ဇူလိုင်လ၏ နေ့တနေ့တွင် ကိုရာဖစ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းမှ ခိုးထွက်ပြီး လှေငယ်တစီးဖြင့် မြန်မာနယ်စပ်ကို ဖြတ်ကျော်သည်။
သူ ဦးတည်သည့်နေရာမှာ ၂၀၁၇ ခုနှစ်က သူထွက်ပြေးခဲ့သော မြန်မာနိုင်ငံမှ ဖျက်အားပြင်းသည့် ပြည်တွင်းစစ် ဖြစ်သည်။
အသက် ၃၂ နှစ်အရွယ် ကိုရာဖစ်ကဲ့သို့ ထောင်နှင့်ချီသော ရိုဟင်ဂျာသူပုန်များသည် ကော့ဘဇားမှ ဒုက္ခသည် ၁ သန်းကျော်ထားသည့် စခန်းများမှ ထွက်လာကြခြင်းနှင့်ပတ်သက်၍ ထိုပဋိပက္ခအကြောင်း သိရှိသူ လေးဦးက ပြောသည်။ ထို့ပြင် Reuters သတင်းဌာနက ကြည့်ရှုခဲ့သည့် ပြည်တွင်းအကူအညီပေးရေးအေဂျင်စီ နှစ်ခု၏ အစီရင်ခံစာများတွင်လည်း ဖော်ပြထားသည်။ ကော့ဘဇားမှ ဒုက္ခသည်စခန်းများတွင် ၂၀၂၄ ခုနှစ်မှ စတင်ပြီး စစ်သွေးကြွ လူသစ်စုဆောင်းမှုနှင့် အကြမ်းဖက်မှု တိုးလာသည်။
“ကျနော်တို့မြေတွေကို ပြန်ရဖို့ ကျနော်တို့ တိုက်ဖို့လိုတယ်” ဟု ကိုရာဖစ်က ပြောသည်။ သူသည် ပိန်ပါးပြီး မုတ်ဆိတ်ထားသူဖြစ်ကာ မွတ်ဆလင် ဝတ်ပြုဦးထုပ် ဆောင်းထားသည်။ သူသည် ခြေထောက်တွင် သေနတ်မှန်ပြီး ပြန်မလာမီ မြန်မာတွင် ရက်သတ္တပတ်များစွာ တိုက်ခိုက်ခဲ့သည်။ “တခြားနည်းလမ်း မရှိဘူး” ဟု သူက ပြောသည်။
ကမ္ဘာ့အများဆုံး နိုင်ငံမဲ့သူများဖြစ်သည့် အဓိကအားဖြင့် မွတ်ဆလင်များ ပါဝင်သော ရိုဟင်ဂျာများသည် ဗုဒ္ဓဘာသာအများစု မြန်မာစစ်တပ်၏ လက်တွင် ကုလသမဂ္ဂက သတ်မှတ်သည့် လူမျိုးတုံးသတ်ဖြတ်မှုမှ လွတ်မြောက်ရန် ဘင်္ဂလားဒေ့ရှ်သို့ ၂၀၁၆ ခုနှစ်က စတင်ပြီး ထွက်ပြေးလာကြသည်။
မြန်မာမှ ကာလကြာမြင့်ပြီဖြစ်သော ပုန်ကန်မှုသည် စစ်တပ်က ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် အောင်ပွဲရလာနေသည်။
ထိုပုန်ကန်မှုတွင် လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံ ပါဝင်ပြီး ယခုအခါ ရိုဟင်ဂျာ တိုက်ခိုက်ရေးသမားများလည်း ပါဝင်လာပြီ ဖြစ်သည်။
ရိုဟင်ဂျာ အများအပြားသည် ၎င်းတို့ စွန့်ခွာလာခဲ့သည့် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ နယ်မြေအများစုကို သိမ်းပိုက်ထားသော အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်ရန် ယခင်က သူတို့အပေါ် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည့် စစ်တပ်နှင့် မရေမရာ မဟာမိတ်ဖွဲ့ထားသည့် အုပ်စုများသို့ ဝင်ရောက်ကြသည်။
ရိုဟင်ဂျာ အများအပြားသည် ၎င်းတို့ စွန့်ခွာလာခဲ့သည့် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ နယ်မြေအများစုကို သိမ်းပိုက်ထားသော အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်ရန် ယခင်က သူတို့အပေါ် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည့် စစ်တပ်နှင့် မရေမရာ မဟာမိတ်ဖွဲ့ထားသည့် အုပ်စုများသို့ ဝင်ရောက်ကြသည်။
