အာရက္ခတပ်တော် (AA) နှင့် ၎င်း၏နိုင်ငံရေးအဖွဲ့အစည်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) သည် ရည်မှန်းချက်ကြီးမားပြီး ပင်ပန်းခက်ခဲသော လုပ်ငန်းတာဝန်ဖြစ်သည့် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်တွင် စစ်တပ်ထံမှ သိမ်းပိုက်ထားသည့် နယ်မြေများ၌ “အားလုံးအကျုံးဝင်သော အုပ်ချုပ်ရေး” ထူထောင်ရေးကို အကောင်အထည် ဖော်နေသည်။
ထိုအစီအစဉ်သည် ကမ္ဘာတွင် အဖိနှိပ်ခံရဆုံး လူမှုအသိုက်အဝန်းဟု သတ်မှတ်ခံရသည့် ရိုဟင်ဂျာ မွတ်ဆလင်များ၏ အနာဂတ်နှင့် ပတ်သက်သည့် ခန့်မှန်းမှုနှင့် ကွဲပြားသောအမြင်များကို ဖြစ်စေသည်။
AA သည် ရခိုင်ပြည်အလယ်ပိုင်းနှင့် မြောက်ပိုင်းအများစု၊ ချင်းပြည်တောင်ပိုင်း ပလက်ဝတို့ကို စစ်ကောင်စီထံမှ သိမ်းပိုက်သည်။ လွတ်မြောက်ဒေသများ အုပ်ချုပ်ရေးတွင် လူမှုအသိုက်အဝန်းများ အားလုံးနှင့် ထိတွေ့ဆက်ဆံသော “အားလုံးအကျုံးဝင်သော အုပ်ချုပ်ရေး” မျိုးစေ့များကို ယခုအခါ အာရက္ခပြည်သူ့အစိုးရဟု ခေါ်သည့် အာရက္ခပြည်သူ့ အာဏာပိုင်အဖွဲ့ (APA) ကို ထူထောင်သည့် ၂၀၁၉ ခုနှစ်က ပျိုးထောင်ခဲ့သည်။
ထိုအစီအစဉ်၏ ဦးတည်ချက်မှာ လူမှုဖူလုံရေးကို ဦးတည်သော “ဗဟိုချုပ်ကိုင်သည့် တခုတည်းသော အစိုးရ” ထူထောင်ပြီး နောက်ပိုင်းအဆင့်တွင် အစိုးရအဆင့်အသီးသီးသို့ အာဏာများခွဲဝေပေးရန် ဖြစ်သည်ဟု The Diplomat စာစောင်နှင့် တွေ့ဆုံမေးမြန်းမှုတခုတွင် AA နှင့် ULA အကြီးအကဲ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။
ပြီးခဲ့သည့် ဇွန်နှင့်ဇူလိုင်လအတွင်း ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်သို့ စာရေးသူ၏ ခရီးစဉ်များအတွင်း AA နှင့် ULA အရာရှိများနှင့် အလွတ်သဘောဆွေးနွေးမှုများ၊ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ထိုအရာရှိများက အာရက္ခ ပြည်သူ့အစိုးရအတွက် ၎င်းတို့၏ စီမံချက်များအား စာရေးသူကို ရှင်းပြခဲ့သည်။
ထိုအစီအစဉ်များတွင် နေပြည်တော်၏ စနစ်များကို မြို့နယ်တခုစီ၏ အနေအထားပေါ်မူတည်ပြီး သွင်ပြင်သစ်များနှင့် ပေါင်းစပ်ထားသည့် အုပ်ချုပ်ရေးယန္တရား ထူထောင်ရေးပါဝင်သည်။ ကျေးရွာအုပ်ချုပ်ရေး ကော်မတီများ၊ ကျန်းမာရေးဌာနများ၊ ရဲနှင့် စိုက်ပျိုးရေးဌာနများ၊ လူသားချင်း စာနာမှုနှင့်ဖွံ့ ဖြိုးတိုးတက်မှု ညှိနှိုင်းရေးရုံး (HDCO) များ၊ အခွန်နှင့် အကောက်ခွန်ရုံးများစသည့် ဌာနအများအပြားတို့ ပလက်ဝ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြားနှင့် ရသေ့တောင်တို့တွင် လုပ်ကိုင်နေသည်ကို စာရေးသူ တွေ့ခဲ့သည်။ ထိုဖွဲ့စည်းပုံကို ပိရမစ်သဖွယ် ဖွဲ့စည်းထားပြီး စီးပွားရေးအာဏာကို ဒေသဆိုင်ရာ စစ်ဌာနချုပ်များသို့ ပေးအပ်ထားသည်။
