(၁)
နှင်းလွရေခဲပွင့်၊ သို့မဟုတ် သဇင်ဥကလေးများသည် နတ်တော်လ၏ အမှတ်အသား၊ သဇင်ရနံ့ သင်းပျံ့လာလျှင် စာပေရေးရာ ပွဲလမ်းသဘင်များ၏ အသံတို့ကို ကြားလာရမြဲ။
နယ်မှ စာဖတ် ပရိသတ်များက စာရေးဆရာများကို ဖိတ်ကြ၏။ စာရေးဆရာများကို ဧည့်ဝတ် ပြုကြ၏။ စာရေဆရာများ၏ ပြောစကား ဟောစကား တို့ကို ကြားနာကြ၏။
စာဖတ်သူ နှင့် စာရေးသူ ဆွေးနွေးကြ၏။
စာဆိုတော်နေ့ဟု ကျင်းပလာကြသည်ပင်လျှင် ၂၄ နှစ် ရှိပေပြီ။ ပထမ က မြန်မာနိုင်ငံ စာရေးဆရာ အသင်းက ကြီးမှူးကာ စာဆိုတော်နေ့ကို ကျင်းပလေ့ ရှိသည်။
စာရေးဆရာ အသင်းသည်ပင်လျှင် နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှု အတွင်းမှာ ပေါက်ဖွားလာခဲ့ပေသည်။
၁၃၀၀ ပြည့် အရေးတော်ပုံ ပြီးသော အခါ နယ်ချဲ့ ဆန့်ကျင်ရေး၊ ပြည်သူ့ အာဏာခေတ် ဦးတည်ရေးသည် တက်ကြွ လာခဲ့ပေသည်။
၁၃၀၀ ပြည့် အရေးတော်ပုံ ခေါ် ၁၉၃၈-၃၉ အထွေထွေ သပိတ်ကြီးသည် မြန်မာ နိုင်ငံရေး သမိုင်း၌ ယဉ်ကျေးမှု တော်လှန်ရေး တရပ်၏ ပဏာမ ကဏ္ဍသစ် တခန်း ဖွင့်ခဲ့ပေသည်။
ယင်းသည်ကား အခြား မဟုတ်။
အလုပ်သမား၊ လယ်သမား နှင့် ပညာရှင်တို့ လက်တွဲကာ နယ်ချဲ့ ဆန့်ကျင်ရေး တပ်ဦး အဖြစ် စည်းလုံးမိခြင်း ဖြစ်ပေသည်။
၁၃၀၀ ပြည့် အရေးတော်ပုံ နိုးကြားမှုကြောင့် လုပ်သား လူတန်းစား အဖွဲ့အစည်းများ ပေါက်ဖွားခဲ့သလို စာရေးဆရာ အသင်း သည်လည်း ပေါက်ဖွားခဲ့ပေသည်။
ဖွဲ့စက စာရေးဆရာများ အစည်းအရုံး ဟု ခေါ်၍ ဂျပန်ခေတ် ပြန်လည် ဖွဲ့စည်းသော အခါ စာရေးဆရာ အသင်း အမည်ဖြင့် ခေါ်ဝေါ်လာသည်။
ထိုအခါက စာရေးဆရာ အသင်းသည် ဒီမိုကရေစီ တပ်ပေါင်းစု စာပေ အဖွဲ့အစည်း တရပ် ဖြစ်ပေသည်။
စာရေးဆရာ တို့မှာ ပင်ကိုအားဖြင့် ဒီမိုကရေစီ စိတ်ဓာတ် ရှိသူများ ဖြစ်ကြသည်။
သို့ဖြစ်သည့် အတိုင်း ဖက်ဆစ် တော်လှန်ရေး မတိုင်မီ အဖိတ်ကာလ၌ ပထမဆုံး ကျင်းပသော စာဆိုတော်နေ့၊ ဝိဇယ ပြဇာတ်တွင် စာရေးဆရာများသည် လူထုဆန္ဒ သဘော (ဝါ) ဒီမိုကရေစီ သဘောကို ဖော်ထုတ် ပြသကာ ဖက်ဆစ်တို့အား သိမ်မွေ့စွာ “ယဉ်းကျေးမှု တော်လှန်ရေး” ပြုခဲ့ကြပေသည်။