Reuters သတင်းဌာနသည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများအတွင်း သူပုန်အုပ်စုများ ခေါင်းထောင်ထလာသည်ဟု ပြောပြသူ ၁၈ ဦးကို တွေ့ဆုံမေးမြန်းပြီး မကြာသေးမီ လများအတွင်း အကူအညီပေးရေးအေဂျင်စီများက ရေးသားသည့် လုံခြုံရေးအခြေအနေ ဌာနတွင်းအစီရင်ခံစာ နှစ်စောင်ကို လေ့လာခဲ့သည်။
Reuters သတင်းဌာနသည် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများ လူသစ်စုဆောင်းမှု အတိုင်းအတာကို ပထမဆုံးအကြိမ် သတင်းတင်ပြခြင်း ဖြစ်သည်။ လူသစ်အင်အားမှာ ၃ ထောင်မှ ၅ ထောင်ကြား ရှိသည်။
Reuters သတင်းဌာနသည် ရိုဟင်ဂျာများနှင့် AA အကြား မအောင်မြင်သော ဆွေးနွေးညှိနှိုင်းမှု အသေးစိတ်များ၊ စစ်ကောင်စီက ရိုဟင်ဂျာများကို ကမ်းလှမ်းသည့် ငွေကြေးနှင့် နိုင်ငံသားဖြစ်ခွင့် စာရွက်စာတမ်းများသာမက ထိုပုန်ကန်မှုတွင် ဘင်္ဂလားဒေ့ရှ်အရာရှိများ ပူးပေါင်းဆောင်ရွက်မှုတို့ကိုလည်း ဖော်ပြထားသည်။
ရိုဟင်ဂျာ တိုက်ခိုက်ရေးသမားများ၊ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်သားများနှင့် ဘင်္ဂလားဒေ့ရှ် အရာရှိများပါဝင်သည့် လူအမျာအပြားသည် အမည်ထုတ်ဖော်ပြောဆိုခြင်း မပြုရန်၊ အမည်၏ ပထမစာလုံးကိုသာ အသုံးပြုရန် တောင်းဆိုကြသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရသည် Reuters ၏ မေးခွန်းများကို တုံ့ပြန်ခြင်းမရှိဘဲ စစ်ကောင်စီက ၎င်းတို့သည် မည်သည့် “မွတ်ဆလင်” ကိုမှ စစ်သားစုဆောင်းခြင်း မရှိဟု ကြေညာချက်တစောင်တွင် ငြင်းဆန်သည်။
“မွတ်ဆလင်ဒေသခံများက အကာအကွယ် တောင်းခံသည်။ ထို့ကြောင့် ၎င်းတို့ရွာများနှင့် ဒေသများကို ကာကွယ်ရန် အခြေခံစစ်သင်တန်း ပေးထားသည်” ဟု စစ်ကောင်စီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အကြီးမားဆုံး ရိုဟင်ဂျာစစ်သွေးကြွအုပ်စု နှစ်ခုဖြစ်သည့် ရိုဟင်ဂျာ သွေးစည်းခိုင်မာရေးဖွဲ့ (RSO) နှင့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA) သည် ကော့ဘဇားမှ စခန်းများတွင် လူထုထောက်ခံမှုရှိပုံ မရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျဟန်ဂီရ်နာဂါ တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာ ရှာဟက် အီနမ်ခန်က ပြောသည်။
သို့သော် လေ့ကျင့်ပေးထားသည့် ရိုဟင်ဂျာ တိုက်ခိုက်ရေးသမားများနှင့် လက်နက်များ ဒုက္ခသည်စခန်းများ အတွင်းနှင့် ပတ်ဝန်းကျင်တွင် ရှိနေခြင်းကို ဘင်္ဂလားဒေ့ရှ်က ချိန်ကိုက်ဗုံးအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း လုံခြုံရေးသတင်းရင်းမြစ်တခုက ပြောသည်။
အကြမ်းဖက်မှုများပြီး ဆင်းရဲတွင်းနက်သော စခန်းများတွင် နှစ်စဉ် ကလေး ၃ သောင်းကို မွေးဖွားနေသည်။
စိတ်ပျက်နေသော ဒုက္ခသည်များကို နိုင်ငံတော်အဆင့်နှင့် မပတ်သက်သူများက စစ်သွေးကြွလှုပ်ရှားမှုများသို့ ဆွဲဆောင်နိုင်ပြီး ရာဇဝတ်လုပ်ငန်းများသို့ တွန်းပို့နိုင်သည်ဟု ဒေါက်တာ ခန်က ပြောသည်။ “ဒါဟာ နောက်တော့ ဒေသတွင်းနိုင်ငံတွေမှာလည်း စိမ့်ဝင်လိမ့်မယ်” ဟုပြောသည်။
မောင်တောတိုက်ပွဲ
ဒုက္ခသည်စခန်းများအနီး မြန်မာနိုင်ငံအနောက်ပိုင်း မောင်တောသို့ နှစ်လယ် မိုးရာသီခန့်တွင် လှေစီးလာခဲ့ပြီးနောက် သူ့ကို စစ်ကောင်စီတပ်များက နေစရာပေးကာ လက်နက်တပ်ဆင်ပေးကြောင်း ရိုဟင်ဂျာသူပုန်ဖြစ်လာသူ အဘူ အက်ဖ်နာက ပြောသည်။
ပင်လယ်ကမ်းခြေ မောင်တောမြို့တွင် စစ်ကောင်စီတပ်သည် နယ်မြေထိန်းချုပ်ရေးအတွက် AA နှင့် တိုက်ခိုက်နေပြီး ရိုဟင်ဂျာများက စစ်သားများနှင့် အခန်းတခန်းတည်းတွင် နေထိုင်နေသည်ကို တခါတရံ တွေ့ရသည်။
“စစ်ကောင်စီတပ်တွေနဲ့ အတူနေရတုန်းက ငါတို့ဟာ ငါတို့အမေ၊ ညီမ၊ အမတွေကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့လူတွေနဲ့ အတူရပ်တည်နေတာပါလားလို့ ခံစားရတယ်” ဟု အဘူ အက်ဖ်နာက ပြောသည်။
သို့သော် AA ကို ဗုဒ္ဓဘာသာအများစု ရခိုင်လူမှုအသိုက်အဝန်းက ထောက်ခံသည်။ ရခိုင်လူမှုအသိုက်အဝန်းတွင် ရိုဟင်ဂျာများကို မောင်းထုတ်ရန် စစ်တပ်နှင့် ပူးပေါင်းသူများလည်း ပါဝင်သည်။
AA သည် မြန်မာမှ လက်ကျန် အကြီးမားဆုံး ရိုဟင်ဂျာအခြေချ နေထိုင်ရာ နေရာတခုကို မီးရှို့ခြင်းအတွက် တာဝန်ရှိကြောင်းနှင့် RSO သည် စစ်ကောင်စီတပ်နှင့်အတူ တိုက်ခိုက်ရန် “စစ်မြေပြင်သဘောတူညီမှု” ရထားကြောင်း Reuters က ၂၀၂၄ ခုနှစ်အတွင်း သတင်းဖော်ပြခဲ့ဖူးသည်။
“ကျနော်တို့ရဲ့ အဓိက ရန်သူက မြန်မာစစ်ကောင်စီ မဟုတ်ဘူး။ ရခိုင်လူမှုအသိုက်အဝန်းသာ ဖြစ်တယ်” ဟု အဘူ အက်ဖ်နာက ပြောသည်။
စစ်ကောင်စီတပ်သည် ရိုဟင်ဂျာများကို လက်နက်၊ သင်တန်း၊ ငွေကြေးထောက်ပံ့ကြောင်း အဘူအက်ဖ်နာ၊ ဘင်္ဂလားဒေ့ရှ် သတင်းရင်းမြစ်တခုနှင့် စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းခံရသည့် အခြား ရိုဟင်ဂျာတဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ရိုဟင်ဂျာများကို လက်နက်၊ သင်တန်း၊ ငွေကြေးထောက်ပံ့ကြောင်း အဘူအက်ဖ်နာ၊ ဘင်္ဂလားဒေ့ရှ် သတင်းရင်းမြစ်တခုနှင့် စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းခံရသည့် အခြား ရိုဟင်ဂျာတဦးက ပြောသည်။
စစ်ကောင်စီသည် ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုသည့် ကတ်များလည်း ထုတ်ပေးသည်။
အချိ့အတွက် ထိုကတ်များသည် မက်လောက်စရာ ရှိသည်။
ရိုဟင်ဂျာများသည် မြန်မာတွင် နေထိုင်သည်မှာ မျိုးဆက်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း နိုင်ငံသားဖြစ်ခွင့် ပယ်ချခံရပြီး ယခုအခါ ဒုက္ခသည်စခန်း သုံးခုတွင် ကန့်သတ်ခံထာရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားဝင်အလုပ်လုပ်ခွင့် ပိတ်ပင်ထားသည်။
“ကျနော်တို့က ငွေအတွက် သွားတာမဟုတ်ဘူး။ ကျနော်တို့က ကတ်၊ နိုင်ငံသားအဆင့် လိုချင်တာ” ဟု အက်ဖ်နာက ပြောသည်။
အတွေးအခေါ်၊ အမျိုးသားရေးနှင့် ဘဏ္ဍာရေးဆွဲဆောင်မှုသာမက လိမ်လည်ကတိများ၊ ခြိမ်းခြောက်မှုများနှင့် အတင်းအကျပ် လုပ်ခြင်းများဖြင် ထိုဒုက္ခသည်စခန်းများမှ လူ ၂,၀၀၀ ခန့်ကို မတ်လနှင့် မေလအတွင်း စစ်သားစုဆောင်းသည်ဟု Reuters က ကြည့်ရှုခဲ့ရသည့် အကူအညီပေးရေးအေဂျင်စီ၏ ဇွန်လက အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုအစီရင်ခံစာကို အများပြည်သူသို့ ထုတ်ပြန်ခြင်း မဟုတ်သောကြောင့် ရေးသားသူများအမည် မပါပေ။
၁၃ နှစ်အထိ ငယ်သော ကလေးများအပါအဝင် တိုက်ခိုက်ရန် ခေါ်ဆောင်ခံရသူအများစုသည် အတင်းအကျပ် ခေါ်ဆောင်ခံရခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂအရာရှိတဦးနှင့် ရိုဟင်ဂျာတိုက်ခိုက်ရေးသမား နှစ်ဦးက ပြောသည်။
ငွေကြေးကျပ်တည်းနေသော ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာဒုက္ခသည်များကို လက်ခံရန် စိတ်အားထက်သန်မှု ပိုမိုနည်းလာပြီး လက်နက်ကိုင်တိုက်ပွဲသည် ရိုဟင်ဂျာများ နေရပ်ပြန်ရန် တခုတည်းသော နည်းလမ်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်အရာရှိ အချို့က ယူဆကြောင်း နီးစပ်သူတဦးက ပြောသည်။
သူပုန်အုပ်စုတခုကို ထောက်ခံလိုက်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်ကို ပိုမိုသြဇာရှိမည်ဟု ထိုအရာရှိများက ယူဆကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ရိုဟင်ဂျာများ၏ လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံသင့်ကြောင်း၊ ထိုသို့လုပ်ခြင်းသည် ရိုဟင်ဂျာများ နေရပ်ပြန်ရန် ချောမွေ့ရေးအတွက် စစ်ကောင်စီနှင့် AA အကြား ညှိနှိုင်းရန် တွန်းအားပေးမည်ဖြစ်ကြောင်း ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် အငြိမ်းစား ဗိုလ်မှူးချုပ် မန်ဇာ ကဒါက ပြောသည်။
ယခင် ဘင်္ဂလားဒေ့ရှ်အစိုးရအောက်တွင် အချို့ ထောက်လှမ်းရေးအရာရှိများသည် လက်နက်ကိုင်အဖွဲ့အစည်းများကို ထောက်ခံသော်လည်း အားလုံးကို လွှမ်းခြုံသည့် ညွှန်ကြားချက် မရှိသောကြောင့် ညှိနှိုင်းမှုနည်းကြောင်း ၎င်းကပြောသည်။
