ယခုနှစ် အစောပိုင်းက ထိထိရောက်ရောက် စုံစမ်းစစ်ဆေးမှုနှင့် တရားဥပဒေစိုးမိုးရေးအရ အရေးယူမှုခံခဲ့ရသည့် အရှေ့တောင်အာရှမှ နယ်စပ်ဖြတ်ကျော် ရာဇဝတ်အုပ်စုများသည် နယ်ပယ်သစ်များသို့ ပြောင်းရွှေ့နေကြပြီး ကမ္ဘာ့ငွေကြေးလိမ်လည်သည့် လုပ်ငန်းများကို ပြန်လည် အသက်သွင်းကာ တိုးချဲ့ရင်း ၎င်းတို့၏ လုပ်နည်းလုပ်ဟန်များကို ပြောင်းလဲနေကြသည်။
ထိုအင်တာနက် ရာဇဝတ်လုပ်ငန်း၏ အဓိကဗဟိုချက်တခုဖြစ်သော မြန်မာတွင် နိုင်ငံရေး အလွန်အမင်း မတည်ငြိမ်မှု၊ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ ပူးပေါင်းကြံစည်မှုတို့ ပေါင်းစပ်ပြီး ရာဇဝတ်အုပ်စုများ ပုံစံသစ်ဖြင့် ရှင်သန်ကြီးထွားသည့်နယ်မြေ ဆက်လက်ဖြစ်နေသည်။ တချိန်တည်းတွင် စစ်ကောင်စီအပေါ် တရုတ်၏သဘောထား ရုတ်တရက် အပြောင်းအလဲသည် အွန်လိုင်းငွေကြေးလိမ်လည်သည့် လုပ်ငန်းများအပေါ် ဖိအားသက်သာစေပြီး ထိုရာဇဝတ်ကွန်ရက်များသည် ၎င်းတို့၏ မသမာသော လုပ်ငန်းများကို ထပ်မံ အရှိန်မြှင့်တင်နိုင်ကြသည်။
ထိုသို့ ဖြစ်ပေါ်တိုးတက်နေသော အခြေအနေများသည် မြန်မာအခြေစိုက် ရာဇဝတ်ကောင်များက ပစ်မှတ်ထားခံနေရသည့် ထိုင်း၊ အမေရိကန် ပြည်ထောင်စု၊ မလေးရှား၊ ဥရောပ၊ အာဖရိကနှင့် တောင်အာရှမှ နိုင်ငံဒါဇင်ပေါင်းများစွာ၏ အမျိုးသားအကျိုးစီးပွားကို တိုက်ရိုက် ခြိမ်းခြောက်နေသည်။
ထိုရာဇဝတ်ကွန်ရက်များသည် မြန်မာ့ ဒီမိုကရေစီနှင့် အုပ်ချုပ်ရေးကို ထိခိုက်စေပြီး အတင်းအကျပ် စစ်သားစုဆောင်းမှုအား တိမ်းရှောင်ရန် ကရင်နယ်စပ်သို့ ထွက်ပြေးပြီးနောက် ရာဇဝတ်လုပ်ငန်းများတွင် အတင်းအကျပ် စေခိုင်းခံရသည့် သိန်းနှင့်ချီသော မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည်။
လက်ရှိ အပြောင်းအလဲများတွင် အဓိကအကျဆုံး ခေါင်းဆောင်မှာ မြန်မာနိုင်ငံပြင်ပတွင် လူသိနည်းသည့် ကရင်ပြည်နယ်မှ သြဇာကြီးမားသော စစ်ဘုရင် စောချစ်သူ ဖြစ်သည်။ စောချစ်သူသည် စစ်တပ်၏ အကာအကွယ်အောက်တွင် လှုပ်ရှားနေသည့် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်သူစစ်တပ်ဖွဲ့ဖြစ်သော ကရင်နယ်ခြားစောင့်တပ် (BGF) ၏ တပ်မှူးဖြစ်နေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။
ထိုရာဇဝတ်လုပ်ငန်းများကို အဓိကအားဖြင့် တရုတ်ဂိုဏ်းခေါင်းဆောင်များက စီမံအုပ်ချုပ်သော်လည်း ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် ၎င်းတို့ ရောက်လာချိန်မှ စတင်ပြီး စောချစ်သူ၏ BGF သည် တရုတ်ဂိုဏ်းခေါင်းဆောင်များ ရပ်တည်ရေးအတွက် အဓိကကျနေသည်။ စောချစ်သူ၏ BGF အဖွဲ့သည် ၎င်းတို့အတွက် မြေနေရာရရှိရေး အဆင်ပြေအောင် လုပ်ဆောင်ပေးပြီး မြန်မာနှင့် ထိုင်းနိုင်ငံကို ခွဲခြားထားသည့် သောင်ရင်းမြစ်တလျှောက်မှ ကြီးထွားနေသည့် ငွေကြေးလိမ်လည်မှု မြို့သစ်များကို လုံခြုံရေးပေးသည်။
တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ကိုးကန့်အခြေစိုက် ငွေကြေးလိမ်လည်မှု လုပ်ငန်းများကို တရုတ်က အောင်မြင်စွာ ထိန်းချုပ်လိုက်ပြီးနောက် ထိုလုပ်ငန်းများသည် ကရင်ပြည်နယ်နှင့် တောင်ဘက်ပိုမိုကျသော စောချစ်သူ ထိန်းချုပ်ရာဒေသသို့ တွန်းပို့ခံရသည့် လွန်ခဲ့သောနှစ်တွင် ထိုဒေသ၌ ရာဇဝတ်လုပ်ငန်း သိသိသာသာ များပြားလာသည်။
တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ကိုးကန့်အခြေစိုက် ငွေကြေးလိမ်လည်မှု လုပ်ငန်းများကို တရုတ်က အောင်မြင်စွာ ထိန်းချုပ်လိုက်ပြီးနောက် ထိုလုပ်ငန်းများသည် ကရင်ပြည်နယ်နှင့် တောင်ဘက်ပိုမိုကျသော စောချစ်သူ ထိန်းချုပ်ရာဒေသသို့ တွန်းပို့ခံရသည့် လွန်ခဲ့သောနှစ်တွင် ထိုဒေသ၌ ရာဇဝတ်လုပ်ငန်း သိသိသာသာ များပြားလာသည်။
မည်သည့်ရလဒ် ဖြစ်ပေါ်လာသနည်း။ ဧပြီလမှ စတင်ပြီး ကရင် BGF သည် မြန်မာစစ်ကောင်စီကို ဆန့်ကျင်သည့် ပြည်တွင်းစစ်ကို အခွင့်ကောင်းယူကာ စစ်တပ်ကြီးကြပ်မှုမှ ခွဲထွက်ပြီး ရာဇဝတ်လုပ်ငန်းများကို ပိုမိုနက်ရှိုင်းစွာ လုပ်ကိုင်သည်။
တခါတရံ သူတို့ကိုယ်သူတို့ BGF ဟု ရည်ညွှန်းပြောကြားသော်လည်း ကရင်အမျိုးသားတပ်မတော် (KNA) ဟု အမည်ပြောင်းထားသည့် စောချစ်သူ၏အဖွဲ့သည် အတင်းအကျပ် လုပ်အားစေခိုင်းသည့် ရာဇဝတ် အချက်အချာဒေသများကို တရုတ်မှလာသည့် မာဖီးယားအုပ်စုများ၊ အခြားရာဇဝတ် ပြည်သူ့စစ်များနှင့် ပူးပေါင်းတိုးချဲ့ပြီး လောင်စာ၊ လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေးစနစ်များနှင့် အခြားအရေးပါသော ပစ္စည်းများကို ထိုင်းမှမြန်မာသို့ ခိုးသွင်းကြကာ ကမ္ဘာတဝန်းမှ ဖြားယောင်းသွေးဆောင်ထားသည့် လူများကို အစုလိုက်အပြုံလိုက် လူကုန်ကူးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဗြောင်ကျကျ လူ့အခွင့်အရေးချိုးဖောက်ခြင်းတို့ကို လုပ်ဆောင်ကြသည်။
ထိုရာဇဝတ်လုပ်ငန်းများကို တားဆီးရန် အားထုတ်မှုအချို့သည် နိုင်ငံတကာထောက်ခံမှု ရသော်လည်း ကရင် BGF/KNA သည် တရားဥပဒေ စိုးမိုးရေးကို ရှောင်ရှားကာ ကိုးကန့် BGF နှင့်မတူဘဲ အခြား လက်နက်ကိုင်အဖွဲ့များက နှောင့်ယှက်မှုကို ကာကွယ်သည်။ ကိုးကန့် BGF သည် ပြိုင်ဘက် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တရုတ်အာဏာပိုင်များ၏ ပူးပေါင်း ဖိအားအောက်တွင် ပြိုကွဲသွားခဲ့သည်။
သားကောင်ရှာရာတွင် တရုတ်ကို ရှောင်ရှားလိုက်သော စောချစ်သူ၏ ငွေကြေးလိမ်လည်မှု ဇုန်များသည် ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် လုပ်ငန်းလည်ပတ်နေပြီး ၎င်းတို့၏ စီးပွားရေးအကျိုးစီးပွား တိုးချဲ့ရန်အတွက် တရားမဝင် အမြတ်အစွန်းများကို ငွေကြေးခဝါချကာ ကရင်နယ်မြေများတွင် ထိန်းချုပ်မှုချဲ့ထွင်ရန် ကူညီနေသည့် တရုတ်မာဖီးယားများထံမှ ဝင်ငွေများကို ရယူနေသည်။
ရှုပ်ထွေးသော အစီအစဉ်က စောချစ်သူ၏ အာဏာကို ခိုင်မာစေ
စောချစ်သူ၏ သေနင်္ဂဗျူဟာမှာ ယနေ့မြန်မာကိုဖွင့်ဆိုသည့် ဖရိုဖရဲအခြေအနေနှင့် ပဋိပက္ခကို အပြည့်အဝ အမြတ်ထုတ်အသုံးချရေး ဖြစ်သည်။
