ကျနော်တို့သည် ငယ်စဉ်ကာလ ကလေးဘဝတွင် ကြုံခဲ့ရသော ဖြစ်ရပ်များ၊ ဖတ်ခဲ့ဖူးသော စာများကို တကူးတက ပြန်ပြီး မစဉ်းစားရဘဲ ဘယ်ချောင်ကြို ချောင်ကြားက ထွက်လာလိုက်ပါလိမ့် ဟု တွေးလို့ မရနိုင်လောက်အောင် ဖျိုးခနဲ ဖျတ်ခနဲ သတိရမိတတ်ပါသည်။
စာဖတ်သူလည်း ထိုသို့သော ဖြစ်ရပ်မျိုးကို ကြုံဖူးလိမ့်မည် ထင်ပါသည်။
ကျနော် မကြာခဏ သတိရမိတတ်သော စာကလေး တပုဒ်ကို ပြောပြချင်နေမိပါသည်။
ယခုအခါ ကျနော်တို့သည် ရုပ်ရှင် ကားများ၊ ဗီဒီယို ကားများကို လှိုင်လှိုင်ကြီး ကြည့်နေရပါပြီ။ ကျနော်တို့ ငယ်ငယ်က ရုပ်ရှင်ကိုပင် ခဏခဏ ကြည့်ရသည် မဟုတ်ပါ။
နယ်မြို့ ဖြစ်လေတော့ နေ့စဉ် ရုပ်ရှင်ကား ရှိသည်လည်း မဟုတ်ပါ။ တခါတလေ ရုပ်ရှင် ပြတ်နေတတ်ပါသေးသည်။
ထိုသို့ ကြည့်ခဲ့ရသော ရုပ်ရှင်ကားများထဲတွင် ထူးထူးခြားခြား သတိရနေမိတတ်သော ရုပ်ရှင်ကား တခု အကြောင်းကို ပြောလိုပါသည်။
ထိုကားမှာ “မြန်မာ အဆွေ အေဝမ်း ဖလင်” မှ ဒါရိုက်တာ “ဦးဘရှင်” ရိုက်ကူးသော “ဂုဏ်မြင့်သူ” ဆိုသောကား ဖြစ်ပါသည်။
ဇာတ်လိုက် မင်းသားက နောင်အခါတွင် “ဖာတလုံး ခေါင်းကျား” စသော အရူးဇာတ်ဆောင် နေရာများတွင် သရုပ်ဆောင် ကောင်းလှသောကြောင့် “အရူး စပယ်ရှယ်လစ်” ဟု ခေါ်တွင်လာသည့် (ဦး) “ခင်မောင်” ဖြစ်ပါသည်။
မင်းသမီးကတော့ “မေမြင့်” ဟု ထင်သည်။ ကောင်းကောင်း မမှတ်မိတော့ပါ။
ထိုရုပ်ရှင်ကားသည် မြန်မာ့ ရုပ်ရှင် သမိုင်းတွင် ပထမဆုံး ထွက်ပေါ်လာသော “စစ်ကား” ဖြစ်ပါသည်။
ဇာတ်လမ်း သဘောကတော့ ဆန်းလှသည် မဆိုနိုင်ပါ။ တောရွာကလေး တခုတွင် ဂုဏ်မြင့်သူ မ်ိန်းကလေး တယောက် နှင့် သာမန် ရွာသား လူငယ်လေး တယောက် ချစ်ကြိုက်ကြသည်။ မိဘတွေက သဘောမတူ။ ထို့ကြောင့် မြို့သား ကြေးရတတ် တယောက်နှင့် ပေးစားမည်ဟု စီစဉ်ကြသည်။
ထို့ကြောင့် အချစ်နာကျသည့် လူငယ်လေးက စစ်ထဲသို့ လိုက်သွားတော့သည်။
စစ်က ပထမ ကမ္ဘာစစ်ကြီး ဖြစ်သည်။ အားလုံး သိကြသည့် အတိုင်း ပထမ ကမ္ဘာစစ်ကြီးတွင် အင်္ဂလိပ်က ဖွဲ့စည်း ပေးထားသည့် မြန်မာပြည်က စစ်တပ် အချို့လည်း အနောက် ဥရောပ စစ်မြေပြင်သို့ သွားရောက် တိုက်ခိုက် ခဲ့ရသည်။
ဇာတ်လိုက် မင်းသား ခင်မောင် တို့ ပါသွားသော “ဆပ်ပါးမိုင်းနား” တပ်ကလေးမှာ “မက်ဆိုပိုတေးမီးယား” စစ်မြေပြင်၌ တိုက်ခိုက်ကြရသည်။
ထိုစစ်မြေပြင်၌ မြန်မာတပ်ကလေးက တိုက်ခိုက်ပုံ၊ ဆင်းရဲ ဒုက္ခ ရောက်ရပုံ၊ တိုက်ပွဲတွင် ဒဏ်ရာရပြီး သတိမေ့ ကျန်ရစ်သော ခင်မောင် က သတိရလာပြီး မိမိတပ်ကို ပြန်လည် အကူအညီ ပေးလိုက်နိုင်သောကြောင့် တိုက်ပွဲ အောင်မြင်ပုံ တို့ကို ဇာတ်ကွက် ဆင်ထားခြင်းပင် ဖြစ်ပါသည်။
ဦးဘရှင် ကိုယ်တိုင်ကလည်း မက်ဆိုပိုတေးမီးယား စစ်မြေပြင်သို့ ပါသွားခဲ့သော ခေတ်ဟောင်း စစ်ပြန်ကြီး တယောက် ဖြစ်သည်ဟု သိရပါသည်။
ယခုအခါတွင် စစ်ကား ရုပ်ရှင်တွေကို ထပ်ထပ်ကြမ်းနေအောင် ကြည့်ဖူးနေကြပြီ ဖြစ်၍ ထိုကားကို ခေတ်ဟောင်း ရုပ်ရှင် ကားတခု အဖြစ် ပြန်လည် တင်ပြမည် ဆိုလျှင် ရုပ်ရှင် အနုပညာရှင်များကို မဆိုထားနှင့် သာမန် ပရိသတ်များကပင် ရယ်ကောင်း ရယ်ကြလိမ့်မည် ထင်သည်။
သို့သော် ဟိုခေတ်ကတော့ အလွန် နာမည်ကြီးခဲ့သည့်ပြင် ထိုကားကို ရိုက်ကူးခဲ့သည့် ဦးဘရှင် ပင်လျှင် ထိုကား တကားနည်းနှင့် နာမည်ကြီး ဒါရိုက်တာ စာရင်းဝင် ဖြစ်သွားခဲ့ပါသည်။
ထိုကားကို ပြန်ပြလျှင် ရယ်ကောင်း ရယ်ကြမည် ထင်သည်ဟု အထက်တွင် ကျနော် ရေးခဲ့သည်။
ယနေ့ ရုပ်ရှင် ဒါရိုက်တာများကို လန့်လောက်အောင် စိန်ခေါ်နေသည့် ရိုက်ကွက် တခုကို တင်ပြလိုသောကြောင့် ဤ ဆောင်းပါးကို ရေးလိုက်ရခြင်း ဖြစ်ပါသည်။
ထိုရိုက်ကွင်းမှာ စစ်မြေပြင်၌ ကျဆုံး ကျန်ရစ်ခဲ့သော လူသေလောင်းများ၏ ဝမ်းဗိုက်မှ အူတွေ အခွေခွေကို လင်းတ ငှက်ကြီးများက ဆွဲကာ ငင်ကာ စားသောက်ခန်း ဖြစ်ပါသည်။
လင်းတ ဆိုသည်မှာ လူသေနှင့် နီးစပ်ကောင်း နီးစပ်မည်။ လူရှင်နှင့် အလွန် ဝေးသော ငှက်မျိုး ဖြစ်သည်။ ကျနော်က ငယ်လွန်းသေးတော့ ထို လင်းတတွေ စားသောက်နေကြပုံကို ထွေထွေထူးထူး မတွေးခဲ့မိပါ။
ထိုနောက် ကာလ အတန်ကြာတွင် “အေဝမ်း ရုပ်စုံ” စာစောင်၌ ထိုလင်းတ ဇာတ်ဆောင်တွေ အကြောင်း ရေးထားသည်ကို ဖတ်လိုက်ရမှ အံ့သြလာခဲ့မိပါသည်။
ဦးဘရှင်က စစ်မြေပြင် သရုပ်သဏ္ဌာန် ပီသအောင် လူသေ အလောင်းတွေကို လင်းတတွေက ဖောက်စားနေခန်းကို ပါအောင် ရိုက်ချင်သည်။
သို့သော် ခက်သည်က လင်းတ ဆိုသည်မှာ အိမ်မွေး တိရစ္ဆာန်မျိုးလည်း မဟုတ်။ လူနှင့် ယဉ်ပါးသော ငှက်မျိုးလည်း မဟုတ်။ သို့သော် မဖြစ် ဖြစ်အောင် ကြိုးစားကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။
သို့နှင့် ရန်ကုန် မြို့စွန်ရပ်ဖျား တောစပ် ခွေးသေကောင်များ စွန့်ပစ်ရာ နေရာတွင် လင်းတတွေကို ကျော့ကွင်းထောင်ပြီး ဖမ်းကြည့်သည်။ မရ။ ကျော့ကွင်းထဲသို့ မဝင်။ ဝင်မိလျှင် ရုန်းထွက်သည်။
ဤသို့ဖြင့် သုံးလေးရက် ဆက်ပြီး ထောင်သော်လည်း မအောင်မြင်နိုင်သောကြောင့် လက်လျှော့လိုက်ရမလို ဖြစ်လာသည်။ နောက်ဆုံးတွင် သွတ်နန်းကြိုးတွေကို ဆွဲပြီးရှုံ့လိုက်လို့ ရသော ပိုက်ကွန် ရက်ပြီး မြေပြင်တွင် ခင်းထား၍ ထောင်သည်။
ထိုအခါတွင်မှ လင်းတ သုံးကောင်ကို မိလေတော့သည်။
မိပြီး အိမ်ကို ယူဆောင်လာတော့ ဇနီးသည်က တယ်ပြီးမကျေနပ်ချင်။ ဒါကိုလည်း အပြစ်ဟု မဆိုသာ၊ လင်းတကို ကျနော်တို့ မြန်မာများက ကျက်သရေ မဲ့သော ငှက်ဟု ယူဆထားသည် မဟုတ်လား။
“တည်မိတဲ့ ဘုရား လင်းတပဲ နားနား” ဟူသော အိမ်ထောင်ရေး စကားပုံကို ကြည့်လိုက်လျှင် သိသာလှပါသည်။
လင်းတတွေကို ခြံကလေး တခု ဆောက်ပြီး လှောင်ထားရသည်။ သူတို့၏ ခန္ဓာကိုယ်နှင့် အမွေးအတောင်တွေက ထွက်လာ လိုက်သည့် အနံ့မှာလည်း မခံမရပ်နိုင်အောင် ဖြစ်သည်။
သူတို့ စားသောက်နေခဲ့သည်ကိုက အပုပ်အစပ် အသေကောင်တွေ ဖြစ်လေတော့ ဘယ်မှာ အနံ့အသက် ကောင်းနိုင်ပါတော့ မည်နည်း။
အမဲအူ၊ ဆိတ်အူ စသည်တို့ကို ကျွေးသည် မစားကြ။ သတိူ့လည်း မကြုံစဖူးမို့ ထိတ်လန့် ကြောက်ရွံ့ နေကြပေလိမ့်မည်။ တရက် နှစ်ရက်ခန့် ကြာတော့မှ စားကြသည်။
အတန်ငယ် ယဉ်ပါးပြီး လူအကိုင်ခံတော့ ရေချိုးပေးသည်။ ရေချိုးပေးသည် ဆိုခြင်းထက် ရေဆေးပေးသည် ဆိုလျှင် ပိုပြီး မှန်ပေလိမ့်မည်။
ကာဘော်လစ် ဆပ်ပြာကို ဖောဖောကြီး သုံးပြီး ၃ ရက်လောက် ရေဆက် ချိုးပေးလိုက်မှ အနံ့အသက် ဆိုးတွေ ပျောက်သွားသည်ဟု ဆိုပါသည်။
သို့သော်လည်း တောစပ် တောင်စပ် ရိုက်ကွင်းသို့ ထုတ်ပြီး ရုပ်ရှင် ရိုက်နိုင်လောက်အောင် စိတ်မချရသေး။ တဖြည်းဖြည်း နှင့် လူ၏ လက်ထဲက အစာကိုပင် လာရောက် စားသောက်သည် ထိအောင် ယဉ်ပါးလာသည်။
ဦးဘရှင် အဖို့ လင်းတ ၃ ကောင်တည်း ဖြစ်နေသောကြောင့် တယ်ပြီး အားမရလှပေ။ အနည်းဆုံး ၅ ကောင်လောက် ပါလိုက်လျှင် ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားပေမည်။
သို့သော်လည်း လာသေကောင်တွေကို လင်းတတွေ စားသောက်နေပုံ ပါလာလျှင်ပင် အတော်ကြီး အောင်မြင်ပေပြီဟု စိတ်ကို ဖြေရတော့သည်။
တကယ်တမ်း ရုပ်ရှင်ရိုက်သော နေ့သို့ ရောက်သောအခါ ဦးဘရှင်၏ ဆန္ဒ တလုံးတဝတည်း ပြည့်သွားပါလေတော့သည်။
ထို လင်းတ သုံးကောင်က သရုပ်ဆောင် လူသေကောင်များ၏ ဝမ်းဗိုက်များပေါ်တွင် ပုံထားသော အမဲအူများကို ဆွဲကာ ငင်ကာ စိတ်ချလက်ချ အန္တရာယ်မရှိ စားသောက်နေကြသည်ကို မြင်နေရသော အခြား လင်းတ ရိုင်းများကလည်း သူတို့ နည်းတူ ဝင်ရောက် စားသောက်ကြလေတော့သည်။
