မြန်မာပြည်တွင်း စစ်ပဋိပက္ခတွေကြားမှာ သန်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ခြေသလုံးအိမ်တိုင်ဘဝတွေနဲ့ နေရပ်စွန့်ခွာ စစ်ဘေးရှောင် နေကြရပါတယ်။ ဒီလို စစ်ဘေးရှောင်ကြရတဲ့သူတွေထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်ပြီး စစ်ဘေးရှောင် ပမာဏရဲ့ ၄၀ ရာခိုင်နှုန်းဟာ ကလေးသူငယ်တွေဖြစ်တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ၂၀၂၄ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ပွဲနဲ့ ပဋိပက္ခတွေ ဖြစ်ပွားတဲ့အခါ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ကလေးငယ်တွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကလေးစစ်သားအဖြစ် ခိုင်းစေခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခြင်း၊ အတင်းအဓမ္မခေါ်ဆောင်ခြင်း၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို တိုက်ခိုက်ခြင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မရအောင်လုပ်ဆောင်ခြင်းဆိုတဲ့ အချက် ၆ ချက်ကို လုံးဝ မလုပ်ဆောင်ရဘူးလို့ ကုလသမဂ္ဂက ချမှတ်ထားပေမယ့် မြန်မာနိုင်ငံက ကလေးငယ်တွေကတော့ အဲဒီ ၆ ချက်စလုံး ကျူးလွန်ခံနေရတဲ့အခြေအနေမှာ ရှိနေပါတယ်။ အဲဒီလို ကျူးလွန်ခံရမှုတွေကြောင့် ကလေးငယ်တွေ သေဆုံးတာ၊ ကိုယ်လက်အင်္ဂါ ထိခိုက်တာတွေကစလို့ အသက်ရှင်ကျန်ရစ်ခဲ့သူတွေမှာလည်း နာတာရှည် စိတ်ကျန်းမာရေး ပြဿနာတွေပါ ဖြစ်ပေါ်နိုင်ပါတယ်။
ထင်သာမြင်သာရှိတဲ့ ဥပမာအနေနဲ့ ပြရမယ်ဆိုရင် စစ်ကောင်စီက မကြာခဏ ဗုံးကြဲတိုက်ခိုက်လေ့ရှိတဲ့ နေရာဒေသတွေမှာ နေထိုင်ကြရ တဲ့ ကလေးငယ်တွေအနေနဲ့ ပုံမှန်ထက် ကျယ်လောင်တဲ့ အသံတခုခု ကြားရင်တောင် ကြောက်လန့်တကြား ဖြစ်သွားတာမျိုးတွေဟာ စိတ် ကျန်းမာရေး ထိခိုက်ခြင်းရဲ့ လက္ခဏာတွေထဲက တခုဖြစ်ပါတယ်။ ဒါဟာ စိတ်ရောဂါတခုရဲ့ အစပျိုးမှုတွေဖြစ်ပြီး မကြာခင်မှာ ပိုဆိုးဝါးလာ လေ့ရှိပါတယ်။
စစ်ပွဲပဋိပက္ခတွေကြားမှာ ရှင်သန်ကြီးပြင်းရတဲ့ ကလေးငယ်တွေဟာ ထိခိုက်မှုအပြီးဖြစ်ရတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါ (PTSD) လို့ခေါ်တဲ့ ပြင်းထန်စိတ်ဖိစီးမှုရောဂါဖြစ်ပွားနိုင်ခြေဟာ သာမန်ကလေးငယ်တွေထက် ၃ ဆ ကျော် မြင့်မားနိုင်တဲ့အကြောင်း စိတ်ကျန်းမာရေး သုတေသီတွေက ထောက်ပြကြပါတယ်။
ကလေးငယ်တွေမှာ PTSD စိတ်ရောဂါဖြစ်နေပြီဆိုရင် အိပ်ရာထဲ ဆီးသွားခြင်း၊ အိပ်ပျော်ဖို့ ခက်ခဲခြင်း၊ ညဘက် အိပ်မက်ဆိုးတွေ အမြဲ မြင်မက်ခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်း၊ အာရုစိုက်ဖို့ ခက်ခဲခြင်းတွေအပြင် ဖြစ်ရပ်အကြောင်းအရာ တခုကို မတွေးရ မနေနိုင်ခြင်းတို့ ဖြစ် လေ့ရှိပါတယ်။ ပြင်းထန်အဆင့် ရောက်ရင်တော့ အကောင်းမြင်နိုင်စွမ်းတွေ ကုန်ဆုံးပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတော့ဘဲ သေ ကြောင်းကြံစည်မှုတွေအထိ ဆိုးဝါးလေ့ရှိပါတယ်။
ဒီရောဂါ တကယ် စွဲကပ်မှု ရှိမရှိကိုတော့ စိတ်ရောဂါကု ဆရာဝန်တွေနဲ့ ဆွေးနွေးအဖြေရှာမှသာ သိရှိနိုင်မှာဖြစ်ပါတယ်။ ရောဂါစွဲကပ် နေတယ်ဆိုရင်တော့ စိတ်ကုထုံးတွေအပြင် သောက်ဆေးတွေနဲ့ ကုသနိုင်ပေမယ့် ရောဂါအရှင်း ပျောက်နိုင်ဖို့ ခက်ခဲပါတယ်။