ကိုးကန့် BGF ရုတ်တရက် ကျဆုံးခြင်းကို သင်ခန်းစာယူပြီး သူ၏ BGF အရှင်သခင် မြန်မာစစ်တပ် ကရင်ပြည်နယ်တွင် ကျဆုံးမည်ကို ကြိုမြင်သောကြောင့် စောချစ်သူသည် သူ၏အင်ပါယာကို တရုတ်ဒေါသနှင့် လုံခြုံရေး အာမ ခံနိုင်စွမ်း လျော့ကျခြင်းတို့ မရိုက်ခတ်အောင် ကာကွယ်ရေး လုပ်ဆောင်ခဲ့သည်။
သူ၏ BGF ကို KNA အဖြစ် ပြန်လည်ဖွဲ့စည်းခြင်းသည် စစ်ကောင်စီနှင့် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများအကြား ကြားနေသည်။ “အွန်လိုင်းစီးပွားရေးလုပ်ငန်းများ” တွင် ပါဝင်နေသည့် နိုင်ငံခြားသားများ အားလုံး မြဝတီမြို့ ပတ်ပတ်လည်ရှိ သူ၏ အခြေခံငွေကြေးလိမ်လည်သည့် မြို့များမှ အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ထွက်ခွာရန် သတိပေးသည့် ဆိုင်းဘုတ်ကြီးများက မြန်မာစစ်တပ်နှင့် ၎င်းတို့၏ BGF သည် တရားမဝင် လုပ်ငန်းများကို တိုက်ဖျက်ရန် အစီအစဉ်တခုရှိကြောင်း တရုတ်အစိုးရကို အချက်ပြလိုက်ခြင်း ဖြစ်သည်။
ထိုသို့ နှစ်ဖက် ခွချက်လုပ်ခြင်းသည် ကရင်နယ်မြေများမှ ငွေကြေးလိမ်လည်သည့် ခြံဝင်းများကို တော်လှန်ရေးအင်အားစုများက ၁၀၂၇ စစ်ဆင်ရေးပုံစံ ထိုးစစ်မျိုး မလုပ်နိုင်အောင် တားဆီးရန် ရည်ရွယ်သည်။ တော်လှန်ရေးအင်အားစုများသည် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ထိုသို့လုပ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ပေ။
ထိုသို့ နှစ်ဖက် ခွချက်လုပ်ခြင်းသည် ကရင်နယ်မြေများမှ ငွေကြေးလိမ်လည်သည့် ခြံဝင်းများကို တော်လှန်ရေးအင်အားစုများက ၁၀၂၇ စစ်ဆင်ရေးပုံစံ ထိုးစစ်မျိုး မလုပ်နိုင်အောင် တားဆီးရန် ရည်ရွယ်သည်။ တော်လှန်ရေးအင်အားစုများသည် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ထိုသို့လုပ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ပေ။
လက်နက်ကိုင်လှုပ်ရှားမှု စစ်မျက်နှာတွင် စောချစ်သူသည် အမည်ပြောင်းထားသည့် KNA ကို မြဝတီတွင် ဖြန့်ကြက်သည်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မဟာမိတ် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) က ထိုင်းနယ်စပ် မြဝတီမှ အဓိကကျသည့် စစ်တပ်စခန်းတခုကို သိမ်းပိုက်ရန် နီးကပ်လာစဉ်တွင် KNA ကို ထိုသို့ ဖြန့်ကြက်ခြင်း ဖြစ်သည်။
သူ၏ ဦးတည်ချက်သည် KNLA ၏ အောင်ပွဲကို ခိုင်မာအောင် လုပ်ပေးပုံရသော်လည်း လက်တွေ့တွင် စောချစ်သူသည် စစ်တပ်၏ ကိုယ်စား မြဝတီကို ထိန်းချုပ်ပြီး ထိုင်းနှင့်နယ်စပ်ကုန်သွယ်ရေး အများစုကို ထိန်းချုပ်ထားသည့် စစ်တပ်အကြွင်းအကျန်များကို ဆက်လက် ထိန်းသိမ်းထားပေးရေး ဖြစ်သည်။
ယခုအခါ စစ်တပ်သည် ထိုင်းနယ်စပ်တွင် ဆက်လက် ရပ်တည်ရေးအတွက် စောချစ်သူ၏ KNA ကို ကျေးဇူးဆပ်ရမည်။ စောချစ်သူ၏ အမြင်အရကြည့်ပါက မည်သူက တောင်းဆိုသည်ဖြစ်စေ ရာဇဝတ်လုပ်ငန်းများကို ဖြိုခွဲရန် BGF/KNA ကို ဖိအားပေးရေး မြန်မာစစ်တပ်တွင် အင်အားမရှိအောင် လုပ်လိုက်နိုင်ခြင်းပင်။ တရုတ်ဖိအားကြောင့် စစ်ကောင်စီတပ်က စောချစ်သူဘက်ကို လှည့်လာပါက စစ်တပ်သည် မြဝတီမြို့ကို လုံးလုံး လက်လွှတ်ရမည် ဖြစ်သည်။
ဝါဒဖြန့်ချိရေးဖြင့် ဆန့်ကျင်မှု လျော့ကျအောင်လုပ်
စောချစ်သူသည် ဝါဒဖြန့်ချိရေး အားထုတ်မှုများကိုလည်း အနီးကပ်အာရုံစိုက်ပြီး လူထုဆက်ဆံရေး အကြံပေးများဖြင့် ထိတွေ့ဆက်ဆံကာ ရွှေကုက္ကိုမှ သူ၏ရာဇဝတ်အင်ပါယာကို ဖုံးကွယ်ရန် လှုပ်ရှားမှုတခုကို ရှေ့တန်းတင်နေသည်။
ထိုလူထုဆက်ဆံရေး နည်းဗျူဟာများတွင် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို ဟန်ပြ ဖြိုခွင်းခြင်း၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းများ မောင်းထုတ်သည့် ပိုစတာကြီးများ စိုက်ထူခြင်း၊ ဒေသခံလူမှုအသိုက်အဝန်းများသို့ လှူဒါန်းခြင်းတို့ ပါဝင်ပြီး ရွှေကုက္ကို “အပန်းဖြေစခန်း” မှ စောချစ်သူ၏ တရုတ်စီးပွားဖက် ရှီကျီကျန် (She Zhijiang) ၏ ယထိုက်ကုမ္ပဏီ Yatai International Holdings သည် “တာဝန်သိသော စီမံအုပ်ချုပ်သည်” ဟု အကြီးအကျယ် ကြော်ငြာသည်။
ထိုသို့ ဝါဒဖြန့်ချိမှုများတွင် ယထိုက် ရာဇဝတ်ခေါင်းဆောင် ရှီကျီကျန် ထိုင်းနိုင်ငံထောင်တွင်းတွင် အင်အားချိနဲ့နေသည့်တိုင် သူ၏အရည်အချင်းများကို အကြီးအကျယ် ချီးကျူးပြောဆိုပြီး KNA ၏ ပုံရိမ်ကောင်းစေရန် သတင်းဌာနများနှင့် လူသားချင်းစာနာမှု အဖွဲ့အစည်းများကို စည်းရုံးသိမ်းသွင်းသည်။
လူထုဆက်ဆံရေး ထွင်လုံးများမှာ
-ပုံမှန်လူငယ် ဘတ်စကက်ဘောနှင့်ဘောလုံးပွဲများ ကျင်းပသော အားကစားလှုပ်ရှားမှုကို ယထိုက်က စီစဉ်ခြင်း၊
-လူကုန်ကူးမှု အချက်အချာနေရာသည် ခရီးသွားလုပ်ငန်းအတွက် ဘေးကင်းသည်ဟု ထင်စေရန် ရေပန်းခြံနှင့် ပြေးလမ်းအပါအဝင် ခရီးသွားလုပ်ငန်းအဆောက်အအုံများ တည်ဆောက်ခြင်း၊
-ယထိုက်က စက်တင်ဘာလတွင် မြို့သစ်၏ အစားအစာဘေးကင်းလုံခြုံရေး လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ပြီး စည်းမျဉ်းများ အကောင်အထည်ဖော်ခြင်းကို စောင့်ကြည့်ရန် ကော်မတီတခု ထူထောင်ပြီး ဘေးကင်းလုံခြုံသောမြို့ ဖြစ်သည်ဆိုသည့် သတင်းစကားကို အရှိန်မြှင့်တင်ခြင်းနှင့်
-ယထိုက်သည် ရွှေကုက္ကိုမှ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ထွက်ခွာမည်ဆိုသည့် ကြေညာချက်များကို မြန်မာဘာသာဖြင့် ဖြန့်ချိနေခြင်း တို့ဖြစ်သည်။ (တချိန်တည်းတွင် ထိုကြေညာချက်များသည် အတုများဖြစ်သည်ဟု ယထိုက်နှင့် ပတ်သက်သည့် လူမှုကွန်ရက်တွင် ဖော်ပြသည်။)
အခြေအနေမှန်သည် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။ ရာဇဝတ်ကောင်များကို မြဝတီမှ မောင်းထုတ်ရန် မကြိုးစားဘဲ စောချစ်သူသည် ယထိုက် ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ရှီကျီကျန် ရွှေကုက္ကိုသို့ ပြန်လာရေးအတွက် ဘုရားမစေရန် ကြီးမားသော ဗုဒ္ဓဘာသာ ဆုတောင်းမေတ္တာပို့သပွဲကို သြဂုတ်လတွင် ဒုတိယအကြိမ်မြောက် ကျင်းပသည်။
စောချစ်သူ၏ KNA မှ ကိုယ်စားလှယ် ရာပေါင်းများစွာ အပါအဝင် မြဝတီမှ လူထောင်ပေါင်းများစွာသည် ယထိုက်တံဆိပ်နှင့် ရှယ်ကျီကျန် ပုံများပါသည့် တီရှပ်များ ဝတ်ဆင်ကာ ထိုအခမ်းအနားသို့ တက်ကြသည်။
