်လည်း လိုင်စင်ရ အမေရိကန်လုပ်ငန်း ဆောင်ရွက်သူများသည် စင်ကာပူထက် ကျော်လွန်ပြီး မည်သည့်နိုင်ငံတွင်မှ လုပ်ကိုင်ခြင်း မရှိပေ။
မြေအောက် ထိုင်းကာစီနိုလုပ်ငန်း လုပ်ကိုင်သူများသည် လိုင်စင်ရ လုပ်ငန်းစုများတွင် ပါဝင်လာနိုင်ကြောင်း ကာစီနိုလုပ်ငန်းကို တရားဝင်အောင်လုပ်ရေးနှင့် ပတ်သက်သည့် အရှုပ်အထွေးများကို မီးမောင်းထိုးပြပြီး အာဏာရ ဖွေထိုင်းပါတီ အရာရှိတဦး က Nikkei Asia သို့ ပြောသည်။
“မြေအောက် ကာစီနိုတချို့က ငွေကြေးလိမ်လည်မှု ခြံဝင်းတွေ၊ ငွေကြေးခဝါချမှုတွေနဲ့ မွန်းကျပ်လို့ သန့်သန့်ရှင်းရှင်း လုပ်ကိုင်လိုကြတယ်။ ကျနော်တို့အနေနဲ့ လုံးဝ ဖယ်ရှားဖို့ ခက်ခဲတဲ့ မြေအောက်လုပ်ငန်းတွေကို ချိန်ညှိလို့ပဲ ရတယ်” ဟု ၎င်းက ရှင်းပြသည်။
ဘန်ကောက်တွင် လူသိအများဆုံး မြေအောက် လောင်းကစားလုပ်ငန်းများအနက် တခုမှာ တောင်ပန် ဖြစ်သည်။ ထိုလုပ်ငန်းကို နှစ်ပေါင်းများစွာအတွင်း ရဲက အကြိမ်ကြိမ် ဝင်ရောက်စီးနင်းသည်။ ၂၀၁၃ ခုနှစ်က ရဲများရောက်လာသောအခါ ရပ်ကွက်နေပြည်သူများက တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူများကို လမ်းပိတ်ဆို့ပြီး ပုလင်းများနှင့် ပစ်ပေါက်သောကြောင့် လောင်းကစားသူ ၁၀၀ ကျော် လွတ်မြောက်သွားသည်။ ရဲတပ်ဖွဲ့ဝင်များသည် မြို့တော်ဗဟို ရထားဘူတာရုံအနီး စတုရန်းမီတာ ၁ ထောင်ရှိသော လောင်းကစားနေရာ၏ ပင်မခန်းမတွင် ဖဲဝိုင်းနေရာ ခုနစ်ခု တွေ့ရသည်။
တရားဝင်ခွင့်ပြုသည့် ကာစီနိုများသည် လူ့အဖွဲ့အစည်းအတွက် အကုန်အကျ သက်သာစေသည်ဟု ဖွေထိုင်းပါတီ အရာရှိက ပြောသည်။ “ကျနော်တို့ ငွေအလျင်အမြန် လိုနေတယ်” ဟု ၎င်းက ပြောသည်။
ဒေသခံအဖွဲ့အစည်းများတွင် ယခင်က မြင်းလောင်းပွဲလုပ်သည့် Royal Turf Club of Thailand သည် လိုင်စင်ရယူရန် စိတ်ဝင်စားသည့် လုပ်ငန်းအနည်းငယ်အနက် တခုဖြစ်ကြောင်း သူသိရှင်ကြားဖော်ပြသည်။