လမ်းအများအပြားကို လုံခြုံရေးစခန်းများဖြင့်စောင့်ကြည့်နေသည့် ကော့ဘဇားမှ စခန်းများအနီးတွင် ရိုဟင်ဂျာ ဒါဇင်ပေါင်းများစွာကို ၂၀၂၄ ခုနှစ် အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်အရာရှိများက မောင်တောနှင့် မျက်နှာချင်းဆိုင်မှ ဆိပ်ကမ်းသို့ပို့ပြီး လှေများဖြင့် ပို့ဆောင်ကြောင်း ထိုသို့ ပို့ဆောင်ခံရသူများတွင် ပါဝင်သည့် အဘူ အက်ဖ်နာက ပြောသည်။
“အဲဒါ မင်းတို့နိုင်ငံပဲ။ သွားပြန်ယူ” ဟု အရာရှိတဦးက ပြောကြောင်း သူက ပြန်ပြောပြသည်။
သူ၏ပြောဆိုချက်များကို Reuters သတင်းဌာနက သီးခြား လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိပေ။
“ကျနော်တို့ အကြောက်တရားနဲ့ ရှင်သန်ရတယ်”
ရခိုင်ပြည်နယ်တွင် လက်နက်အကြီးအကျယ် တပ်ဆင်ထားပြီး ပိုကောင်းအောင် လေ့ကျင့်ထားသည့် AA ကို ရိုဟင်ဂျာသူပုန်များက ရင်ဆိုင်နိုင်ရန် ရုန်းကန်ရသည်။
သို့သော် မောင်တောတိုက်ပွဲသည် ခြောက်လကြာလာပြီး ခြုံခိုက်တိုက်ခိုက်မှုများ အပါအဝင် နည်းဗျူဟာများကြောင့် AA ထိုးစစ်သည် နှေးကွေးလာကြောင်း ရိုဟင်ဂျာ တိုက်ခိုက်ရေးသမားများက ပြောသည်။
“အာရက္ခတပ်တော်က သူတို့တွေ မကြာခင် အပြတ်အသတ် အနိုင်ရမယ် ထင်နေတာ။ မောင်တောမှာ ရိုဟင်ဂျာတွေ ပါနေတော့ သူတို့မှားကြောင်း သက်သေပြလိုက်တာပဲ ” ဟု ထိုအခြေအနေကိုသိသော ဘင်္ဂလားဒေ့ရှ် အရာရှိတဦးက ပြောသည်။
ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာနှင့် AA အကြား ဆွေးနွေးပွဲများကို ၂၀၂၄ ခုနှစ် အစောပိုင်းတွင် ကြားဝင်စေ့စပ်ပေးသော်လည်း ဆွေးနွေးပွဲများ လျင်မြန်စွာ ပျက်စီးသွားကြောင်း မစ္စတာ ကဒါနှင့် ထိုကိစ္စများနှင့် နီးစပ်သူတဦးက ပြောသည်။
ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာနှင့် AA အကြား ဆွေးနွေးပွဲများကို ၂၀၂၄ ခုနှစ် အစောပိုင်းတွင် ကြားဝင်စေ့စပ်ပေးသော်လည်း ဆွေးနွေးပွဲများ လျင်မြန်စွာ ပျက်စီးသွားကြောင်း မစ္စတာ ကဒါနှင့် ထိုကိစ္စများနှင့် နီးစပ်သူတဦးက ပြောသည်။
ရိုဟင်ဂျာများနေထိုင်ရာ ဒေသများကို တိုက်ခိုက်သည့် AA ၏ သေနင်္ဂဗျူဟာကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပိုမို စိတ်ပျက်လာကြောင်း၊ အကြမ်းဖက်မှုသည် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးကို ရှုပ်ထွေးစေကြောင်း လူပုဂ္ဂိုလ် နှစ်ဦးက ပြောသည်။
ရိုဟင်ဂျာများနေထိုင်သည့် ဒေသများကို တိုက်ခိုက်ခြင်း မရှိကြောင်း၊ အရပ်သားများကို ဘာသာရေးအခြေခံပြီး ခွဲခြားမဆက်ဆံဘဲ ကူညီကြောင်း AA က ပြောသည်။