ထိုအခမ်းအနားသို့ တက်ရောက်သူများတွင် ဘုန်းကြီး အပါးများစွာ ပါဝင်သောကြောင့် စောချစ်သူသည် ဘာသာရေးခေါင်းဆောင်များကိုပင် သူ၏ တရားမဝင်လုပ်ငန်းများသို့ စည်းရုံးသိမ်သွင်းနိုင်ကြောင်း ပြသနေသည်။
BGF/KNA ၏ ဖုံးကွယ်ရေးလှုပ်ရှားမှုသည် ထိုင်းနိုင်ငံအထိပင် ကျယ်ပြန့်ပြီး ထိုင်းနိုင်ငံတွင် ထိုအဖွဲ့သည် ငွေကြေးလိမ်လည်သည့် လုပ်ငန်းများ၌ အတင်းအကျပ် ဖမ်းဆီးခံထားရသူများကို ကယ်ဆယ်သည့် လုပ်ငန်းများကိုပါ စည်းရုံးသိမ်းသွင်းရန် ကြိုးစားသည်။
မြဝတီသို့ လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို ပြန်ပို့ပေးရန် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးဌာနများနှင့် ထိုင်းအာဏာပိုင်များက ဖိအားပေးခံရသောအခါ BGF/KNA သည် ၎င်း၏ ခြိမ်းခြောက်ငွေညှစ်သည့် အလေ့အထကို ပိုမိုပျော့ပျောင်းအောင် လုပ်လိုက်သည်။
ယခုအခါ ၎င်းတို့သည် လူကုန်ကူးခံရသူများကို လွှဲပြောင်းပေးရေး လူသိရှင်ကြား ချီးကျူးဂုဏ်ပြုရန် တောင်းဆိုလာပြီး “ကယ်ဆယ်ရေးလုပ်ငန်းများ အဆင်ပြေအောင်” လုပ်ပေးရာတွင် BGF/KNA ၏ အခန်းကဏ္ဍကို ကြော်ငြာရန် ကြိုးစားသည်။ ထိုသို့ ကယ်ဆယ်သည့်လုပ်ငန်းများမှာ ၎င်းတို့ထိန်းချုပ်ထားသည့် ခြံဝင်းများမှ ကယ်ဆယ်ရခြင်းသာ ဖြစ်သည်။
တချိန်တည်းတွင် ၎င်းတို့၏ မဟာမိတ် ရာဇဝတ်လက်နက်ကိုင်များသည် တိတ်တဆိတ် လွှတ်ပေးနေသူများထံမှ ဆက်လက် ငွေညှစ်သည်။ BGF/KNA တပ်ဖွဲ့ဝင်များသည် တရားဝင်မှုရရေးနှင့် ဆက်လက် လုပ်ကိုင်နေသည့် ရာဇဝတ်မှုများကို ပိုမိုဖုံးကွယ်ရေးအတွက် လူကုန်ကူးမှုတိုက်ဖျက်ရေး ညီလာခံများသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားကြသည်။
ရာဇဝတ်လုပ်ငန်းများကို ဖြန့်ကြက်ခြင်း
BGF/KNA သေနင်္ဂဗျူဟာ အခြားမျက်နှာစာတခုမှာ ပထဝီအနေအထားရ ဖြန့်ခွဲထားခြင်း ဖြစ်သည်။ သောင်ရင်းမြစ်ကမ်း တလျှောက်မှ ငွေကြေးလိမ်လည်မှု လုပ်ငန်း ၂၀ ကျော်တွင် ပါဝင်ပတ်သက်ခြင်းအပြင် BGF/KNA သည် ပူးပေါင်းဆောင်ရွက်မှုသစ်များ တည်ဆောက်ထားသည်။ အထင်ရှားဆုံးမှာ ယခင်က အလားတူ ပြည်သူ့စစ်ဖြစ်သည့် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုအဖွဲ့သည် ကရင်ပြည်နယ်မှ ငွေကြေးလိမ်လည်မှု စီးပွားရေးတွင် အဓိကကျသည့် အခန်းမှ မကြာသေးမီက စတင်ပါဝင်လာသည်။
မြဝတီ၏တောင်ဘက် မိုင် ၁၃၀ ခန့်ရှိ ဘုရားသုံးဆူတောင်ကြားတွင် BGF-DKBA ငွေကြေးလိမ်လည်မှု အချက်အချာဒေသတခုသည် အလားတူ တရားမဝင်လုပ်ငန်းများကို စတင်လက်ခံလာပြီး ထိုလုပ်ငန်းများအနက် အချို့သည် စောချစ်သူက ထိုလုပ်ငန်းကို ရှင်းလင်းနေသည်ဟု ထင်စေရန် ရွှေကုက္ကိုမှ ပြောင်းရွှေ့လာသည့် လုပ်ငန်းများဖြစ်သည်။
မြဝတီ၏တောင်ဘက် မိုင် ၁၃၀ ခန့်ရှိ ဘုရားသုံးဆူတောင်ကြားတွင် BGF-DKBA ငွေကြေးလိမ်လည်မှု အချက်အချာဒေသတခုသည် အလားတူ တရားမဝင်လုပ်ငန်းများကို စတင်လက်ခံလာပြီး ထိုလုပ်ငန်းများအနက် အချို့သည် စောချစ်သူက ထိုလုပ်ငန်းကို ရှင်းလင်းနေသည်ဟု ထင်စေရန်အတွက် ရွှေကုက္ကိုမှ ပြောင်းရွှေ့လာသည့် လုပ်ငန်းများဖြစ်သည်။
