ရခိုင်ရိုးမ
အရှေ့ ပါကစ္စတန် ပြည်နယ် နှင့် မြန်မာနိုင်ငံ အကြားတွင် မြောက် နှင့် တောင် တန်းလျက် ရှိသော တောင်ကုန်း ဒေသ ရှိသည်။
မြန်မာနိုင်ငံ ပထဝီဝင် အလိုအရ ထိုတောင်ကုန်း ဒေသကို အနောက်ဘက် တောင်ကုန်း ဒေသဟု ခေါ်တွင်သည်။ ထို ကုန်းမြင့်ပိုင်းတွင် ရခိုင် တောင်ကုန်း ဒေသ၊ ချင်းတောင်၊ လူရှေ (လူရှိုင်း) တောင်တို့ ပါဝင်လေသည်။
ရခိုင် ရိုးမ တောင်တန်းသည် ထိုတောင်ကုန်း ဒေသမှ တောင်ဘက်သို့ ကမ်းရိုးတန်းနှင့် ယှဉ်၍ ထိုးထွက်လာသော တောင်တန်း ဖြစ်သည်။
ရခိုင် ရိုးမသည် မင်းဘူး ခရိုင်၊ သရက် ခရိုင်၊ ပြည် ခရိုင်၊ ဟင်္သာတ ခရိုင်၊ ပုသိမ် ခရိုင် တို့နှင့် ရခိုင်ဘက်ရှိ စစ်တွေ ခရိုင်၊ ကျောက်ဖြူ ခရိုင်၊ သံတွဲ ခရိုင် တို့ကို ခွဲခြားထားလေသည်။
တောင်တန်း တလျှောက်တွင် ပျမ်းမျှခြင်းအားဖြင့် အမြင့်ပေ ၄၀၀၀ နှင့် ပေ ၅၀၀၀ အကြား၌ ရှိသည်။
မြောက်ဘက်တွင် ထိုထက် မြင့်မားသော တောင်တန်းများ ရှိလေသည်။ ရိုးမ တောင်တန်းသည် မတ်စောက်၍ တောထူတပ်သည်။ သို့ရာတွင် ကျွန်းပင်များ မပေါက်ချေ။
ရိုးမတောင်ပေါ်တွင် ချင်းလူမျိုးတို့ နေထိုင်ကြသည်။ တောင်ယာ စိုက်စားကြသည်။ ပြောင်းဆန် နှင့် တောင်ပေါ် စပါး တမျိုးကို ရှေးရိုးနည်း အတိုင်း စိုက်ပျိုး လုပ်ကိုင်ကြလေသည်။
ရခိုင် ရိုးမ တောင်ကို ဖြတ်ကျော်နိုင်သော တောင်ကြားလမ်း နှစ်ခု ရှိသည်။
ပထမ တောင်ကြားလမ်းမှာ ကျောက်ဖြူ ခရိုင် အမ်းမြို့မှ မင်းဘူး ခရိုင် ငဖဲမြို့သို့ ပေါက်သော အမ်း တောင်ကြားလမ်း ဖြစ်၍ ဒုတိယ တောင်ကြားလမ်းမှာ သံတွဲ ခရိုင် တောင်ကုတ် မြို့မှ ပြည်မြို့ နှင့် တဖက်ကမ်း ဧရာဝတီ မြစ်ပေါ်ရှိ ပန်းတောင်း မြို့သို့ ပေါက်သော တောင်ကုတ် တောင်ကြားလမ်း ဖြစ်သည်။
ရခိုင်လူမျိုး
ရခိုင် လူမျိုးသည် တိဗက်-မြန်မာ အုပ်စုမှ မြန်မာ အစုဝင် ဖြစ်သည်။
မြန်မာ့ ဝေါဟာရ အခေါ်အဝေါ် ဖြစ်သော “သက် နှင့် ရခိုင်၊ နှိုင်းပြိုင် တောင်သူ၊ ပျူ ကမ်းယံ ယော၊ ထားဝယ် နှောက၊ မျိုးသတ္တ” ဟု မြန်မာ ခုနစ်မျိုး ပါဝင်ကြောင်း အဆို ရှိလေသည်။
ထို တိဗက်-မြန်မာ အုပ်စုဝင် မြန်မာ အစုကား အေဒီ ၉ ရာစု နှစ် နောက်ပိုင်းတွင်မှ မြန်မာနိုင်ငံ တွင်းသို့ ဝင်လာကြဟန် တူသည်ဟု ဆို၏။
ယင်းတို့ အထဲတွင် မြန်မာနိုင်ငံ အလယ်ပိုင်း ပူအိုက် ခြောက်သွေ့သော မြေပြန့်လွင်ပြင်သို့ ရောက်ပြီးနောက်၊ ထိုမှတဆင့် ဆက်လက် ထွက်ခွာသွားသူများလည်း ရှိကြသေးရာ ရခိုင်လူမျိုးလည်း ထိုသူတို့ အထဲတွင် အပါအဝင် ဖြစ်လေသည်။
ယခုအခါ ရခိုင်ပြည် စစ်တွေ၊ မြို့ဟောင်း၊ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊ သံတွဲ အစရှိသည့် မြေပြန့်ပိုင်းတွင် ရခိုင် အမျိုးသားတို့ နေထိုင်လျက် ရှိကြသည်။
