တနိုင်ငံလုံးမှာဖြစ်နေတဲ့ ပြည်တွင်းစစ်သာမက အဓိကကျတဲ့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ ပစ်ခတ်သတ်ဖြတ် ဓားပြမှုတွေဖြစ်နေချိန်မှာ ဝန်ကြီးဌာနတွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ ခရီးသွားလုပ်ငန်းတွေ အနေနဲ့ မြန်မာက ခရီးသွားလုပ်ငန်းနေရာတွေဟာ ဘေးကင်းလုံခြုံကြောင်း နိုင်ငံတကာခရီးသွားတွေ ယုံကြည်အောင် အမြန်လုပ်ဖို့ စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက တိုက်တွန်းလိုက်ပါတယ်။
သူ ဥက္ကဋ္ဌလုပ်တဲ့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးမှာ ဇန်နဝါရီလ ၈ ရက်နေ့က နေပြည်တော်မှာ မိန့်ခွန်းပြောစဉ် ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မြန်မာက ခရီးသွားလုပ်ငန်းနေရာတွေဟာ ခရီးသည်တွေအတွက် ဘေးကင်းလုံခြုံကြောင်း သတင်းမှန် ထုတ်ပြန်ရေး တောင်းဆိုချက်ကို ထပ်မံ ပြောကြားတာဖြစ်ပါတယ်။
အဲဒီညွှန်ကြားချက်ဟာ စစ်ခေါင်းဆောင်က လွန်ခဲ့တဲ့နှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်မိန့်ခွန်းမှာ ပြောခဲ့တဲ့ ညွှန်ကြားချက် ဖြစ်ပါတယ်။
နောက်တနေ့မှာတော့ အမေရိကန်အစိုးရက အမေရိကန် နိုင်ငံသားတွေ ခရီးမသွားသင့်တဲ့ နိုင်ငံတွေထဲမှာ မြန်မာ ပါဝင်ကြောင်း ကြေညာပါတယ်။ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေကလည်း မြန်မာက ပြည်တွင်းစစ်ကြောင့် သူတို့နိုင်ငံသားတွေ မြန်မာကို သွားရောက်လည်ပတ်တာနဲ့ ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ထားပါတယ်။
တကယ်တော့ စစ်ကောင်စီအောက်မှာ မြန်မာက မြို့ကြီး မြို့ငယ်တွေဟာ နိုင်ငံတကာခရီးသွားတွေ အတွက်သာမက ဒေသခံတွေအတွက်ပါ မလုံမခြုံ ဖြစ်နေပါတယ်။
ဗိုလ်ချုပ်ကြီး မြထွန်းဦးက လုံခြုံတဲ့ခရီးအကြောင်း ပြောနေချိန် ရန်ကုန်မြို့လယ် ပန်းပဲတန်းမြို့နယ်က ရွှေဆိုင်တဆိုင်ဟာ နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့မှာ ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်က လူတယောက်ဟာ အနီးကပ် ပစ်သတ်ခံရပါတယ်။
မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမှာလည်း ရွှေဆိုင်ဓားပြတိုက်မှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ လူသတ်မှုတွေကြောင့် ဂယက်ရိုက်နေပါတယ်။
စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသတွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ပဋိပက္ခတွေဟာ တနှစ်ထက်တနှစ် ပိုမိုပြင်းထန်လာနေပါတယ်။ စစ်ကောင်စီဟာ မြို့တွေ ရာချီနဲ့ ရခိုင်နဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်တိုင်းဌာနချုပ်တွေ ဆုံးရှုံးနေတယ်။
တနိုင်ငံလုံးက မြို့နယ် ၃၃၀ အနက် ၁၄၅ ခုမှာသာ အပြည့်အဝ သန်းခေါင်စာရင်း ကောက်နိုင်ကြောင်း မကြာသေးမီက ပဏာမ သန်းခေါင်စာရင်းမှာ စစ်ကောင်စီက ဝန်ခံခဲ့ပါတယ်။
ကမ္ဘာ့ခရီးသွားတွေအကြား တခါက ကျော်ကြားတဲ့ ခရီးသွားလုပ်ငန်းနေရာတွေဟာ အခုတော့ ပဋိပက္ခဇုန် ဖြစ်နေပါတယ်။
ကမ္ဘာလှည့် ခရီးသည်တွေအတွက် အဓိက နေရာတွေဖြစ်တဲ့ ရခိုင်ပြည်နယ်က ငပလီကမ်းခြေနဲ့ ယဉ်ကျေးမှုအမွေအနှစ် မြောက်ဦးဟာ အခုတော့ အာရက္ခတပ်တော် (AA) ထိန်းချုပ်မှုအောက် ရောက်နေပါတယ်။ တိုက်ပွဲတွေဟာ အနီးက ဧရာဝတီတိုင်းထဲကို ကူးစက်လာလို့ ချောင်းသာနဲ့ ငွေဆောင်လို ကမ်းခြေတွေဟာလည်း အခု မလုံခြုံတော့သလို ဖြစ်နေပါတယ်။
စစ်ကောင်စီနဲ့ AA အကြား တိုက်ပွဲတွေဟာ ရခိုင်ရိုးမက အမ်း-ပဒါန်းလမ်းမှာလည်း ဖြစ်နေတယ်။ မကွေးတိုင်းက လူသိများတဲ့ ဘုရားဖူးဒေသ မန်းရွှေစက်တော်ဘုရားဟာ ပဒါန်းကနေ မိနစ် ၃၀ လောက်ပဲ မောင်းရတဲ့နေရာ ဖြစ်ပါတယ်။
အဲဒီ ဘုရားပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီလကနေ ဧပြီလအထိ သုံးလနီးပါး ကျင်းပလေ့ရှိပါတယ်။ ဒါပေမယ့် အဲဒီဘုရားအနီး ခရီးသွားလာခြင်းကို မင်းဘူး ပြည်သူ့ကာကွယ်ရေးတပ် (PDF) က မကြာသေးမီမှာ သတိပေးထားပါတယ်။ အဲဒီဘုရားဖူးနေရာကို သွားမယ့်ခရီးကို ဖျက်သိမ်းလိုက်ကြောင်း ရန်ကုန်က မိသားစုတခုက ဧရာဝတီသတင်းဌာနကို ပြောပါတယ်။
မန္တလေးတိုင်းမှာလည်း ကျော်ကြားတဲ့ ခရီးသွားနေရာဖြစ်တဲ့ ပုပ္ပါးတောင်ကို လုံခြုံရေးအရ ပိတ်ထားကြောင်း စစ်ကောင်စီက မကြာသေးမီက ကြေညာပါတယ်။ ဒါ့အပြင် နောက်ထပ် အဓိက ခရီးသွားလုပ်ငန်းဒေသ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသမှာ စစ်ဆင်ရေးတွေ လုပ်မယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။
တချိန်တည်းမှာပဲ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မဟာမိတ် အင်အားစုတွေက ရှမ်းပြည်နယ်နဲ့ နယ်စပ်အနီး မန္တလေးတိုင်းက မိုးကုတ်ကို ဇူလိုင်လကတည်းက သိမ်းပိုက်ထားပါတယ်။
တရုတ်နိုင်ငံသား အနည်းငယ်ကလွဲလို့ နိုင်ငံခြားသားနည်းတယ်လို့ ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် ပုဂံကို ဒီဇင်ဘာလက ခရီးသွားခဲ့သူတဦးက ပြောပါတယ်။ ညဘက်ဆိုရင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းက သေနတ်သံတွေ ကြားတယ်လို့လည်း သူကပြောပါတယ်။
တခါက နိုင်ငံတကာခရီးသွားတွေအကြား ကျော်ကြားတဲ့ ချင်းပြည်နယ်က ဝိတိုရိယတောင်နဲ့ ရိဒ် ရေကန်သာမက ကရင်နီ (ကယား) ပြည်နယ်က လွိုင်ကော်နဲ့ ဖယ်ခုံကိုလည်း တိုက်ပွဲတွေကြောင့် သွားလို့မရတော့ပါဘူး။
ဒါကြောင့် ရန်ကုန်နဲ့ ရှမ်းပြည်တောင်ပိုင်းက တောင်ကြီးနဲ့ အင်းလေး အပါအဝင် နေရာအနည်းငယ်သာ နိုင်ငံတကာခရီးသည်တွေ သွားနိုင်ပါတောတယ်။
စက်တင်ဘာလက ပြုလုပ်တဲ့ ကမ္ဘာ့ခရီးသွားနေ့မှာ မိန့်ခွန်းပြောတုန်းက မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ပထမ ၅ လမှာ နိုင်ငံခြားခရီးသည် ၅ သိန်းသာ လာပေမယ့် အဲဒီနှစ်မှာ မြန်မာကို လာရောက်လည်ပတ်မှု မြင့်မားလာမယ်လို့ ဟောကိန်းထုတ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ မြန်မာကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ၁ သန်း ရှိတယ်လို့လည်း သူက ပြောပါတယ်။
စစ်ခေါင်းဆောင်အတွက် အရမ်း ရှက်စရာကောင်းတာက စစ်ကောင်စီထိန်းချုပ် ဇန်နဝါရီလ ၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးမှာ ၂၀၂၄ ခုနှစ်တွင်း ထိုင်းနိုင်ငံကို နိုင်ငံခြားသား ၃၅ ဒသမ ၄ သန်း လာရောက်ခဲ့တယ်လို့ ဖော်ပြတာပဲ ဖြစ်ပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Junta Minister Makes Surreal Pitch for War-Torn Myanmar as Global Tourism Destination ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ ခရီးသွားလုပ်ငန်း နာလန်ထရေး အလှမ်းဝေး
ပြည်တွင်းခရီးသွားများကိုသာ မျှော်လင့်နေရသည့် မြန်မာ့ခရီးသွားလုပ်ငန်း
အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား
အသက်မဲ့သွားတဲ့ မြန်မာ့ ခရီးသွားလုပ်ငန်း (ရုပ်/သံ)