ယခင်အပတ်မှအဆက်
ပုဂ္ဂလိကပိုင် အာဏာ
ထင်ရှားသည့် မြန်မာ့အရေး အကဲခတ် ဒေးဗစ်စတိုင်းဘာ့ဂ် (David I. Steinberg) က ထောက်ပြခဲ့သလိုပင် မြန်မာနိုင်ငံတွင် အာဏာကို ခွဲဝေ ကျင့်သုံးသည့် အစဉ်အလာ မရှိပေ။
ဖြန့်ဝေမှုမှာ နိုင်လုံးလုံး၊ ရှုံးလျားလျား သာ ဖြစ်သည်။ နိုင်သူနှင့် ရှုံးသူ ဟုသာ ရှိသည်။
“အာဏာ ဟူသည် အပြည့်အဝသာ ဖြစ်သည်။ ပုဂ္ဂလိကပိုင်သာ ဖြစ်သည်ဟု အစဉ်အလာကပင် ရှုမြင်ထားသည်” ဟု သူက ရေးသည်။
ထို့ကြောင့် နိုင်ငံ၏ သမိုင်း တလျှောက်လုံးတွင် ဂိုဏ်းဂဏ ဝါဒကို လည်းကောင်း၊ အဖွဲ့အစည်း တရပ်ရပ်ထက် တဦးဦးကို သစ္စာစောင့်သည့် နောက်တော်ပါများ တို့ကို လည်းကောင်း ဖြစ်ပေါ်စေခဲ့သည်။
တရားဝင် ဖွဲ့စည်းပုံ၊ ဆင့်ဆင့်ကဲ အဆောက်အအုံ၊ တင်းကျပ်သည့် စည်းကမ်းများ ရှိသော်လည်း လက်နက်ကိုင် တပ်ဖွဲ့များတွင် ဤ ဆက်ဆံမှု ပုံစံကို မြင်ရသည်။
ဤစနစ်မျိုးတွင် အဖွဲ့ချင်း ပေါင်းစပ် ညှိနှိုင်းခြင်း၊ ဌာနဆိုင်ရာ အဟန့်အတားများနှင့် ရင်ဆိုင်ရပါက ပြောင်းလွယ် ပြင်လွယ် ရှိခြင်း စသော လက်တွေ့ အကျိုးများ ရှိနိုင်သည်။ သို့သော် ပြဿနာများလည်း ရှိနိုင်သည်။
အထူးသဖြင့် ယင်းနောက်တော်ပါများသည် တပ်မတော်၏ ညီညွတ်မှုနှင့် စည်းကမ်းတို့ကို ခြိမ်းခြောက်နိုင်သည်ဟု မြင်လာသော အခါတွင် ဖြစ်သည်။
ထို့ကြောင့် ခင်ညွန့်လို ပုဂ္ဂိုလ် တယောက် ကျရှုံးပါက သူ့နောက်တော်ပါများ၊ ထောက်ခံသူများပါ လိုက်ပါ၍ ကျရှုံး ရတော့သည်။
အဖွဲ့အစည်းကြီး တခုလုံး၏ ထက်မြက်မှုကို များစွာ နစ်နာစေသော်လည်း စိတ်အနှောင့်အယှက် ပေးနိုင်သည့် တပ်တွင်း ပုန်ကန်နိုင်သည့်သူများ ရှိနေသည်ထက်မူ ပို၍ တော်ပေလိမ့်မည်။
အောက်တိုဘာလ ၁၈ ရက်နေ့တွင် ခင်ညွန့် မန္တလေးတွင် ရှိနေခိုက် တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံး (OCMI) ဌာနချုပ်ကို ဝင်စီးပြီး နောက်တနေ့တွင် ယင်းကို ဖမ်းဆီးလိုက်ခြင်းဖြင့် စခဲ့သည့် မြန်မာ့ ထောက်လှမ်းရေး စနစ်ကို အပုပ် ချမှုသည် ၁၉၈၃ ခုနှစ် ပြိုကွဲစဉ်ကထက် များစွာ ပိုမို ကျယ်ပြန့်သည့်ပြင် ပိုမိုလည်း အထိနာလှပေသည်။
အသေးစိတ်ကို ရှင်းလင်းစွာ မသိရသော်လည်း ရက်သတ္တပတ် တပတ် အတွင်းတွင် တနိုင်ငံလုံးမှ OCMI ရုံး အားလုံးကို “ပုံမှန် တပ်မတော်” က ဝင်ရောက် စီးနင်းလိုက်ကြ၏။
ထောက်လှမ်းရေး တပ်ကြီးများကို ဖျက်သိမ်းလိုက်ပြီး ရုံးအငယ်စားများကို ပိတ်ပစ်လိုက်သည်။ သို့မဟုတ် အင်အား လျှော့ချလိုက်သည်။
အဆင့်အသီးသီးမှ စစ်ထောက်လှမ်းရေး တပ်ဖွဲ့ဝင် အနည်းငယ်သာ လွတ်သည်။ အထက်တန်း အရာရှိ ၃၀၀ ခန့်ကို ဖမ်းဆီးလိုက်သည်။ ပိုင်ဆိုင်မှုများကို အသိမ်းခံလိုက်ရသူလည်း မနည်းလှပေ။
ထောက်လှမ်းရေး တပ်ဖွဲ့တွင် လုပ်သက် ၂ နှစ် နှင့် အထက်ရှိသူ အရာရှိငယ်များ၊ အခြား အဆင့်များကို အငြိမ်းစား ယူခွင့် ပြုလိုက်သည်။ လုပ်သက် ၂ နှစ်အောက် ရှိသူများကို ခြေလျင် တပ်များသို့ ပြောင်းရွှေ့လိုက်ပြီး ရာထူး တိုးမပေးဘဲ ထားလိုက်ကြသည်။
ဤသို့ အရေးယူ ခံလိုက်ရသူ ဦးရေမှာ ၂၇၀၀ ခန့် ရှိသည်။ အပုပ်ချမှုတွင် ပါသွားသူ ဦးရေကလည်း ဆယ်ဂဏန်း မှ ၃၀၀၀၀ အတွင်း အမျိုးမျိုး ကွဲလွဲနေပြန်သည်။ စစ်အရာရှိ နှင့် အခြား အဆင့် ၃၀၀၀ ခန့်မှာ တိုက်ရိုက် ထိခိုက်ခဲ့သည်မှာ သေချာသည်။
ပုံမှန် အပြောင်းအရွှေ့ သဘောလိုလို တခါတရံ ပုံဖော်ကြသော်လည်း အပုပ်ချမှုသည် အခြား နယ်ဘက် ဌာနများသို့ပါ ကူးစက်သွားသည်။ ဝန်ထမ်းများသာ မက အရပ်ဘက် လူမှု အဖွဲ့အစည်းများပါ ပါဝင်သည်။
အထူးဌာနခွဲ (SB) တပ်မှူး နှင့် စသုံးလုံး (BSI) ညွှန်ချုပ်တို့ လူစားလဲခြင်း ခံရသည်။
ခင်ညွန့်နှင့် ရင်းနှီးသည့် ဝန်ကြီး ၂ ဦး၊ ဒု ဝန်ကြီး ၄ ဦး၊ တရားစီရင်ရေးမှ အဆင့်မြင့် အရာရှိ အချို့တို့ ဖယ်ရှားခံရသည်။
လူဝင်မှု၊ အကောက်ခွန်၊ ပြည်တွင်း အခွန် ဌာနတို့ရှိ စစ်ထောက်လှမ်းရေး ကျောထောက် နောက်ခံ ရှိသူ သို့မဟုတ် OCMI နှင့် အဆက်အသွယ် ရှိသူဟု ယူဆရသည့် ဒါဇင်နှင့် ချီသည့် အရာရှိများလည်း ထုတ်ပယ် ခံရသည်။ ဝန်ကြီး အဆင့်က အာမခံသည့် အရာရှိများသာ ကျန်ရစ်သည်။
မြန်မာ သံအမတ်ကြီး ၃၇ ဦး စလုံးနှင့် စစ်သံများကို ပြန်ခေါ်ကာ “ဉာဏ်သစ်လောင်း သင်တန်း” ၊ “မွမ်းမံသင်တန်း” များ တက်စေသည်။
ပြည်ပရောက် လှုပ်ရှားသူများ အဆိုအရ OCMI နှင့် အချိတ်အဆက် ရှိသည့် သံဝန်ထမ်း ၂၀ ခန့် နောက်ပိုင်းတွင် ထုတ်ပယ်ခံရရာ စင်ကာပူနှင့် အင်ဒိုနီးရှား နိုင်ငံ ဆိုင်ရာ သံအမတ်တို့ပင် ပါဝင်သည်ဟု ဆိုသည်။
အချိန်မစေ့မီ ပြန်ခေါ်ရသည့် သံတမန်များလည်း ရှိသည်။ သို့သော် ထောင်ကျခံရသူကား မရှိပေ။
မိုက်ကယ်ချားနီ က “အပုပ်ချမှုမှာ ၂၀၀၅ ခုနှစ်ထိ ဖြစ်နေသည်၊ ရုံးတင်စစ်ဆေးမှုများ၊ ဖြောင့်ချက်များမှ ခင်ညွန့်၏ အကျင့်ပျက်မှုများ အဆက်အသွယ်များနှင့် ဆိုင်သည့် သတင်းများ ဆက်လက် ထွက်ပေါ်နေသည်” ဟု ပြောသည်။
ခင်ညွန့်နှင့် နီးစပ်သည်ဟု ယုံကြည်ရသူ၊ OCMI နှင့် အလုပ်လုပ်ခဲ့သူ၊ ယင်းကြောင့် အကျိုးကျေးဇူး ရရှိခဲ့သူ မည်သူမဆိုကို မည်သည့်အဆင့်၊ မည်သည့် ရာထူးတွင် ရှိနေစေကာမူ မသင်္ကာ ဖြစ်သည်။
ခင်ညွန့်၏ သား နှစ်ယောက် (တယောက်မှာ စီးပွားရေးသမား၊ တယောက်မှာ စစ်အရာရှိ) နှင့် သားမက်တို့ပါ အဖမ်းခံရ၊ စစ်ဆေးစီရင်ခံရ၊ နှစ်ရှည် ထောင်ဒဏ် ကျခံကြရသည်။
ခင်ညွန့်၏ မယား စီမံခန့်ခွဲနေသည့် မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း နှင့် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ် တို့လည်း စုံစမ်း စစ်ဆေးခံရသည်။
လယ်ရီဂျေဂင် (Larry Jagan) က “ခင်ညွန့် လူများ၏ ထောက်ခံချက်ဖြင့် ကောလိပ်များသို့ ကျောင်းတက်ခဲ့ရသည့် ကျောင်းသား အားလုံးပင် ကျောင်းထုတ် ခံရသည်” ဟု ဆိုသည်။
ထိုစဉ်က ကောလာဟလ တခုအရ ခင်ညွန့်၏ လက်စွဲ ဗေဒင်ဆရာ ဘိုးတော် သန်းလှ ကိုပင် ထိန်းသိမ်းထားရန် သန်းရွှေ က အမိန့်ပေးခဲ့သည် ဆိုသည်။
ရန်ကုန်ရှိ တပ်မတော် သမိုင်းပြတိုက်မှ ခင်ညွန့်၏ ပုံများ၊ ဘာသာရေး အဆောက်အအုံများရှိ ခင်ညွန့်၏ အလှူ ဆိုင်းဘုတ်များလည်း နေ့ချင်း ညချင်း ပျောက်ကုန်သည်။
ထိုစဉ်က အမေရိကန် သံရုံးက ရသော ကောလာဟလ တခုအရ အပုပ်ချမှုသည် “အမြစ်ပါ မကျန်အောင် နုတ်ရုံတင် မကဘဲ အမြစ်တွင် တွယ်ကပ်နေသည့် မြေကြီးပါ မကျန်အောင် ရှင်းပစ်သည်” ဟု ဆိုသည်။
“သုတ်သင်ရေး” ဆိုသည့် မြန်မာစကားတွင် ပြောင်စင်အောင် သုတ်သည်၊ ဖျောက်ဖျက်သည် ဟု စကားရိပ် ရှိသည်။
အင်မာလာကင် (Emma Larkin) က “အစအနမှ မကျန်အောင် ပျောက်သွားလိုက်သည်မှာ ယခင်က ဘာမှ မရှိခဲ့သလိုပင် ဖြစ်သည်” ဟု ရှင်းပြသည်။
၂၀၀၅ ခုနှစ် ဇွန်လတွင် ခင်ညွန့်ကို ရန်ကုန် အင်းစိန်ထောင်ရှိ အထူးတရားရုံးဖြင့် စစ်ဆေးသည်။
အမိန့်မနာခံခြင်း၊ လက်နက်ကိုင် တပ်များကို ဖြိုခွဲရန် အားထုတ်ခြင်း၊ လာဘ်ယူခြင်း၊ အကျင့်ပျက်ခြင်း၊ ပြည်သူပိုင် ပစ္စည်းကို အလွဲသုံးခြင်း၊ သွင်းကုန် ထုတ်ကုန် စည်းမျဉ်းများကို ချိုးဖောက်ခြင်း (တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ဇိမ်ခံကား အစီး ၃၀၀၀၀ ကို ဥပဒေနှင့် မညီဘဲ တင်သွင်းခြင်း အပါအဝင်) စွဲချက် ၈ ချက်ကို ရင်ဆိုင်ရသည်။
ပထမ စွဲချက် ၂ ချက်မှာ အပြင်းထန်ဆုံး ဖြစ်သည်။ အရာရှိကြီးများထဲတွင် ခင်ညွန့်သည် အကျင့် မပျက်ဆုံးသူ တဦး အဖြစ် အများက ယူဆထားကြသည်။
သို့သော် တိကျသည့် ဥပဒေဘောင် အတွင်းမှ မကြာခဏ လွတ်ထွက်သွားဖူးသဖြင့် သူ့ကို စီးပွားရေး ပြစ်မှုများနှင့် စွဲဆို လောက်သည့် အကြောင်းရင်းခံများကို အစိုးရက ရသွားခဲ့သည်။
အချိန်တိုတိုဖြင့် စစ်ဆေးလိုက်ပြီး ဇူလိုင်လထဲတွင် ခင်ညွန့်ကို ထောင်ဒဏ် ၄၄ နှစ် ချမှတ်လိုက်သည်။ သို့သော် ယင်းကို နေအိမ် အချုပ်အဖြစ် လျှော့ပေါ့ပေးလိုက်သည်။
မြန်မာတို့၏ “လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု” နှင့် အရှုပ်တော်ပုံ သီအိုရီကို စုံရေမက်ရေ ရှိမှုတို့ကြောင့် သူ အဖမ်းခံရခြင်း၊ စစ်ဆေးခံရခြင်း တို့ကို အကြောင်းပြု၍ မရေမတွက်နိုင်လောက်သည့် ကောလာဟလများ ထွက်လာလေရာ အချို့မှာ အတော်ပင် ယုတ္တိ မတန်ပေ။
ဥပမာ အားဖြင့် “သူပြန်လာဖို့ အားမထုတ်နိုင်အောင် ထောင်ထဲတွင် ခင်ညွန့်ကို ဦးနှောက်ပျက်စေသည့် ဆေးများ ထိုးခဲ့သည်” ဆိုသည်မျိုး ဖြစ်သည်။
ဖမ်းစဉ်က သိမ်းသွားသည့် နေ့စဉ်မှတ်တမ်းတွင် သန်းရွှေကို အကောင်းမြင်ကာ ရေးထားသည်များကို စစ်ကြောသူများ တွေ့ရသဖြင့် သူ့ကို နေအိမ် အချုပ် ပြန်ချထားလိုက်သည် ဆိုသည့် ဇာတ်လမ်းလည်း ရှိသေးသည်။
OCMI မှ အဆင့်အမြင့်ဆုံး အရာရှိကြီး ၃၈ ယောက် အပါအဝင် ခင်ညွန့်နှင့် အချိတ်အဆက် ရှိသူ ၅၀ ခန့်ကိုလည်း စစ်ဆေး စီရင်ခဲ့သည်။