ရိုဟင်ဂျာ မွတ်ဆလင်များနှင့် ထိတွေ့ဆက်ဆံရေးအတွက် ULA ၏ စဉ်းစားသုံးသပ်ပုံ
လူမှုအသိုက်အဝန်းများအကြား သဟဇာတဖြစ်ခြင်းသည် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အဓိကကျသည်ဟု ULA က ယုံကြည်သည်။ ရခိုင်ပြည်နယ်သည် ၁၉၄၂ ခုနှစ်မှစတင်ပြီး လူများစု ရခိုင်ဗုဒ္ဓဘသာဝင်များနှင့် ရိုဟင်ဂျာများအကြား လူမှုအသိုက်အဝန်း အကြမ်းဖက်မှုများကြောင့် အကြိမ်ကြိမ် ယိမ်းခါနေသည်။ နိုင်ငံသားဖြစ်ခွင့်မရဘဲ လွတ်လပ်စွာသွာလာခွင့်ကို အပြင်းအထန် ကန့်သတ်ခံရသည့် ရိုဟင်ဂျာများကို ခွဲခြားဆက်ဆံပြီး ဖိနှိပ်သည့် ဆယ်စုနှစ်ပေါင်းများစွာကို ULA အဆုံးမသတ်မီ ပိုမိုကြီးမားသော စိန်ခေါ်မှုများရှိသည်။
ရိုဟင်ဂျာ လူမှုအသိုက်အဝန်းဝင်များနှင့် ULA အရာရှိများ၏ ခန့်မှန်းတွက်ချက်မှုအရ ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာအရေအတွက်သည် ဝ ဒသမ ၉ သန်းမှ ၁ ဒသမ ၁ သန်းအထိ ရှိသည်။ အများစုသည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ထိစပ်နေသည့် မောင်တောခရိုင်တွင် စုစည်းနေကာ ထိုဒေသတွင် ရိုဟင်ဂျာများသည် လူများစုဖြစ်ပြီး ချင်းပြည်တောင်ပိုင်းတွင် အနည်းဆုံးဖြစ်ကာ ၈၁ ဦးသာရှိသည်။
ရိုဟင်ဂျာ လူမှုအသိုက်အဝန်းဝင်များနှင့် ULA အရာရှိများ၏ ခန့်မှန်းတွက်ချက်မှုအရ ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာအရေအတွက်သည် ဝ ဒသမ ၉ သန်းမှ ၁ ဒသမ ၁ သန်းအထိ ရှိသည်။ အများစုသည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ထိစပ်နေသည့် မောင်တောခရိုင်တွင် စုစည်းနေကာ ထိုဒေသတွင် ရိုဟင်ဂျာများသည် လူများစုဖြစ်ပြီး ချင်းပြည်တောင်ပိုင်းတွင် အနည်းဆုံးဖြစ်ကာ ၈၁ ဦးသာရှိသည်။
ULA ၏ “ဦးတည်ချက်မှာ ငြိမ်းချမ်းရေး ထူထောင်ရန်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးသည် တည်ငြိမ်မှုအတွက် မရှိမဖြစ် လိုအပ်ကြောင်း” ကျောက်တော်၏ နိုင်ငံရေးမှူး ဦးကျော်ဇောခိုင်က The Diplomat သို့ ဇွန်လ ၁၉ ရက်နေ့တွင် ပြောသည်။
ULA သည် အုပ်ချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်နေသည့် မွတ်ဆလင် ရိုဟင်ဂျာများ အပါအဝင် လူမှုအသိုက်အဝန်းအားလုံးကို ထည့်သွင်းရန် ကြိုးစားနေသည်ဟု ဦးကျော်ဇောခိုင်က ပြောပြီး ခူမီး၊ မြို၊ ဒိုင်းနက်နှင့် ဟိန္ဒူစသည့် လူနည်းစုလူမျိုးစုများအားလုံး ပါဝင်စေရန်အတွက် တိုင်းရင်းသားရေးရာ ကော်မတီအပြင် မွတ်ဆလင်ရေးရာ ကော်မတီကိုလည်း ထူထောင်ထားပြီးဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။
အုပ်ချုပ်ရေး၏ အဓိက အာရုံစိုက်သောအချက်မှာ ရိုဟင်ဂျာများ၊ ရခိုင်ဗုဒ္ဓဘာသာများနှင့် အခြား လူမှုအသိုက်အဝန်းများအကြား “လူမှုညီညွတ်မှု ပျိုးထောင်ရေး” ကို အားကစားပွဲများနှင့် ပွဲတော်များမှတဆင့် လူမှုအသိုက်အဝန်းများ ထိတွေ့ဆက်ဆံရေးဖြစ်သည်ဟု ဦးကျော်ဇောခိုင်က ရှင်းပြသည်။ ရိုဟင်ဂျာနှင့် အခြား လူမှုအသိုက်အဝန်းများအကြား လူမှုသွေးကွဲမှုကြောင့် ထိုကိစ္စသည် အရေးပါကြောင်းနှင့် ထိုသို့ “လူမှုသွေးကွဲခြင်း” သည် မြို့နယ်အမျိုးမျိုးတွင် ပြင်းထန်မှုအမျိုးမျိုးရှိပြီး မောင်တောနှင့် ဘူးသီးတောင်တွင် အပြင်းထန်ဆုံးဖြစ်ကြောင်း ပြောသည်။
စိတ်စေတနာကောင်းနှင့် မြင့်မားလာသော အာဏာကို ပြသသည့်အနေဖြင့် ULA သည် ရိုဟင်ဂျာများအတွက် ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် ပလက်ဝတွင် ခရီးသွားလာမှု ကန့်သတ်ချက်များကို ရုတ်သိမ်းသည်ဟု ရိုဟင်ဂျာလူမှုအသိုက်အဝန်း အဖွဲ့ဝင်အချို့က The Diplomat သို့ ပြောသည်။
ထိုသို့ ကန့်သတ်ချက်များ ရုတ်သိမ်းလိုက်သောကြောင့် ရိုဟင်ဂျာများသည် ULA က ထူထောင်ထားသည့် ဆေးကုသရေးဌာနအချို့တွင် ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် ဝန်ဆောင်မှုများ ရရှိစေသည်။
ငြိမ်းချမ်းရေးကို အားပေးသည့်အပြင် ULA နှင့် AA သည် ရခိုင်ပြည်နယ်တွင် အဓိကကျသည့် ပါဝင်ပတ်သက်သူဖြစ်ကြောင်း ကမ္ဘာ့အသိအမှတ်ပြုမှုရရန် အားထုတ်မှု အရှိန်မြှင့်တင်သည်။ ထိုသို့လုပ်ခြင်းသည် ရခိုင်ပြည်နယ်တွင် ၎င်းတို့၏ တရားဝင်မှုနှင့် အာဏာကို ခိုင်မာအောင်လုပ်သည့် နည်းဗျူဟာလည်းဖြစ်သည်။
နေပြည်တော်၏ မူဝါဒနှင့် အလားတူသည့် ခွဲခြားဆက်ဆံသော မူဝါဒများသည် နိုင်ငံတကာအေဂျင်စီများထံမှ ထောက်ခံမှုရရှိရေး အလားအလာ၊ အထူးသဖြင့် ရိုဟင်ဂျာအများအပြား အပါအဝင် သိန်းနှင့်ချီသော ပြည်တွင်းနေရပ်စွန့်ခွာသူများကိုပြန်လည် ထူထောင်ရေးအတွက် ရန်ပုံငွေ ရနိုင်ရေး အလားအလာများကို ပျက်ပြယ်စေနိုင်သည်။
မြို့နယ်အမျိုးမျိုးမှ ရိုဟင်ဂျာဒေသခံ အချို့နှင့် စာရေးသူ၏ တွေ့ဆုံမေးမြန်းမှုများအရ ၎င်းတို့သည် ရခိုင်ဗုဒ္ဓဘာသာလူများစုနှင့်သာမက စစ်ကောင်စီနှင့် ၎င်းတို့၏ ပဋိပက္ခအပေါ် တူညီသောအမြင် မရှိကြပေ။ AA ၏ အားလုံးအကျုံးဝင်သော အုပ်ချုပ်ရေးအစီအစဉ်နှင့် ရိုဟင်ဂျာလူမှုအသိုက်အဝန်း သဘောထားကွဲနေသည်။
ရခိုင်ပြည်နယ်မှ တွေ့ဆုံမေးမြန်းခဲ့သောသူများကို အုပ်စု သုံးစုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အမျိုးအစား ခွဲခြားနိုင်သည်။ အာရက္ခတပ်တော် (AA) ၏ မူဝါဒများကို ကြိုဆိုသူများ၊ ထိုသို့ကြိုဆိုရန် အတင်းအကျပ် ပြုခံရသည်ဟု ခံစားရသူများနှင့် ဆန့်ကျင်နိုင်သူများ စသည်ဖြင့် ကွဲပြားနေသည်။
ရခိုင်ပြည်နယ်မှ တွေ့ဆုံမေးမြန်းခဲ့သောသူများကို အုပ်စု သုံးစုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အမျိုးအစား ခွဲခြားနိုင်သည်။ အာရက္ခတပ်တော် (AA) ၏ မူဝါဒများကို ကြိုဆိုသူများ၊ ထိုသို့ကြိုဆိုရန် အတင်းအကျပ် ပြုခံရသည်ဟု ခံစားရသူများနှင့် ဆန့်ကျင်နိုင်သူများ စသည်ဖြင့် ကွဲပြားနေသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာများက ULA မူဝါဒများကို ကြိုဆို
ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်အလယ်ပိုင်း ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မင်းပြားမှ ရိုဟင်ဂျာများသည် ULA ၏ “အားလုံးအကြုံးဝင်သော အုပ်ချုပ်ရေး” စီမံကိန်းကို ကြိုဆိုကြသည်။ ၎င်းတို့သည် ULA က ဖွဲ့စည်းထားသည့် မြို့များ၊ ရွာများမှ အမျိုးမျိုးသော ကော်မတီများတွင် ပါဝင်ကြပြီး အချို့ကို ရဲတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးလုပ်သားများအဖြစ် လေ့ကျင့်ပေးနေသည်။
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးအတွက် တာဝန်ပေးအပ်ခံရသည့် စိုက်ပျိုးရေးဌာနနှင့် HDCO တို့တွင် ရိုဟင်ဂျာများကို ထည့်သွင်းရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်။
မင်းပြားသည် မြို့နယ်မှ ကျေးရွာပေါင်း ၁၅ ရွာတွင် နေထိုင်သူ ရိုဟင်ဂျာ ၃၆,၂၃၅ ဦးရှိသော မြို့နယ် ဖြစ်သည်။ ထိုမြို့နယ်သို့ စာရေးသူရောက်သောအခါ အသစ်ဖွဲ့စည်းထားသည့် အစ္စလမ်ကောင်စီမှ ရိုဟင်ဂျာအဖွဲ့ဝင် နှစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့သည် ULA က ကျင်းပသည့် စိုက်ပျိုးရေးနှင့် ရဲဌာနများ တိုးချဲ့ရေးနှင့် ၆၀ ခန့်ရှိသော ပြည်တွင်းနေရပ်စွန့်ခွာများ ပြန်လည်နေရာချထားရေး အဆင်ပြေစေရေး အစည်းအဝေးတခုကို အခြားလူမှုအသိုက်အဝန်းဝင် အားလုံးနှင့်အတူ တက်ရောက်နေကြသည်။
အစ္စလမ်ကောင်စီဥက္ကဋ္ဌ ဟာဂျီ စင်မင်းက ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများနှင့် ပတ်သက်သည့် ပြဿနာ အများအပြားနှင့် ပတ်သက်ပြီး သူ၏အမြင်ကို ပြောပြသည်။ “ကျနော်တို့ မင်းပြားနဲ့ ဘူးသီးတောင်၊ မောင်တောက ရိုဟင်ဂျာ အချင်းချင်းကြားမှာလည်း တူညီတာတွေ၊ ကွဲပြားတာတွေရှိတယ်” ဟု ပြောပြီး မင်းပြားမှ ရိုဟင်ဂျာများ၊ ရခိုင်ဗုဒ္ဓဘာသာများနှင့် အခြားလူမျိုးစု လူမှုအသိုက်အဝန်းများအကြား ဆက်ဆံရေးသည် အမြဲ ချစ်ကြည်ရင်းနှီးကြောင်း ပြောပြသည်။
“နေပြည်တော် စစ်အုပ်စုရဲ့လက်မှာ ရိုဟင်ဂျာအားလုံး ဒုက္ခခံစားရတယ်” ဟု ၎င်းကထောက်ပြပြီး ULA အောက်တွင် ရိုဟင်ဂျာများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်ချက်ကို ပြောပြသည်။
မတ်လ ဒုတိယပိုင်းတွင် မင်းပြားမြို့နယ်ကို AA က လွတ်မြောက်စေပြီးနောက် ရိုဟင်ဂျာများ ရွှေ့ပြောင်းသွားလာခွင့် ကန့်သတ်ချက်များကို ရုတ်သိမ်းလိုက်သည်။ ရိုဟင်ဂျာ လူမှုအသိုက်အဝန်းအဖွဲ့ဝင် ၂၀၀ ကို ULA တည်ထောင်ထားသည့် ကော်မတီများတွင် ထည့်သွင်းထားကြောင်း ဟာဂျီ စင်မင်းက ပြောသည်။
