ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က HIV/AIDS ရောဂါနဲ့ ပတ်သက်လို့ လူထုကို သတင်းအချက်အလက်ပေးရန်၊ သတိပြုမှုမြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါနေ့ (World AIDS day) အဖြစ် ၁၉၈၈ ခုနှစ်က စတင် သတ်မှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်မှာ AIDS ရောဂါရှိသူ ၁၀၀မှာ ၇၃ ယောက်လောက်အထိ ART ဆေးဝါး ထောက် ပံ့မှုတွေ လုပ်ပေးနိုင်သလို ကျန်းမာရေးအသိပညာပေး အစီ အစဉ်တွေ ကြောင့် ပြည့်တန်ဆာတွေကတဆင့် ရောဂါကူးစက်မှုနှုန်းဟာ ထက်ဝက်နီးပါးကျဆင်းလာခဲ့တယ်လို့ ၂၀၂၃ ခုနှစ် HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂ ပူးတွဲအစီအစဉ် (UNAIDS)ရဲ့ ထုတ်ပြန်ချက်က ဆိုပါ တယ်။
ဒါပေမယ့် ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်၊ ရှမ်းမြောက်၊ စစ်ကိုင်းစသည့် ဒေသတွေမှာ တရားဥပဒေ စိုးမိုးမှု လျော့ နည်းလာကာ နယ်မြေမတည်ငြိမ်မှုကြောင့် မူးယစ်ဆေးဝါးသုံးသူ ပိုများပြားလာပြီး အသိပညာပေးနိုင်မှု နည်းပါးလာသလို ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာလည်း ကလပ်တွေ၊ ဘားတွေမှာ ဟက်ပီးဝါးတားလို မူးယစ်တက်ကြွစေနိုင်တဲ့ ဓာတုစိတ်ကြွဆေးတွေ လွယ်လင့်တကူရလာတာကြောင့် ဆေးအလွန်အကျွံ သုံးစွဲပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံရာကနေ HIV ပိုး ကူးစက်မှုကို တဖန်ပြန် လည်မြင့် တက်လာစေတယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ် HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂ ပူးတွဲအစီအစဉ် (UNAIDS)ရဲ့ ကိန်းဂဏန်းများအရ မြန်မာပြည်ရဲ့ HIV/AIDS အားလုံးရဲ့ ၁၉ % ခန့်ဟာ မူးယစ်ဆေးဝါး သုံးစွဲရာက မသန့်ရှင်းသော ဆေးထိုးအပ်တွေကတဆင့်ဖြစ်တယ်လို့ ဖော်ပြထားပေမယ့် ၂၀၂၃ ခုနှစ်မှာ တော့ ၂၂ % ကျော်အထိ မြင့်မားလာတာကို တွေ့ရသလို အကာအကွယ်မဲ့ လိင်ဆက်ဆံမှုတွေကလည်း များသထက် များပြားလာနိုင်တယ်လို့ အဲ့ဒီ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက မှတ်ချက်ပြုပါတယ်။
AIDS ရောဂါ အကြောင်း
အေ့စ်ရောဂါဟာ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ အဆိုပါ HIV ဗိုင်းရပ်စ်ကို ၁၉၃၀ ခုနှစ်များက တည်းက အာဖရိကအနောက်ပိုင်းမှာရှိတဲ့ ချင်ပန်ဇီမျောက်မျိုးနွယ်တွေမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ၁၉၈၁ ခုနှစ်ရောက်မှလူတွေဆီ ကူးစက်လာတယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ ဒီရောဂါက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို အဓိကထား တိုက်ခိုက်တာ ဖြစ်ပါတယ်။ ခုခံအားကျဆင်းလာတဲ့အခါ ပြင်ပက ရောဂါတွေ ဝင်ရောက်လာတာကို တားဆီးနိုင်စွမ်း မရှိတော့ပါဘူး။ အထူးသဖြင့် တီဘီတို့လို ပြင်း ထန်ရောဂါတွေ ဝင်လာတဲ့အခါမှာ ကာကွယ်ပေးမယ့် ခုခံအား မရှိတော့တာကြောင့် လွယ်လင့်တကူ အသက်သေဆုံးမှုတွေ ဖြစ်လာပါ တယ်။
ဒီရောဂါကို စတင်တွေ့ရှိစဉ်က လိင်တူ စိတ်ဝင်စားသူတွေမှာသာ ကူးစက်နိုင်တာလို့ ယူဆခဲ့ကြတာကြောင့် ကနဦးမှာ လိင်တူ စိတ်ဝင် စားသူများနဲ့ ဆက်နွယ်သော ခုခံအားကျဆင်းမှုရောဂါ (Gay Related Immune Deficiency) လို့ စတင်သုံးနှုန်းခဲ့ပြီး လူသားအားလုံးသို့ ကူးစက်နိုင်ကြောင်း သိရှိပြီးနောက်ပိုင်းမှာတော့ ခုခံအားကျဆင်းမှုရောဂါ (Acquired Immunodeficieny Disease-AIDS) လို့ ပြောင်းလဲ သုံးနှုန်းခဲ့ကြပါတယ်။
HIV ဗိုင်းရပ်မှာ HIV- 1 နဲ့ HIV – 2 ဆိုပြီး မူကွဲ ၂ မျိုး ရှိပါတယ်။ HIV- 1 ကတော့ ကမ္ဘာတဝှမ်း အေ့စ်ရောဂါ ဖြစ်ပွားခြင်းရဲ့ အဓိက တရားခံပါ။ လွယ်လွယ်ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်လည်း ဖြစ်ပါတယ်။ HIV-2 ကတော့ အနောက်နိုင်ငံအချို့နဲ့ အာဖရိက အလယ်ပိုင်းနိုင်ငံ တွေမှာသာ အဖြစ်များပါတယ်။ HIV -1 လောက်တော့ မြန်မြန် မကူးနိုင်ပေမယ့် အာရုံကြောထိခိုက်မှု ပိုဖြစ်တတ်ပါတယ်။
လက်ရှိအချိန်အထိတော့ အေ့စ်ရောဂါ နှစ်မျိုးလုံးအတွက် ကာကွယ်ဆေးရော ကုသဆေးရော မရှိသေးပါဘူး။ ဒါပေမယ့် အေ့စ်ရောဂါ ဖြစ်ပွားနိုင်တဲ့အခြေအနေဖြစ်ပြီး ၇၂ နာရီအတွင်း PEP ခေါ် အရေးပေါ် ဆေးကို သောက်မယ်ဆိုရင်တော့ ရောဂါကူးစက်မှုကို အထိုက် အလျောက်ကာကွယ်နိုင်ပါတယ်။ ဒါ့ပြင် ရောဂါကူးစက်ခံရသူတွေအနေနဲ့ ART ဆေးတွေ သောက်မယ်ဆိုရင်တော့ လူ့သက်တမ်းစေ့ နေနိုင်ပါတယ်။
ကူးစက်ခံရတဲ့ ဗိုင်းရပ်ပေါ်မူတည်ပြီး သောက်ရမယ့်ဆေးတွေရဲ့ ဖွဲ့စည်းပုံ အနည်းငယ်ပြောင်းလဲမှုတွေ ရှိပေမယ့် ခန္ဓာကိုယ်အတွင်းရှိ ဗိုင်းရပ်စ်ပိုး ပမာဏ ဆက်လက်မပျံ့ပွားနိုင်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။
အေ့စ်ရောဂါဖြစ်စေတဲ့ HIV ဗိုင်းရပ်စ်ဟာ လိင်အင်္ဂါနဲ့ စအိုကထွက်တဲ့ အရည်များ၊ သွေးနှင့် မိခင်နို့ရည်မှ တဆင့်ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် ချွေး၊ ဆီးနဲ့ တံတွေးကနေတဆင့် ကူးစက်မှု လုံးဝမဖြစ်နိုင်ပါ။ ဗိုင်းရပ်ပိုးဟာ ခန္ဓာကိုယ်ပြင်ပမှာ ကြာမြင့်စွာလည်း အသက် မရှင်နိုင်ပါဘူး။ အေ့စ်ရောဂါ ရှိမရှိကို ပိုးကူးစက်ခံရပြီး ၆ လခန့်အကြာမှာ သွေးစစ်ကြည့်မှသာ ရောဂါရှိမရှိကို သေချာစွာ သိရှိနိုင်ပါ တယ်။ (၆ လ မပြည့်ခင် သွေးစစ်ရင်တော့ ပိုးကောင်ရေပမာဏ နည်းပါးနိုင်တာကြောင့် တိကျသော အဖြေမရရှိနိုင်ပါ။)
အေ့စ်ရောဂါကူးစက်ခံရပြီး ၂ ပတ်ကနေ ၆ ပတ်အတွင်း တုပ်ကွေးဖျားနာခြင်းကဲ့သို့ လက္ခဏာတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါပေမယ့် အဲဒီ လက္ခဏာတွေဟာ ၁ ပတ်ကနေ ၂ ပတ်အတွင်း ပြန်လည်သက်သာလာလေ့ရှိပါတယ်။ ပြီးရင်တော့ နှစ်ပေါင်းများစွာ ကြာတဲ့အထိ ရောဂါ လက္ခဏာတွေ မပြသဘဲ ခန္ဓာကိုယ်တွင်းက သွေးဖြူဥတွေကို တိတ်တိတ်လေး ဖျက်ဆီးပါတော့တယ်။
ဗိုင်းရပ်စ်ပိုးပမာဏ အနည်းအများနဲ့ ရောဂါလက္ခဏာတွေအပေါ် မူတည်ပြီး အေ့စ်ရောဂါဖြစ်ပွားခြင်းကို အမေရိကန်နိုင်ငံ ရောဂါ ထိန်း ချုပ်ရေးနှင့်ကာကွယ်ရေးဌာနက အဆင့် ၃ ဆင့် ခွဲခြားထားပါတယ်။
ပထမအဆင့်ဟာ ပိုးစတင်ဝင်ရောက်တဲ့အဆင့် ဖြစ်ပါတယ်။ ကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် နာကျင်ကိုက်ခဲညောင်းညာခြင်း၊ အရေပြား အနီကွက်များဖြစ်ခြင်း၊ လည်ချောင်းနာခြင်းအစရှိတဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီအဆင့်မှာ ရောဂါလက္ခဏာတွေ မပြင်းထန်ပေမယ့် HIV ပိုးကောင်ရေ များပြားနေတာကြောင့် တခြားသူတွေကို အလွယ်တကူ ကူးစက်နိုင်တဲ့ အခြေအနေလည်း ဖြစ်ပါ တယ်။
ဒုတိယအဆင့်မှာတော့ ရောဂါလက္ခဏာတွေ ဆက်လက်ပြသလေ့မရှိဘဲ ငြိမ်နေတတ်ပါတယ်။ ဒါပေမယ့် တကယ်ငြိမ်နေတာ မဟုတ်ဘဲနဲ့ တိတ်တဆိတ် ပိုးကောင်ရေ တိုးပွားနေတာဖြစ်ပါတယ်။ ဒုတိယအဆင့်ကနေ တတိယအဆင့်ကို ကူးပြောင်းဖို့အတွက်တော့ ၁၀ နှစ် လောက် ကြာတတ်ပါတယ်။
တတိယအဆင့်မှာတော့ ရောဂါအပြင်းထန်ဆုံးအဆင့် ဖြစ်ပါတယ်။ ကိုယ်ခံအားကို ဖြစ်ပေါ်စေတဲ့ သွေးဖြူဥ ပမာဏကလည်း ပုံမှန် လူ တယောက်မှာ အနည်းဆုံးရှိသင့်တဲ့ ပမာဏထက် ထက်ဝက်ကျော်ကျဆင်းနေတဲ့အဆင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပြီးတော့ ဆေးဝါးမကုသဘူးဆိုရင် ၃ နှစ်လောက်ပဲ အသက်ရှင်နိုင်တော့မှာဖြစ်ပါတယ်။
