လူ့လောကတွင် ဟန်ဆောင်မှု ပကာသနများ ရှိသည်။
ယင်းတို့မှာ အနှစ်မရှိသည့် အကာ အဖြုန်းများသာ ဖြစ်သည်။ ယင်းတို့ကို မလိုလားအပ်မှန်း သိလျက်နှင့် မြှောက်ပင့်ပေးသူ (ဝါ) ဖော်လံ ဖားတတ်သူများ ရှိတတ်သည်။
ယင်းတို့ကို မြင်ပြင်းကတ်၍ အမှန်အတိုင်း ဖွင့်ဟ ရေးသားချက်များလည်း ရှိတတ်ပါသည်။
အောက်ပါ ထုတ်နုတ်ချက်မှာ ဘုရားလောင်း လုပ်ချင်သည့် ရှင်ဘုရင် ဘိုးတော်ဘုရားကို အမတ်ကြီး ဦးပေါ်ဦးက ပုံတို ပတ်စနှင့် စိတ်ပျက်အောင် မြှူဆွယ်ခန်းပင်။
တကြိမ်က ဘုရင် ဘိုးတော်ဘုရားသည် အမတ်ကြီး ဦးပေါ်ဦးသို့ မိန့်တော်မူသည်မှာ –
ဘုရင်။ ။ ပေါ်ဦးရေ…ငါက ဘိုးလောင်းတော်…ဘေးလောင်းတော်များထက် ပိုမို ထူးကဲတယ်ကွ…။ ဘာကြောင့်လဲ ဆိုတော့ ငါက ဘုရားဆု ပန်တာကိုး…။ ဒါကြောင့် ငါဟာ ဘုရားလောင်းနှင့် တူရဲ့လား…။ မင်းကတော့ ပညာရှိမို့ ငါ ဘုရားဆု ပန်သူ ပီသစွာ ပါရမီ တော်တော် ရင့်သန်နေပလား ဆိုတာ အကဲခတ်စမ်းပါကွယ်…။
ဦးပေါ်ဦး။ ။ မှန်ပါ…၊ ပုဂ္ဂိုလ် တဦး တယောက်ဟာ ဘုရားဆု ပန်ဝံ့သည် ဆိုကာမျှနှင့် အင်မတန် ချီးကျူး ဂုဏ်ပြု ထိုက်ပါတယ်…။ ဘာကြောင့်လဲ ဆိုတော့ လေးသင်္ချေ နှင့် ကမ္ဘာ တသိန်း ကာလပတ်လုံး ပါရမီ ဆယ်ပါးကို အားထုတ် ဖြည့်ဆည်းရမည့် သူမို့ပါ…။
ဒါကြောင့် ဘုရားဆု ပန်သူများဟာ တောင်တွင်းကြီးက ခင်ကြီးပေါက် လို ဖြစ်မသွားရန် လိုအပ်ပါတယ်…။
ဘုရင်။ ။ ခင်ကြီးပေါက် ကလည်း ငါလို ဘုရားဆု ပန်သလားကွ။ ဘယ်လိုလဲ…။
ဦးပေါ်ဦး။ ။ တောင်တွင်းကြီး မြို့မှာ ခင်ကြီးပေါက် ဆိုတဲ့ တောထွက် ရဟန်းကြီး ရှိခဲ့ပါတယ်။
သူ့ကို ဆွမ်းပင့်ကျွေးရင် သက်သတ်လွတ်မှ ဘုန်းပေးတယ်။ ဒါကြောင့် လူအများ သဒ္ဓါ ကြည်ညိုပြီး ဘယ်တရား အားထုတ်ပြီး ဘယ်ဆုမျိုး ပန်သလဲ လို့ မေးတတ်ကြတယ်။
နောက်ဆုံးမှာတော့ တောထွက် ရဟန်းကြီးက “ဒကာတို့ ဘုန်းကြီးဟာ သဗ္ဗညုတ ဘုရားဆု ပန်တယ်…”လို့ မိန့်ကြားသတဲ့။
အဲဒီ သတင်း ပေါက်ကြားတော့ ခင်ကြီးပေါက်ကို လာရောက် ဖူးမြော် လှူဒါန်းတဲ့ ပရိသတ်ဟာ စဲတယ်လို့ မရှိဘူး…။
ပညာရှိ တဦးက ခင်ကြီးပေါက်ဟာ ဘုရားလောင်း ဟုတ်၊ မဟုတ် စမ်းသပ်ချင်စိတ် ပေါ်လာသတဲ့…။
ဘုရင်။ ။ သြော် ဘယ်လိုများ စမ်းသပ်သလဲ…။
ဦးပေါ်ဦး။ ။ စမ်းသပ်ပုံကတော့ အဲဒီ ပညာရှိကြီးက သူတပည့် နှစ်ယောက်ကို အရက်မူးအောင် တိုက်ပြီး ခင်ကြီးပေါက် ကျောင်း အနီးမှာ သံချပ် ထိုးခိုင်းတယ်…။
ပထမလူ။ ။ ရင့်မှာ တကျိပ် အနု ငါးရာဗျ…။
ဒုတိယလူ။ ။ နောင်လာ ရှစ်သောင်း ဘုရားလောင်း ဟေ့…။
ပထမလူ။ ။ ဘုရားလောင်းနောက် တို့နှစ်ယောက် လကွယ်…။
ဒုတိယလူ။ ။ တို့နှစ်ယောက် နောက်မှ ခင်ကြီးပေါက် ဟေ့…။
သံပြိုင်။ ။ ဟေး လား မောင်ရို့ ဝါး…။
အဲဒီလို အကြိမ်ကြိမ် ကျောင်းရှေ့မှာ ခေါက်တုံ့ ခေါက်ပြန် သံချပ် ထိုးတော့ တောထွက် ရဟန်းကြီးက ထွက်လာပြီး သေသေချာချာ ကြည့်သတဲ့။
သံချပ်ကို နားထောင်ပြီး ခင်ကြီးပေါက် ဆုံးဖြတ်ပုံကတော့ –
ဘုရင်။ ။ အေး…အလောင်းတော်ကြီးက ဘယ်လို ဆုံးဖြတ်သလဲ…။
ဦးပေါ်ဦး။ ။ သြော်… ငါ့အရင် ပွင့်မည့် နောင်တော်ကြီးများတောင် မူးကြ ရူးကြတုန်း ရှိပါသေးကလား…။ ငါက အခုလို ဆင်းရဲ ဒုက္ခခံပြီး ကျင့်ဖို့ မလိုသေးပါဘူး… ဆိုပြီး မကြာခင်မှာ ခင်ကြီးပေါက် လူထွက်သွားတယ်…။
ဘုရင်။ ။ ဟဲ ဟဲ…၊ ပေါ်ဦးက ငါ့ကို လှောင်နေပြန်ပါပြီ…။ ။
(သတင်းစာဆရာကြီး အိုးဝေ ဦးညိုမြ ရေးသားခဲ့သည့် ဤဆောင်းပါးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ရာပြည့် စာပေက ထုတ်ဝေသော “နန်းကြာညို လက်ရွေးစင် စာများ ပထမ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၈၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက် အသက် ၇၁ နှစ် အရွယ်တွင် ကွယ်လွန်သွားပါသည်။)