မြန်မာနိုင်ငံသည် အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို အရှိန်မြှင့်တင်လာသောအခါ လူလတ်တန်းစား မြန်မာလူငယ်များ ထိုင်းနိုင်ငံတွင် ပညာသင်ကြားရန် အလုအယက် သွားရောက်နေကြသည်။ ထိုလမ်းကြောင်းသည် မြန်မာ့နိုင်ငံရေးအခြေအနေက လူငယ်များ၏ ဘဝများအပေါ် ရိုက်ခတ်မှုကို ပြသနေပြီး ထိုင်းနိုင်ငံသည် မြန်မာလူငယ်များ အခြားနိုင်ငံများတွင် နောက်ထပ် အခွင့်အလမ်း မရှာမီ အရေးပါသော လှေခါးထစ်များ ဖြစ်လာသည်။ ယခုဆောင်းပါးတွင် ထိုကျောင်းသားများသည် ၎င်းတို့၏ ခရီးများ၊ ရည်မှန်းချက်များနှင့် စစ်မှုထမ်းခြင်းမှ လွတ်မြောက်ရေးအတွက် ပေးဆပ်ခဲ့ရသည်များကို မျှဝေထားသည်။
ရှမ်းပြည်နယ်မှ ထိုင်းရောက် ပထမနှစ်ကျောင်းသူ
ဘန်ကောက်မှ နိုင်ငံတကာ သတင်းနှင့် နည်းပညာကောလိပ်တခုမှ အသက် ၂၀ အရွယ် ပထမနှစ်ကျောင်းသူ လောင် (အမည်လွှဲ) သည် ပရာချာထိုင်း သတင်းဌာနနှင့် ပြောဆိုဆွေးနွေးသည်။ ‘လောင်’ ဆိုသောအမည်သည် ရှမ်းဘာသာစကားတွင် ‘ကြယ်’ ဟုအမည်ရပြီး ရှမ်းလူမျိုးစု အမွေအနှစ်ကို ထင်ဟပ်နေသည်။ မြင့်မားလာသော နိုင်ငံရေး မတည်ငြိမ်မှုများအကြား စစ်တပ်က အရပ်သားများကို အတင်းအကျပ် စစ်သားစုဆောင်းမည်ဟု ကြေညာပြီးနောက် လောင်သည် မြန်မာမှထွက်လာပြီး ထိုင်းနိုင်ငံသို့ မကြာသေးမီက ရောက်လာသည်။
ထိုဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အကြား အမျိုးသမီးများသည် ၂ နှစ် စစ်မှုထမ်းရန် လိုအပ်သည်။
“ကျမ ထိုင်းနိုင်ငံကို ပြောင်းလာတာ အံ့သြစရာကောင်းလောက်အောင် လွယ်ကူတယ်။ ဒီတက္ကသိုလ်က ကျမရဲ့ ကျောင်းသားဗီဇာအတွက် စာရွက်စာတမ်း ကိစ္စအားလုံးအတွက် ကူညီတော့ မခက်ခဲဘူး။ ဒါပေမယ့် တခြားတက္ကသိုလ်တွေ ဒါမှမဟုတ် တခြားနိုင်ငံတွေမှာ တက်နေတဲ့ ကျမ သူငယ်ချင်းတွေအတွက် ဒီကိစ္စက အရမ်းကို ရှုပ်ထွေးခက်ခဲတယ်” ဟု လောင်က ရှင်းပြသည်။
သူနှင့် သက်တူရွယ်တူများအကြားတွင် လောင်သည် အနည်းငယ်သော အမျိုးသမီးများအနက် တဦးဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်း သူ၏ဇာတိ သိန္နီမှ တဦးတည်းသောသူ ဖြစ်သည်။ သူ၏အတန်းဖော် ၉၀ ရာခိုင်နှုန်းခန့်သည် မြန်မာမှဖြစ်ပြီး အများစုမှာ ရန်ကုန်မှ အမျိုးသားများ ဖြစ်သည်။ အချို့သည် ဘွဲ့ရပြီးဖြစ်သော်လည်း အခြားနိုင်ငံသို့ ရွှေ့ပြောင်းရန် လမ်းကြောင်းအဖြစ် ကျောင်းသားအဆင့်ကို ဆက်လက် ရွေးချယ်ထားသည်။
ကနဦးတွင် လောင်သည် ဘန်ကောက်မှ တက္ကသိုလ် သုံးခုတွင် လျှောက်ထားပြီး လေးနှစ်လုံးအတွက် သင်ကြားခ ၅၀ ရာခိုင်နှုန်းကို ပညာသင်ဆုအဖြစ်ပေးသော ယခုတက္ကသိုလ်ကို နောက်ဆုံးတွင် ရွေးချယ်လိုက်သည်။ သူ၏ အတန်းဖော်အများစုသည် ပညာသင်ကြားစရိတ် အပြည့်အဝထောက်ပံ့နိုင်သည့် မိသားစုများမှ လာသူများ ဖြစ်သည်။
ပညာသင်ဆုရသော်လည်း လောင်သည် ငွေကြေးအခက်အခဲကို ခံနေရဆဲဖြစ်ပြီး ကျန်ပညာသင်ကြားစရိတ်နှင့် လစဉ်ကုန်ကျစရိတ်များကို ကျခံနေရသည်။ လောင်၏ ကျောင်းပြည်ဝင်ခွင့်ဗီဇာတွင် အချိန်ပိုင်း အလုပ်လုပ်ခြင်းကို မူအရ တားမြစ်ထားသော်လည်း အင်္ဂလိပ်၊ ရှမ်းနှင့် ဗမာစကား ကောင်းစွာ ပြောနိုင်သောကြောင့် ဘာသာပြန်လုပ်ငန်းနှင့် စာရွက်စာတမ်း ဘာသာပြန်သူအဖြစ် အချိန်ပိုင်းလုပ်ကိုင်သည်။
ပညာသင်ဆုရသော်လည်း လောင်သည် ငွေကြေးအခက်အခဲကို ခံနေရဆဲဖြစ်ပြီး ကျန်ပညာသင်ကြားစရိတ်နှင့် လစဉ်ကုန်ကျစရိတ်များကို ကျခံနေရသည်။ လောင်၏ ကျောင်းပြည်ဝင်ခွင့်ဗီဇာတွင် အချိန်ပိုင်း အလုပ်လုပ်ခြင်းကို မူအရ တားမြစ်ထားသော်လည်း အင်္ဂလိပ်၊ ရှမ်းနှင့် ဗမာစကား ကောင်းစွာ ပြောနိုင်သောကြောင့် ဘာသာပြန်လုပ်ငန်းနှင့် စာရွက်စာတမ်း ဘာသာပြန်သူအဖြစ် အချိန်ပိုင်းလုပ်ကိုင်သည်။
မြန်မာတွင် ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်မီက လောင်သည် သာမန် ဆယ်ကျော်သက်ဘဝကို ဖြတ်သန်းခဲ့သည်။ စစ်ဒဏ်ခံနေရသည့် သူ၏ ဇာတိဒေသ ရှမ်းပြည်နယ်တွင် တွေ့ခဲ့ရသည့် ဆုံးရှုံးမှုများကြောင့် ဖြစ်ပေါ်လာသည့်ဆန္ဒနှင့် ပြည်သူများကို ကူညီရန် စိတ်အားထက်သန်မှုကြောင့် ဆရာဝန်ဖြစ်ရန် အိပ်မက်မက်ခဲ့သည်။
ဆေးဝန်ထမ်းတဦး၏ တည်ငြိမ်သော လစာငွေသည်လည်း သူ့မိသားစုစီးပွားရေး အခြေအနေကို မြှင့်တင်ပေးနိုင်ရန် အာမခံချက်ရှိသည်။ အာဏာမသိမ်းလျှင် လောင်သည် မြန်မာမှ ဆေးတက္ကသိုလ်တခုခုတွင် ဆေးပညာ သင်ယူနေနိုင်ဖွယ်ရှိသည်ဟု ဆိုနိုင်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် အစိုးရတက္ကသိုလ်တက်ရန် လောင်၏ အစီအစဉ်ကို တစစီ ပျက်စီးစေသည်။ သူသည် ဦးတည်ရာမဲ့ လေလွင့်နေခဲ့ပြီး နောက်ဆုံးတွင် မူလအိပ်မက်ကို စွန့်လွှတ်ကာ အမေရိကန်အခြေစိုက် အထက်တန်းပညာရေးနှင့် အဆင့်တူသည့် GED (General Educational Development) စာမေးပွဲအတွက် ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ GED အောင်ပြီးသောအခါ ပြည်ပမှ တက္ကသိုလ်များမှ ဘွဲ့သင်တန်းအစီအစဉ်များသို့ လျှောက်ထားနိုင်မည်ဟု လောင်က မျှော်လင့်သည်။
“အနာဂတ်မှာ ရှမ်းဘာသာကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့ နည်းပညာကို ကျမ အသုံးပြုချင်တယ်။ ဒီဘာသာစကားဟာ ကျမတို့ လူမှုအသိုက်အဝန်းအတွက် အရေးပါတဲ့ အမွေအနှစ်တခု ဖြစ်တယ်” ဟု သူကပြောသည်။
လောင်သည် ရှမ်းတိုင်းရင်းသားများ၏ ပညာရေးအခွင့်အရေးကို ထောက်ခံသည့် လူမှုအခြေပြုအဖွဲ့အစည်းတခု အထောက်အပံ့ဖြင့် GED အတွက် ပြင်ဆင်သည်။ သူသည် ထိုင်းနိုင်ငံသို့ မရွှေ့ပြောင်းမီ ထိုအဖွဲ့တွင် စေတနာ့ဝန်ထမ်း ဆရာမအဖြစ် ၂ နှစ်ခန့် လုပ်ကိုင်ခဲ့သည်။ လူမှုအသိုက်အဝန်းစိတ်ဓာတ်သည် သူ့တွင် ဆက်လက်ခိုင်မာနေပြီး အဝေးရောက်နေသည့်တိုင် ထိုသို့ ခိုင်မာနေခြင်းဖြစ်သည်။
သူသည် ပညာသင်ကြားပြီးသောအခါ ရည်မှန်းချက်များ ပြည့်ဝရေးနှင့် သူ၏ ဇာတိကို ဂုဏ်ဆောင်ပြီး အလုပ်ရှာရန် တတိယနိုင်ငံသို့ သွားရောက်ရန်လည်း ဆုံးဖြတ်ထားသည်။
အန္တရာယ်ကင်းပြီး ပညာရေးကို အပြည့်အဝ အာရုံစိုက်နိုင်
“ထိုင်းနိုင်ငံမှာ ပညာသင်ကြားရတာ မြန်မာထက် လက်တွေ့လုပ်ငန်း ပိုများတာကို သတိထားမိတယ်။ မြန်မာမှာ အတန်းတွေက အများအားဖြင့် သဘောတရားတန်းတွေပဲ။ ဒီမှာ နိုင်ငံတကာကျောင်းသားတွေကိုလည်း အခိုင်အမာ ထောက်ခံတာကြောင့် ကျနော် အလျင်အမြန် အသားကျသွားတယ်” ဟု ချင်းရိုင်တက္ကသိုလ်၊ အသုံးချဓာတုဗေဒ ဒုတိယနှစ်ကျောင်းသား LGBT+ လူမှုအသိုက်အဝန်းဝင် အဖြစ်ခံယူထားသူ သူရက ပြောသည်။ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းခြင်းသည် သူ့ကို ပိုမိုလုံခြုံစေပြီး ပညာသင်ယူရေးကို အပြည့်အဝ အာရုံစိုက်နိုင်ကြောင်း၊ မြန်မာမှ ပတ်ဝန်းကျင်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ကြောင်း ၎င်းကပြောသည်။
လောင်ကဲ့သို့ပင် သူရသည်လည်း သူ့ပညာသင်စရိတ်အတွက် ပညာသင်ဆုရသည်။ သို့သော် ပညာသင်ဆု စည်းကမ်းချက်များအရ သူသည် ထိုတက္ကသိုလ်မှ ကော်ဖီဆိုင်တခုတွင် အလုပ်သင်အဖြစ် ပြီးစီးအောင် လုပ်ကိုင်ရန် လိုအပ်ပြီး တလလျှင် ဘတ် ၅၀၀ မှ ၈၀၀ ခန့်အထိ ပညာသင်ထောက်ပံ့ကြေးရသည်။ အခြား အသုံးစရိတ်များအတွက် သူရသည် မိသားစုအထောက်အပံ့ကို မှီခိုနေရဆဲဖြစ်သည်။
မြန်မာမှ ကျောင်းသားများအတွက် အကြီးမားဆုံးအခက်အခဲမှာ ခက်ခဲသော စာရွက်စာတမ်းကိစ္စများနှင့် ဗျူရိုကရေစီ ပြဿနာများကြောင့် နှောင့်နှေးတတ်သည့် ပြည်ဝင်ခွင့် လျှောက်ထားသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း သူရက ပြောပြသည်။ မည်သို့ဆိုစေ မြန်မာမှ သူ့သူငယ်ချင်းများသည် ထိုအခက်အခဲများကို နားလည်ပြီး တဦးနှင့် တဦး ထောက်ကူရန် အသင့်ရှိကြောင်း ပြောပြသည်။
အာဏာသိမ်းပြီး ပြတ်တောက်သွားသည့် ပညာရေးလမ်းကြောင်း ပြန်လည်စတင်ခြင်း
“ပညာသင်ဆု ကြေညာချက်ကို နောက်ဆုံးရက် မတိုင်မီ တလလောက်မှ သိရလို့ လျှောက်ထားဖို့ စာရွက်စာတမ်းတွေကို အလျင်အမြန် လုပ်ရတယ်။ ကျနော်က တက္ကသိုလ်တခုပဲ လျှောက်ထားပြီး အဲဒီတက္ကသိုလ်ကပဲ လက်ခံလိုက်တာ။ ကနဦးတုန်းက အမေရိကန် ပြည်ထောင်စုကို သွားဖို့ စိတ်ဝင်စားပေမယ့် ပြည်ဝင်ခွင့်ဗီဇာ လုပ်ငန်းစဉ်က မယုံကြည်နိုင်လောက်အောင် ခက်ခဲပြီး အိမ်နဲ့အရမ်းဝေးတယ်လို့ ခံစားရတယ်။ တဖက်မှာလည်း အိမ်ကိုသတိရရင် မိဘတွေကို အလွယ်တကူတွေ့နိုင်ဖို့ ထိုင်းနိုင်ငံက အဆင်ပြေတယ်” ဟုလည်း သူရက ပြောသည်။
ပထုံဌာနီရှိ ပုဂ္ဂလိကတက္ကသိုလ်တခု၏ နိုင်ငံတကာကောလိပ်မှ နိုင်ငံတကာစီးပွားရေး နောက်ဆုံးနှစ်ကျောင်းသူ မေက သူ၏အဆင့်မြင့် ပညာရေးအတွက် လျှောက်ထားရသည့် ခရီးကို ပြန်လည် ပြောပြသည်။ သူသည် ခြောက်လအတွင်း ဘွဲ့ရတော့မည်ဖြစ်ပြီး လက်ရှိအချိန်တွင် စီးပွားရေးလုပ်ငန်းနှင့် အွန်လိုင်းဈေးကွက်ရှာဖွေရေး အခွင့်အလမ်းများကို စူးစမ်းလေ့လာနေသည်။
သူ၏အတန်းဖော်များအနက် ပညာသင်ဆုရသူ အနည်းငယ်မှ တဦးအဖြစ် မေသည် ဘွဲ့ရသည်အထိ ပညာသင်ကြားစရိတ် ၅၀ ရာခိုင်နှုန်း ရရှိသည်။ သူ့မိသားစုက သူ၏ နေထိုင်စရိတ်အပါအဝင် ကျန်ကုန်ကျစရိတ်များကို ကျခံသည်။ ထို့ကြောင့် သူသည် ပညာရေးနှင့် သင်ရိုးပြင်ပ လှုပ်ရှားမှုများအတွက် အချိန်အားလုံးကို မြှုပ်နှံလုပ်ကိုင်နိုင်သည်။
သူ၏လှုပ်ရှားမှုများကို နှစ်ပိုင်း ခွဲနိုင်သည်။ ပထမပိုင်းမှာ ပညာသင်ဆု စည်းကမ်းချက်အရ တက္ကသိုလ်က ကျင်းပသည့် အခမ်းအနားများတွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်ခြင်း ဖြစ်သည်။ ဒုတိယပိုင်းမှာ စီးပွားရေးပြိုင်ပွဲများနှင့် လူငယ်စခန်းများတွင် ပါဝင်ခြင်းဖြစ်သည်။ ထိုလုပ်ငန်းများသည် အနာဂတ်တွင် ကောင်းမွန်သော အလုပ်ရရေးအတွက် အထောက်အကူပြုမည်ဟူသော မျှော်လင့်ချက်ဖြင့် ထိုသို့ လုပ်ကိုင်ဆောင်ရွက်နေခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံအခြေအနေက ပိုပြီး ပျက်စီးယိုယွင်းနေတယ်။ ကျမတို့ ပြန်သွားရင် ပြန်ထွက်လို့ရဖို့ မသေချာတော့ဘူး” ဟု ၎င်းက ပြောသည်။
မေ၏ တက္ကသိုလ်ပညာရေးသည် ထိုင်းနိုင်ငံတွင် စတင်ခဲ့ခြင်း မဟုတ်ပေ။ သူသည် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) တွင် ထိုင်းဘာသာစကားအထူးပြု တတိယနှစ်ကျောင်းသူ ဖြစ်သည်။ သို့သော် ကိုဗစ်နိုင်တင်း ကပ်ရောရဂါကြောင့် သင်တန်းများ ဆိုင်းငံ့လိုက်ရပြီးနောက် အာဏာသိမ်းမှု ဖြစ်ပွားသည်။
မေ၏ တက္ကသိုလ်ပညာရေးသည် ထိုင်းနိုင်ငံတွင် စတင်ခဲ့ခြင်း မဟုတ်ပေ။ သူသည် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) တွင် ထိုင်းဘာသာစကားအထူးပြု တတိယနှစ်ကျောင်းသူ ဖြစ်သည်။ သို့သော် ကိုဗစ်နိုင်တင်း ကပ်ရောရဂါကြောင့် သင်တန်းများ ဆိုင်းငံ့လိုက်ရပြီးနောက် အာဏာသိမ်းမှု ဖြစ်ပွားသည်။
လူငယ်အများအပြားကဲ့သို့ပင် သူသည် လမ်းမပေါ်ဆန္ဒပြပွဲများနှင့် အွန်လိုင်းလှုပ်ရှားမှုများတွင် လပေါင်းများစွာ ပါဝင်ခဲ့သည်။ နောက်ဆုံးတွင် တက္ကသိုလ် ပြန်လည်ဖွင့်လှစ်သောအခါ ပါမောက္ခ အများအပြားသည် အတိုက်အခံလှုပ်ရှားမှုတွင် ပါဝင်နေသောကြောင့် မေ ကျောင်းပြန်မတက်တော့ပေ။ ဆရာ၊ ဆရာမ မလုံလောက်ခြင်း၊ သူငယ်ချင်းများနှင့် စိတ်တူသဘောတူမှုအရ မေသည် ပညာရေးစနစ်ပြင်ပသို့ ရောက်လာပြီး ပြည်ပတွင် အခွင့်အလမ်းရှာရန် ကြိုးစားသည်။
ရှမ်းနှင့် မြန်မာစပ်ဖြစ်သူ မေသည် ရန်ကုန်မှဖြစ်ပြီး သူ၏ဖခင်သည် ပုဂ္ဂလိက ကုမ္ပဏီတခုတွင် အင်ဂျင်နီယာဖြစ်ကာ မိခင်သည် အိမ်ရှင်မ ဖြစ်သည်။ ထိုင်းနိုင်ငံတွင် အလုပ်ရှာမရပါက တတိယနိုင်ငံတခုသို့သွားရန် စီစဉ်နေကြောင်း ပြောပြသည်။
ပြန်လမ်းမရှိသလို အလုပ်ရှာရန် မလွယ်
နိုင်ငံရေးလှုပ်ရှားမှု နောက်ခံရှိသော ကျောင်းသားများအတွက် မြန်မာသို့ပြန်ခြင်းသည် အန္တရာယ် ပိုမိုများပြားလာသည်။ ၎င်းတို့အနက် အများအပြားသည် ထိုင်းနိုင်ငံမြောက်ပိုင်းမှ တက္ကသိုလ်များတွင် လူမှုသိပ္ပံအစီအစဉ်များကို အာရုံစိုက်ကြသည်။
“၂၀၂၃ ခုနှစ်မှာ ဒီကိုရောက်လာတာ။ မြန်မာစစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းတဲ့ ဥပဒေကို အကောင်အထည် မဖော်သေးလို့ ဘွဲ့ရပြီး ပြန်မယ်လို့ ပထမတုန်းက စဉ်းစားတယ်။ ဒါပေမယ့် အဲဒီဥပဒေကို အခုနှစ်မှာ ကျင့်သုံးလိုက်တော့ ပြန်လို့မရတော့ဘူးဆိုတာ သိလာရတယ်” ဟု အသက် ၂၀ ကျော် နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ တက်ရောက်နေသူ မိုးက ပြောသည်။
မိုးသည် လုံလောက်သော ပညာအရည်အချင်း ရရှိပြီးဖြစ်သော်လည်း တက္ကသိုလ်က ခွင့်ပြုသည့်ကာလအထိ လေ့လာမှုတိုးချဲ့ရန် ရွေးချယ်ထားသည်။ ထိုသို့သောအမြင်သည် မြန်မာကျောင်းသားများအကြား တွေ့ရများသော အမြင်ဖြစ်ပြီး ၎င်းတို့သည် ကျောင်းသားအဆင့်အတန်းကို ဆက်လက် ထိန်းသိမ်းထားကာ ထိုင်းတွင် ဆက်လက်နေထိုင်ပြီး လုပ်ငန်းအတွေ့အကြုံယူရန် ရည်မှန်းကြသည်။ လက်ရှိအချိန်တွင် မိုးသည် အလုပ်မရသေးဘဲ သူ့မိသားစုက ပေးပို့သည့် တလ ဘတ်ငွေ ၁ သောင်းခန့်ကို မှီခိုနေရသည်။
တက္ကသိုလ်ကျောင်းတက်နေစဉ်အတွင်း မိုးသည် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒဂုံတက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ် (IR) ဘွဲ့ ရပြီးနောက် နိုင်ငံတကာအဖွဲ့အစည်းတခုနှင့်အတူ ကျေးလက်ဖွံ့ဖြိုးရေးအတွက် သုံးနှစ် လုပ်ကိုင်ခဲ့သည်။ ထိုအသက်မွေးဝမ်းကြောင်း နောက်ခံသည် သူ့ကို ထိုင်းတွင် ပညာသင်ဆု အပြည့်အဝ ရစေသည်။ ထိုပညာသင်ဆု မရပါက မြန်မာမှ ထွက်ခွာရန် ဖြစ်နိုင်မည် မဟုတ်ပေ။
“အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခြေအနေက ပြောပြလို့ မရအောင် ဆိုးရွားလာတယ်။ မျှော်လင့်ချက် မရှိဘဲနေရတာ ရှင်လျက်နဲ့သေနေသလို ခံစားရတယ်။ ဒီလိုနိုင်ငံတနိုင်ငံမှာ ဘာကြောင့် အချိန်ဖြုန်းမလဲလို့ လူငယ်တွေ မေးခွန်းထုတ်လာကြတယ်။ နိုင်ငံခြားကိုသွားပြီး ဘဝသစ်ပြန်စရင် ဘဝက ဘယ်လိုရှိမလဲလို့ ကျနော်တို့ အများစု စဉ်းစားကြတယ်” ဟု ၎င်းက ပြောသည်။
ပညာရေးအဆင့်အတန်းနှင့် လုပ်ငန်းအတွေ့အကြုံရှိသော်လည်း ထိုင်းနိုင်ငံတွင် သူ၏ပညာရပ်နယ်ပယ်နှင့် ပတ်သက်၍ အလုပ်ရှာရန် စိန်ခေါ်မှု များသည်။ ဘာသာစကား အတားအဆီးသည် ကြီးမားသော အဟန့်အတားဖြစ်ကြောင်း သူတွေ့ရသည်။
အင်္ဂလိပ်ဘာသာဖြင့် လုပ်ငန်းဆောင်ရွက်နေသည့် နိုင်ငံတကာအဖွဲ့အစည်းများသည် အလုပ်လျှောက်ထားသူများ အနေဖြင့် ထိုင်းဘာသာစကား ကျွမ်းကျင်ရန် လိုအပ်သည်။ ထို့ကြောင့် သူသည် အခွင့်အလမ်းများစွာ ဆုံးရှုံးရသည်။ ထို့ပြင် သူသည် ရှင်သန်ရပ်တည်နိုင်ရန် ကြိုးစားနေသည့် ဘဝတူ မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား အလုပ်လျှောက်ထားသူများ၏ ပြင်းထန်သော ယှဉ်ပြိုင်မှုနှင့် ရင်ဆိုင်ရသည်။
ရွှေ့ပြောင်းအခြေချ မဟုတ်သော ပညာရေး ပြည်ဝင်ခွင့်ဗီဇာ ကိုင်ထားသည့် နိုင်ငံတကာ ကျောင်းသားများကို ပြည်ဝင်ခွင့် သက်တမ်းတိုးခြင်း၊ ဘွဲ့သင်တန်းနှင့် အဆင့်မြင့်ပညာရေး အစီအစဉ်အတွက် ထိုင်းတွင် တနှစ် ဆက်လက် နေထိုင်ခွင့်ပေးကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင်လတွင် ကြေညာသည်။ ထိုသို့ သက်တမ်းတိုးခွင့်ပေးခြင်းသည် ကျောင်းသားများ ထိုင်းတွင် အလုပ်လုပ်ခွင့်၊ ခရီးသွားလာခွင့်နှင့် အခြားလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးသည်။
ရွှေ့ပြောင်းအခြေချမှု လမ်းကြောင်းများ
ဗီဇာလျှောက်ထားမှု မြင့်မားနေစဉ် ပြည်ဝင်ခွင့် ဗီဇာစိစစ်သည့်လုပ်ငန်း စိန်ခေါ်မှုများကို ရန်ကုန်မှ တော်ဝင်ထိုင်းသံရုံး ကောင်စစ်ဝန်ဌာန ပထမ အတွင်းဝန် ပင်းမ် ချိုင်ယာဆန်က ပရာချာထိုင်း သတင်းဌာနသို့ ပြောပြသည်။
မြန်မာတွင် အတင်းအကျပ် စစ်သားစုဆောင်းမှု စတင်ကျင့်သုံးသည့် ဖေဖော်ဝါရီလမှ စတင်ပြီး လူငယ်များသည် ထိုင်း ပြည်ဝင်ခွင့်ကို ယခင် မကြုံဖူးသည့်နှုန်းဖြင့် လျှောက်ထားလာကြောင်း၊ မျှော်မှန်းထားသည်ထက် အလွန်များပြားကြောင်း ပြောသည်။ ယခုအခါ သံရုံးသည် တနေ့လျှင် ပြည်ဝင်ခွင့်လျှောက်လွှာ ၈၀၀ ခန့်အထိ စွမ်းအားကုန် ကိုင်တွယ်နေရကြောင်း၊ ယခင်က တနေ့လျှင် ၂၀၀ ခန့်သာ ကိုင်တွယ်ရကြောင်းနှင့် ပညာသင်ကာလအစတွင် အရေအတွက် အများဆုံးဖြစ်ကြောင်း ပထမ အတွင်းဝန် ပင်းမ် ချိုင်ယာဆန်က ပြောသည်။
ထိုကျောင်းသားအုပ်စုသည် လူလတ်တန်းစား အထက်လွှာမှဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများမှဖြစ်ကြောင်း၊ ထိုင်းတက္ကသိုလ်များမှ ပညာသင်ဆုရသူများသည် ယေဘုယျအားဖြင့် ငွေကြေးတောင့်တင်းသည့် နောက်ခံမှဖြစ်ကြောင်း ပထမ အတွင်းဝန် ပင်းမ်က ပြောသည်။
ထိုကျောင်းသားအများစုသည် ထိုင်းနိုင်ငံမှ အစိုးရတက္ကသိုလ်များထက် ဝင်ခွင့်ယှဉ်ပြိုင်မှုနည်းသည့် ပုဂ္ဂလိက တက္ကသိုလ်များကို ရွေးချယ်ကြသည်။ အသုံးစရိတ် အကန့်အသတ်ရှိသည့် အခြားကျောင်းသားများသည် နေရေးထိုင်ရေး ပိုမိုလွယ်ကူသောကြောင့်၊ အနီးတွင် ဆွေမျိုးများရှိသောကြောင့် နယ်စပ်အနီး ပုဂ္ဂလိက တက္ကသိုလ်များ သို့မဟုတ် ထိုင်းဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားကဲ့သို့သော ကာလတိုသင်တန်းများကို ရွေးချယ်နိုင်သည်။ ချမ်းသာကြွယ်ဝသော မိသားစုများသည် ၎င်းတို့ကလေးများကို အနောက်နိုင်ငံများအထိ စေလွှတ်နိုင်ကြသည်။
ထိုင်းတွင် ပညာသင်ယူရန် စိတ်ဝင်စားမှု ကြီးထွားလာသည့် လက္ခဏာတခုမှာ လွန်ခဲ့သော ဧပြီလက ကျင်းပသည့် ထိုင်းပညာရေးပွဲတော် (မြန်မာ) ကို တုံ့ပြန်မှုဖြစ်သည်။ ထိုပြပွဲတွင် မှတ်ပုံတင်သူ ၃,၆၀၀ ရှိသည်။ ထိုပြပွဲတွင် ပညာရေးအင်စတီကျူးရှင်း ဒါဇင်ပေါင်းများစွာမှ ပြခန်းများပါဝင်ပြီး သင်တန်းအစီအစဉ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ လျှောက်ထားသည့် လုပ်ငန်းစဉ်များနှင့် ပညာသင်ဆု ရွေးချယ်စရာများကို ရှင်းလင်းပြသကြသည်။ ထိုပြပွဲသည် ထိုင်းနိုင်ငံ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာနနှင့် ထိုင်းတက္ကသိုလ်များမှ မြန်မာကျောင်းသားဟောင်းများ အသင်း (AMAUT) တို့ ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ် ဖြစ်သည်။
၈ ကြိမ်မြောက် ထိုင်းပညာရေးပြပွဲ (မြန်မာ) ကို ယခု နိုဝင်ဘာလတွင် စီစဉ်ထားသည်။ ယခင်ပြပွဲသို့ အကြီးအကျယ် စိတ်ဝင်စားမှုကြောင့် ထိုပြပွဲကို နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး တက်ရောက်မည့်သူ ၅ ထောင်မှ ၇ ထောင်အထိ ရှိမည်ဟု မျှော်လင့်ရသည်။
၈ ကြိမ်မြောက် ထိုင်းပညာရေးပြပွဲ (မြန်မာ) ကို ယခု နိုဝင်ဘာလတွင် စီစဉ်ထားသည်။ ယခင်ပြပွဲသို့ အကြီးအကျယ် စိတ်ဝင်စားမှုကြောင့် ထိုပြပွဲကို နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး တက်ရောက်မည့်သူ ၅ ထောင်မှ ၇ ထောင်အထိ ရှိမည်ဟု မျှော်လင့်ရသည်။
ကျောင်းသားများ ရွှေ့ပြောင်းမှုတိုးလာသည့် လမ်းကြောင်းရှိသော်လည်း မြန်မာ့ လူလတ်တန်းစား အထက်လွှာသည် အများအားဖြင့် နည်းပြီး လက်ရှိ စီးပွားရေးနှင့် လူမှုမညီမျှမှု စိန်ခေါ်မှုများကြောင့် အနာဂတ် အရေအတွက်သည် တည်ငြိမ်နေမည်ဟု ထိုင်း ပထမ အတွင်းဝန် ပင်းမ်က ပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းရန် စစ်ကောင်စီက လူငယ်များကို ပြန်လည်ခေါ်ယူနေသလား
ကာလတိုပညာရေး ပြည်ဝင်ခွင့်ဗီဇာ ကိုင်ဆောင်သူ ထိုင်းရောက် မြန်မာကျောင်းသားများကို ဘန်ကောက်မှ မြန်မာသံရုံးနှင့် ချင်းမိုင်မှ မြန်မာကောင်စစ်ဝန်ရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း စစ်ကောင်စီက စက်တင်ဘာလလယ်တွင် ကြေညာသည်။ ထိုကျောင်းသားများသည် မြန်မာသို့ပြန်ပြီး နိုင်ငံကူးလက်မှတ်သစ်လုပ်ရန် လိုအပ်သည်။
ထိုအစီအစဉ်ကြောင့် စစ်ကောင်စီသည် လူငယ်များကို အတင်းအကျပ် စစ်သားစုဆောင်းရေးအတွက် အိမ်ပြန်စေရန် လုပ်နေသည်ဆိုသည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။ ယခုနှစ် အစောပိုင်းတွင် စစ်ကောင်စီသည် အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို အကောင်အထည်ဖော်ပြီး လူငယ်များကို စစ်တပ်တွင် နှစ်နှစ်မှ ငါးနှစ်အထိ စစ်မှုထမ်းခိုင်းသည်။
ထိုနိုင်ငံကူးလက်မှတ်မူဝါဒ၏ လတ်တလော သက်ရောက်မှုကို ရှင်းလင်းစွာ မသိရသေးသော်လည်း ယခု တွေ့ဆုံမေးမြန်းခဲ့သည့် ကျောင်းသားများသည် အနာဂတ်၌ ထိုင်းတွင် ၎င်းတို့ ဆက်လက်နေထိုင်ရေးအတွက် စိုးရိမ်ကြောင်း ဖော်ပြကြသည်။
(Prachatai ပါ Sicha Rungrojtanakul ၏ Inside the Lives of Exiled Myanmar Students on Thai Campuses Under the New Conscription Law ကို ဘာသာပြန်သည်။ ဤဆောင်းပါးအတွက် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ၏ တရားဝင် ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ စာနယ်ဇင်း ရန်ပုံငွေ အစီအစဉ်က ထောက်ပံ့သည်။)
You may also like these stories:
ရွှေ့ပြောင်းလုပ်သား မူဝါဒအပြောင်းအလဲ ထိုင်းရောက်မြန်မာတွေအတွက် အဆင်ပြေနိုင်မလား
သေရေးရှင်ရေး စစ်မှုထမ်းဥပဒေကြောင့် မြန်မာမှ ထွက်မပြေးချင်ဘဲ ပြေးရ
ထိုင်းသို့ ရွှေ့ပြောင်းအခြေချ မြန်မာများ ငယ်ရွယ်ပြီး ပညာရပ် ကျွမ်းကျင်
လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ
ထိုင်းဗီဇာလျှောက်ထားမှု ကန့်သတ်ချက် ပြည်ပအမြန်ထွက်လိုသူများ အခက်တွေ့
လက်ခံထားသော “အိမ်ရှင်” နှင့် ဆင်ခြင် နေထိုင်ရမည့် “ဧည့်သည်”