နေပြည်တော် စစ်ကောင်စီက ခရီးသွားလာခွင့် ကန့်သတ်သောကြောင့် ရိုဟင်ဂျာ အခြေချဒေသများသည် တခုနှင့် တခု သီးခြားစီ ဖြစ်နေသေးသည်။ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမှ ရိုဟင်ဂျာများ နေထိုင်ရာဒေသများသည် ၂၀၁၂ ခုနှစ်တွင် စစ်တပ်က နှိမ်နင်းမှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုဟု ကုလသမဂ္ဂက ရှုတ်ချသည့် ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း နေအိမ်များ မီးရှို့ခံရခြင်းနှင့် တရားမဝင် ဖမ်းဆီးခံရခြင်းကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုများကိုလည်း ရင်ဆိုင်ရသည်။
ထိုဒေသများမှ ရိုဟင်ဂျာများက အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) နှင့် ရိုဟင်ဂျာ သွေးစည်းခိုင်မာရေးအဖွဲ့ (RSO) စသည့် အကြမ်းဖက်အဖွဲ့အစည်းများ ၎င်းတို့ဒေသတွင် မရှိကြောင်း ပြောကြားသည်။ ထိုအဖွဲ့အစည်းများသည် ထိုမြို့နယ်များတွင် ဒေသခံများထံမှ ကေဒါစုဆောင်ခြင်းလည်း မရှိပေ။
“ကျနော်တို့ကို အကောင်းမြင်ဖို့ အတင်းအကျပ် ဖိအားပေးနေတယ်”
အထက်တွင် ဖော်ပြခဲ့သည့် မြို့နယ်များမှ ရိုဟင်ဂျာများနှင့်မတူဘဲ ဘူးသီးတောင်နှင့် ရသေ့တောင်မှ လူမှုအသိုက်အဝန်း တချို့သည် အုပ်ချုပ်ရေးတွင် ပါဝင်ရန် ULA ၏ စီမံကိန်းနှင့် ပတ်သက်ပြီး သတိထား၍ မျှော်လင့်ချက်ထားပုံရသည်။ AA သည် ထိုဒေသကို ပြီးခဲ့သည့် မတ်လနှင့် မေလက ထိုးစစ်များအတွင်း စစ်ကောင်စီထံမှ သိမ်းပိုက်ခဲ့သည်။
ULA အရာရှိများ၏ အဆိုအရ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ၃ ပုံ ၂ ပုံသည် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဖြန့်ကြက်နေထိုင်ကြသည်။ ထိုဒေသသည် ၂၀၁၇ ခုနှစ်က စစ်တပ်၏ “နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး” များတွင် အပြင်းထန်ဆုံး တိုက်ခိုက်ခံရသော ဒေသများဖြစ်ပြီး ဒေသခံ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်။
ထိုဒေသသည် ARSA အကြမ်းဖက်အုပ်စု အခြေစိုက်စခန်းတခု ထူထောင်ပြီး စစ်တပ်ကို တိုက်ခိုက်ရန် ကေဒါထောင်ချီ စုဆောင်းခဲ့သည့် ဒေသလည်း ဖြစ်သည်။ သို့သော် စစ်တပ်ကို ဆန့်ကျင်သည့် ARSA ၏ လက်နက်ကိုင်လှုပ်ရှားမှုသည် အတင်းအကျပ် ရန်ပုံငွေကောက်ခံခြင်းကဲ့သို့သော ၎င်းတို့၏လှုပ်ရှားမှုကို မေးခွန်းထုတ် ဆန့်ကျင်သည့် ရိုဟင်ဂျာများကို ခြိမ်းခြောက် သတ်ဖြတ်ခြင်းလည်း ပါဝင်နေသည်။
ဘူးသီးတောင်တွင် ဇွန်လ ၂၂ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့သည့် ရိုဟင်ဂျာ အစ္စလမ်ဘာသာရေးဆရာများနှင့် ကျောင်းဆရာ လေးဦးအဖွဲ့ (မော်လနာ အဗ္ဗဒူ ဂွန်နီ၊ မိုဟာမက် နူအာရ်၊ အဗ္ဗဒူ ဘေဆာနှင့် အတာအူလာ) ၏ အဆိုအရ ARSA သည် လူ ၈၀ မှ ၁၀၀ ခန့်အထိ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
