စစ်ကောင်စီ ထိန်းချုပ်နိုင်ခြင်း မရှိတော့သည့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့်သာမက လျှပ်စစ်မီး မရရှိခြင်း၊ စက်သုံးဆီ ခက်ခဲခြင်း၊ အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ ပြတ်တောက်ခြင်းနှင့် လုံခြုံရေးအပြည့်အဝ မပေးနိုင်တော့ခြင်း စသည့်အခြေအနေများကြောင့် ဘဏ်လုပ်ငန်းများအားလုံး လည်ပတ်မှု ရပ်ဆိုင်းသွားရပြီ ဖြစ်သည်။
အကျိုးဆက်အနေဖြင့် ဒေသစီးပွားရေးမှာလည်း နေ့စဉ် အသက်ရှင်နိုင်ရေး မဖြစ်မနေ ရောင်းဝယ်လုပ်ကိုင်နေရသည့် အခြေအနေအထိ ကျုံဆင်းသွားသည်။
ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများ စတင်ခဲ့သော ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲများ ပြင်းထန်ပြီးနောက် မောင်တော၊ စစ်တွေ၊ သံတွဲ၊ မင်းပြားစသောမြို့များ၌ ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းခဲ့ပြီး နောက်ဆုံးကျန် ရှိနေသည့် ကျောက်ဖြူမြို့မှ ပုဂ္ဂလိကဘဏ်များဖြစ်သော KBZ၊ CB၊ AGD၊ ဧရာဝတီ၊ ရိုးမ၊ ကမ္ဘာ့ရတနာစသည်တို့မှာ ယခု နိုဝင်ဘာလလယ်ခန့်တွင် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားပြီဖြစ်သည်။
ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများ စတင်ခဲ့သော ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲများ ပြင်းထန်ပြီးနောက် မောင်တော၊ စစ်တွေ၊ သံတွဲ၊ မင်းပြားစသောမြို့များ၌ ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းခဲ့ပြီး နောက်ဆုံးကျန် ရှိနေသည့် ကျောက်ဖြူမြို့မှ ပုဂ္ဂလိကဘဏ်များဖြစ်သော KBZ၊ CB၊ AGD၊ ဧရာဝတီ၊ ရိုးမ၊ ကမ္ဘာ့ရတနာစသည်တို့မှာ ယခု နိုဝင်ဘာလလယ်ခန့်တွင် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားပြီဖြစ်သည်။
ပုဂ္ဂလိကဘဏ်ကြီးဖြစ်သည့် ကမ္ဘာဇဘဏ်သည် ရခိုင်ပြည်နယ်တွင် ဘဏ်ခွဲပေါင်း ၁၃ ခုရှိရာ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းအထိ ကျောက်ဖြူ၊ ငပလီ၊ သံတွဲနှင့် တောင်ကုတ်မြို့ မှဘဏ်ခွဲများ ဖွင့်လှစ်ခဲ့သော်လည်း ယခုအခါ ဘဏ်ခွဲတခုမှ ဖွင့်လှစ်နိုင်ခြင်း မရှိတော့ကြောင်း တွေ့ရသည်။
ပြည်နယ် မြို့တော်စစ်တွေတွင်လည်း ပုဂ္ဂလိကဘဏ်ခွဲများအားလုံး ပိတ်သိမ်းထားရသလို စစ်ကောင်စီ လက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်မှာလည်း ပြီးခဲ့သည့် မတ်လကတည်းက ပိတ်ထားရသည်။
ယခင်ကတည်းကပင် ရခိုင်ပြည်နယ်၌ ပုဂ္ဂလိကဘဏ်ခွဲတချို့ ဖွင့်လှစ်ထားသော်လည်း ငွေသွင်း၊ ငွေထုတ်လုပ်ငန်းများ ပုံမှန် လည်ပတ်လုပ်ကိုင်နိုင်ခြင်း မရှိကြောင်း၊ လက်ရှိတွင် ကျောက်ဖြူမြို့၌ မြန်မာ့ စီးပွားရေးဘဏ် ဖွင့်လှစ်ထားသော်လည်း ဝန်ထမ်း လစာပေးရန်သာရှိပြီး လုပ်ငန်းလည်ပတ်မှု မရှိကြောင်း မြို့ခံများက ပြောသည်။
ငွေလွှဲငွေထုတ် ဝန်ဆောင်မှုနှုန်း ကြီးမြင့်လာ
ယင်းသို့ ဘဏ်လုပ်ငန်း လည်ပတ်မှုများ ရပ်ဆိုင်းသွားသဖြင့် KBZ Pay၊ Wave Pay၊ Mytel Pay အစရှိသည့် အွန်လိုင်းမှ ငွေသွင်း၊ ငွေထုတ်ရသည့်လုပ်ငန်းများတွင် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိပေး၍ ထုတ်ယူရလာသည့် အခြေအနေ ဖြစ်လာကြောင်း ဒေသခံများထံက သိရသည်။
ရခိုင်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင် တဦးက “ကျောက်ဖြူကတော့ ပုဂ္ဂလိကဘဏ်တွေ ပိတ်သွားပြီ။ စစ်တွေရော၊ ပြည်နယ်တခုလုံး ဘဏ်စနစ် မရှိတော့တာ ကြာပါပြီ။ အခုတော့ အကုန်လုံးပိတ်သွားတာပေါ့၊ လူထုကြားမှာ ငွေပေး၊ ငွေယူ ကိစ္စတွေ အခက်အခဲဖြစ်သွားတယ်။ အများအားဖြင့်တော့ ကေပေး၊ မိုင်တဲပေး၊ ဧရာပေးတို့နဲ့တော့ သွားနေတယ်။ ရာခိုင်နှုန်းကတော့ အမျိုးမျိုးပေါ့လေ။ ၂၀ ရာခိုင်နှုန်း၊ ၁၇ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းပေါ့။ အတိုင်းအတာနဲ့ လိုက်ပြီးတော့ ငွေလွှဲခတွေက မတည်မငြိမ်နဲ့ ရတဲ့နည်းနဲ့ သွားနေရတာ”ဟု ဧရာဝတီသို့ပြောသည်။
ငွေပေး၊ ငွေချေ ကိစ္စများတွင် ငွေသားရှားပါးခြင်း၊ အွန်လိုင်း Moneyများမှ ငွေထုတ်ယူရာတွင် ရာခိုင်နှုန်း အဆမတန် ပေးရခြင်း၊ ရင်းနှီးသူအချင်းအချင်း နားလည်မှုနှင့် ငွေလွှဲခြင်းတို့ လုပ်ဆောင်နေရပြီး ယခုနောက်ပိုင်း ငွေလိမ်ခံရမှုများလည်း ပို၍ ဖြစ်ပွားလာကြောင်း ကုန်သည်များနှင့် ဒေသခံများထံက သိရသည်။
ငွေပေး၊ ငွေချေ ကိစ္စများတွင် ငွေသားရှားပါးခြင်း၊ အွန်လိုင်း Moneyများမှ ငွေထုတ်ယူရာတွင် ရာခိုင်နှုန်း အဆမတန် ပေးရခြင်း၊ ရင်းနှီးသူအချင်းအချင်း နားလည်မှုနှင့် ငွေလွှဲခြင်းတို့ လုပ်ဆောင်နေရပြီး ယခုနောက်ပိုင်း ငွေလိမ်ခံရမှုများလည်း ပို၍ ဖြစ်ပွားလာကြောင်း ကုန်သည်များနှင့် ဒေသခံများထံက သိရသည်။
စစ်တွေမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်ကြီး တဦးက “တိုက်ပွဲတွေက နေရာတိုင်းလိုလိုမှာ ဖြစ်နေတယ်။ ဘဏ်တွေကလည်း ပိတ်သွားတာဆိုတော့ ငွေလွှဲပေးရတဲ့ဟာတွေက တော်တော်လေး အခက်အခဲ ရှိသွားတယ်။ အပြင်ကနေ လွှဲတဲ့သူတွေမှာလည်း အခက်အခဲ ဖိအားတွေ များသလို တဖက်မှာ လိမ်တာ ညာတာတွေကလည်း တော်တော်များများ တွေ့ကြုံနေရတာ ဖြစ်တဲ့အတွက် စီးပွားရေးအနေနဲ့ တော်တော်လေး ခက်ခဲတဲ့ အခြေအနေ ရှိပါတယ်”ဟု ဧရာဝတီကို ပြောသည်။
မှောင်ခိုတွေ ပိုအားကောင်းလာနိုင်
ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ နယ်စပ် ကုန်သွယ်ရေး၊ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းစသည်တို့ကို အဓိက လုပ်ကိုင်ရာ လက်ရှိတွင် တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားနေခြင်း၊ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ ရပ်ဆိုင်းလာခြင်း၊ လုပ်ငန်းရှင်ကြီးများ နေရပ်စွန့်ခွာခြင်းတို့ကြောင့် ဒေသတွင်း စီးပွားရေးလုပ်ကိုင်မှု မရှိသလောက် ဖြစ်လာကြောင်း အထက်ပါလုပ်ငန်းရှင်က ပြောသည်။
၎င်းက “အခုကတော့ နားလည်မှုနဲ့ လုပ်နေကြတယ်ဆိုတဲ့ အနေအထားပါ။ ဘဏ်စနစ်မရှိတော့ ကိုယ့်အသိထဲကနေ လိုတဲ့သူနဲ့ မလိုတဲ့သူ ဖလှယ်ပြီးတော့ သွားနေတဲ့ အနေအထားပဲရှိတယ်။ အခုနောက်ဆုံး ဘဏ်စနစ် ရပ်သွားတဲ့ ကျောက်ဖြူမှာတော့ တရုတ်က ရင်းနှီးမြှုပ်နှံထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိတယ်။ ဆက်ပြီးတော့ ဖော်ဆောင်မယ့် အထူး စီးပွားရေးဇုန်တွေ ဘာတွေကတော့ ရှိနေပါတယ်။ ဒါတွေကတော့ လုပ်ဖို့ ခက်ခဲတဲ့အနေအထားတော့ ရောက်နေပြီ”ဟု ပြောသည်။
ထို့ပြင် စစ်ကောင်စီကလည်း ရခိုင်ပြည်နယ်သို့ ငွေသားသယ်ဆောင်ခွင့်အပါအဝင် စက်သုံးဆီ၊ ဆေးဝါး၊ စားသောက် ကုန်များကို ကန့်သတ်ထားပြီး စစ်တွေမြို့သို့သာ သင်္ဘောဖြင့် စားသောက်ကုန်အနည်းငယ် ပို့နေသောကြောင့် ကုန်ဈေးနှုန်းများတက်ကာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ရခိုင်ပြည်နယ်၏ အခြေအနေနှင့် ပတ်သက်၍ စီးပွားရေး ပညာရှင်တဦးက “လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက် အတွင်းမှာ ပုဂ္ဂလိကငွေကြေးဝန်ဆောင်မှု၊ အထူးသဖြင့်ဘဏ်တွေရဲ့ကဏ္ဍက နိုင်ငံရဲ့စီးပွားရေးမှာ မရှိမဖြစ် ဖြစ်လာတယ်။ ရခိုင်မှာလည်း အတူတူပါပဲ။ ဝန်ဆောင်မှုကောင်းရင်ကောင်းသလို စီးပွားရေးတိုးတက်လာမှာဖြစ်ပြီး ညံ့ရင် ကျဆင်းရင်တော့ ဆုတ်ယုတ်မှာဖြစ်တယ်။ ဝန်ဆောင်မှုလျော့နည်းသွားရင် ဘဏ်စနစ်ရပ်ဆိုင်းသွားရင်တော့ စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်မှာ ဖြစ်တယ်။ အထူးသဖြင့် အခုလို ရှိပြီးသားဝန်ဆောင်မှုတွေ မရှိတော့ရင် ပိုဆိုးတာပေါ့”ဟု ဧရာဝတီသို့ သုံးသပ်ပြောကြားသည်။
တိုက်ပွဲကာလ တနှစ်အတွင်း ဘဏ်ဝန်ဆောင်မှုများ ရပ်တန့်နေပြီး စီးပွားရေးလုပ်ငန်းများ ထိခိုက်ကျဆင်းနေသည့်တိုင် ဈေးကွက်သဘောအရ မှောင်ခိုနည်းလမ်းအပါအဝင် ရနိုင်သမျှနည်းလမ်းများသုံး၍ လုပ်ကိုင်နေကြခြင်းကြောင့် မှောင်ခို နည်းလမ်းများမှာ ပို၍ အားကောင်းလာနိုင်သည်။
တိုက်ပွဲကာလ တနှစ်အတွင်း ဘဏ်ဝန်ဆောင်မှုများ ရပ်တန့်နေပြီး စီးပွားရေးလုပ်ငန်းများ ထိခိုက်ကျဆင်းနေသည့်တိုင် ဈေးကွက်သဘောအရ မှောင်ခိုနည်းလမ်းအပါအဝင် ရနိုင်သမျှနည်းလမ်းများသုံး၍ လုပ်ကိုင်နေကြခြင်းကြောင့် မှောင်ခို နည်းလမ်းများမှာ ပို၍ အားကောင်းလာနိုင်ကြောင်း ၎င်းက ဆိုသည်။