ကျောက်ခက် (တိုင်ချန်) နှင့် ဝေါ်လေ ခြံဝင်းများ အပါအဝင် မြဝတီနှင့် ပိုမိုနီးကပ်သည့် DKBA ပိုင်နက်မှ ငွေကြေးလိမ်လည်မှု လုပ်ငန်းများသည် လာအိုနှင့် ဖိလစ်ပိုင်ရှိ အခြားဇုန်များမှ ထွက်လာသော ငွေကြေးလိမ်လည်မှုဂိုဏ်းများအတွက် ရွေးချယ်စရာ အမျိုးမျိုးပေးနိုင်သည်။ လာအိုနှင့် ဖိလစ်ပိုင်တွင် ငွေကြေးလိမ်လည်သည့်လုပ်ငန်းများကို ဆက်လက် ဖြိုခွင်းနေသည်။
ယထိုက်သည် အတင်းအကျပ် လုပ်အားစေခိုင်းသည့် ငွေကြေးလိမ်လည်မှုလုပ်ငန်း အဆုံးသတ်ရန် စိတ်မဝင်စားသည့်အပြင် လျှော့ချရန်လည်း စိတ်မကူးပေ။
ရာဇဝတ်ကောင်များ ထွက်ခွာသွားရန် ဖော်ပြသည့် ပိုစတာများကို စောချစ်သူက စိုက်ထူပြီး နှစ်လအကြာ ဇူလိုင်လတွင် ယထိုက်သည် ရွှေကုက္ကို၏ အခြေခံအဆောက်အအုံများနှင့် အဆင့်မြင့် ဆက်သွယ်ရေးတို့ကို ပြသသည့် ကြော်ငြာဗီဒီယိုတခု ဖြန့်ဝေသည်။ ထိုအဆင့်မြင့်ဆက်သွယ်ရေးစနစ်တွင် ထိုင်း သို့မဟုတ် မြန်မာအာဏာပိုင်များက အင်တာနက် ပိတ်ပင်ခြင်းကို ရှောင်ရှားရန် စတားလင့် (Starlink) ကို ပိုမိုအသုံးပြုထားသည်။
တချိန်တည်းတွင် ယန်ချောင်ကျီ၊ ကျုံရှင်၊ ရန်ဝန် အုပ်စု အပါအဝင် ယထိုက်အတွင်းမှ အဓိက ကုမ္ပဏီများသည် ငွေကြေးလိမ်လည်သူများကို ဇုန်အတွင်းသို့ ခေါ်ဆောင်ရန် ကြော်ငြာလှုပ်ရှားမှုသစ်များ ပြုလုပ်ကြပြီး ရန်ဝန်အုပ်စုက အနိမ့်ဆုံးလစာ ရင်မင်ဘီ ၁ သိန်းနှင့် ငွေကြေးလိမ်လည်သူတဦးသည် တလလျှင် လိမ်လည်ခိုးယူငွေ ရင်မင်ဘီ ၅ သိန်းကျော်အောင် ဝင်ငွေရှာနိုင်ပါက ဆုကြေး ၂၀ ရာခိုင်နှုန်းပေးမည်ဟု ကမ်းလှမ်းထားသည်။
တရုတ်က စစ်ကောင်စီကို ထောက်ခံသောကြောင့် တရားဥပဒေစိုးမိုးရေး ထိခိုက်
စောချစ်သူ၏ ရာဇဝတ်လုပ်ငန်းများ ကျယ်ပြန့်လာခြင်းတွင် တရုတ်နှင့် စစ်ကောင်စီတို့၏ ပြောင်းလဲနေသော သဘောထားသည်လည်း အရေးပါသည်။ ၂၀၂၃ ခုနှစ်၊ မေလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလကာလ ဖြိုခွင်းမှုအတွင်း တရုတ်ရဲတပ်ဖွဲ့သည် တင်းမာသောသဘောထား ရှိသော်လည်း စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ၏ လက်တွင် ရှုံးနိမ့်သွားနိုင်သည်ကို တရုတ်က ပထမဆုံး သတိထားမိသည့် ဧပြီလတွင် ထိုအခြေအနေ ပြောင်းလဲသွားသည်။
“ရာဇဝတ်မှုဖြိုခွင်းရေး ဦးတည်ချက်တခုတည်း” ကို ကိုင်တွယ်ခြင်းထက် ပထဝီသေနင်္ဂဗျူဟာ စီးပွားရေးအကျိုးစီးပွားကို ပိုမိုအာရုံစိုက်ရန် တရုတ်နိုင်ငံပိုင် လုပ်ငန်းများနှင့် မူဝါဒ အသိုက်အဝန်း ခေါင်းဆောင်များက တရုတ်အစိုးရကို တောင်းဆိုသည်။
တရုတ်၏ သဘောထားပြောင်းလဲမှုသည် စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် လားရှိုးကို ရက် ၄၀ မပြည့်မီ တော်လှန်ရေးအင်အားစုများထံ သြဂုတ်လ အစောပိုင်းက ကျဆုံးပြီးနောက် ပိုမိုသိသာလာသည်။ ထိုဆုံးရှုံးမှုနောက်ပိုင်းတွင် တရုတ်သည် ညီနောင်မဟာမိတ် သုံးဖွဲ့ကို ဖိအားပိုမိုပေးလာပြီး ထပ်မံဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် စစ်တပ်ကို မကြုံဖူးသည့် ထောက်ခံမှုအဆင့်များ ပေးသည်။