၎င်းတို့ လေးဦးအနက် တဦးဖြစ်သူ ရသေ့တောင် ဘာသာရေးကျောင်းမှဆရာ အတာအူလာသည် ARSA ကို အပြင်းအထန် ဝေဖန်သူဖြစ်သည်။
“ARSA ဟာ ရိုဟင်ဂျာ လူမှုအသိုက်အဝန်းအတွက် အကြီးမားဆုံးရန်သူ ဖြစ်လာတယ်။ အခုအဲဒီအဖွဲ့က ကျနော်တို့ ပြည်သူတွေကို အဆိုးရွားဆုံး ရက်စက်မှုတွေ ကျူးလွန်ခဲ့တဲ့စစ်တပ်နဲ့ ပူးပေါင်းလိုက်ပြီ။ ၂၀၁၇ ခုနှစ်က ဘူးသီးတောင်မှာ နေထိုင်တဲ့ ရိုဟင်ဂျာ ၃၀,၀၀၀ ထဲက ၇၀ ရာခိုင်နှုန်းနီးပါးက ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည် ဖြစ်ကုန်တယ်” ဟု ၎င်းကပြောသည်။
“ARSA ဟာ ရိုဟင်ဂျာ လူမှုအသိုက်အဝန်းအတွက် အကြီးမားဆုံးရန်သူ ဖြစ်လာတယ်။ အခုအဲဒီအဖွဲ့က ကျနော်တို့ ပြည်သူတွေကို အဆိုးရွားဆုံး ရက်စက်မှုတွေ ကျူးလွန်ခဲ့တဲ့စစ်တပ်နဲ့ ပူးပေါင်းလိုက်ပြီ။ ၂၀၁၇ ခုနှစ်က ဘူးသီးတောင်မှာ နေထိုင်တဲ့ ရိုဟင်ဂျာ ၃၀,၀၀၀ ထဲက ၇၀ ရာခိုင်နှုန်းနီးပါးက ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည် ဖြစ်ကုန်တယ်” ဟု ၎င်းကပြောသည်။
ULA ၏ မူဝါဒများကို သူ၏လူမှုအသိုက်ဝန်း အချို့က ထောက်ခံရသည့် အကြောင်းရင်းများကို ရှင်းပြရာတွင် အတာအူလာက ရိုဟင်ဂျာများကို ကန့်သတ်ချက်များနှင့် ခွဲခြားဆက်ဆံသည့် မူဝါဒများ ပယ်ဖျက်ရန် ULA ၏ အာမခံချက်များကို ရှင်းလင်းပြသည်။ ရိုဟင်ဂျာများ လွတ်လပ်စွာ သွားလာခွင့် အပါအဝင် လူမှုအသိုက်အဝန်းအားလုံး တန်းတူ အခွင့်အရေးခံစားရမည်ဟု ULA က ကြေညာသည်။
“အဲဒီလို ကြေညာချက်တွေအတွက် မျှော်လင့်ချက်ထားတာ ကျနော်တို့အတွက် သဘာဝကျတယ်။ တချိန်တည်းမှာပဲ ကျနော်တို့ အများအပြားဟာ အနာဂတ်အတွက် မသေချာ မရေရာကြဘူး” ဟု အတာအူလာက ပြောသည်။ သူသည် ULA နှင့် အစည်းအဝေးများအတွက် သူ၏ နေအိမ်ရှိရာ ရသေ့တောင်မှ ဘူးသီးတောင်သို့ ခရီးထွက်လာသူ ဖြစ်သည်။
အတာအူလာနှင့် အမြင်ခြင်းတူသူတဦးမှာ ဘူးသီးတောင်မှ ပြည်တွင်း နေရပ်စွန့်ခွာစခန်းရှိ ရိုဟင်ဂျာ အသိုက်အဝန်းမှ အသက်အရွယ်ကြီးရင့်သူ ခါလီလူဒင် ဖြစ်သည်။ သူသည် ရခိုင်ပြည်နယ်တွင် စစ်တပ်မရှိဘဲ သူ၏ လူမှုအသိုက်အဝန်းအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို မျှော်လင့်သူ ဖြစ်သည်။
သို့သော် ULA ၏ မူဝါဒများကို ဆန့်ကျင်ခြင်း၏ အကျိုးဆက်များနှင့် ပတ်သက်ပြီး သူစိုးရိမ်သည်။ “ULA နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိရင် ကျနော်တို့ အကျိုးစီးပွားအတွက် အန္တရာယ်ရှိနိုင်တယ်။ ကျနော်တို့ရဲ့ လတ်တလော ရည်မှန်းချက်က အိမ်ပြန်ဖို့ပဲ။ ဒီလိုလုပ်ဖို့ ULA နဲ့ AA ရဲ့ အကူအညီနဲ့ ခွင့်ပြုချက် မရရင် မဖြစ်နိုင်ဘူး” ဟု ၎င်းကပြောသည်။
ဘူးသီးတောင်နှင့် မောင်တောမှ ဆန့်ကျင်သော ရိုဟင်ဂျာများ
