ထိုဝေရေ ကုန်းတန်းမှနေပြီး (နမ့်ဆလပ် နှင့် နမ့်တီး ကြားရှိ ရေဝေကုန်းတန်း) စိမ့်စမ်း ချောင်းမြောင်း တို့သည် အနောက်ဘက်သို့ ဦးတည်ပြီး စီးဆင်းကြရာ သိန္နီချောင်း၊ နမ္မတူချောင်း၊ ဒုဋ္ဌဝတီမြစ် စသည်တို့မှ တဆင့် ဧရာဝတီ မြစ်ထဲသို့ စီးဝင်ကြကုန်၏။
ထိုရေဝေ ကုန်းတန်းမှနေပြီး ကျန်စိမ့်စမ်း ချောင်းမြောင်း တို့သည် အရှေ့ဘက်ကို ဦးတည်ကာ သံလွင်မြစ်ထဲသို့ စီးဝင်ကြကုန်၏။
နာတီး (နမ့်တီး) တွင် တပ်မတော် စခန်းချထား၏။ နာတီး ရွာကို ဝိုက်ကာ ပတ်ကာ စီးဆင်းနေသော စမ်းချောင်းကြီးမှာ ရေအားကောင်းပြီး သာယာလှ၏။
သို့သော် စိမ့်စမ်းနှင့် တောတောင်တွေက သာယာသလောက် ငှက်ဖျား ထူထပ်၍ ကြောက်စရာ ကောင်းသည်။
နာတီး ရွာတွင် ရပ်နေစဉ် တခဏ၌ ကျနော်တို့နှင့် လိုက်ပါလာသော ဆရာဝန် ဦးဘဟန်သည် စုစုဝေးဝေး တွေ့ရှိရသော ကလေးသူငယ် ၃၀ လောက်ကို စစ်ဆေး ကြည့်ရှုရာ အများစုမှာ ဘေလုံးကြီးများနှင့် ငှက်ဖျား စွဲနေကြသည်ကို တွေ့ရ၏။
ဦးဘဟန်က ကွန်လုံမှ အပြန်တွင် စစ်ဆေးပေးမည့် အကြောင်း ရက်ချိန်း ပေးထားခဲ့လေသည်။
နာတီး ရွာတွင် ထမင်းဆိုင်များ ရှိရာ မအေးစိန် ထမင်းဆိုင်သည် ကျော်ကြား၏။ မအေးစိန်ကား အသက် ၂၀ တဝိုက်သာ ရှိသေးသော၊ ကြည့်ပျော် ရှုပျော် ရုပ်အဆင်း ရှိသော၊ အသား ဖြူဝင်းသော မိန်းကလေး တယောက် ဖြစ်၏။
မြန်မာလို ဝတ်ဆင်ထားပြီး စကားက အတော် ဝဲနေလေရာ ကိုးကန့် တရုတ်မကလေးလော၊ ရှမ်းမကလေးလော၊ ကချင်မကလေးလော မခန့်မှန်းတတ်ပါ။
ဝမ်းက မဟယသဖြင့် သူ့ဆိုင်မှာ ဘာမျှ မစားခဲ့ကြ။ ဆတ်သားချဉ်ထုပ် နှစ်ထုပ်ကိုသာ ဝယ်ခဲ့ကြ၏။ အောက်ပြည် အောက်ရွာမှာ ပုစွန်ချဉ် ထုပ်သလို သူတို့ဆီမှာ ဝက်သားချဉ်၊ အမဲချဉ်၊ ဆတ်သားချဉ် စသည်ဖြင့် ထုပ်ကြသည်။
အလိုက်သိစွာနှင့် ရဲဘော်ကလေးများ အတွက် နေရာ ဖယ်ပေးကြသည်။ ရဲဘော်ကလေးများမှာ အမောပြေ မအေးစိန် ဆိုင်မှာ ဝင်ထိုင်တတ်ကြ၊ လဖက်ရည် သောက်တတ်ကြ၊ ထမင်း စားတတ်ကြသည် မဟုတ်ပါလား။
လူကြီးများ ရှိနေလျှင် သူတို့တတွေ အနေကျုံ့သဖြင့် မအေးစိန် ဆိုင်ကို မဝင်ဘဲ နေတတ်ကြသည် မဟုတ်ပါလား။ မအေးစိန်ခမျာ လာဘ်တိတ် သွားရှာမည် မဟုတ်ပါလား။
နာတီး ရွာတွင် ဆေးဝါ သုတ်ထားသော ဘူလ်ဒိုဇာကြီး တခု ထိုးရပ်ထားသည်ကို တွေ့ခဲ့ရ၏။ ဘယ်တုန်းက ပျက်ခဲ့သည် မသိ။ ဘာ့ကြောင့် မပြင်သည် မသိ။ ဘယ်လောက် ကြာအောင် ဤသို့ ထိုးရပ်နေဦးမည်လည်း မသိခဲ့ရပါ။
