၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို လက်မခံတဲ့လူတန်းစားအလွှာအသီးသီးဟာ တော်လှန်ရေးရဲ့ ကျရာအခန်းကဏ္ဍကနေ ဒီနေ့အချိန်ထိ ပါဝင်နေကြဆဲ ဖြစ်ပါတယ်။ အဲဒီလို တော်လှန်နေဆဲ ပြည်သူတွေထဲမှာ လိင်စိတ်ခံယူမှု မတူကွဲပြားသူ (LGBTQ+) များစွာဟာလည်း တောတောင်တွေထဲမှာ လက်နက်ကိုင်စွဲပြီး တိုက်ပွဲဝင်နေကြပါတယ်။
မြန်မာနိုင်ငံမှာ လိင်စိတ်ခံယူမှု မတူကွဲပြားသူ (LGBTQ+) တွေဟာ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်မှာကတည်းက လူ့အဖွဲ့အစည်းအတွင်း ဖိနှိပ်ခွဲခြားမှုပေါင်းများစွာကို တောက်လျှောက် ခံစားလာခဲ့ကြပြီး၊ စစ်တပ်အာဏာသိမ်းပြီးနောက် မှာတော့ ဖိနှိပ်မှုတွေဟာ ပိုမို ဆိုးရွားလာခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ LGBTQ+ ပေါင်းများစွာဟာ စစ်တပ်ရဲ့ မတရား သဖြင့် ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရတဲ့အပြင်၊ အကျဥ်းထောင်နဲ့ စစ်ကြောရေးအတွင်းမှာလည်း လူမဆန်စွာ လိင်ပိုင်းဆိုင်ရာ ခွဲခြားဖိနှိပ်စော်ကားမှုပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့ ခဲ့ရပါတယ်။
ဒါကြောင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ရေး မြန်မာတပြည်လုံးအနေအထားနဲ့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဥ်ကို စတင်ခဲ့ကြချိန်မှာတော့ အတူပါဝင်ဖို့အတွက် ဆုံးဖြတ်ခဲ့ကြတဲ့ LGBTQ+ ပေါင်း များစွာလည်း ပေါ်ထွက်လာခဲ့ ပါတယ်။
စစ်အာဏာရှင်အမြစ်ဖြတ်ဖို့ LGBTQ+ ပေါင်းများစွာဟာ မြန်မာနိုင်ငံဒေသအသီးသီးက တော်လှန်ရေးတပ်ဖွဲ့တွေဆီ ချိတ် ဆက် ဆက်သွယ်ပြီး ဝင်ရောက်ဖို့အတွက် ကြိုးပမ်းခဲ့ကြပါတယ်။ အဲဒီလိုကြိုးပမ်းစဥ်မှာ LGBTQ+ တွေအနေနဲ့ မိမိဝင် ရောက်မယ့် တော်လှန်ရေးတပ်ဖွဲ့မှာရော “လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေ ရှိနေမလား။ မိမိတို့ကို လက်ခံပေးပါ့မလား” ဆိုတဲ့ စိုးရိမ်စိတ်တွေကလည်း တဖက်မှာ ပြည့်နှက်နေပါတယ်။
တော်လှန်ရေးတပ်ဆိုတဲ့အတိုင်း ဖက်ဆစ်စစ်တပ်ကို အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက် တိုက်ရေးခိုက်ရေးနဲ့ စစ်ရေးတွေကိုသာ ဦးစားပေးဆောင်ရွက်နေရချိန်မို့လို့ လူ့အခွင့်အရေး တန်းတူညီမျှမှုတွေကို တပါတည်းဆောင်ရွက်ဖို့ အခွင့်မသာသေးတဲ့ အချို့သောတပ်တွေအနေနဲ့ LGBTQ+ လူငယ်တွေကို တပ်သားအဖြစ် တရားဝင် လက်ခံနိုင်ခြင်း မရှိသေး တာမျိုးလည်း ရှိနေပါတယ်။
LGBTQ+ လူငယ်တွေကို တရားဝင် တပ်သားအဖြစ် လက်ခံပေးတဲ့ တပ်တွေထဲမှာ BPLA လို့ ခေါ်တဲ့ “ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော်” ဟာလည်း တခုအပါအဝင် ဖြစ်ပါတယ်။
တပ်အတွင်းမှာလည်း လိင်ပိုင်းဆိုင်ရာ သာတူညီမျှမှုရရှိရေးနဲ့ ဖိနှိပ်စော်ကားမှုများမရှိစေရေးတို့အတွက် မူဝါဒခိုင်မာစွာနဲ့ စည်းမျဥ်းစည်းကမ်းတွေရေးဆွဲပြီး ရပ်တည်နေတဲ့အဖွဲ့ ဖြစ်တယ်လို့ တပ်ဖွဲ့ရဲ့ မူဝါဒစည်းမျဥ်းပိုင်းနဲ့ ပတ်သက်လို့ BPLA ရဲ့ စည်းရုံးရေးနှင့် စိစစ်ရေးဌာန (ဌာနမှူး) မမေက ပြောပါတယ်။
“BPLA ဟာ ဂျန်ဒါတန်းတူညီမျှခြင်းရှိသည့်၊ လိင်ပိုင်းဆိုင်ရာ စော်ကားအမြတ်ထုတ်မှုကင်းသည့် တပ်တော်အဖြစ် ရပ်တည် သွားမှာဖြစ်တယ်။ ဒါဟာ ကျမတို့ရဲ့ တန်ဖိုးထားမှုကို ဖော်ပြထားတာဖြစ်ပါတယ်။ ကျမတို့နဲ့ အလုပ်အတူတူလုပ်မယ့် အရပ် သား ပြည်သူတွေဟာလည်း ဒီတပ်ဖွဲ့ကို ဝင်လာပြီဆိုတာနဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့အမြတ်ထုတ်စော်ကားမှုတွေ မလုပ်ပါဘူး၊ တပ်ဖွဲ့မှာလည်း မလုပ်ပါဘူး။ တပ်ဖွဲ့ကနေ တန်ဖိုးထားတဲ့ ပြည်သူလူထုအပေါ်မှာလည်း မလုပ်ပါဘူး ဆိုတာကို ဝန်ခံကတိလက်မှတ်ထိုးပြီးတော့မှ ကျမတို့တပ်ဖွဲ့ဝင်ထဲကို ပါဝင်ခွင့်ပေးတာ ဖြစ်ပါတယ်” လို့ မမေက ဆိုပါတယ်။
လိင်ပိုင်းဆိုင်ရာ ခွဲခြားစော်ကားမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို BPLA အတွင်းမှာ မပြုလုပ်ဖို့ တားမြစ်ထားရုံသာမက၊ အရပ်သားပြည်သူလူထုနဲ့ ဖမ်းဆီးရမိလာတဲ့ သုံ့ပန်းတွေအပေါ်မှာပါ မပြုလုပ်ရဘူးဆိုတဲ့ လူ့အခွင့်အရေး စည်းမျဥ်း စည်းကမ်းတွေကိုလည်း ချမှတ်ထားတယ်လို့ သိရပါတယ်။
အခုဆိုရင် BPLA တပ်တော်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ LGBTQ+ တပ်ဖွဲ့ဝင်ပေါင်းများစွာရှိပြီး တပ်ဖွဲ့ရဲ့ လိင်ပိုင်းဆိုင်ရာ သာတူညီမျှမှု ရပ်တည်ချက်တွေနဲ့ ပတ်သက်လို့လည်း လေးစားကျေနပ်မိတယ်လို့ LGBTQ+ တဦးဖြစ်တဲ့ ရဲဘော် နန္ဒာက ဆိုပါတယ်။
“ကျနော်ကိုယ်တိုင်ကလည်း LGBT ထဲမှာ ပါတယ်။ ကျနော်က Bisexual ပေါ့နော်။ ကိုယ့်လိုမျိုးလူတွေကို မခွဲခြားဘဲနဲ့ တန်းတူညီမျှ ဆက်ဆံပေးတယ်။ ဂေးဖြစ်နေလို့ ရာထူးကြီးကြီးမားမား မရောက်တာမျိုး မရှိဘူး။ အခွင့်အရေးကို သေချာ ပေးတယ်၊ ဘယ်လို ဂျန်ဒါမျိုးပဲဖြစ်ပါစေ ခွဲခြားခြင်းမရှိဘဲနဲ့ ဘယ်လိုတာဝန်ပဲဖြစ်ဖြစ် ပေးအပ်တယ်” လို့ သူက ပြောပါတယ်။