ခေါင်းဖြတ်သတ်ခံထားရသည့် ရခိုင်ဗုဒ္ဓဘာသာဝင် နှစ်ဦးဖြစ်သူ ဦးစံရွှေမောင်နှင့် ဦးမောင်မြအောင်၏ အလောင်းများကို ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာများနေထိုင်သည့် ဂုံးနားကျေးရွာအနီးတွင် မြှုပ်နှံထားသည်ကို တွေ့ရကြောင်း AA က အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကြေညာသည်။ ၎င်းတို့ နှစ်ဦးသည် မေယုတောင်တန်းတွင် ဝါးခုတ်သွားစဉ် ARSA က ဖမ်းဆီးသတ်ဖြတ်ခံရသည်ဟု စွပ်စွဲကြသည်။
ထိုဖြစ်ရပ်မတိုင်မီက အခြားဖြစ်ရပ်တခုတွင် မောင်တောမှ မြိုတိုင်းရင်းကျေးရွာ ကိုင်းကြီးမှ မိသားစုဝင် လေးဦးသည် ချောင်းတခုတွင် ငါးဖမ်းသွားစဉ် ပျောက်ဆုံးသွားသည်။ ARSA က ထို လေးဦးကို ဖမ်းဆီးခဲ့သည်ဟု အမည်မဖော်ပြထားသည့် ဒေသခံတဦးက စွပ်စွဲသည်။
ထိုဖြစ်ရပ်များကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသော်လည်း ဘူသီးတောင်နှင့် မောင်တောတွင် ARSA ရှိကြောင်းပြသည့် လက္ခဏာများ ရှိနေသည်။
AA သည် ဘူးသီးတောင်ကို သိမ်းပိုက်ပြီး မောင်တောမှ နေရာအများအပြားကို သိမ်းပိုက်ထားသော်လည်း စစ်တပ်သည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်မှ ဒေသအချို့ကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။
ULA နှင့် AA သည် ဘူးသီးတောင်နှင့် မောင်တောမှ ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများတွင် အခိုင်အမာ ဖြန့်ကြက် ချုပ်ကိုင်ထားပုံ မရသေးပေ။ လက်ရှိအခြေအနေသည် ARSA အနေဖြင့် AA ကို ဆက်လက် တိုက်ခိုက်ရန်နှင့် အချို့နေရာများမှ ထောက်ခံမှုရရန် အခြေအနေပေးနေသည်။ ရိုဟင်ဂျာလူငယ်အချို့သည် AA ကို တိုက်ခိုက်ရန်အတွက် စစ်ကောင်စီတပ်က ဖွဲ့စည်းပေးသည့် ပြည်သူ့စစ်များသို့ ဆန္ဒအလျောက် ဝင်ရောက်သည်ဆိုသည့် အတည်မပြုနိုင်သေးသော သတင်းများလည်း ရှိနေသည်။
ULA နှင့် AA သည် ဘူးသီးတောင်နှင့် မောင်တောမှ ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများတွင် အခိုင်အမာ ဖြန့်ကြက် ချုပ်ကိုင်ထားပုံ မရသေးပေ။ လက်ရှိအခြေအနေသည် ARSA အနေဖြင့် AA ကို ဆက်လက် တိုက်ခိုက်ရန်နှင့် အချို့နေရာများမှ ထောက်ခံမှုရရန် အခြေအနေပေးနေသည်။ ရိုဟင်ဂျာလူငယ်အချို့သည် AA ကို တိုက်ခိုက်ရန်အတွက် စစ်ကောင်စီတပ်က ဖွဲ့စည်းပေးသည့် ပြည်သူ့စစ်များသို့ ဆန္ဒအလျောက် ဝင်ရောက်သည်ဆိုသည့် အတည်မပြုနိုင်သေးသော သတင်းများလည်း ရှိနေသည်။
ARSA သည် ရိုဟင်ဂျာကျေးရွာအချို့တွင် ထောက်ခံမှုရနေကြောင်း စာရေးသူနှင့် စကားပြောခဲ့သော ရိုဟင်ဂျာ ဆရာများနှင့် ဘာသာရေးဆရာများက စာရေးသူကို အတည်ပြုသည်။