နမ့်နင်းချောင်းသည် အနောက်မှ အရှေ့သို့ စီးဆင်းနေသည်။
နာတီး ရွာမှ ထွက်ခဲ့ပြီး အတန်ကြာသောအခါ နမ့်နင်း ချောင်းဝှမ်းသည် အတော် ကျယ်ပြန့်ပြီး များစွာ နက်ရှိုင်းလေသည်။ မြောက်ဘက်မှာလည်း တောင်တန်း၊ တောင်ဘက်မှာလည်း တောင်တန်း၊ နမ့်နင်းချောင်း တောင်ဘက်ကမ်း တောင်ကမ်းပါး များကို ဖြတ်၍ မော်တော်ကားလမ်း ဖောက်လုပ်ထား၏။
နမ့်နင်း ချောင်း၏ မြောက်ဘက်တွင် တောင်တန်းတွေ တထပ်ပြီး တထပ် ကာဆီးနေရာ အပြင်ဘက်ကျသော တောင်တန်း တခုတွင် ထူးဆန်းသော တောင်တလုံးကို တွေ့မြင်ရ၏။
ရင်သား မောက်မောက်နှင့် မိန်းမတယောက် ပက်လက်လှန် အိပ်စက်နေပုံနှင့် အတော်တူ၏။ မျက်နှာပိုင်းတွင် နဖူးပြင်၊ နှာတံနှင့် မေးသဏ္ဌာန်များကို ထင်ရှားစွာ မြင်ရရုံမျှမက မျက်ခုံး၊ မျက်လုံးနှင့် ပါးစပ် သဏ္ဌာန် ရေးရေးကိုပင် မြင်နိုင် သေး၏။
ထိုတောင်ကို မြင်မိကြသော လူတို့သည် ထူးခြားသော သဏ္ဌာန်ကို သတိပြုမိပြီး နာမည် အမျိုးမျိုးပေးကာ သရုပ်ဖော် ထားကြ၏။ ရုဒ္ဒ ရသ ဟု မမြင်၊ အလဇ္ဇီ ဟု ထင်မည် စိုးသောကြောင့် ဤတွင် နာမည်များကို မဖော်ပြတော့ပေ။
လမ်းဖောက်ထားသော တောင်များမှာ သက်နုတောင်များ ဖြစ်ဟန်ရှိသည်။ သဲကျောက်များ ဖုံးလွှမ်းနေသဖြင့် လမ်းဖောက်လို့ လွယ်သလောက် တောင်ပြိုရန် လွယ်ကူ၏။
မိုးနှောင်း ကောင်းထားသဖြင့် တောင်ကမ်းပါးယံမှ စိမ့်စမ်းတွေ အများအပြား ဖြာဆင်းနေသည်။ အချို့ နေရာ၌ လမ်းပေါ် ရေတင်နေသည်။ သို့သော် ဗွက်မပေါက်သဖြင့် တော်သေး၏။
တောင်ကမ်းပါးယံကို ဖြိုချ၍ လမ်းလုပ်စဉ်က သဘာဝအလျောက် သဲကျောက် ခင်းသော လမ်းဖြစ်ခဲ့ရာ ယခုလို ယာဉ်များ ဖြတ်သန်းဖန် များသောအခါ ကျောက်စရစ် နှင့် သဲခင်းသော လမ်းသဖွယ် ဖြစ်နေ၏။
အချို့ နေရာများတွင် ညာဘက် တောင်ကမ်းပါးမှ မြေပြိုကျနေ၏။ အချို့နေရာများတွင် ဘယ်ဘက် ချောင်းကမ်းပါးထဲသို့ မြေပြိုကျနေ၏။ ကားများသည် သတိကြီးစွာနှင့် မောင်းနေကြရ၏။
သစ်ပင်၊ ဝါးပင်၊ ချုံနွယ် ပိတ်ပေါင်းများ ထူထပ်စွာ ပေါက်ရောက်နေသဖြင့်သာ သည့်ထက် မြေမပြိုခြင်း ဖြစ်လေသည်။
လမ်းတွင် တံတားများကို ဖြတ်ကျော်စဉ် သတင်းထောက် ကိုအောင်မင်းက တံတား ဆိုင်းဘုတ်များရှိ ကျည်ဆန်ရာများကို ပြသည်။
မနှစ်က ဤအချိန်တွင် ဗကပ တို့သည် မြောက်ဘက်ရှိ တောင်တန်းများကို စိုးမိုးထားပြီး ကွန်လုံကို ဖြတ်တောက်ရန် ဤတံတားများကို တိုက်ခိုက်ခဲ့ကြ၏။