ဒါကြောင့် အေ့စ်ရောဂါဟု သိလျှင်သိချင်း စနစ်တကျ ဆေးဝါးကုသမှုခံယူဖို့ အလွန်အရေးကြီးပါတယ်။ ရီထရိုဗိုင်းရပ် အမြစ်ဖြတ် ကုသ နည်း Antiretroviral Therapy (ART) ကုသနည်းနဲ့ HIV ဗိုင်းရပ်စ် ပျံ့ပွားမှုကို ထိန်းချုပ်ထားနိုင်ပါတယ်။ ရောဂါပိုးကို သေအောင် မလုပ်နိုင်တာကြောင့် ပိုးကောင်ရေ ဆက်လက်မပျံ့ပွားအောင် ထိန်းချုပ်ပေးတာမျိုးပါ။ ဒါပေမယ့် HIV ဗိုင်းရပ်စ်က ဆေးယဉ်ပါးမှု အလွယ်တကူ ဖြစ်နိုင်တာကြောင့် ဆေးပေါင်းစုံနဲ့ စုပေါင်းကုသရန် လိုအပ်ပါတယ်။ ဒါတွေအပြင် ဆေးယဉ်ပါးမှု ဆက်လက် မဖြစ်ပွားနိုင်အောင် နေ့စဉ်မပျက်မကွက် ဆေးသောက်ရန်လည်း လိုပါတယ်။
လူသားတွေဆီ အေ့စ်ရောဂါ စတင်ကူးစက်တဲ့ ၁၉၈၁ ခုနှစ်က ၂၀၂၃ ခုနှစ်အတွင်း အဆိုပါရောဂါကြောင့် လူဦးရေ ၄၁ သန်းကျော် သေဆုံး ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပြင် နှစ်စဉ် လူ ၁ သန်းကျော်ဟာလည်း အေ့စ်ရောဂါကူးစက်ခံရမှုအသစ်တွေ ကူးစက်ပျံ့ပွားနေဆဲ ဖြစ်တယ်လို့ WHO စာတမ်းတွေက ဖော်ပြနေပါတယ်။ ရောဂါကူးစက်ခံထားရသူတွေအတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ART ဆေး ရရှိနိုင်ရေးအတွက် ကုလသမဂ္ဂက ကြိုးပမ်းဆောင်ရွက်လျက်ရှိပေမယ့် ဆေးဝါးမလုံလောက်မှုတွေကြောင့် အေ့စ်ရောဂါနဲ့ သေဆုံးမှုနှုန်းဟာ တနှစ်ကို လူ ၆ သိန်းခွဲနီးပါးထိ ရှိနေပါတယ်။
မြန်မာနိုင်ငံမှ အေ့စ်ရောဂါ
မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံရမှုကို ၁၉၈၈ ခုနှစ်မှာ တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားသလို ပထမဆုံး အေ့စ်ရောဂါရှင်ကိုတော့ ၁၉၉၁ ခုနှစ် ရောက်မှ စတင်တွေ့ရှိတယ်လို့လည်း မှတ်တမ်းတွေက အမျိုးမျိုးဖော်ပြထားပါတယ်။ ဒါပေမယ့် မိခင်က ကလေးဆီ အေ့စ်ရောဂါ ကူးစက်မှုကတော့ ၂၀၀၀ ပြည့်နှစ်မှာ စတင်ဖြစ်ပွားတယ်လို့ သေသေချာချာ မှတ်တမ်းတင်ထားပါတယ်။
အေ့စ်ရောဂါရှင်တွေအတွက် ART ဆေးဝါး ဖြန့်ဝေပေးတာကိုတော့ ၂၀၀၅ ခုနှစ်အရောက်မှသာ စတင်နိုင်ခဲ့ပါတယ်။ ဒါကလည်း ဆေးဝါး ရရှိသင့်တဲ့ လူဦးရေရဲ့ ၃ ရာခိုင်နှုန်းခန့်ကိုသာ ဆေးဝါး ဖြန့်ဖြူးပေးနိုင်ခဲ့ခြင်းပါ။ ၂၀၁၇ ခုနှစ်အရောက်မှာတော့ မြန်မာနိုင်ငံလူဦးရေ တထောင်မှာ အေ့စ်ရောဂါကူးစက်ခံရသူ ၆ ယောက်နီးပါးအထိ ရှိလာပါပြီ။ ဒါပေမယ့် ရောဂါကူးစက်ခံရထားရသူ ၁၀၀ မှာ ၅၅ ဦးသာ ART ဆေးဝါးများ ထောက်ပံ့မှုတွေ ရရှိခဲ့တာပါ။ စစ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်မှာတော့ အေ့စ်ရောဂါရှိသူ ၁၀၀ မှာ ၇၃ ယောက် လောက် အထိ ART ဆေးဝါး ထောက်ပံ့မှုတွေ လုပ်ပေးနိုင်ခဲ့တယ်ဆိုပြီး UNAIDS ကတော့ ပြောပါတယ်။
ဒါတွေအပြင် ကျန်းမာရေးအသိပညာပေး အစီအစဉ်တွေကြောင့်လည်း ပြည့်တန်ဆာတွေကတဆင့် အေစ့်ရောဂါကူးစက်မှုနှုန်းဟာ ထက်ဝက်နီးပါး ကျဆင်းလာခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ်မှာ အေ့စ်ရောဂါ အသိပညာပေး အစီအစဉ်မှာ ပါဝင်ကူညီခဲ့ဖူးတဲ့ ရန်ကုန်မြို့က ကိုညီညီ (အမည်လွှဲ) က သူ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။
“အဲဒီတုန်းကဆိုရင် ကျနော်တို့အနေနဲ့ ခုံးကျော်တံတားအောက်တွေမှာ အချိန်ပိုင်း ပြည့်တန်ဆာ အလုပ်လုပ်နေတဲ့ မိန်းကလေးတွေ ကစလို့ ကလပ်တွေ ဘားတွေမှာရှိတဲ့ ဒီအလုပ်နဲ့ မကင်းတဲ့သူတွေကို ကွန်ဒုံးတွေ အလကားပေးပြီးတော့ ကျန်းမာရေးအသိ မျှဝေပေးခဲ့ တာတွေ အထိ လုပ်ခဲ့ဖူးတယ်။ တချို့ကတော့ ကျနော်တို့ကို ပြည့်တန်ဆာတွေနဲ့ အနေနီးတယ် ဆိုပြီး အထင်လွဲကြတာတွေလည်း ရှိတာပေါ့။ ဒါပေမယ့် အဲဒီလိုတွေ လုပ်ပေးခဲ့လို့ မြန်မာပြည်ကပြည့်တန်ဆာတွေမှာ ဒီရောဂါဖြစ်ပွားတာတွေ လျော့ကျသွားတယ်လို့ သိရတော့ ကျနော်တို့ လုပ်ခဲ့တဲ့အလုပ် အလကားမဖြစ်ဘူးလို့ ပြောလို့ရတာပေါ့” လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီအနေနဲ့ ကျန်းမာရေးအသုံးစရိတ်ကို သိသိသာသာ လျှော့ချလာတာကို တွေ့ရပါတယ်။ ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးစာရင်းတွေအရ ကျန်းမာရေးကဏ္ဍအတွက် အသုံးစရိတ်ခွင့်ပြုချက်ဟာ ၂၀၂၀ နဲ့ ယှဉ်ရင် ၃၂ ရာနှုန်းကျော် ကျဆင်း သွားပါတယ်။
ဒီလိုတွေ လျှော့ချလိုက်ပေမယ့်လည်း အေ့စ်ရောဂါရှင်တွေဆီ ART ဆေးဖြန့်ဝေပေးနိုင်မှုကတော့ ၂၀၂၀ နဲ့ ယှဉ်ကြည့်ရင် ၂၀၂၃ ခုနှစ်မှာ ၄ ရာခိုင်နှုန်းကျော်တိုးလာပြီး အေ့စ်ရောဂါရှင် အားလုံးရဲ့ ၇၇ % အထိ ဆေးဝါးထောက်ပံ့ပေးနိုင်လာတယ်လို့ UNAIDS က ဖော်ပြပါ တယ်။ ဒီလို ထောက်ပံ့နိုင်တာကလည်း စစ်ကောင်စီရဲ့ ထောက်ပံ့မှုများတွေကြောင့်မဟုတ်ဘဲ နိုင်ငံတကာ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီ မှုတွေ ကြောင့်သာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဖြန့်ဖြူးခဲ့တဲ့ ART ဆေးဝါးများအတွက် ကုန်ကျစရိတ် ၈၀ ရာခိုင်နှုန်းခန့်ကို နိုင်ငံတကာ အလှူရှင်တွေရဲ့ ထောက်ပံ့ငွေတွေနဲ့ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။
စာရင်းဇယားတွေအရ ဆေးဝါး ဖြန့်ဖြူးပေးနိုင်မှုတွေ တိုးလာပေမယ့် မြေပြင်မှာတော့ အဲဒီလိုဖြစ်မနေပါဘူး။ ART ဆေးရရှိနိုင်ဖို့အတွက် အခက်အခဲတွေ ရှိနေပါတယ်။ NLD အစိုးရလက်ထက်မှာ ART ဆေးထောက်ပံ့မှုကို ၃ လတကြိမ် လုပ်ခဲ့ပေမယ့် လက်ရှိမှာတော့ နေရာ ဒေသပေါ်မူတည်ပြီး ၁၅ ရက်တကြိမ်၊ ၁ လ တကြိမ်သာ ဆေးထုတ်ပေးသလို အေ့စ်ရောဂါရှင်တွေအနေနဲ့ ဆေးရရှိဖို့ အရေး အချိန်ကြာမြင့်စွာလည်း တန်းစီနေရပြန်ပြီး ဆေးရုံပြောင်း ဆေးထုတ်မယ်ဆိုရင်တောင် ထောက်ခံစာလုပ်ရဦးမှာလည်း ဖြစ်ပါတယ်။
ကချင်ပြည်နယ် လွတ်မြောက်နယ်မြေတနေရာမှာ ဆေးဝါးကုသမှုပေးနေတဲ့ CDM ကျန်းမာရေးဝန်ထမ်းတဦးက သူ့လူနာတွေရဲ့ ART ဆေးရရှိမှု အခြေအနေကို “Case အသစ် (ကူးစက်ခံရသူအသစ်) တွေအနေနဲ့ ဆေးသွားထုတ်တဲ့အခါ ဆေးတော့ရနေတာ တွေ့ရတယ်။ တခုပဲ အရင်လို Viral load စစ်တာ (ပိုးကောင်ရေစစ်တာ)၊ CD4 count စစ်တာ (CD4 ပါဝင်သော T ဆဲလ်ပမာဏ စစ်တာ) တွေကိုတော့ မလုပ်ပေးနိုင်ဘူးကြားတယ်” လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။
ပိုးကောင်ရေ စစ်ဆေးတာနဲ့ CD4 ပါဝင်တဲ့ T ဆဲလ် ပမာဏစစ်ဆေးခြင်းတွေက အေ့စ်ရောဂါကုသရေးအတွက် မဖြစ်မနေလိုအပ်တဲ့ စစ်ဆေးမှုတွေ ဖြစ်ပါတယ်။ စစ်ဆေးတွေ့ရှိတဲ့ရလဒ်တွေအပေါ် အခြေခံပြီး ရောဂါရှင်တွေအနေနဲ့ သောက်သုံးရမယ့် ဆေးပမာဏ၊ ဆေး အာနိသင်ထိရောက်မှုရှိမရှိအပြင် ကိုယ်ခံအားအခြေအနေကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါတွေမစစ်ဘဲ ဆေးသောက်နေရင်တော့ အဟောသိ ကံ ဖြစ်သွားနိုင်ပါတယ်။ အလှူရှင်တွေကြောင့်သာ ဆေးတွေဆက်ရနေပေမယ့် လိုအပ်တဲ့ စစ်ဆေးမှုတွေ မပေးနိုင်တော့တာက ပြိုလဲလာ တဲ့ ကျန်းမာရေးစနစ်ကို မီးမောင်းထိုးပြနေပါတယ်။
ဒါတွေအပြင် တဖက်မှာလည်း လူငယ်ထုရဲ့ အပျော်အပါးလွန်ကြူးမှုတွေက အေ့စ်ရောဂါရှင်အသစ်တွေ သိသိလာလာ တိုးပွားလာနိုင်ပြီး စိုးရိမ်ဖွယ်ရာ အခြေအနေတွေဆီ ဦးတည်နေပါတယ်။
အေ့စ်ရောဂါဆိုင်ရာ ကမာ္ဘ့ကုလသမဂ္ဂအဖွဲ့ UNAIDS က ၂၀၁၈ ခုနှစ်မှာ မြန်မာပြည်မှာ အေ့ရောဂါကူးစက်မှုအားလုံးရဲ့ ၁၉ % ခန့်ဟာ မသန့်ရှင်းသော ဆေးထိုးအပ်တွေကတဆင့် မူးယစ်ဆေးဝါးထိုးသွင်းရာမှ တဆင့်ဖြစ်တယ်လို့ ဖော်ပြထားပေမယ့် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ကလပ်တွေ၊ ဘားတွေမှာ မူးယစ်တက်ကြွစေနိုင်တဲ့ ဟက်ပီးဝါးတားလို ဓာတုစိတ်ကြွဆေးတွေ လွယ်လင့်တကူရလာက စိတ်တက်ကြွပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံရာကနေ HIV ပိုး ကူးစက်မှုကို တဖန်ပြန် လည်မြင့် တက်လာစေတယ်လို့ သိရပါတယ်။