တရုတ်၏ သဘောထားပြောင်းလဲမှုသည် စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် လားရှိုးကို ရက် ၄၀ မပြည့်မီ တော်လှန်ရေးအင်အားစုများထံ သြဂုတ်လ အစောပိုင်းက ကျဆုံးပြီးနောက် ပိုမိုသိသာလာသည်။ ထိုဆုံးရှုံးမှုနောက်ပိုင်းတွင် တရုတ်သည် ညီနောင်မဟာမိတ် သုံးဖွဲ့ကို ဖိအားပိုမိုပေးလာပြီး ထပ်မံဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် စစ်တပ်ကို မကြုံဖူးသည့် ထောက်ခံမှုအဆင့်များ ပေးသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း အဓိက ဖြစ်ပေါ်တိုးတက်မှု သုံးခုက ထိုပြောင်းအလဲကို ဖော်ပြနေသည်။
ပထမအချက်မှာ တရုတ်သည် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့နှင့် ဗြောင်ကျကျ ပူးပေါင်းဆောင်ရွက်ပြီး တရားဝင်စေကာ ကိုးကန့်တွင် ဖြစ်ပွားသည့် ဖြိုခွင်းမှုအတွက် မထိုက်တန်သည့် အသိအမှတ်ပြုမှုပေးကာ စစ်ကောင်စီ ဒု ဗိုလ်ချုပ်ကြီး ရာပြည့်ကို တရုတ်နိုင်ငံသားများ လုံခြုံရေးအား ထူးချွန်စွာ အကျိုးပြုခြင်းအတွက် ဂုဏ်ပြုဆုတံဆိပ်တခု ပေးအပ်သည်။ ထိုသို့လုပ်ခြင်းသည် ညီနောင်မဟာမိတ် အဖွဲ့အတွက် အထိနာသော ဆုံးရှုံးမှုဖြစ်သည်။
အမှန်တရားမှာ ညီနောင်မဟာမိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံသား ၄၅,၀၀၀ နှင့် အခြားနိုင်ငံသား ၄,၀၀၀ ကို တရုတ်သို့ ပြန်သွားနိုင်ရေးအတွက် အဓိက လုပ်ဆောင်ပေးသည့် အဖွဲ့အစည်းများ ဖြစ်သည်။ တရုတ်က ရာပြည့်ကို ပေးသည့် ဆုတံဆိပ်သည် ထိုကိစ္စအတွက် အသိအမှတ်ပြုမှု အားလုံးကို စစ်ကောင်စီထံ ထိထိရောက်ရောက် ပေးအပ်လိုက်ခြင်းသာ ဖြစ်သည်။
ဒုတိယအချက်မှာ ကမ္ဘာ့ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်နှင့် ရှန်းရှန် လုံခြုံရေးဖိုရမ် အပါအဝင် အဆင့်မြင့် ကမ္ဘာ့လုံခြုံရေးအစီအစဉ် စင်မြင့်များသို့ တရုတ်က စစ်ကောင်စီကို ဖိတ်ခေါ်ခြင်းဖြစ်သည်။ ထိုနိုင်ငံစုံ အစီအစဉ်များမှတဆင့် တရုတ်က မြန်မာရဲတပ်ဖွဲ့သည် အသိအမှတ်ပြုမှုနှင့် ထိုက်တန်သည်ဟု ပြသပြီး ၎င်းတို့၏ ရာဇဝတ်နှိမ်နင်းရေး အားထုတ်မှုကို ချီးကျူးလိုက်သည်။
တတိယအချက်မှာ တရုတ်သည် မြန်မာရဲတပ်ဖွဲ့ကို ပစ္စည်းကိရိယာသစ်များပေးပြီး ပူးတွဲရဲဌာနတခု ထူထောင်ရန် မြန်မာရဲတပ်ဖွဲ့နှင့် တိုက်ရိုက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူသည်။
ထိုလုပ်ရပ်များကို ပေါင်းစပ်လိုက်သောအခါ ကျူးလွန်သူများကို ဂုဏ်ပြုပြီး အသိအမှတ်ပြုခြင်းဖြင့် မြန်မာတွင် ပေါက်ဖွားလာသည့် ရာဇဝတ်မှုများကို ဖြိုခွင်းရန် အားထုတ်မှုများကို အပြင်းအထန် ထိခိုက်စေသည်။ စစ်ကောင်စီပြိုလဲမည်ကို တရုတ်က သိသိသာသာ စိုးရိမ်မှုကြောင့် တရုတ်သည် လွန်ခဲ့သောနှစ်က ကိုးကန့်ဒေသမှ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များကို ဖြိုခွင်းရာတွင် ရရှိသော တိုးတက်မှုများကို စွန့်လွှတ်လိုက်ပြီး လမ်းကြောင်းဆန့်ကျင်ဘက် ပြောင်းသွားကာ မြန်မာစစ်တပ်၏ စောချစ်သူ ရာဇဝတ်အင်ပါယာအပေါ် ထောက်ခံမှုကိုပင် ဗြောင်ကျကျ ကူညီသည်။