“ARSA က ဘူးသီးတောင်က အစိတ်အပိုင်းတွေကြားမှာ ထောက်ခံမှုရတယ်။ ဒါကြောင့် ဝေးကွာတဲ့ဒေသက လူတွေက AA ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ကြတာ” ဟု ရသေ့တောင်မှ ကျောင်းဆရာ မိုဟာမက် နူအာရ်က The Diplomat သို့ ပြောသည်။ လက်ရှိအချိန်တွင် ARSA အပေါ်ထောက်ခံမှုသည် မောင်တောနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်သာ ရှိနေသည်ဟု ၎င်းကပြောသည်။
AA သည် ဘူးသီးတောင်မြို့နှင့် ပတ်ဝန်းကျင်ဒေသများတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ ထိုအဖွဲ့သည် မြို့တွင်း၊ အခြားမြို့များသို့ ဦးတည်သည့် လမ်းများတလျှောက်နှင့် ကုလားတန်၊ မေယုနှင့် ကုလားပန်ဇန်ချောင်း ကမ်းတလျှောက်တွင် စစ်ဆေးရေးစခန်းများ ထူထောင်ထားသည်။
ရန်လိုသော ရိုဟင်ဂျာဟု ခေါ်သော အမာခံ ARSA ထောက်ခံသူများသည် လွတ်မြောက်ဒေသများတွင် ရှိနေသည်ဟု အလယ်အလတ်အဆင့်ရှိ AA အရာရှိတဦးက ပြောသည်။ အုပ်ချုပ်ရေးတွင် လူမှုအသိုက်အဝန်း အားလုံးပါဝင်စေရန် ULA အစီအစဉ်သည် ဘူးသီးတောင်နှင့် မောင်တောမှ ARSA ထောက်ခံသူများ၏ စိန်ခေါ်မှု ရင်ဆိုင်ရနိုင်သည်ဟု ၎င်းကမြင်သည်။
ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် နှောင့်နှေးမှုဖြစ်စေနိုင်သည့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ် အမြဲတမ်း ရှိနေသည့်အပြင် ULA သည် ဘဏ္ဍာရေးရင်းမြစ် ချို့တဲ့ခြင်းကြောင့်လည်း အတားအဆီးဖြင့် ရင်ဆိုင်နေရသည်။ မတူညီသော လူမှုအသိုက်အဝန်းများအကြား ပြန်လည်သင့်မြတ်ခြင်းသည် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အခြေအနေများနှင့် ဒေသတခုချင်းစီမှ အဓိကလွှမ်းမိုးသည့် ဆက်ဆံရေး အခြေအနေများအရ ကွဲပြားခြားနားမည် ဖြစ်သည်။ ထို့ကြောင့် ထိုလုပ်ငန်းစဉ်သည် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ပိုမိုခက်ခဲနိုင်သည်။
ထို့ကြောင့် ULA ၏ “အားလုံးအကျုံးဝင်သော အုပ်ချုပ်ရေး” အစီအစဉ်သည် မရှင်းမလင်းဖြစ်နေပြီး ရခိုင်ပြည်နယ်မှ လူမှုအသိုက်အဝန်းအားလုံးတွင် နေထိုင်သူများ၏ အနာဂတ်အပေါ် ရိုက်ခတ်မည်မှာ သေချာသည်။
(The Diplomat ပါ Rajeev Bhattacharyya ၏ Rohingya Community Is Divided Over Arakan Army”s Plan for “Inclusive Administration” ကို ဘာသာပြန်သည်။ ရာဂျစ် ဘက်တာချာရီယာသည် အာသံပြည်နယ်မှ ဝါရင့်သတင်းစာဆရာဖြစ်သည်။)
You may also like these stories:
ရိုဟင်ဂျာများကို ဒရုန်းဖြင့် မတိုက်ခိုက်ဟု AA ငြင်းဆို
AA ကို တိုက်ရန် ရိုဟင်ဂျာလက်နက်ကိုင်များ စစ်သားစုဆောင်း
ရိုဟင်ဂျာကိစ္စ ဖြေရှင်းနိုင်ဖို့စွမ်းရည် AA မှာပဲရှိတယ် (ရုပ်/သံ)
မောင်တောမှာ အရပ်သား၂ သောင်းကျော်ကို ကယ်ထုတ်ထားကြောင်း AA ထုတ်ပြန် (ရုပ်/သံ)
AA ကို ပြန်တိုက်ရန် ARSA နှင့် ပူးပေါင်းခဲ့ကြောင်း ဖမ်းမိ ဗိုလ်မှူး ဝန်ခံ
ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