ဘန်ကောက်ရှိ ၎င်း၏ နေရာဟောင်းတွင် မြင်းပြိုင်ကွင်း၊ ဂေါက်ကွင်း၊ ရွက်လှေကလပ်နှင့် ဆေးကုသခံမည့် နိုင်ငံခြားခရီးသည်များအတွက် ဆေးရုံတရုံ ပါဝင်သည့် ဘတ် ၂၀၀ ဘီလီယံပါ စီမံကိန်းကို ထိုကလပ်က လွန်ခဲ့သောလတွင် ကြေညာသည်။ ကွယ်လွန်သူ ဘုရင် ဘူမိဘော အဒူလျာဒက် အမှတ်တရပန်းခြံဟုခေါ်သည့် ထိုနေရာသည် ကာစီနိုလောင်းကစားခြင်းကို တရားဝင်ပြုလုပ်ရေးနှင့် ပတ်သက်ပြီး အစောပိုင်းက ကျင့်ဝတ်အရ စဉ်းစားသုံးသပ်မှုများ ရှိသည်။
ဘီလျံနာ ချာရွန် သီရိဗာဒနာဘက်ဒီ ထိန်းချုပ်ထားသည့် Asset World Corp (AWC) သည်လည်း ဘန်ကောက်တွင် ကာစီနိုနှင့် ပတ်သက်သည့် ဖျော်ဖြေရေးလုပ်ငန်း၌ ပတ်သက်နေကြောင်း ပြည်တွင်းသတင်းများက ဖော်ပြသည်။ သို့သော် အမှုဆောင်အရာရှိချုပ် ဝေါ်လာပါ ထရိုင်ဆိုရတ်က ထိုအယူအဆကို လူသိရှင်ကြား အလေးမထားပေ။
“AWC နိုင်ငံတကာ ဖျော်ဖြေရေး အထူးပြု ခရီးသွား ရင်းနှီးမြှုပ်နှံမှုတွေက မိသားစုနဲ့ စီးပွားရေး ခရီးသည်တွေကို အထူးပြုတယ်။ ကာစီနိုလုပ်ငန်းဟာ ကျမတို့ ဖော်ဆောင်နေတဲ့ ခရီးသွားဒေသနဲ့ အနေအထား မကိုက်ညီလို့ ကာစီနိုလုပ်ငန်းတခု ထည့်သွင်းဖို့ ကျမတို့ စီမံချက်မှာ မပါဝင်ဘူး” ဟု ၎င်းက ပြောသည်။
အခြား အိမ်ခြံမြေလုပ်ငန်းတခုဖြစ်သည့် Mall Group ကိုလည်း ထိုဖျော်ဖြေရေးလုပ်ငန်းအတွက် ထိုင်းမီဒီယာများက ဖော်ပြကြသည်။ သို့သော် ဥက္ကဋ္ဌ အမျိုးသမီး ဆူပါလတ် အမ်ပူဂျာက သူ၏ကုမ္ပဏီသည် ထိုလုပ်ငန်းတွင် ပါဝင်မည်၊ မပါဝင်မည်ကို ပြောရန် လွန်စွာစောနေသေးကြောင်း ပြောသည်။ “လုပ်ထုံးလုပ်နည်းနဲ့ စည်းကမ်းတွေကို နောက်ဆုံး အတည်မပြုသေးဘူး” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ပုဂ္ဂလိကလုပ်ငန်းစုကြီးဖြစ်သည့် CP ချာရွန် ပေါ့ဖန်းသည် ကာစီနိုလုပ်ငန်းတွင် ပါဝင်နိုင်ကြောင်း ပြည်တွင်းသတင်းများက ဖော်ပြသည်။ ထိုလုပ်ငန်းစုမှ ဝါရင့်ဥက္ကဋ္ဌ ဒါနင် ချီရာရာဗာနွန့်သည် အစိုးရအခွန်တိုးစေရန် ၂၀၁၂ ခုနှစ်တွင် ကာစီနိုတရားဝင်ခွင့်ပြုရေးကို တောင်းဆိုသော်လည်း လတ်တလော မှတ်ချက်မပေးသေးပေ။