ဒါ့ပြင် ကလေးတွေမှာ ဒီရောဂါဖြစ်နေရင် “အသက်ကြီးလို့ အချိန်တန်ရင် ရောဂါပျောက်မှာပဲ” ဆိုပြီး ပေါ့ဆလို့ မရပါဘူး။ PTSD စိတ် ရောဂါရှင် ကလေးငယ်တယောက်ကို ကုသမှုမပြုဘူးဆိုရင် စိတ်ရောဂါဟာ တသက်လုံးထိ စွဲသွားနိုင်ပြီး မိဘမှကလေးထိ မျိုးရိုးလိုက် သွားတတ်ပါတယ်။ စိုးရိမ်စိတ်လွန်ကဲတတ်တဲ့ မိဘတွေကြောင့် စိုးရိမ်စိတ်လွန်ကဲတဲ့ သားသမီးတွေ ပေါ်ပေါက်လာပြီး မျိုးနဲ့ရိုးနဲ့ စိုးရိမ် စိတ်လွန်ကဲကြတာမျိုးပါ။ နိုင်ငံတကာ ကျွမ်းကျင်စိတ်ပညာရှင်တဦးကတော့ ကလေးငယ်တွေရဲ့ စိတ်ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်လို့ အခုလို မှတ်ချက်ပေးပါတယ်။
“စစ်ပွဲတွေကို ဖြစ်ရပ်တခုအနေနဲ့ပဲ မှတ်ယူလို့ မရပါဘူး။ စစ်ပွဲတွေကြောင့် ရလာခဲ့တဲ့ ကလေးတွေရဲ့ စိတ်ဒဏ်ရာနဲ့ စိတ်ရောဂါတွေက လူမှုအသိုင်းအဝိုင်းအပေါ်မှာပါ သက်ရောက်မှုရှိပြီးတော့ အနာဂတ်မျိုးဆက်တွေအထိပါ ရိုက်ခတ်နိုင်ပါတယ်” လို့ ဆိုပါတယ်။
ကိုဗစ်ကပ်ရောဂါ၊ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ မြေပြင်ထိုးစစ်ဆင်မှုတွေနဲ့ လတ်တလောဖြစ်ပေါ်နေတဲ့ သဘာဝ ဘေးအန္တရာယ်တွေကြောင့် ကလေးငယ်တွေမှာ စိတ်ကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေများစွာရှိနေသလို ရောဂါစစ်ဆေးပေးမယ့် ကျွမ်းကျင်စိတ်ပညာရှင်တွေက မြို့ကြီးတွေမှာတောင် ရှားပါးနေပါတယ်။ ဒါကြောင့် လက်ရှိ အခြေအနေဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေးအတွက် များစွာ စိုးရိမ်ရမယ့် အခြေအနေမှာရှိနေပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေး အခြေအနေကို တတ်နိုင်တဲ့ဘက်က အကောင်းဆုံး ကူညီပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေကို စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှု ပေးတဲ့အခါ အောက်ပါအချက်တွေကို အထူးဂရုပြု လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
၁။ စကားပြောပေးပါ။
ကလေးငယ်တွေကို စကားပြောပေးခြင်းက သူတို့ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေကို သိသိသာသာ လျော့ကျစေပါတယ်။ စကားပြောတဲ့အခါ တဖက်သတ် သင်ကြားဆုံးမတာမျိုးမဟုတ်ဘဲနဲ့ သူတို့ရဲ့ စကားသံတွေကို စိတ်ဝင်တစား နားထောင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ သူတို့နဲ့ စကားပြောတိုင်းမှာ ယုံကြည်မှု အပြည့်ရစေတဲ့ စကားတွေ ပြောပေးဖို့၊ နှစ်သိမ့်စကားဆိုဖို့ လုံးဝ မမေ့လျော့သင့်ပါဘူး။
၂။ မိသားစုဟာ အနွေးထွေးဆုံးဖြစ်တယ်လို့ ခံစားရစေရန် လုပ်ဆောင်ပါ။
“ဘာပဲဖြစ်ဖြစ် ကူညီမယ့် မိသားစု တခုရှိတယ်” ဆိုတဲ့ ယုံကြည်ချက်က သာမန်လူတွေအတွက်ပါ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို ရရှိစေပါ တယ်။ တကယ်လို့ မိသားစု ဆုံးရှုံးခဲ့ရတဲ့ ကလေးငယ်တွေဆိုရင်လည်း မိသားစုပမာ နွေးထွေးလုံခြုံမှုရစေမယ့် အသိုက်အဝန်းတခုကို သူတို့အတွက် ဖန်တီးပေးနိုင်ပါတယ်။
၃။ စိတ်မချမ်းမြေ့ဖွယ် သတင်းတွေကို ထိန်ချန်ထားပါ။
