လာရှိုးမြို့သည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လားရှိုးခရိုင်၏ ရုံးစိုက်မြို့ ဖြစ်၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အကြီးဆုံး မြို့ဖြစ်သည်။
ပင်လယ်ပြင်မှ အမြင့်ပေ ၂၈၀၀ အထက်တွင် ရှိသည်။
လားရှိုးမြို့သည် မန္တလေးမှ ခွဲထွက်လာသော မီးရထားလမ်း တကြောင်း၏ အဆုံး ဘူတာဖြစ်သည်။ မန္တလေးမှ ရထားလမ်း အားဖြင့် ၁၇၅ မိုင် ကွာဝေးသည်။ သို့သော် ဘူတာရုံသည် မြို့နှင့် ၂ မိုင်ခန့် ကွာဝေးသော နေရာတွင် တည်ရှိသည်။
နေ့စဉ် မီးရထားများ ရှိသည့် အပြင် မေမန်း သယ်ယူ ပို့ဆောင်ရေးမှ ခရီးသည်တင် မော်တော်ကားကြီး များကလည်း ခရီးသည်များကို နေ့စဉ် သယ်ယူ ပို့ဆောင်ပေးလျက် ရှိသည်။
ထိုမျှသာ မကသေး ရှမ်းပြည်နယ်ရှိ အခြား မြို့များ ဖြစ်သော သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကွမ်းလုံ၊ မိုင်းရယ်၊ နမ္မတူ၊ တန့်ယန်း၊ သီပေါ၊ ကျောက်မဲ စသော မြို့များသို့လည်း နေ့စဉ် အချိန်မှန် ခရီးသည်တင် ကားများ ပြေးဆွဲလျက် ရှိသည်။
တနှစ်ပတ်လုံး အသုံးပြုနိုင်သည့် လေဆိပ်လည်း ရှိသဖြင့် သွားလာမှု ပို၍ လွယ်ကူလေသည်။
ခရိုင်ရုံးစိုက်မြို့ ဖြစ်သည်နှင့် အညီ အစိုးရ ရုံးများ၊ အစိုးရ အထက်တန်း ကျောင်းများ၊ ဆေးရုံ၊ အပန်းဖြေ ဥယျာဉ်၊ ဧည့်ဂေဟာ၊ ဧည့်သည်များ တည်းခိုရာ အိမ်များနှင့် တိုက်တာ အဆောက်အအုံ အိမ်ကြီး အိမ်ကောင်းများ ရှိသည်။
လားရှိုးမြို့သည် သို့အားဖြင့် စည်ကားသော ရှမ်းမြို့ တမြို့ ဖြစ်သည်။ ရာသီ ဥတုလည်း မျှတ ကောင်းမွန်သည်။ သစ်တောများ ဝိုင်းလျက် ရှိသောကြောင့် စိုပြည် စိမ်းလန်း၍ ရှုခင်းသာသည်။
လားရှိုးမြို့၌ ရှမ်း၊ မြန်မာ၊ ပလောင်၊ ကချင်၊ လီရှော၊ ရှမ်းတရုတ်၊ ကုလား စသည့် လူမျိုးပေါင်းစုံ နေထိုင်သည်။ လူဦးရေမှာ ၃၀၁၀၉ (၁၉၆၇ ခုနှစ်) ယောက် ရှိသည်။
လားရှိုးမြို့နှင့် ၂ မိုင်ခန့် အကွာတွင် မန်ဆူ စေတီတော် တဆူ တည်ရှိသည်။ ရှေးမင်းများ လက်ထက်က နတ်သိကြားများ ကိုယ်တိုင် တည်သည်ဟု အဆိုရှိသည်။
သုံးမိုင်ခန့် အကွာတွင် ရေပူတွင်းများ ရှိ၍ အချိန်မရွေး သွားနိုင်သည်။၂၇ မိုင်ခန့် ဝေးကွာသော အရပ်တွင်လည်း ထင်ရှားသော သိန္နီ ရေပူစခန်း ရှိသည်။
ဗြိတိသျှ လက်ထက်ကမူ လားရှိုးမြို့သည် စစ်တပ် စခန်းမြို့ ဖြစ်သည်။
ယခင်အခါ စော်ဘွားများ ကြီးစိုးစဉ်က လားရှိုးမြို့သည် သိန္နီနယ်တွင် ပါဝင်၍ ရှမ်းပြည် မြောက်ပိုင်း၏ မြို့တော် ဖြစ်သော်လည်း ၁၉၄၀ ပြည့်နှစ်အထိ လူဦးရေ ၃၅၀၀ ခန့်သာ ရှိခဲ့သည်။
ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း အင်္ဂလိပ်များ မဆုတ်ခွာမီက တရုတ်-မြန်မာ လမ်းမကြီးကို ဖွင့်လှစ်လိုက်သော အခါ လမ်းမကြီး ပေါ်တွင် တည်ရှိသော လားရှိုးမြို့သည် နေ့ချင်း ညချင်း ဆိုသလိုပင် စည်ကား လာပေတော့သည်။
စစ်အတွင်းက ဗုံးဒဏ် ပြင်းထန်စွာ ခံခဲ့ရ၍ တလင်းပြင်တမျှ ကျန်ခဲ့သော်လည်း စစ်ပြီးကာလတွင် ပြန်လည်၍ မြို့ကို တည်ထောင် နိုင်ခဲ့သောကြောင့် ယခုအခါ စည်ကားနေပေသည်။ ။
(ဤ ဆောင်းပါးစာစုကို စာပေဗိမာန်က ၁၉၇၂ ခုနှစ်တွင် ထုတ်ဝေသော မြန်မာ့ စွယ်စုံကျမ်း အတွဲ – ၁၂၊ ပထမ အကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)