စာဆိုတော်နေ့သည် ဖက်ဆစ် တော်လှန်ရေး အတွင်းမှ ပေါက်ဖွားလာသည်ဟု ဆိုနိုင်ပေသည်။ စာရေးဆရာများသည် ဒီမိုကရေစီ အစဉ်အလာ ရှိသူများ ဖြစ်ကြပေသည်။
(၂)
အင်္ဂလိပ် ကိုလိုနီခေတ်မှ စ၍ တခေတ်ပြီး တခေတ် အားဖြည့် လာခဲ့သော နယ်ချဲ့ ဆန့်ကျင်ရေး ပေါ်၌ အခြေခံခဲ့သော အမျိုးသား ညီညွတ်ရေး အင်အားကြီးသည် ဂျပန် ဆက်ဆစ် တော်လှန်ရေး အတွင်း၌ သိပ်သည်း ခိုင်မာခဲ့သည်။
သို့သော် တော်လှန်ရေး အပြီး စစ်ကြီးအပြီး လွတ်လပ်ရေး တိုက်ပွဲကာလ (၁၉၄၆-၄၈) ၌ အမျိုးသား ညီညွတ်ရေးသည် အက်ကွဲစ ပြုလာပေပြီ။
အမျိုးသား ညီညွတ်ရေး၏ အမှတ်အသား ဖဆပလ အဖွဲ့အစည်း အတွင်း၌ ထင်ဟပ်ပေသည်။
၁၉၄၈ ၌ကား၊ ပြိုကွဲသွားတော့သည်။ ပြည်တွင်းစစ်။
၁၉၅၈ ၌ကား၊ အစိပ်စိပ်အမွှာမွှာ ဖြစ်သွားတော့သည်။
ကိုလိုနီခေတ် အမျိုးသား လှုပ်ရှားမှုကြီး၌ ၁၉၀၀-၁၉၃၀ အထိ အမျိုးသား ဓနရှင် အင်အားစုက ခေါင်းဆောင်မှု ရခဲ့သည်။
သာယာဝတီ လယ်သမား သူပုန် အပြီး၌ကား အမျိုးသား လှုပ်ရှားမှုကြီးသည် တဆင့် တက်လာခဲ့သည်။
အလုပ်သမား၊ လယ်သမား၊ ပညာရှင်များ လက်တွဲသော၊ ပြည်သူ့အာဏာ (ဝါ) ဆိုရှယ်လစ် စီးပွားရေး စနစ်သို့ ဦးတည်သော တိုးတက်သော အင်အားစုက ခေါင်းဆောင်မှု ရခဲ့သည်။
အမျိုးသား ဓနရှင် ခေါင်းဆောင်မှုမှာ အုပ်စိုးသော ဖိနှိပ်သော လူတန်းစားဘက် ရောက်ကာ ယိုယွင်း အိုမင်း ပျက်စီး လာလျက်၊ အလုပ်သမား၊ လယ်သမား၊ ပညာရှင် တပ်ပေါင်းစုမှာ အအုပ်စိုးခံ အဖိနှိပ်ခံ ပြည်သူတို့နှင့် တသားတည်း ဖြစ်သွားခဲ့သည်။
ယင်း တိုးတက်သော၊ ပျိုမြစ်သော၊ သစ်လွင်သော ပြည်သူ့ အင်အားစုသည် ၁၃၀၀ ပြည့် အရေးတော်ပုံမှ စတင် စည်းလုံးကာ ၁၉၄၅ ဖက်ဆစ် တော်လှန်ရေး အထိ ညီညွတ်ရေး အထွတ်အထိပ်သို့ ရောက်ခဲ့ပေသည်။
ယင်း အင်အားစုကြီး ၌ပင် ဓနရှင် ပြုပြင်ရေး (ဝါ) ဆိုရှယ် ဒီမိုကရက် အင်အားစု နှင့် ပြည်သူ့ ဒီမိုကရေစီ အင်အားစုတို့ ကွဲပြား ခြားနားလာကြသည်။