လေးဦးမှအပ ကျန်အရာရှိကြီးများ၊ ထောက်လှမ်းရေး တပ်မှူး၊ နစက တပ်မှူးများမှာ စီးပွားရေး ပြစ်မှုများသာ မက အချို့ ဆိုလျှင် နိုင်ငံတော် သစ္စာဖောက်မှုဖြင့်ပါ ထင်ရှား စီရင်ခံရသည်။
ထောင်ဒဏ် အနှစ် ၂ ၀ မှ အနှစ် ၂၀၀ အထိ ပြစ်ဒဏ် ချမှတ်ခံကြရသည်။
ယင်းမှာ မြန်မာ့ သမိုင်းတွင် အရှည်ကြာဆုံး ပြစ်ဒဏ် ဖြစ်ပြီး မည်သူမျှ လက်ရှိ အခြေအနေကို စိန်မခေါ်ဝံ့အောင် ရည်ရွယ်သည်မှာ ရှင်းလှသည်။
စစ်ထောက်လှမ်းရေး အရာရှိ အချို့တို့မှာ စစ်ကြောနေစဉ် အတွင်း အညှဉ်းဆဲ ဒဏ်ကြောင့် သေသွားသည်ဟု ကောလာဟလများ ရှိခဲ့သော်လည်း အတည်မပြုနိုင်သေးပေ။
OCMI ဒုချုပ် ဗိုလ်ချုပ် ကျော်ဝင်းမှာ အငြိမ်းစား ယူခွင့်ရခဲ့ကာ ပြစ်ဒဏ်တခုခုမှ မကျခံရသည်မှာ သန်းရွှေနှင့် နီးစပ်သောကြောင့် ဆိုသည်မှာ ထင်ရှားသည်။
အမှန်စင်စစ် ဗိုလ်ချုပ်မှူးကြီးက စစ်ဆေး ထိန်းညှိရန် နှင့် ခင်ညွန့်ကို စောင့်ကြည့်ရန် ကျော်ဝင်း ကို OCMI ထဲတွင် ထည့်ထားသည်ဟု ယုံကြည်သူ အများပင် ရှိသည်။
လှုပ်ရှားသူ သတင်းဌာန တခုက “ခင်ညွန့်ကို ဖြုတ်ချရာတွင် ကျော်ဝင်းလည်း ကြံရာပါ ဖြစ်သည်” ဟု ဖော်ပြခဲ့သည်။
ရန်ကုန် သြစတြေးလျား သံရုံး၏ အဆိုအရ နအဖ သည် ခင်ညွန့်ကိုဖမ်းပြီး လအတန်ကြာသည့်တိုင် သူ့အမှုကြောင့် တအုံနွေးနွေး ဖြစ်နေသည် ဆို၏။
အကြောင်းမှာ မြန်မာ့ စစ်ထောက်လှမ်းရေး စနစ် ပြိုကွဲသွားခြင်းနှင့် ဖြစ်လာသည့် အကျိုးဆက် ပြဿနာများကြောင့်လည်း ဖြစ်သကဲ့သို့ နအဖ ၏ ဖမ်းဝရန်းတွင် ပါသည့် ခင်ညွန့်၏ အပေါင်းအပါ စစ်ထောက်လှမ်းရေး စုစုပေါင်း ၅၀၀၀ ခန့်သည် မြေအောင်းသွား သို့မဟုတ် ပြည်ပသို့ လွတ်မြောက်သွားကာ ခြိမ်းခြောက် နိုင်သေးသောကြောင့်လည်း ဖြစ်သည်။
ထို့ပြင် ၂၀၀၄ ခုနှစ် အောက်တိုဘာ လထဲတွင် OCMI ကို ဖြိုခွဲစဉ်က အလွန်များပြားသည့် ထောက်လှမ်းရေး အမှုတွဲများ ပျောက်ဆုံးသွားသည်ဟု ဆိုသည်။
ယင်းတို့အနက် အများအပြားကို ဖျက်ဆီးခဲ့ကြောင်း သတင်း ထွက်လာသော်လည်း မည်သူက မည်သည့် အကြောင်းကြောင့် ဆိုသည်မှာ မရှင်းလင်းပေ။
“လော်ရီ ကားများနှင့် သယ်ထုတ်သွားသည့် စာရွက်စာတမ်းများကို သိမ်းဆည်းကာ မီးတိုက်ပစ်ခဲ့သည်” ဟု ပီတာပေါ့ဖမ် (Peter Popham) က ရှင်းမပြဘဲ ဆိုခဲ့သည်။