ဟိုဘက် တောင်တန်းများမှ ဒီဘက် တံတားများကို လက်နက်ကြီးများနှင့် ဒလစပ် ထုနှက် ပစ်ခတ်ခြင်း ဖြစ်ပေ၏။
ကျနော် –
“ဟိုဘက် တောင်တန်းတွေက နေပြီး ဒီဘက် ရှိတဲ့ တံတားကို ခုလို မှန်အောင် ပစ်ခတ်နိုင်တယ် ဆိုတော့ သူတို့ လက်နက်ကြီးတွေက တယ်ကောင်းပါလား”
ကိုအောင်မင်း –
“ဘယ့်နှယ် ပြောပါလိမ့် ဆရာ၊ သူတို့ လက်နက်ကြီးတွေက မှန်ပြောင်း တပ်ထားပြီး ပစ်မှတ် အကွာအဝေးကို တိတိကျကျ တွက်နိုင်ရုံမက ထိထိမိမိ ချိန်နိုင်တယ်။ မနှစ်က သူတို့က ကွန်လုံကို ဝိုင်းထားလို့ ကွန်လုံမှာ အရပ်သား တချို့ ဘတ်စ်ကား တွေနဲ့ ထွက်ပြေးကြတယ်။ သူတို့က ဟိုဘက်ကနေပြီး ပစ်ထည့်လို့ ဘတ်စ်ကား ၆ စီး ပျက်စီးသွားတယ်”
နမ့်နင်းချောင်း သံလွင်မြစ်ထဲသို့ စီးဝင်သော နေရာတွင် ဟိုလီ ဟူသော တရုတ်ရွာ တရွာ ရှိ၏။ (ကိုးကန့် တရုတ် အများစု နေထိုင်ကြ၏။)
ဟိုလီရွာမှ စပြီး ၄ မိုင် ကျော်ကျော်၊ သံလွင်မြစ်သည် အနောက်မှ အရှေ့သို့ စီးဆင်းလေသည်။ ဤ ၄ မိုင်ကွေ့ အထက်မှာ သော် လည်းကောင်း၊ အောက်မှာသော် လည်းကောင်း၊ သံလွင်မြစ်သည် မြောက်မှ တောင်သို့ စီးဆင်း၏။
ဟိုလီ ရွာသည် ကွန်လုံမြို့၏ အဝင်ဝ ဖြစ်သည်။
သံလွင် မြစ်ဝှမ်းကား ဧရာဝတီ၊ ချင်းတွင်း တို့နှင့် မတူ၊ ကျဉ်းမြောင်းသည်။ တောင်တန်း ကြားမှာ ရှိသဖြင့် ကျောက်တုံး ကျောက်ဆောင်များဖြင့် ပြည့်နှက်နေသည်။
မြစ်ကမ်းပါးနှင့် တောင်တန်းများကို နက်ရှိုင်းသော တောများက ဖုံးလွှမ်းနေသဖြင့် စိမ်းစိုနေသည်။
သံလွင်မြစ် ရေမှာ ကြည်လင်လှသည်။ ။
(သတင်းစာဆရာ၊ စာရေးဆရာကြီး သိန်းဖေမြင့် ရေးသားခဲ့သည့် ဤဆောင်းပါးကို အလိမ္မာ စာပေက ၁၉၇၃ ခုနှစ် မတ်လတွင် ထုတ်ဝေသော “အရှေ့မြောက်တိုင်းတခွင်” စာအုပ်မှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၇၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် အသက် ၆၃ နှစ် အရွယ်တွင် ကွယ်လွန် သွားခဲ့ပါသည်။)
မှတ်ချက်။ ။ “ကွန်လုံ” ကို ယခုအခါ “ကွမ်းလုံ” ဟု ခေါ်ဝေါ်သုံးစွဲနေပါသည်။ စာရေးဆရာကြီး သိန်းဖေမြင့်သည် ရှမ်းပြည် အရှေ့မြောက်ပိုင်း ဒေသသို့ ၁၉၇၂ ခုနှစ်ကုန်ပိုင်းက ရုပ်ရှင် မင်းသားကြီး ထွန်းဝေ၊ ဆရာဝန် စာရေးဆရာ ကမ္ဘောဇ ခင်လှိုင်၊ မြန်မာစာ ကထိကနှင့် စာရေးဆရာ ဖိုးကျော်မြင့် တို့နှင့် အတူ သွားရောက်ခဲ့သည့် ခရီးစဉ် မှတ်တမ်းအား “အရှေ့မြောက်တိုင်းတခွင်” အမည်ဖြင့် စာအုပ် ပြန်လည် ရေးသားထားခြင်း ဖြစ်ပါသည်။