ကော့ဘဇားမှ စခန်းများတွင် RSO နှင့် ARSA သည် သြဇာပြိုင်ပြီး ဖရိုဖရဲဖြစ်နေသည်။
ပစ်ခတ်မှုနှင့် တိုက်ခိုက်မှုများသည် အထူးအဆန်း မဟုတ်တော့ဘဲ နေထိုင်သူများကို ကြောက်လန့်စေကာ လူသားချင်းစာနာမှု အားထုတ်မှုများကို ပြတ်တောက်စေသည်။
ထိုစခန်းများကို ၂၀၁၇ ခုနှစ်တွင် ထူထောင်ပြီးနောက် ယခုအခါ အကြမ်းဖက်မှုသည် အမြင့်မားဆုံးဖြစ်နေကြောင်း Fortify Rights လူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ မစ္စတာ ဂျွန်ကွင်လေက ပြောသည်။
၂၀၂၄ ခုနှစ်အတွင်းတွင် လက်နက်ကိုင်အဖွဲ့များသည် လူအနည်းဆုံး ၆၀ ကို သတ်ဖြတ်ခဲ့ပြီး ဆန့်ကျင်သူများကို ဖမ်းဆီးနှိပ်စက်ကာ ၎င်းတို့ကို “ဝေဖန်သူများအား နှုတ်ပိတ်စေရန် ခြိမ်းခြောက်နှောင့်ယှက်ကြောင်း” Fortify Rights ၏ လာမည့် အစီရင်ခံစာအရ သိရသည်။
ထိုစခန်းအတွက် နိုင်ငံတကာရန်ပုံငွေသည် လာမည့် ၁၀ နှစ်အတွင်း ကုန်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များဆိုင်ရာ နော်ဝေကောင်စီ ဒါရိုက်တာ မစ္စ ဝင်ဒီ မက်ကန့်စ်က သတိပေးပြီး “ဒုက္ခသည်များ၊ အထူးသဖြင့် လူငယ်များကို ရာဇဝတ်ဂိုဏ်းများက ဝင်ငွေပေးပြီး ဆွဲသွင်းမှု” ကို ရှောင်ရှားရန် “အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းများ” ပေးရန် တောင်းဆိုသည်။
မေလတွင် မောင်တောမှ ဇနီး၊ ကလေး လေးဦးနှင့်အတူ လွတ်မြောက်လာသည့် ရိုဟင်ဂျာ ကိုရှာရစ်အူလာက ပုံမှန် အစားအစာ ဝေစုရရန် ရုန်းကန်ရသည်ကို ရှင်းပြသည်။
သူ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုသည် ပြင်းထန်လာသည့် အကြမ်းဖက်မှုများအတွင်း သူ့မိသားစု၏ လုံခြုံရေးဖြစ်ကြောင်း တခါက စပါးစိုက်ပြီး ပုစွန်မွေးသူ ကိုရှာရစ်အူလာက ပြောသည်။
“ကျနော်တို့ ဒီမှာ ဘာမှမရှိဘူး” ဟု စခန်းများအကြား ဖြစ်သလို ဆောက်ထားသည့် လမ်းကြားများတွင် ကစားနေသည့် ကလေးများ အော်သံကို ကျော်ပြီး သူကပြောသည်။ “ကျနော်တို့ဒီမှာ အကြောက်တရားနဲ့ နေထိုင်ရတယ်” ဟုပြောသည်။
(Reuters ပါ In world’s largest refugee camps, Rohingya mobilise to fight in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ
ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို
ရိုဟင်ဂျာများကို စစ်ကောင်စီ စစ်သားစုဆောင်းနေ
စစ်ကောင်စီကို ဖြုတ်ချရန် မွတ်ဆလင်များလည်း ပူးပေါင်း တော်လှန်
AA ၏ “အားလုံးအကျုံးဝင် အုပ်ချုပ်ရေး” အစီအစဉ် ရိုဟင်ဂျာများအကြား သဘောထား ကွဲလွဲနေ
ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း အကြမ်းဖက်မှုများကို မေ့မထားရန် လိုအပ်နေ