ချာရွန် ပေါ့ဖန်းကဲ့သို့ ငွေရင်းမြှုပ်နှံမှုကောင်းသော ပြည်တွင်းလုပ်ငန်းများသည် ကမ္ဘာ့ကာစီနို လုပ်ငန်းများဖြစ်သည့် လက်စ် ဗီးဂက် ဆန့်စ် (Las Vegas Sands) သို့မဟုတ် MGM Resorts ကဲ့သို့ ကမ္ဘာ့ကာစီနို လုပ်ငန်းများ၏ အကူအညီမပါဘဲ ကာစီနိုအပန်းဖြေစခန်းတခုကို အလွယ်တကူ ကိုင်တွယ်နိုင်ကြောင်း ထိုလုပ်ငန်းမှ ဝါရင့်ပုဂ္ဂိုလ်များက ပြောသည်။
ချာရွန် ပေါ့ဖန်းကဲ့သို့ ငွေရင်းမြှုပ်နှံမှုကောင်းသော ပြည်တွင်းလုပ်ငန်းများသည် ကမ္ဘာ့ကာစီနို လုပ်ငန်းများဖြစ်သည့် လက်စ် ဗီးဂက် ဆန့်စ် (Las Vegas Sands) သို့မဟုတ် MGM Resorts ကဲ့သို့ ကမ္ဘာ့ကာစီနို လုပ်ငန်းများ၏ အကူအညီမပါဘဲ ကာစီနိုအပန်းဖြေစခန်းတခုကို အလွယ်တကူ ကိုင်တွယ်နိုင်ကြောင်း ထိုလုပ်ငန်းမှ ဝါရင့်ပုဂ္ဂိုလ်များက ပြောသည်။

၎င်းတို့က မက္ကာအိုမှ Galaxy Entertainment Group နှင့် ဖိလစ်ပိုင်မှ Bloomberry Resorts တို့ကို ဥပမာအဖြစ်ပြပြီး ထိုလုပ်ငန်း နှစ်ခုလုံးသည် ဈေးကွက်အသီးသီးတွင် လေးစားခံရသည့် ကာစီနိုအပန်းဖြေစခန်းများ တည်ဆောက်ထားကြသည်။ ထိုကုမ္ပဏီများသည် လက်စ် ဗီးဂက်မှ လုပ်ငန်းကြီးများနှင့် ရှယ်ယာမခွဲဘဲ အတွေ့အကြုံရှိ နိုင်ငံတကာအမှုဆောင်များ၊ အစီအစဉ်ရေးဆွဲချမှတ်သူများနှင့် အခြားကျွမ်းကျင်သူများ ခန့်ထားကြသည်။
ထိုင်းလုပ်ငန်းရှင်များသည် မည်သည့်အတွက် MGM ကို လိုအပ်မည်ဖြစ်ကြောင်း သူတို့ကိုယ်သူတို့ ပြန်မေးနေလိမ့်မည်ဟု Fortuna မှ ရှက်ပတ်က ပြောသည်။
ထိုသို့သောအမြင်သည် ထိုင်းကာစီနိုလုပ်ငန်း၏ အတိုင်းအတာကို ကာလလတ်အတွင်း တစုံတရာ ကန့်သတ်သော်လည်း ထိုင်းကာစီနိုလုပ်ငန်းသည် ဖိလစ်ပိုင်နှင့် စင်ကာပူ အရွယ်အစားအထိ တိုးတက်နိုင်သည်ဟု ဝါရင့်လုပ်ကိုင်သူများက ယုံကြည်သည်။ ထို နှစ်နိုင်ငံ၏ ကာစီနိုဝင်ငွေသည် စုစုပေါင်းဝင်ငွေ ဒေါ်လာ ၅ ဘီလီယံ ရသော်လည်း မက္ကာအို၏ ဒေါ်လာ ၂၂ ဒသမ ၈၁ ဘီလီယံထက် များစွာလျော့နည်းသော်လည်း အခြားမည်သည့် အာရှ-ပစိဖိတ် ဈေးကွက်ထက်မဆိုထက် ကျော်လွန်သည်။
ဖိလစ်ပိုင်၏ လိုင်စင်ရ ကာစီနို ၁၄ ခုသည် လွန်ခဲ့သောနှစ်တွင် ၎င်းတို့၏ ဝင်ငွေ ၃၃ ဒသမ ၁၈ ဘီလီယံ ပီဆို (ဒေါ်လာ ၅၉၂ ဒသမ ၀၆ သန်း) ကို ထိုလုပ်ငန်းကဏ္ဍအား ကြီးကြပ်ရုံသာမက ကိုယ်တိုင်လည်း လုပ်ကိုင်သည့် နိုင်ငံပိုင်လုပ်ငန်း Philippine Amusement and Gaming Corp သို့ ပေးသွင်းသည်။
စင်ကာပူနိုင်ငံသည် မတ်လတွင် ကုန်ဆုံးသည့် ယခု ဘဏ္ဍာရေးနှစ်တွင် လောင်းကစားအခွန် စင်ကာပူဒေါ်လာ ၃ ဒသမ ၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၄ ဘီလီယံ) ရသော်လည်း ထိုငွေသည် ကာစီနို ဝင်ငွေအပြင် ထီရောင်းချခြင်း၊ ငွေထည့်ကစားစက်ခန်းများနှင့် မြင်းလောင်းကစားခြင်းမှရသော လောင်းကြေးများလည်း ပါဝင်သည်။
သို့သော် ထိုင်းအများစုသည် ကာစီနိုများကို တရားဝင်ခွင့်ပြုထိုက်ကြောင်း မယုံကြည်ကြသေးပေ။ ထိုင်းကုန်သည်ကြီးများအသင်း၏ ဇွန်လက စစ်တမ်းကို ဖြေဆိုသူအများစုက ထိုအယူအဆကို ထောက်ခံမှုနည်းပြီး ၄၁ ဒသမ ၆ ရာခိုင်နှုန်းက ကန့်ကွက်ကြောင်း ပြောသည်။ အများစုက ကာစီနိုပါဝင်သည့် ဖျော်ဖြေရေး အဆောက်အအုံများသို့ သွားမည် မဟုတ်ကြောင်း ပြောသည်။
အစိုးရသည် ကာစီနိုလောင်းကစားခြင်းကို ထိထိရောက်ရောက် စည်းကမ်းထိန်းသိမ်းနိုင်သည့် စွမ်းရည် ရှိ၊ မရှိ မေးခွန်းထုတ်သည်။ သို့သော် ၎င်းတို့၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ ကာစီနိုသည် လောင်းကစားစွဲခြင်းကို ပိုမိုဆိုးရွားစေနိုင်သည်ဆိုသည့် အချက်ဖြစ်သည်။
အသက် ၁၅ နှစ်အထက် ထိုင်းနိုင်ငံသား ၃၂ သန်းသည် လောင်းကစားသမားများဖြစ်ကြောင်း ဘန်ကောက်ရှိ ချူလာလောင်ကွန်း တက္ကသိုလ်၊ လောင်းကစားလေ့လာရေးဌာနက ၂၀၂၂ ခုနှစ်တွင် ခန့်မှန်းခဲ့သောကြောင့် ၂၀၂၀ ပြည့်နှစ်ကထက် ၂ သန်းနီးပါး တိုးလာသည်။ ၎င်းတို့အနက် ၆ ဒသမ ၇ သန်း သို့မဟုတ် ၂၁ ရာခိုင်နှုန်းသည် လောင်းကစား စွဲနေသူများဖြစ်ကြောင်း ၎င်းတို့ကိုယ်တိုင် ထုတ်ဖော်ပြောကြသည်။
ထိုင်းတွင် တရားမဝင်သည့် မြေအောက်နှင့် နယ်စပ် ကာစီနို၊ အွန်လိုင်းလောင်းကစားဆိုက်များအပြင် ထိုင်းနိုင်ငံသားများသည် နိုင်ငံတော်ထီနှင့် ဘန်ကောက်မှ လက်ကျန် မြင်းပြိုင်ကွင်းဖြစ်သည့် တော်ဝင် ဘန်ကောက် အားကစားကလပ်မှလည်း လောင်းကြေး ရနိုင်သည်။
တလလျှင် တနင်္ဂနွေနေ့ နှစ်ရက် ထိုမြင်းပြိုင်ကွင်းကို သာမန်ပြည်သူများအတွက် ဝင်ကြေးအနည်းငယ်ဖြင့် ဖွင့်သည်။ သက်ကြီးရွယ်အိုများနှင့် အလုပ်သမားလူတန်းစား အများစု ပါဝင်သော မြင်းပွဲကြည့်သူများသည် ငွေကြေးချမ်းသာသည့် အထက်လွှာများ ပိုင်ဆိုင်သည့် မြင်းမျိုးကောင်းများကို လောင်းကြေးထပ်ကြသည်။ နေ့အများစုတွင် လူ ၂,၅၀၀ ခန့် လာရောက်ကြပြီး ကိုဗစ်နိုင်တင်း မတိုင်မီက ထက်ဝက်ခန့်သာရှိကြောင်း အမြဲတမ်း လာရောက်သူများက ပြောသည်။
ပုဂ္ဂလိကကြွေးမြီသည်လည်း စိုးရိမ်စရာတခု ဖြစ်နေသည်။ ထိုင်းမိသားစုများ၏ ကြွေးမြီသည် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (GDP) ၏ ၉၀ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။ ကာစီနို ဥပဒေကြမ်းသည် ကာစီနိုလုပ်ကိုင်သူများအနေဖြင့် ကစားသမားများသို့ ကြွေးမြီပေးနိုင်သည်။

“ဒါဟာ ကြွေးမြီသစ် ဖန်တီးမယ့် ဆိုးရွားတဲ့အချက်ပဲ” ဟု ချင်းမိုင်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံ လက်ထောက် ပါမောက္ခ နတ်တာကွန် ဗီတီတန်နွန်က ပြောသည်။ သူသည် ထိုဥပဒေကြမ်းကို ပါလီမန်လေ့လာရေး ကော်မတီတွင် တာဝန်ထမ်းဆောင်စဉ်က ပြဋ္ဌာန်းချက် ထည့်သွင်းခြင်းကို ကန့်ကွက်သော်လည်း မအောင်မြင်ခဲ့သူ ဖြစ်သည်။
ဝင်ငွေနည်းသော ထိုင်းများ ကာစီနိုသို့ မကြာခဏ လာရောက်ခြင်းကို အားမပေးရန် အစိုးရက ဒေသခံများ ကာစီနိုသို့ တခါလာလျှင် ဝင်ကြေး ဘတ် ၅,၀၀၀ ကောက်ခံရေး စိတ်ကူးနေသည်။ စင်ကာပူတွင် နိုင်ငံခြားသားများကို နေ့စဉ်ကြေး စင်ကာပူဒေါ်လာ ၁၅၀ မှ ကင်းလွတ်ခွင့်ပေးသည်။
ဝင်ငွေနည်းသော ထိုင်းများ ကာစီနိုသို့ မကြာခဏ လာရောက်ခြင်းကို အားမပေးရန် အစိုးရက ဒေသခံများ ကာစီနိုသို့ တခါလာလျှင် ဝင်ကြေး ဘတ် ၅,၀၀၀ ကောက်ခံရေး စိတ်ကူးနေသည်။ စင်ကာပူတွင် နိုင်ငံခြားသားများကို နေ့စဉ်ကြေး စင်ကာပူဒေါ်လာ ၁၅၀ မှ ကင်းလွတ်ခွင့်ပေးသည်။
