လိမ်ညာ ပြောဆိုနေရင်၊ လိမ်ညာ ပြောဆိုနေပြီ ဆိုတာကို ဖော်ပြနိုင်တဲ့ ကင်မရာ တမျိုးကို တီထွင်ခဲ့တဲ့ အကြောင်း သတင်း မီဒီယာ တခုက ထုတ်ပြန်တယ်။
တချိန်မှာ ဒီလို ကင်မရာမျိုးကို ရာဇဝတ်မှုတွေ ဖော်ထုတ်တဲ့ နေရာတွေမှာ အသုံးချနိုင် လာလိမ့်မယ် လို့လည်း ဆိုပါတယ်။
ဒီသတင်းစကားကို ကြားရတော့ ကာတွန်း ပညာရှင်ကြီး ဦးဘဂျမ်း ရဲ့ စကားကို ကြားယောင်မိပါတယ်။
လူတွေဟာ အချင်းချင်း ပေါင်းသင်း ဆက်ဆံရာမှာ လိမ်ညာ ဖြီးဖြန်းပြီး ဆက်ဆံနေကြတာ။ မဟုတ်တာကို အဟုတ်လုပ် ပြော၊ မြှောက်ပင့်ပြီးလည်း ပြောတယ်။ အလုပ်ဖြစ်အောင်၊ ကိုယ့်အကျိုး ပြီးမြောက်အောင် လှည့်ပတ် ပြောတယ်။
ဟုတ်ပါရဲ့…လူဟာ ဟန်လုပ်လည်း ကောင်းတယ်၊ ဟန်ဆောင်လည်း ကောင်းတယ်။
စိတ်ထဲက လိမ်ညာ ဖြီးဖြန်း နေပေမယ့် အပြင် ဟန်ပန် လေသံတွေက တည်ကြည်တဲ့ လူရိုး လူဖြောင့် လိုလို၊ သူတော်ကောင်း လိုလို၊ ပိပိရိရိ ဟန်ဆောင်တတ်၊ သရုပ်ဆောင်တတ်တယ်။
“မုသားမပါ လင်္ကာ မချော” ဆိုတဲ့ အဆိုအမိန့် အတိုင်း လိမ်ညာနေတာကိုပဲ လိမ်ညာနေတယ်လို့ မသိရအောင် အဖုံး အကွယ်၊ အလှည့်အချိုးတွေနဲ့ လူလည်တွေဟာ ပြောတတ် ဆိုတတ်တယ်။
မှန်သော စကားကို ဆိုနေတဲ့ လူမှန် လူဖြောင့်ပုံ ပေါ်အောင် ဖော်ဆောင်တတ်ကြတယ်။
အမြင်ကပ်ရင် အမြင်ကပ်ကြောင်း၊ ကြည့်မရရင် ကြည့်မရတဲ့ အကြောင်း၊ အချိုးမပြေရင် အချိုးမပြေတဲ့ အကြောင်း ပွင့်ပွင့် လင်းလင်း ပြောဆို ဆက်ဆံရင်လည်း တဦးနဲ့ တဦး ခိုက်ရန် ဒေါသတွေ ဖြစ်ပြီး သတ်ကြ ဖြတ်ကြလို့ ဆရာကြီး ဦးဘဂျမ်း ပြောသလို အသုဘ ချတာနဲ့ပဲ အချိန် ကုန်သွားနိုင်တယ်။
တကယ်လို့များ လိမ်ညာ ပြောဆိုခြင်းကို ဖော်ထုတ်နိုင်တဲ့ ကင်မရာကို လူတွေ အလွယ်တကူ သုံးလာနိုင်ရင် ဘယ်လို ဖြစ်ကုန်မလဲ…။
သူလိမ်တာ ညာတာကို ကိုယ်ကလည်း သိ၊ ကိုယ်လိမ်တာ ညာတာကို သူကလည်း သိနိုင်တယ် ဆိုရင်…မလိမ်ဝံ့ မညာ ဝံ့တော့ဘဲ မှန်ရာကို ပြောရတဲ့ လူတွေ ဖြစ်မယ်။
ဒါဆိုရင်…ဆရာကြီး ဦးဘဂျမ်း ယူဆသလို လူတွေ ခိုက်ရန် ဒေါသ ဖြစ်ကြတော့မှာ မဟုတ်ဘူး။
ပြီးတော့…ဟန် ကောင်းကောင်းနဲ့ လူအချင်းချင်း လှည့်ပတ် ဖြားယောင်းခြင်း ကင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမယ်…စသဖြင့်ပေါ့လေ… စိတ်ထဲမှာ တွေးကြည့်နေမိပါတယ်။
“လူသည် လိမ်နိုင် ကောက်နိုင်မှ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်သော သတ္တဝါ ဖြစ်၏။ စိတ်ထဲတွင် ရှိသမျှကို ဖွင့်ဟ ပြောဆို၍ တဦးနှင့် တဦး ပွင့်ပွင့်လင်းလင်း ဆက်ဆံကြပါလျှင် (တဦးကို တဦး သတ်ကြ ဖြတ်ကြ၍) မသာချရသော အလုပ်ဖြင့် အချိန် ကုန်ရမည် ဖြစ်သည်”။ ။
ကာတွန်း ဦးဘဂျမ်း
အမှတ် ၁၁၂၊ အင်တာဗျူး ဂျာနယ်။
(ဒဿန စာပေများ ရေးသားသော စာရေးဆရာကြီး နန္ဒာသိန်းဇံ ရေးသားခဲ့သည့် ဤဆောင်းပါးကို Eight Dragon Books စာပေတိုက်က ၂၀၀၃ ခုနှစ် ဧပြီလတွင် ထုတ်ဝေသော “မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူးများ”စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက် အသက် ၆၄ နှစ်အရွယ်တွင် ကွယ်လွန် သွားခဲ့ ပါသည်။)