အဆမတန် ကြီးနေတဲ့ ကုန်ဈေးနှုန်း
တောင်ကုတ်ဒေသခံ ကုန်သည်တဦးက “စီးပွားရေးကတော့ ဒေသတွင်း ရတဲ့နည်းနဲ့ လည်ပတ်ပြီး ကြိုးစားနေတာပေါ့။ ကုန်ပစ္စည်းတွေ ဘာတွေကလည်း ရခိုင်ဘက်ကို အသွားအလာတွေ အားလုံးပိတ်ထားတယ်။ ကုန်သည်ဆိုတာတော့ တနည်းနဲ့မရ တနည်းနဲ့ ကြိုးစားနေတာပေါ့။ ဒါကြောင့် ဈေးကွက်ထဲမှာ ကုန်ဈေးနှုန်း ကြီးမြင့်နေတယ်”ဟု ပြောသည်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သည့် ငရုတ်သီးခြောက် ၁ ပိဿာလျှင် ၅၀၀၀၀ ကျပ်ကျော်၊ ကြက်သွန်နီ ၁ ပိဿာ ၄၀၀၀၀ ကျော်နှင့် အိန္ဒိယ စားဆီ ၁ လီတာဆန့် ၁ ဗူး ၁၀၀၀၀ ကျော်အထိ ရှိကာ ယခင်ထက် အဆမတန် မြင့်တက်လျက်ရှိကြောင်း သိရသည်။
ရခိုင်မှ အခြားသောလုပ်ငန်းရှင်တဦးက “ရတဲ့နည်းနဲ့ ရှာဖွေစားသောက်၊ လက်လုပ်လက်စားတွေမှာ ပိုက်ဆံ မရှိပေါ့။ လုပ်ငန်းလုပ်တဲ့သူတွေက ကိုယ့်ဒေသကနေ တခြားနေရာကို စွန့်ခွာသွားကြပြီဆိုတော့ ဒီလူတွေကို နေ့ဖို့ညစာအတွက် အလုပ်ပေးနိုင်တဲ့သူတွေ မရှိတော့ဘူး။ အခုက အသက်ရှင်ရပ်တည်ရေးအတွက် စားသောက် နေထိုင်ရတဲ့ဝင်ငွေလောက် ထိပဲ ရောင်းချရတဲ့ အနေအထားထိ စီးပွားရေးက ကျုံ့သွားတာပေါ့”ဟု ဆိုသည်။
စီးပွားရေးလုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်သည့် လုပ်ငန်းရှင်များမှာလည်း လက်ရှိတွင် လုပ်ငန်းများ ရပ်ဆိုင်းထားရ သလို ၎င်းတို့ကိုယ်တိုင်လည်း စစ်ဘေးရှောင်အဖြစ် နေရပ်စွန့်ခွာနေရသဖြင့် ပြည်နယ်၏ လူမှုစီးပွားရေးအခြေအနေမှာ လုံးဝ ပျက်ယွင်းသွားပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ဒေသခံ တဦးက “တော်လှန်ရေးရဲ့ ဒဏ်ကို ဉာဏ်မီသလောက် စဉ်းစားပြီးတော့ အပြောင်းအလဲကို မျှော်လင့်တယ်။ အဲဒီအတွက် တောင့်ခံနေရတဲ့ သဘောရှိတယ်။ ဘဏ်စနစ်တွေက တခုမှ မရှိတော့ဘူး။ အစိုးရ ထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွားရေးဘဏ်လောက်ပဲ နည်းနည်းပါးပါးရှိတော့တယ်။ ကျောက်ဖြူမှာဆို မကြေညာလို့ သာပဲရှိမယ်။ လုပ်နိုင်ကိုင်နိုင်လောက်တဲ့ အနေအထားတော့ မရှိတော့ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
အငတ်ဘေးဆိုက်မည့် အန္တရာယ်
ရခိုင်တပြည်လုံး ဖြစ်ပွားနေသော စစ်ပွဲ၊ ဆိုင်ကလုန်းမိုခါဒဏ်နှင့် လူမှုကူညီထောက်ပံ့မှုများကို ပိတ်ဆို့ထားခြင်းများ၏ ရိုက်ခတ်ချက်များက ဒေသခံလူထု အငတ်ဘေးဆိုက်ရောက်ရန် ဖြစ်လာနေသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃-၂၀၂၄ အချက်အလက် ကောက်ယူမှုများအရ ရခိုင်ပြည်နယ်၏ စီးပွားရေးသည် လည်ပတ်မှု လုံးဝ မရှိသလောက် နီးပါးဖြစ်နေသဖြင့် ဒေသခံ နှစ်သန်းကျော်မှာ အငတ်ဘေးဆိုက်မည့် အန္တရာယ် ရှိနေသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Stephanie Tremblay က နယူးယောက်မြို့၌ ယခုလဆန်းပိုင်း ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃-၂၀၂၄ အချက်အလက် ကောက်ယူမှုများအရ ရခိုင်ပြည်နယ်၏ စီးပွားရေးသည် လည်ပတ်မှု လုံးဝ မရှိသလောက် နီးပါးဖြစ်နေသဖြင့် ဒေသခံ နှစ်သန်းကျော်မှာ အငတ်ဘေးဆိုက်မည့် အန္တရာယ် ရှိနေသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Stephanie Tremblay က နယူးယောက်မြို့၌ ယခုလဆန်းပိုင်း ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ပြည်နယ်အတွင်းရှိ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ဆောက်ရေးအစရှိသည့် အဓိက ကဏ္ဍကြီးများ ရပ်ဆိုင်းနေပြီး ပြည်ပ ပို့ကုန်အပေါ် မူတည်လည်ပတ်ရသည့် ဈေးကွက်များလည်း ရပ်ဆိုင်းနေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ၏ နောက်ဆုံးထုတ်ပြန်သည့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ပတ်သက်ပြီး ဖော်ပြသည့် ဆန်းစစ်ချက်တွင် ရေးသား ထားသည်။
ထို့ကြောင့် လာမည့် ၂၀၂၅ ခုနှစ် မတ်လ၊ ဧပြီလ လောက်တွင် အငတ်ဘေးကြုံလာမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ဒေသတွင်း စားနပ်ရိက္ခာထုတ်လုပ်မှုမှာလည်း နေထိုင်သူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သာ ဖူလုံနိုင်ကြောင်း တွက်ချက်ထားသည်။
ယင်းအခြေအနေများနှင့် ပတ်သက်၍ AA ၏ စစ်ဆင်ရေး တနှစ်ပြည့်ထုတ်ပြန်ချက်တွင် အာရက္ခတပ်တော်မှ အလုံးစုံ သိမ်းပိုက်ရရှိထားသည့် မြိုများတွင် တော်လှန်ရေးလောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြသည့် အာရက္ခပြည်သူများ၏ လူမှုစားဝတ်နေထိုင်ရေးဖူလုံရေးနှင့် ပြည်သူ့ဝန်ဆောင်ရေး လုပ်ငန်းများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် မပြီးပြတ်သေးသော ထိုးစစ်များကို ဆက်လက် ဆင်နွှဲရင်း တပြိုင်နက် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသောကြောင့် လိုအပ်ချက်များရှိနေဆဲဖြစ်သည်ကို မိမိတို့အဖွဲအစည်းအနေဖြင့် ကောင်းစွာသိရှိနားလည်ပြီး လိုအပ်သည်များကို အနှေးနှင့်အမြန် ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောထားသည်။
You may also like these stories:
ရခိုင်အထူးစီးပွားရေးဇုန် တရုတ်အရှိန်မြှင့်လုပ်နေချိန် ကျောက်ဖြူကို စစ်ကောင်စီ ပိတ်ဆို့
ဒေါ်လာ ၈ ဘီလီယံကျော်တန် ကျောက်ဖြူစီမံကိန်းဖြင့် စစ်ကောင်စီက တရုတ်ကို အချိုသတ်
ထိုးစစ်ရှိန် ပိုမြင့်လာသည့် ရခိုင်စစ်မျက်နှာ
ရခိုင်တွင် ကုလသမဂ္ဂ “ဘေးကင်းဇုန်” ထူထောင်ရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို