ရှမ်းပြည်နယ်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်ဒေသရှိ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၁၇၁ စစ်ဒေသ၏ တပ်စခန်းများ ဖယ်ရှားရေး ဖိအားပေးသည့်အနေဖြင့် ထိုင်းစစ်တပ်က နယ်စပ်တွင် စစ်ပြင်လျက်ရှိသည်။
ဆယ်စုနှစ်ကြာ အငြင်းပွားနေသည့် UWSA တပ်စခန်းများ ဖယ်ရှားရေး နိုဝင်ဘာ ၁၈ ရက်၌ ၁၇၁ စစ်ဒေသခေါင်းဆောင်များ အား ထိုင်းစစ်တပ်က ချင်းမိုင်မြို့တွင် ဖိတ်ခေါ်ဆွေးနွေးပြီးနောက် နှစ်ဖက်စစ်ရေးပြင်ဆင်မှုများဖြင့် အခြေအနေတင်းမာလာ ခြင်း ဖြစ်သည်။
မူးယစ်ဆေးဝါးနှင့် နယ်စပ်ရေးရာကိစ္စများ ဖြေရှင်းရေး ခေါင်းစဉ်ဖြင့် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သော်လည်း တွေ့ဆုံရာတွင် နယ်စပ်ရှိ UWSA တပ်စခန်း ၉ ခုအား နယ်မြေကျူးကျော်သည်ဟုဆိုကာ ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံးထားပြီး ဖယ်ရှားရန် ထိုင်းစစ်တပ်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
UWSA ဘက်မူ တပ်စခန်းများဖယ်ရှားရန် ငြင်းဆိုပြီး နယ်နိမိတ်ပြဿနာသည် နှစ်နိုင်ငံအစိုးရချင်း ဖြေရှင်းရမည့်ကိစ္စ ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ဖြေရှင်း၍မပြီးကြောင်း တုံ့ပြန်ခဲ့သည်။
“တပ်စခန်း ၉ ခုကို သူတို့ ဖယ်ခိုင်းတာတော့မှန်တယ်။ ဒီကိစ္စက နိုင်ငံအချင်းချင်း ဖြေရှင်းရမယ့်ကိစ္စရပ် ဖြစ်တယ်ဆိုတာလည်း ကျနော်တို့ အကြောင်းပြန်ထားတယ်။ ဒီကိစ္စရပ်မျိုးက ကျနော်တို့လည်း မပြီးဘူးလေနော်။ ဒီကိစ္စကို နိုင်ငံတော်အကြီးပိုင်းတွေ (စကစ) ကို သတင်းပို့ပြီးပါပြီ။ ထိုင်းဘက်က အင်အားတိုးချဲ့တာတော့ သိရတယ်။ ကျနော်တို့ဘက်ကတော့ ပုံမှန်အခြေအနေပါပဲ”
UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက “တပ်စခန်း ၉ ခုကို သူတို့ ဖယ်ခိုင်းတာတော့မှန်တယ်။ ဒီကိစ္စက နိုင်ငံအချင်းချင်း ဖြေရှင်းရမယ့်ကိစ္စရပ် ဖြစ်တယ်ဆိုတာလည်း ကျနော်တို့ အကြောင်းပြန်ထားတယ်။ ဒီကိစ္စရပ်မျိုးက ကျနော်တို့လည်း မပြီးဘူးလေနော်။ ဒီကိစ္စကို နိုင်ငံတော်အကြီးပိုင်းတွေ (စကစ) ကို သတင်းပို့ပြီးပါပြီ။ ထိုင်းဘက်က အင်အားတိုးချဲ့တာတော့ သိရတယ်။ ကျနော်တို့ဘက်ကတော့ ပုံမှန်အခြေအနေပါပဲ” ဟု ပြောသည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာစစ်ကောင်စီဘက်က သဘောထားတစုံတရာ ထုတ်ပြန်လာခြင်း မရှိသေးပေ။
UWSA တောင်ပိုင်း အမှတ် ၁၇၁ စစ်ဒေသအခြေစိုက်ရာ မိုင်းတုံ၊ မိုင်းဆတ်မြို့နယ်နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ ချင်းမိုင်ခရိုင်၊ ချင်းရိုင်းခရိုင်တို့သည် နယ်နိမိတ်ထိစပ်နေပြီး နယ်စပ်မျဉ်းအတိအကျ သတ်မှတ်နိုင်ခြင်း မရှိသေးသည့်ဒေသ ဖြစ်သည်။
ထိုင်းဘက်က ထိုဒေသရှိ UWSA တပ်စခန်းများအား ဖယ်ရှားပေးရန် မြန်မာအစိုးရနှင့် အကြိမ်ကြိမ် ဆွေးနွေးတောင်းဆိုခဲ့ သော်လည်း UWSA သည် ယနေ့အချိန်ထိ ဖယ်ရှားပေးခြင်းမရှိဘဲ ၁၇၁ စစ်ဒေသသို့ ကျူးကျော်လာမှုများကို တိုက်ခိုက်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
၎င်းတို့ တပ်စခန်းများသည် ထိုင်း (သို့မဟုတ်) မြန်မာ မည်သည့်ဘက်တွင် ရှိသည်ကိုပင် မသိရှိကြောင်းနှင့် ၁၉၉၆ ခုနှစ်က လက်နက်ချခဲ့သော မောင်တိုင်းတပ်မတော် (MTA) တပ်စခန်းဟောင်းနေရာများတွင် ဝင်ရောက်နေရာယူထားခြင်းသာ ဖြစ်ကြောင်းလည်း UWSA ဘက်က ထိုင်းစစ်တပ်ထံ တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရသည်။
လက်ရှိ စစ်ရေးပြင်ဆင်မှုနှင့် ပတ်သက်ပြီး ထိုင်းအစိုးရနှင့် စစ်တပ်ခေါင်းဆောင်များက ငြင်းဆိုခြင်းမရှိသော်လည်း ပြဿနာ ပိုမိုကြီးမသွားစေရန် ဆက်လက်ဆွေးနွေးလျက်ရှိကြောင်းနှင့် အခြေအနေ တည်ငြိမ်မှုရှိနေကြောင်း ယမန်နေ့၌ ထုတ်ဖော် ပြောဆိုထားကြသည်။
ထိုင်းစစ်တပ်သည် ၎င်းတို့၏ ပိုင်နက်နယ်မြေအား ကာကွယ်ရန်အသင့်ရှိနေပြီး UWSA တပ်များအနေဖြင့် ယခုထက်ပို၍ နယ်မြေကျော်လွန်မှု ရှိလာပါက ထိုင်းဘက်မှ အလွတ်သဘောသတ်မှတ်ထားသည့် နယ်စပ်မျဉ်းတဖက်သို့ ဖိအားပေး တွန်းထုတ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က ပြောထားသည်။
ထိုင်းစစ်တပ်သည် ၎င်းတို့၏ ပိုင်နက်နယ်မြေအား ကာကွယ်ရန်အသင့်ရှိနေပြီး UWSA တပ်များအနေဖြင့် ယခုထက်ပို၍ နယ်မြေကျော်လွန်မှု ရှိလာပါက ထိုင်းဘက်မှ အလွတ်သဘောသတ်မှတ်ထားသည့် နယ်စပ်မျဉ်းတဖက်သို့ ဖိအားပေး တွန်းထုတ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က ပြောထားသည်။
ထိုင်း-မြန်မာနယ်စပ်အရေးနှင့် ပတ်သက်ပြီး ထိုင်းအစိုးရအနေဖြင့် နယ်နိမိတ်အငြင်းပွားမှုများသာမက မူးယစ်ဆေးဝါး ပြဿနာ၊ တရားမဝင် ဝင်ရောက်မှုပြဿနာနှင့် နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုများအား တိုက်ဖျက်ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိသည်။
ဝန်ကြီးချုပ်သစ်ဖြစ်သူ မစ္စ ပေတောင်တန် ရှင်နာဝပ်ထရာ၏ ဦးစားပေးပေါ်လစီ ၁၀ ရပ်တွင် မူးယစ်ဆေးဝါးဝင်ရောက်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးထုတ်လုပ်ရာ အရင်းအမြစ်များအား အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဖြတ်တောက်ရေး၊ အွန်လိုင်းနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအား ပူးပေါင်းတိုက်ဖျက်ရေးတို့ ပါဝင်သည်။
မူးယစ်ဆေးဝါးဖမ်းမိမှုအနေဖြင့် ၂၀၂၃ အောက်တိုဘာလမှစတင်ကာ တနှစ်တာအတွင်း စိတ်ကြွဆေးပြား ၅၁ သန်းနီးပါး၊ အိုက်စ် ၁၈၇ တန်ခန့်၊ ဘိန်းဖြူ ၈၃ တန်ခန့် ဖမ်းမိခဲ့ပြီး တရားခံပြေး ၃၄၂၈ ဦးနှင့် ဦးဆောင်သူ ၂၅၇ ဦး စစ်ဆေးတွေ့ရှိခဲ့ ကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ထားသည်။
ထိုင်းကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်လည်း နိုဝင်ဘာ ၁၆ ရက်က မွန်ပြည်နယ်နှင့် ထိစပ်နေသည့် ကန်ချနာဘူရီ ခရိုင်အတွင်းမှ နယ်စပ်စခန်းများသို့ သွားရောက်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
လက်ရှိ ထိုင်းဘက်မှ စစ်ရေးပြင်နေသည့် မိုင်းတုံ၊ မိုင်းဆတ်ဒေသသည် ယခင်ကတည်းက ဘိန်းရာဇာအဖြစ် လူသိများသည့် ဦးခွန်ဆာ၊ ဝေရှောက်ခမ်း စသူတို့ ကြီးစိုးခဲ့ရာနေရာဖြစ်ပြီး ယနေ့တိုင် မူးယစ်ဆေးဝါးပြဿနာများ၊ နယ်နိမိတ်အငြင်းပွားမှု များနှင့် နယ်မြေလုတိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။
၂၀၂၁ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် နယ်စပ်ဒေသတိုက်ပွဲများကြောင့် ဒုက္ခသည်များဝင်ရောက်မှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာလမ်းကြောင်းနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ဖြေရှင်းနေရသည့် ထိုင်းစစ်တပ်၏ စစ်ရေးပြင်ဆင်မှုသည် နယ်မြေအငြင်းပွားမှု တခုတည်းကြောင့် မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသူများက မှတ်ချက်ပြုသည်။
ရှမ်းသံတော်ဆင့်သတင်းဌာန တည်ထောင်သူ ဦးခွန်ဆိုင်းက “ထိုင်းဘက်ကလည်း အရမ်းမလုပ်ပါဘူး။ ထိုင်းဘက်က လုပ်မယ်ဆိုရင် နယ်စပ်အကြောင်းအရာတင်မကဘူး၊ ဒီ့ပြင်အကြောင်းအရာတွေ ပါနိုင်တယ်။ နယ်စပ်ကတော့ အကြောင်းပြရုံလောက်ပဲ ဖြစ်နိုင်တယ်” ဟု သုံးသပ်သည်။
ရှမ်းမြောက်ဒေသတွင် ဩဇာကြီးမားလာသည့် တရုတ်လွှမ်းမိုးမှုရှိသော UWSA အနေဖြင့် ထိုင်းနယ်စပ်ဒေသ၌ပါ ဩဇာကျယ်ပြန့်လာနိုင်သည့်အပေါ် အမေရိကန်နိုင်ငံ၏ မဟာမိတ်ဖြစ်သော ထိုင်းနိုင်ငံ၏သဘောထား မည်သို့ရှိမည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်းလည်း စစ်ရေးလေ့လာသူတဦးက ထောက်ပြသည်။
ထို့ပြင် ရှမ်းမြောက်ဒေသတွင် ဩဇာကြီးမားလာသည့် တရုတ်လွှမ်းမိုးမှုရှိသော UWSA အနေဖြင့် ထိုင်းနယ်စပ်ဒေသ၌ပါ ဩဇာကျယ်ပြန့်လာနိုင်သည့်အပေါ် အမေရိကန်နိုင်ငံ၏ မဟာမိတ်ဖြစ်သော ထိုင်းနိုင်ငံ၏သဘောထား မည်သို့ရှိမည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်းလည်း စစ်ရေးလေ့လာသူတဦးက ထောက်ပြသည်။
၎င်းက “တရုတ်က သူ့နယ်စပ်မှာ အမေရိကန်နဲ့ အနောက်ဩဇာ လွှမ်းမိုးလာမှာကို လက်မခံသလို ထိုင်းနယ်စပ်မှာလည်း တရုတ်ဩဇာလွှမ်းမိုးတာကို လက်မခံဘူးဆိုတာ ပြတာပေါ့။ ထိုင်းနယ်စပ်မှာ ဝ နဲ့ တရုတ်ရဲ့ ဩဇာကိုလည်း ဖြိုတာပေါ့” ဟု သုံးသပ်ပြောဆိုသည်။
UWSA အမှတ် ၁၇၁ စစ်ဒေသ
ခွန်ဆာ ဦးဆောင်သော မောင်တိုင်းတပ်မတော် (MTA) ကြီးစိုးရာ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းတုံ၊ မိုင်းဆတ်ဒေသအား စစ်အစိုးရနှင့် UWSA တပ်များ ပူးပေါင်းကာ ၁၉၉၄ တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၁၉၉၆ ၌ ခွန်ဆာ လက်နက်ချသည့်အခါ ထိုဒေသများသည် UWSA တောင်ပိုင်း ၁၇၁ စစ်ဒေသဖြစ်လာပြီး ဝ လူမျိုး ၁ သိန်းခန့် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။
၁၇၁ စစ်ဒေသတွင် စစ်နယ်မြေ ၃ ခုနှင့် တပ်မဟာ ၅ ခု ဖွဲ့စည်းထားပြီး တပ်ဖွဲ့ဝင်အင်အား ၁ သောင်းခန့်ဖြင့် ထိုင်း-မြန်မာ နယ်စပ်လျှောက် MTA တပ်စခန်းဟောင်းများ အပါအဝင် နေရာများစွာ တပ်စခန်းချထားကြောင်း သိရသည်။ မြန်မာစစ်တပ် စခန်းများလည်း ထိုဒေသထဲတွင် ရှိနေသည်။
UWSA ဗဟိုဌာနချုပ်သည် ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် ပန်ဆန်းတွင် ရှိသော်လည်း ၁၇၁ စစ်ဒေသအား ဝေရှောက်ခမ်း (ခ) စိန်ဝင်းအုပ်စုက ပို၍ဩဇာလွှမ်းမိုးကြောင်း စစ်ရေးလေ့လာသူတဦးက ပြောသည်။
၁၇၁ စစ်ဒေသ ခေါင်းဆောင်တဦးဖြစ်သော ဝေရှောက်ခမ်းသည် မူးယစ်ရာဇာအဖြစ် အမေရိကန်နှင့် ထိုင်းအစိုးရ အလိုရှိသူ ဖြစ်ပြီး ၁၉၈၆ ခုနှစ်တွင် ချင်းမိုင်မြို့၌ ၎င်းအားဖမ်းမိပြီးနောက် ၁၉၉၄ ၌ ထောင်ဒဏ်တသက် ချမှတ်ခဲ့သော်လည်း အယူခံ ဝင်ရန် အာမခံဖြင့်နေထိုင်စဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
၁၇၁ စစ်ဒေသ ခေါင်းဆောင်တဦးဖြစ်သော ဝေရှောက်ခမ်းသည် မူးယစ်ရာဇာအဖြစ် အမေရိကန်နှင့် ထိုင်းအစိုးရ အလိုရှိသူ ဖြစ်ပြီး ၁၉၈၆ ခုနှစ်တွင် ချင်းမိုင်မြို့၌ ၎င်းအားဖမ်းမိပြီးနောက် ၁၉၉၄ ၌ ထောင်ဒဏ်တသက် ချမှတ်ခဲ့သော်လည်း အယူခံ ဝင်ရန် အာမခံဖြင့်နေထိုင်စဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၀၁ ခုနှစ်တွင် ဘန်ကောက်နှင့် ချင်းမိုင်မြို့ရှိ ဝေရှောက်ခမ်းပိုင်ဆိုင်သော အိမ်များ၊ ကားများ၊ လက်ဝတ်ရတနာ များ အပါအဝင် ဘတ်သန်း ၁ ရာခန့် ပိုင်ဆိုင်မှုများအား ထိုင်းအစိုးရက ဖမ်းဆီးသိမ်းဆည်းခဲ့သည်။
ထို ၂၀၀၁ ၊ ၂၀၀၂ ခုနှစ်ကာလသည် ထိုင်းနှင့်မြန်မာကြား တာချီလိတ်မြို့အနီးက အို-၇ တောင်ကုန်းတိုက်ပွဲ အပါအဝင် နယ်စပ်တကြော တိုက်ပွဲများ ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။
နှစ်များစွာကြာပြီးနောက် ယခုနှစ်မတ်လတွင် ဆွစ်ဇာလန်ဘဏ်တခု၌ အပ်နှံထားသော ဝေရှောက်ခမ်း၏ ဘတ်ငွေ ၇၆ သန်းခန့် ပိုင်ဆိုင်မှုများအား ဆွစ်ဇာလန်ဘက်က ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးရန် သဘောတူလိုက်ပြီ ဖြစ်သည်။
၂၀၀၁ ခုနှစ်က တိုက်ပွဲများတွင် UWSA သည် မြန်မာစစ်တပ်ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သကဲ့သို့ ထိုင်းစစ်တပ်ဘက်က ခွန်ဆာ၏ လက်ရုံးတဦးဖြစ်သော ယွက်ဆစ် ဦးဆောင်သည့် ရှမ်းပြည်တောင်ပိုင်းတပ်မတော် (RCSS/SSA) တပ်များ ကူညီတိုက်ခိုက်ခဲ့ကြောင်း စစ်တပ်က စွပ်စွဲခဲ့သည်။
ဗိုလ်ချုပ်ကြီး ယွက်ဆစ်သည် လက်နက်ချရန် ငြင်းဆန်ခဲ့သည့် MTA တပ်မှူးဟောင်းတဦးဖြစ်ပြီး တပ်ဖွဲ့ဝင်အချို့အား ဦးဆောင်ကာ နောက်ပိုင်းတွင် RCSS/SSA တပ်ကို ထူထောင်ခဲ့ပြီး UWSA ၁၇၁ စစ်ဒေသနှင့် နယ်မြေဆက်စပ်နေသည့် ထိုင်း-မြန်မာနယ်စပ် လွယ်တိုင်းလျံဒေသတွင် ဌာနချုပ် အခြေစိုက်ထားသည်။
မူလရှမ်းနယ်မြေများအား “ဝ” တပ်များ သိမ်းပိုက်ခဲ့မှုနှင့် နယ်မြေအငြင်းပွားမှုများကြောင့် UWSA နှင့် RCSS ကြား တိုက်ပွဲ ဖြစ်ပွားမှုများ ရှိခဲ့သည့်အပြင် UWSA က ၂၀၀၅ ခုနှစ်တွင် လွယ်တိုင်းလျံဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးသည်။
နောက်ပိုင်းတွင်လည်း RCSS နှင့် UWSA ကြား တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ရေးတင်းမာမှုများစွာရှိခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီ ၅ ရက်နေ့က မိုင်းတုံမြို့နယ်၊ မုံးထဒေသတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သည်။
လက်ရှိ ထိုင်းဘက်က နယ်မြေကျော်လွန်နေကြောင်းပြောသည့် UWSA တပ်စခန်းတခုသည် RCSS ဌာနချုပ် လွယ်တိုင်းလျံနှင့် မြေပုံမျဉ်းဖြောင့်အတိုင်းဆိုပါက ၇ မိုင်ကျော်သာ ကွာဝေးပြီး စစ်ဆိုင်ထားသည့် တပ်စခန်း ဖြစ်သည်။
လက်ရှိ ထိုင်းဘက်က နယ်မြေကျော်လွန်နေကြောင်းပြောသည့် UWSA တပ်စခန်းတခုသည် RCSS ဌာနချုပ် လွယ်တိုင်းလျံနှင့် မြေပုံမျဉ်းဖြောင့်အတိုင်းဆိုပါက ၇ မိုင်ကျော်သာ ကွာဝေးပြီး စစ်ဆိုင်ထားသည့် တပ်စခန်း ဖြစ်သည်။
ထို့ကြောင့် ယင်းဌာနချုပ်နှင့် နယ်မြေဆက်စပ်နေသည့် ၁၇၁ စစ်ဒေသတွင် ထိုင်းနှင့် UWSA ကြား စစ်ရေးတင်းမာမှု၌ RCSS ပါဝင်လာနိုင်သည့် အခြေအနေနှင့် ပတ်သက်ပြီး လေ့လာသူများက စောင့်ကြည့်လျက်ရှိသည်။
စစ်ရေးလေ့လာသူတဦးက “အဓိကတော့ ပြဿနာကကြီးမလား၊ သေးမလားဆိုတာက RCSS ပါမပါပဲ။ RCSS က ထိုင်းဘက်က ဝင်ပါပြီဆိုရင်တော့ ပွဲကြီးမှာပဲ သေချာတယ်” ဟု ပြောသည်။
မြန်မာစစ်တပ်နှင့်ပူးတွဲကာ ထိုင်းအားတိုက်ခိုက်ခဲ့ဖူးသည့် UWSA သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် လူသူ လက်နက်အင်အား အတောင့်တင်းဆုံးတပ်ဖွဲ့တခု ဖြစ်သည်။
၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လက်နက်ကိုင်တိုက်ပွဲများအတွင်း မြန်မာစစ်တပ်သည် မြို့များနှင့် တပ်စခန်းများစွာ လက်လွှတ်ဆုံးရှုံးနေရကာ အင်အားချည့်နဲ့လာချိန်တွင် UWSA အား ထိုင်းဘက်က စစ်ရေးအရ ဖိအားပေးလာမှုအပေါ် မည်သို့တုံ့ပြန်မည်ကို စောင့်ကြည့်ရမည်ဟု လေ့လာသူများက ဆိုသည်။ ။
You may also like these stories:
UWSA နှင့်ထိပ်တိုက်မတွေ့ရန် ညွှန်ကြားထားကြောင်း ထိုင်းစစ်တပ်ပြော
UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း
သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)
သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း ၃