ထိုသို့လုပ်ခြင်းသည် နိုင်ငံ၏ အခြားဒေသများမှ ရာဇဝတ်လုပ်ငန်းများကို အကြီးအကျယ် အရှိန်မြှင့်တင်ပေးလိုက်ပြီး ရှမ်းပြည်အလယ်ပိုင်းနှင့် တောင်ပိုင်းမှ ဝေးကွာသောနေရာများရှိ ငွေကြေးလိမ်လည်မှု လုပ်ငန်းသစ်များတွင် ပါဝင်လုပ်ကိုင်သူသစ်များ ပေါ်ပေါက်လာကာ ရန်ကုန်မှ ဟိုတယ်နှင့် ရုံးခန်း အဆောက်အအုံလွတ်များတွင် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ များပြားလာစေသည်။
မြန်မာမှ ရာဇဝတ်အုပ်စုများကို မည်သို့ ထိန်းချုပ်နိုင်သနည်း
မြန်မာမှ ရာဇဝတ်မှုများကို နှိမ်နင်းရေးမှ စစ်အုပ်စုကို ထောက်ခံရေးသို့ ပြောင်းလဲအာရုံစိုက်ရန် တရုတ်၏ ဆုံးဖြတ်ချက်သည် တရားဥပဒေစိုးမိုးရေး အားထုတ်မှုများအတွက် ကြီးမားသော ဆုံးရှုံးမှုတခုဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် အခြားအဓိကကျသည့် နိုင်ငံများ ကြားဝင်ဆောင်ရွက်ပြီး ထိုပြဿနာများကို ဖြေရှင်းရန် လိုအပ်သည်။ အထူးသဖြင့် မြန်မာငွေကြေးလိမ်လည်မှု အခြေအနေသည် တရုတ်နိုင်ငံသားများကို လိမ်လည်ခြင်းမှ အမေရိကန် ပြည်ထောင်စုနှင့် ကမ္ဘာတဝန်း အခြားနိုင်ငံများဘက်သို့ လှည့်လာသောကြောင့် ထိုသို့ဝင်ရောက်ဖြေရှင်းရန် လိုအပ်သည်။
လတ်တလော လုပ်ဆောင်ရမည့် လုပ်ငန်းများတွင် (၁) ငွေကြေးလိမ်လည်မှုဌာနများသို့ ထိုင်းမှ ရင်းမြစ်များရရှိနေမှုကို ဖြတ်တောက်ရန် အခိုင်အမာ အထောက်အပံ့ပေးပြီး ထိုင်းနယ်စပ်လုံခြုံရေးနှင့် ကျူးလွန်သူများကို တရားစွဲဆိုရေးအတွက် အမေရိကန်-ထိုင်း ပူးပေါင်းဆောင်ရွက်ရေး၊ (၂) ကရင် BGF, DKBA နှင့် ရာဇဝတ်မှုများတွင် ပါဝင်သည့် အခြားလက်နက်ကိုင်ခေါင်းဆောင်များကို အရေးယူပိတ်ဆို့ခြင်း စသည်တို့ ပါဝင်နိုင်သည်။
တချိန်တည်းတွင် တရုတ်နိုင်ငံကိုယ်တိုင်သည်လည်း ထိုဖြစ်ပေါ်တိုးတက်မှုများအား အနီးကပ် လေ့လာစောင့်ကြည့်သင့်ပြီး မြန်မာစစ်ကောင်စီအပေါ် တရုတ်၏ မကြာသေးမီက သဘောထားပြောင်းလဲမှုသည် ဒေသတွင်းတွင်သာမက ကမ္ဘာ့လုံခြုံရေးကို မည်သို့ ထိခိုက်စေကြောင်း လေ့လာသင့်သည်။
(USIP ပါ Jason Tower နှင့် Priscilla A. Clapp တို့၏ Myanmar Scam HUbs Revive Fast After China Eases Pressure on Junta ကို ဘာသာပြန်သည်။ Jason Tower သည် USIP ၏ မြန်မာ့အရေးဆိုင်ရာ ဒါရိုက်တာဖြစ်ပြီး Priscilla A. Clapp သည် အကြီးတန်းအကြံပေးဖြစ်သည်။)
You may also like these stories:
ကာစီနိုနှင့် ကျားဖြန့်လုပ်ငန်းများ ဘုရားသုံးဆူနှင့် မြဝတီတောင်ပိုင်းသို့ ရွှေ့လာ
ကျားဖြန့်တိုက်ဖျက်ရေး ဒုတိယပစ်မှတ်ဖြစ်လာတဲ့ မြဝတီ
လွတ်မြောက်လာသူတွေပြောပြတဲ့ ရွှေကုက္ကိုလ်က ကျားဖြန့်လုပ်ငန်းတွေအကြောင်း (ရုပ်/သံ)
တရုတ်ကြောင့် ငွေလိမ်ဂိုဏ်းများ ထိုင်းနယ်စပ်သို့ ရွှေ့ပြောင်း
ရွှေကုက္ကိုလ်စီမံကိန်း တရုတ်လုပ်ငန်းရှင် ထိုင်းဖမ်းဆီး၊ စီမံကိန်းထိခိုက်မည်မဟုတ်ဟု BGF ပြော