ဘန်ကောက်သည် ထိုသို့သော ဝင်ကြေးကို ဂရုမစိုက်သည့် ချမ်းသာသော ထိုင်းနိုင်ငံသားများ နေထိုင်သည့် ဒေသဖြစ်သော်လည်း ချန်သာဘူရီကဲ့သို့သော ကျေးလက်တွင် ထိုသို့ မဟုတ်ပေ။ နိုင်ငံရေးပါတီအချို့သည် ကာစီနိုလုပ်ငန်း တရားဝင် ခွင့်ပေးရေးနှင့် ပတ်သက်သည့် ထောက်ခံမှု အပြည့်အဝ မပေးဘဲ နိုင်ငံအရှေ့မြောက်ပိုင်းမှ ခေတ်နောက်ကျ ကျန်နေသောဒေသ အိစန်ကဲ့သို့သော ဖွံ့ဖြိုးမှုနည်းသည့် ဒေသများအတွက် ကာစီနို ရင်းနှီးမြှုပ်နှံမှုကတိ ဦးစွာရရန် ရည်ရွယ်ကြသည်။
ပီအက်နှင့် သူ့မိတ်ဆွေ ချန်ဘူရီမှ လောင်းကစားသမားများက ၎င်းတို့သည် ကမ္ဘောဒီးယားကဲ့သို့ အဆင်ပြေ တတ်နိုင်ပြီး ချောမွေ့သော ထိုင်းကာစီနို မရှိပါက ကမ္ဘောဒီးယားသို့ ဆက်လက် သွားရောက်မည်ဖြစ်ကြောင်း ပြောသည်။
“အစိုးရက ကာစီနိုကို တရားဝင်အောင် လုပ်ပေးလည်း ငွေတွေက ပြည်သူတွေဆီကို ရောက်မှာ မဟုတ်ဘူး။ ဒီငွေတွေက ချမ်းသာတဲ့ကုမ္ပဏီတွေဆီကိုပဲ ရောက်သွားမှာ” ဟု ပီအက်က ပြောသည်။
ဥပဒေကင်းမဲ့သည့် ပတ်ဝန်းကျင်တွင် ပိုင်လင်းမှ တောက်ပသော်လည်း ငြီးငွေ့စရာကောင်းသည့် မိန်းလမ်းမတလျှောက် လျှောက်လှမ်းရင်း “ထိုင်းမှာ ဘာလို့ ဒီလို လုပ်ရမှာလဲ” ဟု ၎င်းက ပြောသည်။
(Nikkei Asia ပါ Francesca Regalado ၏ Casino gambling tempts Thai government as budget deficit widens ကို ဘာသာပြန်သည်။ တိုကျိုမှ ဇက်ချ် ကိုးလ်မန်း၊ ဘန်ကောက်မှ ကင်န်ညာ အာကာမာနှင့် ဟောင်ကောင်မှ ကန်ဂျီ ကာဝါစဲတို့ ကူညီရေးသားသည်။)
You may also like these stories:
မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော
တရုတ်ကြောင့် ငွေလိမ်ဂိုဏ်းများ ထိုင်းနယ်စပ်သို့ ရွှေ့ပြောင်း
မြဝတီက အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ထိုင်းတွေလည်း ပါဟု MFP ပြောဆို
အဆင့်မြင့်နည်းပညာသုံး အာရှ ရာဇဝတ်မှုတွင် ဆိုက်ဘာလိမ်မှုများ၊ ကာစီနိုများက ငွေ ဘီလီယံချီ ခိုးယူနေ https://burma.irrawaddy.com/article/2024/01/22/378769.html
တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား
လာအိုအခြေစိုက် ကာစီနိုကို အမေရိကန်က ပိတ်ဆို့အရေးယူ