ရဲဘော် နန္ဒလို နောက်ထပ်ရဲဘော်တဦးက ဂျက်ဖြစ်ပါတယ်။ ရဲဘော်ဂျက်ဟာ တပ်အတွင်း စတင် ဝင်ရောက်လာစဥ်မှာတော့ သူ့ရဲ့ လိင်စိတ်ခံယူမှုကို သိုဝှက်နေထိုင်ခဲ့ပါတယ်။ သူ့အပေါ် အခြားအမျိုးသားတွေက နှိမ့်ချပြီး ခွဲခြားမလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိခဲ့ပေမယ့် သင်တန်းပြီးဆုံးချိန်မှာတော့ အားလုံးကို မိမိရဲ့လိင်စိတ်ခံယူမှုအကြောင်း ဖွင့်ပြောဖြစ်ခဲ့ပြီး အားလုံးက နွေးထွေးမှုနဲ့ မိသားစုသဖွယ် လက်ခံပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ရဲဘော်ဂျက်က “LGBT တွေဟာလည်း ခေတ်အဆက်ဆက်မှာ ပါဝင်ခဲ့ကြတယ်။ မဖော်ပြခံရတာပဲ ရှိတယ်။ နောင် အနာဂတ် မှာ ဘယ်လိုဖြစ်စေချင်လဲဆိုတော့ ကျနော်တို့ LGBT တွေကို လက်ခံပေးဖို့ လိုတယ်။ နောင်အနာဂတ်မှာ LGBT ကမ္ဘာဆိုတာ လှပတဲ့လူသားမျိုးနွယ်ထဲမှာ လုံးဝကို ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်သွားတဲ့ ဘဝလေးတွေ ဖြစ်စေဖို့ မျှော်လင့် တယ်” လို့ သူ့ရဲ့ စိတ်ကူးမျှော်လင့်ချက်ကို ပြောပြခဲ့ပါတယ်။
လက်ရှိကာလဟာ တိုက်ပွဲပေါင်းများစွာနဲ့ လေထန်မိုးထန်ကာလဖြစ်သော်ငြားလည်း လူသားရဲ့သဘာဝအတိုင်း ချစ်ခြင်းမေတ္တာ မီးတောက်လေးတွေကတော့ ငုပ်ငြိမ်းမသွားခဲ့ပါဘူး။
မြေပြင် စစ်ဆင်ရေးတွေ တောက်လျောက်ဆင်နွှဲနေတဲ့ BPLA အနေနဲ့လည်း စစ်ပွဲတွေအပြင် ချစ်ခြင်းမေတ္တာအရေးကိုလည်း မေ့လျော့မထားဘဲ ထည့်သွင်း စဥ်းစားပေးခဲ့ပါတယ်။ တပ်တွင်းက လိင်ကွဲနှစ်သက်သူတွေလို လိင်တူနှစ်သက်စုံမက် သူတွေအတွက်လည်း တရားဝင် လက်ထပ်ထိမ်းမြားပေးနိုင်ရေး စီစဥ်ဆောင်ရွက်ပေးနေတယ်ဆိုတာ အံ့အားသင့်ဖွယ် သိရှိရပါတယ်။
ဘာကြောင့်လဲဆိုတော့ လိင်တူလက်ထပ်ခွင့်ကို တရားဝင် ခွင့်ပြုပေးထားတဲ့အရေအတွက်ဟာ တကမ္ဘာလုံးစာ ကြည့် ရင်တောင် ၃၆ နိုင်ငံအထိပဲ ရှိသေးတာ ဖြစ်ကြောင်းကို ၂၀၂၄ ခုနှစ် မေလအထိ စစ်တမ်းတွေအရသိရပြီး၊ မြန်မာနိုင်ငံမှာ လည်း လိင်တူလက်ထပ်ခြင်းကို ဒီနေ့အချိန်အထိ တရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့အပြင်၊ ပုဒ်မ ၃၇၇ နဲ့ ထောင်ဒဏ်တသက် တကျွန်းဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။
BPLA တပ်တော်ဟာ စစ်တပ်ရဲ့ မတရားသဖြင့် ဖိနှိပ်မှုတွေကို တွန်းလှန်နေစဥ်အတွင်းမှာပဲ ဓလေ့ထုံးတမ်းနဲ့ ရှေးရိုးစွဲ အယူအဆမှားတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပါ တပါတည်းအတူ တွန်းလှန်သွားတယ်လို့ သုံးသပ်နိုင်ပါတယ်။
BPLA အတွင်းမှာ လိင်ကွဲနှစ်သက်သူ၊ လိင်တူနှစ်သက်သူ မည်သူမဆို ရဲဘော်အချင်းချင်း ချစ်သူရည်းစားဖြစ်နေရင် မိမိရဲ့ သက်ဆိုင်ရာတပ်မှူးမှတဆင့် တာဝန်ကျရာ စစ်ဒေသစခန်းရုံးကို စာတင်အသိပေးထားရမှာဖြစ်ပြီး၊ ရည်းစားသက်တမ်း ၁ နှစ်နဲ့ ၆ လအထက်၊ စစ်မှုထမ်းသက်တမ်းအားဖြင့် နှစ်ဦးပေါင်း အနည်းဆုံး ၅ နှစ်ပြည့်ပြီးရင်တော့ တရားဝင် လက်ထပ် ထိမ်းမြားခွင့်ကို လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
အခုဆိုရင် BPLA တပ်ဖွဲ့အတွင်းမှာ တရားဝင် လက်ထပ်ထိမ်းမြားဖို့အတွက် စာရင်းပေးသွင်းထားတဲ့ လိင်တူချစ်သူစုံတွဲ ပေါင်း ၁၀ တွဲကျော်အထိရှိနေပြီလို့ BPLA ရဲ့ တပ်ဖွဲ့တည်ထောင်သူကွပ်ကဲရေးမှူး မောင်ဆောင်းခ က ဆိုပါတယ်။
အဲဒီလို စုံတွဲတွေထဲမှာ LGBTQ+ အမျိုးအစားအုပ်စုထဲက Lesbian, Tomboy နဲ့ Gay အစရှိတဲ့ အုပ်စုဝင်တွေ ပါဝင်တယ်လို့ သိရှိထားပါတယ်။
BPLA တပ်အတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ LGBTQ+ ပေါင်းများစွာရှိနေပြီးတော့ လိင်ပိုင်းဆိုင်ရာခံယူမှု မတူကွဲပြား သူတွေအပေါ် တာဝန်ခွဲဝေမှု၊ ရာထူးခန့်အပ်မှုတွေအပြင် အခြားသော လူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာတွေလည်း ခွဲခြားဆက်ဆံခြင်းမရှိသလို အားလုံးအတူတကွ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေပါတယ်။
အခုလို တော်လှန်ရေးကာလ ခရီးကြမ်းကြီး ဖြတ်ကျော်နေရပေမယ့်လည်း လူ့ဘဝရဲ့အနှစ်သာရတွေထဲ တခုအပါအဝင် ဖြစ်တဲ့ ချစ်ခြင်းမေတ္တာအရေးအရာကို လိင်စိတ်ခံယူမှု မတူကွဲပြားမှုတခုကြောင့်နဲ့ အများနည်းတူ တန်းတူမရရှိဘဲ ဆုံးရှုံး သွားရတာမျိုး မဖြစ်စေရလေအောင် BPLA အနေနဲ့ လိင်တူချင်းလက်ထပ်ထိမ်းမြားခွင့်ကို ခွင့်ပြုပေးထားတာ ဖြစ်နိုင် တယ်လို့ ယူဆရပါတယ်။
တပ်ရဲ့ ဖွဲ့စည်းပုံအပိုင်းမှာလည်း လိင်ပိုင်းဆိုင်ရာ နှိမ့်ချခွဲခြားမှုတွေ မရှိစေဖို့အတွက် အထူးအလေးပေး ဆောင်ရွက်ကြောင်း ကို မောင်ဆောင်းခ က “ကျနော်တို့တပ်က ဂျန်ဒါတန်းတူညီမျှရေးကို အလေးထားတယ်။ တပ်ရဲ့အဓိက တပ်မှူးကြီးအဆင့် တွေမှာ အမျိုးသားတွေချည်း မဖြစ်အောင် ကျနော်တို့ သေချာ သတိထား အလုပ် လုပ်ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ ။
You may also like these stories:
စစ်အာဏာသိမ်းမှုကြောင့် လိင်ကွဲပြားမှုအပေါ် ဆိုးရွားသော သက်ရောက်မှုများ
အာဏာရှင်ကို တော်လှန်နေဆဲ အမျိုးသမီးများ
နွေဦးတော်လှန်ရေးထဲက အမျိုးသမီး စစ်သည်တော်များ
စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင် ရွှေမန်းသူလေး
စစ်အာဏာသိမ်းမှုကို ဆက်လက် အာခံနေသော နိုင်ငံရေးအကျဉ်းသူများ