ဤစကားသာ မှန်ပါက အချို့အရာရှိများ၊ တပ်များ ကျူးလွန်ခဲ့သည့် ပြစ်မှုများ၏ အထောက်အထားကို ဖျက်ဆီးလို၍ အမှုတွဲအချို့ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော် ပိုမို ဆိုးရွားသည့် ရည်ရွယ်ချက်များ ရှိနိုင်ကြောင်းကိုလည်း ပယ်ရန် မသင့်ပေ။
OCMI ကိုယ်တိုင်မှာလည်း ယခင်က ကျင့်သုံးခဲ့သည့် နည်းနာအချို့ကို ဖျောက်ဖျက်ပစ်စရာ အကြောင်းများ ရှိနေသည်။
အချက်အလက်များ ဆုံးရှုံးသွားသဖြင့် အမှုတွဲကိုင် အရာရှိ အသစ်များသည် အဖမ်းခံခဲ့ရသူများကို ပြန်ခေါ်ပြီး အမှုတွဲ အဟောင်းများကို ပြန်တည်ဆောက်ရာတွင် အကူအညီ တောင်းရသည်။
မြန်မာနိုင်ငံသို့ မည်သည့် နိုင်ငံခြား ပညာရှင်များ၊ သတင်းသမားများ လာခဲ့ဖူးသည်ကိုလည်း မျက်ခြည် ပြတ်ကုန်သည်။
အကဲဆတ်သည့် OCMI အမှုတွဲများ ပျောက်ကုန်ခြင်း၊ ရှက်စရာ အနေအထားဖြင့် ယင်းတို့ ပြန်ပေါ်လာနိုင်ခြင်း တို့သည် ခင်ညွန့်ကို နှစ်ရှည် ထောင်ဒဏ်အစား သက်သာသည့် နေအိမ် အကျယ်ချုပ်သာ ကျခံစေရန် ထောက်ကူနိုင်သည်ဟု သတင်း တင်ပြသူ အနည်းငယ်က ဆိုသည်။
ဥပမာ အားဖြင့် ထိုအမှုတွဲများတွင် ၂၀၀၃ ခုနှစ် မေလက ဖြစ်ခဲ့သည့် ဒီပဲယင်း လူသတ်မှုကြီး နှင့် ဆိုင်သည့် အမှုတွဲများ ပါသည်။
သန်းရွှေ၏ အမိန့်အရ ဆောင်ရွက်ဟန် ရှိသည့် နအဖ အတွင်းရေးမှူး – ၂ ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း၏ အစီအစဉ်အရ ကြံ့ခိုင်ရေး ပြည်သူ့စစ် ဂိုဏ်းကြီးတခုကို ဖွဲ့စည်းကာ ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယာဉ်တန်းကို တိုက်ခိုက် ခဲ့ကြသည်။
နိုင်ငံရေး လှုပ်ရှားသူ အုပ်စုများ နှင့် အခြားသူများက ယင်းသည် “လူထု ခေါင်းဆောင်ကို သတ်ရန် သေချာစွာ စီမံ ဆောင်ရွက်ခဲ့သည့် အားထုတ်မှု ဖြစ်သည်” ဟု ဆိုကြသည်။
ထိုဖြစ်ရပ်တွင် လူ ၅ ဦးသာ သေခဲ့သည်ဟု နအဖ က ဆိုသော်လည်း NLD ကမူ လူ ၇၀ ခန့် သေခဲ့ရပြီး အမြောက်အမြား အနာတရ ဖြစ်ခဲ့သည်ဟု ပြောသည်။
မတိုက်ခိုက်မီက အတိုင်ပင်ခံခဲ့ရဟန် မတူသည့် ခင်ညွန့်က ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ဖို့ ဝင်ပါရန် OCMI ကို အမိန့် ပေးခဲ့သဖြင့် သူ့ အသက်ကိုပင် ကယ်ခဲ့သည်ဟု ပြောကြောင်း နောက်ပိုင်းတွင် သတင်း ထွက်လာသည်။