အမျိုးတူသည်ကို လိုက်၍ လူမျိုးစု တို့ကို သတ်မှတ် ခွဲခြားသည့် ဘာသန္တရ သုတေသနနည်း အရ ဆိုလျှင် ရခိုင် လူမျိုးတို့သည် အသံကွဲ မြန်မာစကားများကို ပြောဆိုကြသော လူမျိုးများတွင် ပါဝင်သည်။
သို့သော် မြန်မာ အစုဝင် တောင်ရိုး၊ အင်းသား၊ ထားဝယ်၊ ရခိုင် နှင့် ဓနု စကားများသည် မြန်မာ စကားနှင့် အလွန် နီးစပ် လေသည်။
မြန်မာနိုင်ငံ ပြည်မနှင့် ရခိုင်ပြည် အကြားတွင် ရခိုင်ရိုးမ ခေါ် အနောက်ရိုးမ တောင်တန်း တည်ရှိသဖြင့် ရာဇဝင်ချင်း ဆက်စပ်မှု မရှိလှချေ။
ရခိုင်ပြည်သည် ပင်လယ် ကမ်းခြေ တလျှောက်တွင် တည်ရှိသောကြောင့် နိုင်ငံခြားနှင့် အဆက်အသွယ် အရောက် အပေါက် ပိုလွယ်သည်။
ရခိုင် ရာဇဝင်အစမှာ အလွန် ရှေးကျ၍ မင်းဆက်ပေါင်း များစွာ ရှိသည်။ ရခိုင်၌ တွေ့ရသော ရှေးကျောက်စာများ အနက် အာနန္ဒစန္ဒြ ကျောက်စာ၌ ဘီစီ ၅၁၈ မှစ၍ အေဒီ ၇၂၀ တိုင်အောင် မင်းစဉ်မင်းဆက်ကို ဖော်ပြထားသည်ကို တွေ့ရ၏။
စောလွန်းသော မင်းတို့ကို ဧကန် မှန်သည်ဟု မယူဆလိုလျှင် ဖြစ်နိုင်သော်လည်း ရခိုင်တွင် မြို့တည်၍ စာပေ အရေး အသား တတ်ကျွမ်းလျက် ဗုဒ္ဓဝါဒီ၊ ဗြာဟ္မဏဝါဒီ ရှိသူတို့သည် ခရစ် နှစ်ဦးမှစ၍ ရှိနေကြသည်ဟု ဆိုလေသည်။
ယင်းတို့သည် ငွေဒင်္ဂါးများ သွန်းလုပ်၍ ရောင်းဝယ်ရာတွင် ပိုက်ဆံအဖြစ် သုံးသည်။ ထိုသူတို့ကား မြန်မာနိုင်ငံ အလယ်ပိုင်းမှ ပျူတို့နှင့် ခေတ်ပြိုင် ဖြစ်လေသည်။
သို့သော် ထိုစဉ်က ပေါ်ပေါက်ခဲ့သော မင်းတို့ အုပ်ချုပ်သော ပြည်သူတို့ကား မည်သည့် အမျိုးဖြစ်၍ မည်သည့် အခါကပင် ရခိုင်၌ အခြေစိုက်လျက် ပြည်ရွာ ထူထောင်သည်ကိုမူ မပြောနိုင်သေးချေ။
မည်သို့ ဖြစ်စေ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးတမျိုး ဖြစ်သော ရခိုင်လူမျိုးသည် ရှေးနှစ်ပေါင်း များစွာကပင် မိမိတို့ ကိုယ်ပိုင် အုပ်ချုပ်ရေး၊ ကိုယ်ပိုင် စာပေ ယဉ်ကျေးမှုဖြင့် အခြေစိုက် တိုးတက်လာသော လူမျိုး ဖြစ်ပေသည်။
ရခိုင် စာပေ ယဉ်ကျေးမှုသည် သီးခြား လွတ်လပ်စွာ ထွန်းပြောင်ခဲ့ပေသည်။ ရခိုင် စာပေနှင့် စပ်လျဉ်းသည့် ကျောက်စာ၊ မော်ကွန်း စာများကို ဓညဝတီခေတ် (ဘီစီ ၅ ရာစု မှ အေဒီ ၄ ရာစု) မှ စ၍ ရှာဖွေ တွေ့ရှိရသည်ဟု ဆိုသည်။
ရခိုင် ရတု၊ လင်္ကာ၊ ဘွဲ့၊ ဧချင်း တို့ကိုလည်း ဝေသာလီ ခေတ် (အေဒီ ၁၅ ရာစု မှ ၁၈ ရာစု) တို့၌ အခိုင်အမာ တွေ့ရှိရ လေသည်။
သို့သော် ရခိုင် စာပေသည် အေဒီ ၁၇၈၄ ခုနှစ် မြန်မာ တို့နှင့် စစ်ဖြစ်ပြီးသော အချိန်နှင့် အေဒီ ၁၈၂၄ – ၂၆ ခုနှစ် ဗြီတိသျှ နယ်ချဲ့တို့ လက်အောက်သို့ ကျရောက်သော အချိန်မှ အစပြု၍ တဖြည်းဖြည်း မှေးမှိန်ခဲ့ရလေသည်။ ။
(ဤ ဆောင်းပါးစာစုကို စာပေဗိမာန်က ၁၉၇၀ ပြည့်နှစ်တွင် ထုတ်ဝေသော မြန်မာ့ စွယ်စုံကျမ်း အတွဲ – ၁၁၊ ပထမ အကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)