၁၉၄၈ လွတ်လပ်ရေး ရသောအခါက စတင်၍ ယင်း ဓနရှင် ဆိုရရှယ်လစ် အင်အားစုနှင့် ပြည်သူ့ ဒီမိုကရေစီ အင်အားစု တို့၏ ကွဲပြား ခြားနားမှုသည် လက်နက်ကိုင် ပဋိပက္ခ အသွင်ဖြင့် ကြီးထွား မြင့်မားလာတော့သည်။
အမျိုးသား လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုကြီးသည် လွတ်လပ်ရေး ရအပြီး၌ ပြည်သူ့ လှုပ်ရှားမှုကြီး ဖြစ်လာတော့သည်။
ယင်းနိုင်ငံရေး တိုက်ပွဲများ (ဝါ) ပြည်သူ့ လှုပ်ရှားမှုများသည် စာပေ၌ ထင်ဟပ်ပေသည်။
စာပေသည် ခေတ်ပြ ကြေးမုံ မဟုတ်ပေလော။ အနုပညာရှင်များသည် သူ့ခေတ်ရှိ ပြည်သူ၏ ခံစားမှု ဝေဒနာ တို့ကို ဖော်ပြသည် မဟုတ်ပေလော။
(၃)
စာရေးဆရာ အဖွဲ့အစည်းများ၏ လှုပ်ရှားမှု၊ စာရေးဆရာများ၏ စာအရေးအသားများသည် စာပေလောက၏ သရုပ်ကို ဖော်ပြပေသည်။
စာရေးဆရာသည် လူတယောက် အဖြစ် သူ၏ ပညာရပ် အတတ်ပညာ ဆိုင်ရာ လူမှုရေး အဖွဲ့အစည်း၌ ပါဝင်သည်။ သူ၏ ခံစားချက်ကို သူ၏ ဝတ္ထု၊ ကဗျာ အစရှိသော ရသစာပေ၌ ဖော်ပြသည်။
စာရေးဆရာသည် သူနေသော လူ့အဖွဲ့အစည်း၏ လူမှုရေး နေရာ၌ လှုပ်ရှားနေပေသည်။ သူ့နေရာ ထင်ရှားသည် ဖြစ်စေ၊ မထင်ရှားသည် ဖြစ်စေ သူ့ကို မြင်တွေ့ကြရပေမည်။
စာရေးဆရာသည် ဟိမဝန္တာ တောင်ခါးပန်းမှ ရသေ့ မဟုတ်ပေ။ မှန်ခန်း အတွင်း၌ နေသော စာရေးဆရာပင်လျှင် သူ့အရိပ်ကို မြင်ကြရပေမည်။
၁၉၄၀ လောက်က စာရေးဆရာ အသင်း ဟူ၍ တခုတည်းသာ ရှိခဲ့သော်လည်း ၁၉၅၀ ပတ်ဝန်းကျင် သည်ဘက် ရောက်သောအခါမူ စာရေးဆရာ အဖွဲ့အစည်း အသစ်များ ပေါ်ပေါက် လာလေတော့သည်။
စစ်နှင့် တော်လှန်ရေးကို ဖြတ်သန်းခဲ့သော လူငယ် အင်အားသစ်သည် နေရာသစ် ယူလာကြသည်။
၁၉၆၀ လောက်တွင်ကား စာရေးဆရာ အဖွဲ့အစည်းသစ် များစွာ ပေါ်ပေါက် လာတော့သည်။ အဘယ်ကြောင့်နည်း။ ဘာ့ကြောင့် အဖွဲ့အစည်းများ ပြောင်းလဲကြသနည်း။
မူလက ဦးတည်ချက်သည် တခုတည်း ဖြစ်၍ တခုတည်းသော အဖွဲ့အစည်း အဖြစ် စတင် ရပ်တည်ခဲ့ပေသည်။ တချို့က မူလ ဦးတည်ချက် အတိုင်း စိုက်စိုက် မတ်မတ် သွားလိုကြ၏။ တချို့က မူလ ဦးတည်ချက်ကို ပြန်ပြင်ဆင် လိုကြသည်။
တချို့က ရှေ့သို့သာ တက်ချင်သည်။ တချို့က နောက်သို့ ဆုတ်ချင်သည်။ တချို့က အခြေခံ ဘောင်အတွင်း၌ ကွဲလွဲကြသည်။ တချို့က အခြေခံချင်း ကွဲလွဲကြသည်။
ယင်းသို့လျှင် တော်လှန်ရေး အကွေ့အကွေ့ တို့၌ နောက်ကျန်ရစ်သူ၊ ရှေ့တက်သွားသူ စသည်ဖြင့် ပြောင်းလဲ လှုပ်ရှား နေသော အခြင်းအရာများကို မြင်ကြရပေသည်။
ယင်းသို့ ပြောင်းလဲ ရွေ့လျားရာ၌ တစုံတရာသော အခြင်းအရာ တခုကို ကိုယ်စားပြုသော အဖွဲ့အစည်းသည်လည်း ပြောင်းလဲ ရွေ့လျားနေပေမည်။
ပျက်ချိန်တန် ပျက်၍ ဆန်းချိန်တန် ဆန်းကြရမြဲ မဟုတ်ပေလော။
ယခုအခါ၌ ယင်းစာရေးဆရာ အဖွဲအစည်းများသည် အိုမင်း၊ ယိုယွင်း၊ ပျက်စီး၊ တိမ်ကော သွားကြလေပြီ မဟုတ်ပေလော။
(၄)
သဇင်နံ့ကလေး သင်းပျံ့လာ၏။
လိမ္မော် ရနံ့ ထုံလာ၏။
ကျနော်သည် စာအုပ် ဆိုင်တန်းများပေါ်၌ စီရရီ တင့်ကြွားနေကြသော အရောင်များကို ငေးကြည့်မိသည်။ စာပေလောက နှင့် ၃ နှစ်ကျော် ပြတ်သွားသူ တယောက်အဖို့ ကြည်မော ဆွတ်ပျံ့မိသည်။
အချုပ်အလုပ်၊ အဖုံးအအုပ်များမှာ သေသပ် ခေတ်မီလာကြပေသည်။ တဆယ့်နှစ်ကျပ် တန်အထိ တန်ဖိုးထားကြသော စာအုပ် ထူထူ၊ လှလှများ ထွက်ပေါ်နေကြသည်။
အစကမူ သုံးကျပ်တန် စာအုပ်သည် ဈေးအများဆုံးလောက် ဖြစ်သည်။
ယခုမူ နှစ်ကျပ်တန်က နည်းနေသည်ဟု မှတ်ရသည်။ ဝတ္ထုထက် ဝတ္ထုမဟုတ်သော စာအုပ်များက ပို၍ ထွက်နေကြသည် ဟု ထင်မိသည်။ ကိန်းဂဏန်းဖြင့် စာရင်းဇယားတော့ မပြနိုင်။
ဝတ္ထု အထူများ ထွက်နေသည်ကို တွေ့ရသဖြင့် ဝမ်မြောက်မိသည်။ တချို့လည်း အစဉ်အလာ ပုံသဏ္ဌာန်ဖြင့် ရေးကြသည်။ အချို့လည်း အစဉ်အလာကို ပြုပြင်၍ ရေးကြသည်။ အချို့လည်း အသစ်ကို မြေစမ်း ပျိုးကြည့်ကြသည်။ ထူသလောက် ထူးခြားတာလည်း ရှိ၊ ထူသလောက် မထူးခြားတာလည်း ရှိ။
ချစ်ကွဲညား၊ မင်းသား၊ မင်းသမီး၊ လူကြမ်း ၃ ဒေါက်၌ တဝဲလည်လည် ဖြစ်နေကြသူများလည်း ရှိကြသည်။ စာရေးဆရာ ဝါရင့်၊ ဝါနု သိပ်မကွာကြ။
အစဉ်အလာ၌ ခုံမင်ကာ လူကြိုက်များခြင်း၌ ယစ်မူးကြလေသလော။
ဆိုရှယ်လစ် ဝေါဟာများ ခေတ်စားနေသော်လည်း ဓနရှင် သရုပ်ဖော် စာပေမှာ နေရာရလျက်ပင် ရှိနေပေသေးသည်။ တချို့လည်း ကျားသေအား ဖျဲချောက်ပြီး စက္ကူကျားကိုမူ လန့်နေကြသည်။
သမိုင်း ဆန်သော စာအုပ်များ တွင်ကျယ်နေသည်ကို ထောက်ကာ လူငယ်များသည် စူးစမ်း တွေးခေါ် နေကြပါကလား ဟု အားတက်မိသည်။
ယနေ့ ကမ္ဘာကြီး၌ ပြောင်းလဲမှု အဟုန် ပြင်းထန်နေရာ ဘာကြောင့် မုန်တိုင်းကြီး တိုက်နေသလဲ၊ သစ်ပင်လဲသံလား၊ မိုးခြိမ်းသံလား၊ အမြောက်သံလား၊ နံရံကြီး ပြိုကျသံလားဟု စူးစမ်းနေကြသလော။
ယင်းသို့ လူငယ်များ စူးစမ်း ဖတ်ရှုလျက် ရှိသော သမိုင်းရေးရာ၊ နိုင်ငံရေးရာ၊ သဘောတရား ရေးရာ စာအုပ်များ ထွက်နေ သဖြင့် ဝတ္ထုခေတ် ကုန်သွားပြီလောဟု သံသယ ရှိကြသူ အချို့ကို တွေ့ရသည်။
ထုတ်ဝေသူ မိတ်ဆွေ တယောက်က “ဝတ္ထု ထုတ်လို့ တယ်မကိုက်တော့ဘူး” ဟု ပြောလိုက်သည်။
ကျနော်က ဤသို့ မထင်။
ယနေ့ ခေတ်ကား ဝတ္ထုခေတ် ဖြစ်သည်။ ယနေ့ ခေတ်ကို သရုပ်ဖော်နိုင်လေ ယင်းဝတ္ထုသည် တောက်ပလေ ဖြစ်ပေမည်။ သရုပ်ဖော် ဝတ္ထုသည် နွံတွင် မနစ်သော ပတ္တမြား ဖြစ်ပေသည်။
ယနေ့ ကျဆုံးနေသော ဝတ္ထုများကား သရုပ်ဖော် ဝတ္ထုများ မဟုတ်ပေ။ စိတ်ကူးယဉ်နှင့် အချစ် ဝတ္ထုများသာ ဖြစ်သည်ကို တွေ့ရသည်။
ပြည်သူသည် အမှန်တရားကို မြတ်နိုးသည်။
ပြည်သူ့ဘဝကို သရုပ်ဖော်သော ဝတ္ထုမှာ အသက်ပါသဖြင့် ပြည်သူက ဖတ်ချင်သည်။ ပြည်သူ့ဘဝ နှင့် ကင်းကွာသော ဝတ္ထုမှာ အသက်မပါသဖြင့် ပြည်သူက ဖတ်ချင်မည် မဟုတ်ပေ။
သဇင်ရနံ့ သင်းပျံ့လာ၏။ ။
၁၄ . ၁၁ . ၆၇
(ငြိမ်းချမ်းရေး ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ ရေးသားသည့် ဤဆောင်းပါးကို အကယ်ဒမီ စာပေတိုက်က ၁၉၇၄ ခုနှစ်တွင် ထုတ်ဝေသော “စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါ ကားလိပ်” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက် အသက် ၉၄ နှစ် အရွယ်တွင် ကွယ်လွန်သွား ပါသည်။)