ဤသို့အားဖြင့် “ဂုဏ်မြင့်သူ” ဇာတ်ကားတွင် လင်းတပေါင်း ၇ ကောင်က ပါဝင် သရုပ်ဆောင်သွားခဲ့ပါလေသည်။
ဦးဘရှင်တို့ ရုပ်ရှင်ပညာသည် အုပ်စု အဘယ်မျှ မြူးသွားကြမည်ကို မှန်းဆကြည့်နိုင်ပါသည်။
ဦးဘရှင် လက်သပ် မွေးခဲ့သော (တကယ့်ကို ကာဘော်လစ် ဆပ်ပြာ သုံးပြီး လက်သပ်မွေးခဲ့ရသော) လင်းတ အယဉ် သုံးကောင်ကိုတော့ အိမ်သို့ ပြန်ခေါ်လာခဲ့သည်။
ရိုက်ပြီး ဖလင်တွေကို ကူးဆေးကြည့်ပြီးတော့ စိတ်ချရတော့မှ ထို လင်းတ သုံးကောင်ကို ပြန်လွှတ်လိုက်သည်။ သည်အခါကျတော့ ဦးဘရှင် မပြောနှင့် ဇနီးသည်ကပင် စိတ်မကောင်း ဖြစ်နေမိသေးသည်။ သံယောဇဉ် ဖြစ်သွားခဲ့လေပြီကိုး။
သုံးကောင် အနက် နှစ်ကောင်က အိမ်သို့ ပြန်လာပြီး အိမ်နားက ထန်းပင်ပေါ်တွင် နားနေတတ်သောကြောင့် ဇနီးသည်က အမဲအူတွေ ဝယ်ဝယ်ပြီး ကျွေးနေရသေးသည်။
တပတ်ခန့် အကြာလောက်တွင် ထိုလင်းတ နှစ်ကောင်က ခါတိုင်းလို ထန်းပင်ပေါ်တွင် နားနေရာ အင်းစိန် ဘက်က ကရင် အမျိုးသား တယောက်က အကြောင်းမသိ၍ သေနတ်နှင့် ပစ်လိုက်သောကြောင့် တကောင် သေသွားသည်။
သူ့ခမျာလည်း အယဉ်မွေးခဲ့သည့် လင်းတတွေ ဖြစ်ကြောင်း သိလိုက်ရသော အခါ အလွန် စိတ်မကောင်း ဖြစ်သွား ရှာလေသည်။ ကျန်သော လင်းတ တကောင်လည်း ပေါ်မလာတော့ချေ။
ကျနော့်မှာ ထိုဆောင်းပါးကို ဖတ်ပြီးသောအခါ လင်းတ သုံးကောင် အတွက် သနားသလိုလို လွမ်းသလိုလို ခံစားခဲ့မိ သည်ကို ယခုတိုင် သတိရနေမိသေးသည်။
လင်းတတွေက လူသေကောင်ပေါ်က အူအခွေတွေကို စားနေသည့် ရုပ်ရှင် ဇာတ်ဝင် ဓာတ်ပုံကို ကြည့်နေရင်း –
“မတော်တဆ ဗိုက်သားကိုများ လင်းတ နှုတ်သီးကြီးနှင့် ထိလိုက်မိရင်” ဟု တွေး၍ သေချင်ယောင် ဆောင်နေရသည့် လူအစား အူယားခဲ့မိသည်ကိုလည်း သတိရနေသေးသည်။
ယခုတော့ဖြင့် လင်းတ သုံးကောင်ကို ရအောင်ဖမ်းပြီး ရုပ်ရှင် သရုပ်ဆောင် အဖြစ် အသုံးချနိုင်ခဲ့သည့် ဒါရိုက်တာ ဦးဘရှင်ကို ချီးကျူးမိသည်။
ထိုထက် ပို၍ကား မိမိပညာကို လေးစား တန်ဖိုးထားလျက် မိမိ လုပ်နိုင်သမျှကို အစွမ်းကုန် လုပ်ခဲ့သည့် သူ၏ စိတ်ဓာတ်နှင့် ဇွဲကို ပိုမို လေးစားနေမိပါတော့သည်။ ။
(စာရေးဆရာကြီး အောင်သင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို ဇွန်ပွင့် စာအုပ်တိုက်က ၂၀၀၂ ခုနှစ် စက်တင်ဘာလတွင် ထုတ်ဝေသော “သံလွင်ရွက်သရဖူ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက် အသက် ၈၈ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)