စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ “နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှု” လို့ သူဝန်ခံတဲ့ ရေလွှမ်းမိုးမှုခံရသူတွေအတွက် နိုင်ငံတော်အသုံးစရိတ်က ကျပ် ၃၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃ သန်း) သာ သတ်မှတ်ထားတဲ့အတွက် လွန်ခဲ့တဲ့နှစ်က စစ်ကောင်စီစစ်တပ် အသုံးစရိတ် ကျပ် ၅ ဒသမ ၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ) ထက် အဆ ၂၀၀ နည်းနေပါတယ်။
မြို့တော် နေပြည်တော်အပါအဝင် မြန်မာက ပြည်နယ်နဲ့တိုင်း ၁၅ ခုအနက် ကိုးခုဟာ စက်တင်ဘာလ ဒုတိယပတ်အတွင်း မိုးသည်းထန်မှုကြောင့်ဖြစ်လာတဲ့ ပြင်းထန်တဲ့ ရေလွှမ်းမိုးမှုတွေနဲ့ မြေပြိုမှုတွေ ခံစားခဲ့ရပါတယ်။
ဒီသဘာဝဘေးအန္တရာယ်ကြောင့် တရားဝင်သေဆုံးမှုနှုန်းဟာ စက်တင်ဘာလ ၂၇ ရက်နေ့အထိ ၄၃၃ ဦးရှိပြီး ယာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် ထိခိုက်တဲ့ နိုင်ငံ လေးနိုင်ငံအနက် အများဆုံးဖြစ်ပါတယ်။ မြန်မာပြည်သူ ၁ သန်းနီးပါး ရေလွှမ်းမိုးမှုဒဏ် ခံရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ပြောပါတယ်။
ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီက ကျပ် ၃၀ ဘီလီယံ သတ်မှတ်ထားတယ်လို့ မင်းအောင်လှိုင်က စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြောပါတယ်။
အဲဒီပမာဏဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အသုံးစရိတ်တွေနဲ့ အရမ်းကို ကွာဟနေပါတယ်။ စစ်အသုံးစရိတ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ခြောက်လတာအတွက် ကျပ် ၁ ဒသမ ၇၄၆ ထရီလီယံ၊ ၂၀၂၂ ခုနှစ်မှာ ကျပ် ၃ ဒသမ ၇၀၃ ထရီလီယံနဲ့ ၂၀၂၃ ခုနှစ်မှာ ကျပ် ၅ ဒသမ ၆၅၃ ထရီလီယံရှိပြီး ဒီငွေတွေကို နိုင်ငံတဝန်း လက်နက်ကိုင်အုံကြွမှုမှာ ဆုံးရှုံးသွားတဲ့ နယ်မြေတွေ ပြန်ရဖို့ အချည်းနှီးသော သိမ်းကြုံး လေကြောင်းတိုက်ခိုက်မှုတွေအတွက် သုံးခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တလအတွင်းမှာတင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး အနည်းဆုံး ၁၅ ဦး အပါအဝင် လူ ၁၈၀ သေဆုံးခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဧပြီလကနေ ၂၀၂၅ ခုနှစ်၊ မတ်လအထိ အခုဘဏ္ဍာရေးနှစ်အတွက် စစ်သုံးစရိတ်ကို စစ်ကောင်စီက မကြေညာသေးပါဘူး။ ဒါပေမယ့် အသုံးစရိတ်ခွဲဝေမှုကို တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုရေးအတွက် ဦးစားပေးရမယ်လို့ မတ်လ ၂၁ ရက်နေ့က ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
စစ်ကောင်စီဟာ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းက ၁၀၂၇ စစ်ဆင်ရေး အပါအဝင် စစ်မျက်နှာများစွာမှာ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နေရလို့ အခုနှစ်အတွက် စစ်သုံးစရိတ် ပိုမိုများပြားမယ်လို့ ခန့်မှန်းရပါတယ်။
စစ်ကောင်စီဟာ အတင်းအကျပ် စစ်သားစုဆောင်းတဲ့ ဥပဒေအရ စစ်သားစုဆောင်းတာ၊ စစ်သားဟောင်းတွေကို ပြန်ခေါ်တာနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့တာတွေ အတွက်လည်း နောက်ထပ် ကုန်ကျစရိတ်တွေ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ စစ်လေယာဉ်တွေနဲ့ လက်နက်တွေ ပြည်ပက ဝယ်ယူတဲ့ ကုန်ကျစရိတ်တွေကို ဘယ်တုန်းကမှ ထုတ်ပြန်လေ့ မရှိပါဘူး။
ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် စစ်ကောင်စီခရိုနီတွေ ငွေလှူတဲ့ မကြာသေးမီက အခမ်းအနားတခုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဘဏ္ဍာရေး အကန့်အသတ်တွေကြောင့် သူ့ရဲ့စစ်ကောင်စီက ရေဘေးသင့်သူတွေအတွက် ဘဏ္ဍာငွေ ခွဲဝေပေးချင်သလောက် မပေးနိုင်ဘူးလို့ ပြောပါတယ်။
လွန်ခဲ့တဲ့အပတ် စက်တင်ဘာလ ၂၄ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်အခမ်းအနားအတွင်း ခရိုနီတွေက ကျပ် ၃၂ ဒသမ ၂ ဘီလီယံ (ဒေါ်လာ ၁၅ ဒသမ ၂ သန်း) လှူခဲ့ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့မှာ နောက်ထပ် ကျပ် ၁၀ ဘီလီယံ အလှူငွေရပြီး စစ်ကောင်စီက ဆက်လက် အလှူခံနေပါတယ်။ အဲဒီလှူငွေတွေကို ရေဘေးသင့်သူတွေကို ကူညီဖို့သုံးမယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။
အလွန်ဆိုးရွားတဲ့ ရေလွှမ်းမိုးမှု ဖြစ်နေပေမယ့် စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေက အရပ်သား အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ သိမ်းကြုံး လေကြောင်းတိုက်ခိုက်မှုတွေကို လွန်ခဲ့တဲ့နှစ်ပတ်အတွင်း ဆက်လက် ပြုလုပ်နေပါတယ်။
တနိုင်ငံလုံးက ရေဘေးသင့် လူမှုအသိုက်အဝန်းတွေမှာ တရားဝင် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး အားထုတ်မှု မရှိပေမယ့် အခုလမှာ ကောက်ယူမယ့် သန်းခေါင်စာရင်းအတွက် သိန်းပေါင်းများစွာသော ရေဘေးသင့်သူတွေ အိမ်ပြန်ဖို့လည်း စစ်ကောင်စီက တောင်းဆိုနေပါတယ်။ အဲဒီသန်းခေါင်စာရင်းကို စစ်ကောင်စီက လာမယ့်နှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုဖို့ သုံးမယ်လို့ပြောပါတယ်။
အဲဒီရွေးကောက်ပွဲဟာ စစ်တပ်အာဏာချုပ်ကိုင်မှု သက်ဆိုးရှည်အောင်ရည်ရွယ်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ စစ်ကောင်စီဆန့်ကျင်သူတွေက ဝေဖန်ပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ In Flood-Torn Myanmar, Junta Spends 200 Times More on Military Than Relief ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာလေတပ်က အရပ်သားများကို ဗုံးကြဲနေစဉ် ထိုင်းလေတပ်က အကူအညီများ ချပေးနေ
စစ်ကောင်စီ အလှူငွေ ရေဘေးသင့်သူတွေဆီ ရောက်ရဲ့လား
ယာဂီမုန်တိုင်း ရေဘေးက စစ်ကောင်စီ သဘောထားမှန်ကို ထုတ်ဖော်
ရေဘေးဒဏ်ခံရသူများကို လျစ်လျူရှုခြင်းဖြင့် စစ်ကောင်စီ ရာဇဝတ်မှု ထပ်မံကျူးလွန်ပြန်