“စိတ်အာသာပြေဖို့ တညတာပျော်ပါးတဲ့ One Night Stand ဆိုတာက ကလပ်တက်တဲ့ လူငယ်တွေနဲ့ သိပ်မစိမ်းဘူး။ မူးယစ်ဆေးတွေကြောင့် တယောက်ယောက်နဲ့ အဲဒီလို အိပ်ချင်စိတ်ရှိတဲ့အချိန်မှာ အဆင်ပြေတဲ့လူတယောက်နဲ့ အိပ်လိုက်တာမျိုးပါပဲ။ ပိုက်ဆံပေးရတာ မျိုးရှိသလို အလကားရတာမျိုးလည်း ရှိတာပေါ့။ ဒါပေမယ့် ကျနော် သိသလောက်ကတော့ အများစုက ကွန်ဒုံးမသုံးကြဘူးဗျ။ ဘာလို့လဲ ဆိုရင် သန္ဓေတားဆေးသောက်တာနဲ့ ရောဂါမဖြစ်တော့ဘူးလို့ ထင်တာမျိုးလည်းဖြစ်နိုင်သလို မူးမူးနဲ့ဆိုတော့ ကွန်ဒုံးသုံးဖို့ မေ့သွား တာမျိုးလည်းရှိမှာပေါ့” လို့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး နိုက်ကလပ်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ညပျော်လူငယ်များကြား မူးယစ်ဆေးဝါးသုံးစွဲမှု၊ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုတွေအပြင် နောက်ဆက်တွဲ လူမှုရေး ပြဿနာတွေကို သတင်းမီဒီယာ၊ လူမှုကွန်ရက်စာမျက်နှာတွေမှာ မကြာခဏဆိုသလို တွေ့မြင်လာနေရပါပြီ။ ဒါတွေက အေ့စ်ရောဂါရှင် အသစ်တွေကို မွေးထုတ်ပေးလာရုံသာမက ကျန်းမာရေးအသိပညာ အားနည်းမှုတွေကြောင့်လည်း တခြားသူတွေဆီ လွယ်လင့်တကူ ထပ်မံ ကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေပါတယ်။
မြန်မာနဲ့ ထိုင်းနိုင်ငံ ၂ ခုစလုံးမှာ ညပျော်လူငယ်လောက၌ ကျင်လည်ဖူးတဲ့ ကိုဗလ (အမည်လွှဲ) က “ထိုင်းကတော့ ဘာမှမလိုဘူးလေ၊ Cheer လေးသွားလုပ်လိုက်ရုံပဲ။ ပြီးရင်စကားလေးဘာလေးပြောပေါ့ ပါလာပြီ၊ ကွန်ဒုံးတော့ သုံးပေါ့။ ထိုင်းနဲ့မြန်မာကွာနေတာ တခုက ထိုင်းက ဒီလိုပုံစံကို ကျင့်သားရနေပြီ။ ဘယ်လို ကာကွယ်ရမလဲဆိုတာ သိတယ်၊ ပြီးတော့ တညတာပျော်ပါးဖို့ပဲ။ မြန်မာမှာလို ဒီနေ့ အိပ်ပြီးရင် နောက်နေ့ထိ ဇယားကပ်ပါမလာဘူး၊ တခါပြီး မပြီးဘဲ နောက်ဆိုလိုက်ကပ်နေတာတွေပါ ရှိတယ်။ ထိုင်းမှာက အဲဒီလိုမရှိဘူး” လို့ သူ့ အတွေအကြုံကို ပြန်ပြောပြပါတယ်။
တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ မရှိတော့ဘူးဆိုရင် ART ဆေးဝါးထောက်ပံ့မှုရဲ့ ၈၀ % ကို လက်လွှတ် နိုင်ရ နိုင်ချေလည်း ရှိနေပြန်ပါတယ်။
စောအောင်ထွန်းသည် ဆေးပညာ နှင့် ဇီဝဆေးသိပ္ပံ ပညာရပ်များကို ထိုင်းနိုင်ငံတွင် အထူးပြု လေ့လာနေသူတဦးဖြစ်သည်။
You may also like these stories:
စိတ်ဒဏ်ရာနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး ရုန်းကန်နေရ
မြန်မာဆင်းရဲသားများ အိန္ဒိယသွားပြီး ကျောက်ကပ်များ ရောင်းစားနေ
စစ်ပွဲပဋိပက္ခကြား ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေး ပြဿနာများ
ပြည်တွင်းစစ်ကြား ပါတီပွဲ မပြတ်သည့် ရန်ကုန်သားများ ပျော်ရဲ့လား