ခင်ညွန့်က သူထိုသို့ မပြောကြောင်း ငြင်းဆိုခဲ့သော်လည်း အများက ထိုသို့ပင် ယုံကြည်ကြသည်။
သို့ဖြစ်သည့်တိုင် အကဲဆတ်သည့် ကိစ္စများနှင့် ဆိုင်သည့် အတွင်းသတင်းကို သုံးကာ သူ့သက်သာရာ သက်သာကြောင်းကို ရှာခဲ့သည် ဆိုခြင်းမှာ ထင်ကြေး သက်သက်သာ ဖြစ်၏။
သူတို့ မိသားစုသည် နအဖ သနားမှသာ ချမ်းသာရာ ရမည်၊ ပြောမှား ဆိုမှား ရှိပါက နောက်ကြောင်း မကောင်းမည် ဆိုသည်ကို သိလောက်အောင်တော့ သူလည်း ပါးနပ်ပါသေးသည်။
၂၀၀၅ ခုနှစ် သြဂုတ်လ အတွင်းက ရန်ကုန်မှ ပြန်ထွက်ခွာသွားတော့မည့် အမေရိကန် သံရုံးမှ သံရုံး ယာယီ တာဝန်ခံ ကာရ်မင် မာတင်နက်ဇ် (Carmen Martinez) က လွန်ခဲ့သည့် နှစ်မှ အဖြစ်အပျက်ကို သူမြင်သည့်အတိုင်း ဖော်ပြထားသည်။
ဝါရှင်တန်ရှိ နိုင်ငံခြားရေး ရုံးသို့ ကြေးနန်းစာ ပို့ရာတွင် –
မြန်မာ ဗိုလ်ချုပ်ကြီးများသည် “ယခင် အာဏာရှင် နေဝင်း၏ လမ်းစဉ်ကို ပြန်လိုက်ကာ သူတို့၏ စုပေါင်း အခွံထဲသို့ ပြန်အောင်းသွားပြီး ကိုယ့်ဘာသာကိုယ် အဆက်ဖြတ်နေကြပြီ” ဟု ရေးထားသည်။
သူက ဆက်ရေးရာတွင် –
ယခုကဲ့သို့ ဝင်အောင်းရခြင်း၏ အကြောင်းရင်းမှာ – ၂၀၀၄ ခုနှစ် အောက်တိုဘာလ၌ ယခင် ထောက်လှမ်းရေးချုပ် (မူလ လက်ဟောင်း ၁၉၈၈ စစ်အစိုးရ အဖွဲ့ဝင်) ခင်ညွန့်ကို ထုတ်ပယ်မှုပင် ဖြစ်သည်ဟု အကဲခတ် အများက ထောက်ပြကြသည်။
အသရေ ပျက်သွားရသည့် ဝန်ကြီးချုပ်မှာ အလယ်အလတ် သမား၊ ပြုပြင်ရေး သမား ဖြစ်ကာ အာဏာလုပွဲတွင် အမာခံ သမားများကို ရှုံးနိမ့်သွားသည်ဟု ယူဆထားကြသည်။
ကျွန်ုပ်တို့ သဘောမတူပါ။ ဗိုလ်ချုပ်ကြီး ခင်ညွန့်သည်လည်း အမာခံသမားပင် ဖြစ်သည်။
သို့သော် ပို၍ ဉာဏ်ထက်သူ ဖြစ်၍ ချဉ်းကပ်၍ ရသည်။ သူသည် အခြား နိုင်ငံများ၏ ခင်မင်မှု၊ ထောက်ခံမှု ရအောင် ကြိုးစားသည်။
နိုင်ငံတကာ၏ အမျက်ပြေစေရုံ သက်သက်အတွက် အတိုက်အခံများနှင့် စကားပြောကာ စစ်အစိုးရ၏ ထိန်းချုပ်မှု အပြည့် အဝကို ရေရှည်ခံစေသည့် အလုပ်ဖြစ်ရေး ဝါဒီ ဖြစ်သည်။
သူ့ကို ထုတ်ပစ်ကြသူများမှာ စည်းလုံးကြသူများ ဖြစ်သည်။
အမာခံသမားများ သက်သက် မဟုတ်ကြဘဲ သေချာစွာ တည်ဆောက်ထားသည့် “ဘိုးတော်ကြီး၏ လက်အောက် အာဏာ ခွဲဝေမှု စနစ်” ကို ထိန်းသိမ်းဖို့ အတွက် အချင်းချင်းကိုပင် ပြန်စားနိုင်သည့် အစွမ်းကို အကြိမ်ကြိမ် အခါခါ ပြောင်မြောက်စွာ လက်တွေ့ ပြခဲ့ကြသည်။ ထိပ်တန်း ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသည်။
ခင်ညွန့်သည်လည်း သူ့ကိုယ်ပိုင် ဘိုးတော် ကွန်ရက်နှင့် ထောက်လှမ်းရေး စနစ်၏ အာဏာတို့ကြောင့် ဆူဖြိုးနေသဖြင့် သွားရည် ယိုစရာ အစာတလုတ် ဖြစ်နေ၍ နအဖ ဟူသော ပါးစပ်ကြီးကလည်း သူ့ကိုလည်း ရှေ့က လူများနည်းတူ မျိုချ လိုက်လေတော့သည်။
ဤ သုံးသပ်ချက်ကို သဘောတူကြသည့် အကဲခတ် အများပင် ရှိသည်။ အနည်းစုက ဤနည်းတူ သို့မဟုတ် ပိုကွန့်၍ သူတို့ အမြင်များကို တင်ပြကြသည်။
ဥပမာ အားဖြင့် ထိုနှစ်ဆန်းပိုင်းက ဘန်ကောက်ပို့စ် (Bangkok Post) သတင်းစာတွင် လယ်ရီ ဂျေဂင် က ရေးခဲ့ရာတွင် ထောက်လှမ်းရေး စနစ်ကို အပုပ်ချခြင်းဖြင့် “ဗမာ့ လက်နက်ကိုင် တပ်များသည် သူတို့ကိုယ် သူတို့ ပြန်ရန်ရှာနေသည်။ ဇာတ်တူသား စားနေသည်။ စစ်တပ်သည် ကိုယ့်အသား ကိုယ်ပြန်စားနေသည်”ဟု အထက်တန်း အရာရှိကြီးများက ဆိုသည်။
ဤ အတွေးများကို စိတ်ထဲတွင် ထားကာ စစ်အစိုးရ၏ ၂၀၀၄ ခုနှစ် နောက်ပိုင်း အမျိုးသား ထောက်လှမ်းရေး စနစ် ပြန် တည်ဆောက်သည့် အားထုတ်မှုကို ဆင်ခြင် သုံးသပ်သင့်သည်။ ။
(ဤဆောင်းပါး စာစုကို လွင်ဦးစာပေ (လှည်းတန်း) က ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ထုတ်ဝေသော ဉာဏ်သစ် မြန်မာပြန် “လျှို့ဝှက်ချက်များ နှင့် အာဏာ (ထောက်လှမ်းရေး နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း)” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းစာအုပ်မှာ Andrew Selth ရေးသားသည့် Secrets and Power in Myanmar : Intelligence and The Fall of General Khin Nyunt ဖြစ်ပါသည်။)
You may also like these stories:
ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း (၂)
ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း