သတင်းအမှောင်ချခြင်းက လူ့အခွင့်အရေးချိုးဖောက်မှုလို့ သတ်မှတ်ကြပေမယ့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေသူအဖို့ စိတ်မချမ်းမြေ့ဖွယ်သတင်းတွေ ပိမသွားအောင် အထူးဂရုစိုက်ဖို့လိုပါတယ်။ စိတ်မချမ်းမြေ့ဖွယ် သတင်းတိုင်းကို ပေးမသိတာမျိုး မဟုတ်ဘဲနဲ့ စိတ်ထိခိုက်စေမယ့်သတင်းတွေ စုပုံပြီး မကြားသိအောင် စီမံခန့်ခွဲဖို့ လိုအပ်တာဖြစ်ပါတယ်။
၄။ ကလေးတွေရဲ့ အကူအညီတိုင်းကို တန်ဖိုးထားပါ။
သေးဖွဲသည်ဖြစ်စေ၊ အသုံးမလိုသည်ဖြစ်စေ ကလေးငယ်တွေရဲ့ အကူအညီတိုင်းကို တလေးတစား တန်ဖိုးထားပြီး ကျေးဇူးတင်ကြောင်း ပြောဆိုပါ။ ဒီလိုလုပ်ဆောင်ခြင်းက သူတို့ဟာ အပယ်ခံတွေမဟုတ်ဘဲ တန်ဖိုးထားခံရတဲ့ ကလေးငယ်တွေဆိုတဲ့ အသိကို စွဲကပ်သွားစေ ပါတယ်။ ဒါ့ပြင် စိတ်ဒဏ်ရာတွေကြောင့် လူမှုအသိုင်းအဝိုင်းနဲ့ ဝေးကွာနေတာမျိုး မရှိတော့တာကြောင့် စိတ်ဒဏ်ရာတွေ ပျောက်ဖို့ များစွာ အကူအညီ ဖြစ်စေပါတယ်။
၅။ သီချင်းဆိုပါ၊ ပန်းချီဆွဲပါ၊ ပုံပြင်ပြောပြပါ။
သီချင်းဆိုခြင်း၊ ပန်းချီဆွဲခြင်း၊ ပုံပြင်ပြောပြခြင်းတွေက ကလေးငယ်တွေကို စိတ်ဒဏ်ရာတွေနဲ့ ဝေးကွာသွားစေနိုင်ပါတယ်။ ဒါ့ပြင် နုနယ်တဲ့ နှလုံးသားများကို ပုံပြင်တွေနဲ့ ချော့မြှူခြင်းဖြစ်တာကြောင့် မျိုးဆက်လိုက် နှလုံးလှစေသူတွေ ဖြစ်စေရန် ကြိုးစားရာလည်း ရောက်ပါတယ်။
ဒီအချက်တွေအတိုင်း လုပ်ဆောင်မယ်ဆိုရင် စစ်မက်ထူပြောတဲ့ ဒေသအသီးသီးက ကလေးငယ်တွေကိုပါ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ များစွာ ရရှိစေမှာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ ကလေးငယ် ၆ ယောက်အနက် တယောက်က စစ်ပွဲနှင့် ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ နေထိုင်နေကြရပြီး ကိန်းဂဏန်း အားဖြင့်ဆိုရင် ၄၄၉ သန်းခန့် အထိရှိတယ်လို့ ကလေးသူငယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်တဲ့ Save the Children International က ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်ပွဲနဲ့ ပဋိပက္ခတွေဖြစ်ပွားလို့ အကူအညီလိုအပ်နေတဲ့ ကလေးငယ် အရေအတွက်ဟာ အနည်းဆုံး ၆ သန်းကျော်ရှိနိုင်တယ်လို့ UNICEF စစ်တမ်းတွေက ဖော်ပြနေပါတယ်။ မြန်မာပြည်က ကလေးသူငယ် တွေကို လွတ်လပ်စွာ အကူအညီပေးနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေက လွန်ခဲ့တဲ့နှစ်များစွာကတည်းက တောင်းဆိုခဲ့ပေမယ့် သိသိသာ သာ မထူးခြားခဲ့ပါဘူး။
(ပဋိပက္ခနှင့် ကလေးငယ်များစောင့်ကြည့်လေ့လာရေးအဖွဲ့ Watchlist on Children and Armed Conflict ကလည်း မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေရသည့်ကလေးများအတွက် လွတ်လပ်စွာ အကူအညီပေးနိုင်ရန် ၂၀၀၉ ခုနှစ်တွင် “ No More Denial မငြင်းကြနဲ့တော့” စာတမ်းကို ထုတ်ပြန်ခဲ့ပြီး စစ်အစိုးရထံ တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း အကြောင်း မထူးခဲ့ပေ။ )
You may also like these stories:
မြန်မာဆင်းရဲသားများ အိန္ဒိယသွားပြီး ကျောက်ကပ်များ ရောင်းစားနေ
ရောဂါသာရှိ ဆေးမရှိ နာတာရှည် ဝေဒနာရှင်များရဲ့ ဒုက္ခ
မျောက်ကျောက်ရောဂါကို လျစ်လျူရှုခဲ့သောကြောင့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာနိုင်