နပိုလီယန် ဘိုနာပတ် (၁၇၆၉ – ၁၈၂၁)
NAPOLEON BONAPARTE (1769 – 1821)
ဂုဏ်သတင်း ကြီးမား ကျော်ကြားလှတဲ့ ပြင်သစ် ဗိုလ်ချုပ်ကြီး ဧကရာဇ် ပထမ နပိုလီယန် (Napoleon Bonaparte) ကို ၁၇၆၉ မှာ ကော်စီကာ (Corcica) အဂျေရှို (Ajaccio) မှာ မွေးဖွားပါတယ်။
ငယ်နာမည်က နပိုလီယန် ဘိုနာပတ် (Napoleon Bonaparte) ဖြစ်တယ်။ သူမမွေးခင် ၁၅ လမှာ ကော်စီကာကို ပြင်သစ်က သိမ်းယူတယ်။
ငယ်စဉ်က နပိုလီယန်ဟာ ကော်စီကာ မျိုးချစ်တယောက် အနေနဲ့ ပြင်သစ်ကို ဖိနှိပ် ချုပ်ချယ်သူတွေလို့ ထင်ခဲ့ပါတယ်။
ဒါပေမယ့် နပိုလီယန်ကို ပြင်သစ် စစ်တက္ကသိုလ်တွေမှာ ခေါ်ယူပြီး ပညာသင်ပေးတယ်။ အသက် ၁၆ နှစ်၊ ၁၇၈၅ မှာ ကျောင်းဆင်းတော့ ပြင်သစ် (French) တပ်မတော်မှာ အရာခံဗိုလ် ဖြစ်လာပါတယ်။
လေးနှစ် ကြာတော့ ပြင်သစ် တော်လှန်ရေးကြီး (French Revolution) ပေါက်ကွဲပြီး နှစ်အနည်းငယ် အတွင်းမှာ ပြင်သစ် အစိုးရဟာ တန်ခိုးကြီး နိုင်ငံတွေနဲ့ စစ်တိုက်ရပါတယ်။
နပိုလီယန် ပထမဆုံး အစွမ်းပြခွင့်ရတာက ၁၇၈၃ (ဗြိတိသျှ လက်ထဲက ပြင်သစ်တို့ ပြန်ပြီး သိမ်းယူတဲ့) တိုလုံး (Toulon) ဝန်းရံ တိုက်ခိုက်ပွဲ ဖြစ်ပါတယ်။
သူက ဒီပွဲမှာ အမြောက်တပ်ဗိုလ် ဖြစ်ပါတယ်။
(အဲဒီအခါမှာ သူက ကော်စီကာ မျိုးချစ် အတွေးအခေါ်တွေကို စွန့်ပြီး သူလည်း ပြင်သစ် နိုင်ငံသားလို့ စွဲမှတ်နေချိန် ဖြစ်ပါတယ်။)
တိုလုံးမှာ ရဲစွမ်းသတ္တိနဲ့ စစ်ရေးစစ်ရာ အစီအမံတွေကို ချင့်ပြီး သူဟာ ဗိုလ်မှူးချုပ် (Brigadier General) ရာထူး အထိ တိုးမြှင့် မြှောက်စားခြင်း ခံရတယ်။
အီတလီ (Italy) ကို ဝင်တိုက်တဲ့ ပြင်သစ် တပ်ကို ၁၇၉၆ မှာ အုပ်ချုပ်ခွင့် ရတယ်။
အဲဒီ ၁၇၉၆-၉၇ မှာ ရင်သပ်ရှုမော အံ့သြစရာ အောင်ပွဲတွေ အလီလီ အထပ်ထပ် ရလို့၊ ပါရီ (Paris) မြို့တော်ကို သူရဲကောင်းကြီး အဖြစ်နဲ့ ပြန်ရောက်လာပါတယ်။
အီဂျစ်ကို ပြင်သစ်က ၁၇၉၈ မှာ ကျူးကျော် ဝင်ရောက် တိုက်ခိုက်တဲ့အခါ နပိုလီယန်က ခေါင်းဆောင် ဖြစ်ပါတယ်။ ကြည်းကြောင်းမှာ နပိုလီယန်က အောင်ပွဲရတာ များပါတယ်။
ဒါပေမယ့် လော့ဒ် နယ်လဆင် (Lord Nelson) အုပ်ချုပ်တဲ့ ဗြိတိသျှ ရေတပ် (British Navy) က ပြင်သစ် ရေတပ် (French Fleet) ကို ဖျက်ဆီးနိုင်တဲ့ အတွက် ၁၇၉၉ မှာ နပိုလီယန်ဟာ အီဂျစ်ကို စွန့်ပစ်ထားခဲ့ပြီး သူတယောက်တည်း ပြင်သစ်ကို ကိုယ်လွတ်ရုန်းပြီး ပြန်ရောက်လာပါတယ်။
ပြင်သစ် ရောက်တော့ ပြည်သူလူထုက အီဂျစ် စစ်မျက်နှာမှာ မရှုမလှ အရေးနိမ့်ခဲ့တာကို လျစ်လျူပြုပြီး အီတလီ စစ်မျက်နှာမှာ အောင်ပွဲခံတာကိုပဲ အမှတ်ရကြပြီး သူ့ကို ကြိုဆိုတယ်။
ဒါကို အခွင့်ကောင်းယူပြီး ပြန်လာလို့ တလ အကြာမှာ အက်ဗက်ဆီယက် (Abbe’ Sie’yes) တို့နဲ့ အပေါင်းပါလုပ်ပြီး အာဏာ သိမ်းပွဲ (Coup d’etat, ) ကူးဒတမှာ ပါဝင်လာတယ်။
အစိုးရသစ် ဖွဲ့တော့ ဦးစီးအဖွဲ့မှာ နပိုလီယန်က ပထမ ဦးစီး (First consul) ဖြစ်လာတယ်။

အင်မတန် ပြည့်စုံကောင်းမွန်တဲ့ အခြေခံဥပဒေ (Elaborate constitution) ကို ရေးဆွဲပြီး အများပြည်သူ့ ထောက်ခံပွဲ (Popular plebiscite) နဲ့ အတည်ပြုတာ ဆိုပေမယ့် နပိုလီယန်က စစ်အာဏာရှင် တက်လုပ်တာကို ကြည့်ပျော်အောင် အခြေခံ ဥပဒေ ကောင်းကောင်းနဲ့ မျက်နှာဖုံး စွပ်ပေးတာပဲ ဖြစ်တယ်။
သူက ကြံဖော်ကြံဖက်တွေ အားလုံးကို ကျော်လွှားပြီး ထိပ်ဆုံးကို ရောက်သွားပါပြီ။
နပိုလီယန် အာဏာ ကြီးမြင့်လာပုံက မယုံကြည်နိုင်လောက်အောင် မြန်တယ်။ တိုလုံးကို ဝန်းရံ တိုက်ခိုက်တဲ့ သြဂုတ် ၁၇၉၃ မှာ နပိုလီယန်ဟာ အသက် ၂၄ နှစ်၊ အညတရ အရာရှိ ပေါက်စ၊ ပြင်သစ်နိုင်ငံသား ဆိုရရုံလောက်ပဲ အခြေအနေ ရှိတယ်။
နောက် ၆ နှစ်မှ မပြည့်သေးဘူး၊ နပိုလီယန်ဟာ အသက် ၃၀ မှာ ပြိုင်ဘက်မရှိတဲ့ ပြင်သစ်ရဲ့ ထိပ်ဆုံးက အုပ်ချုပ်သူ ဖြစ်ခဲ့ ပါတယ်။
အဲဒီ အဆင့်ကို ၁၄ နှစ်ကျော် စွဲမြဲ ထိန်းချုပ် ထားနိုင်ခဲ့ပါတယ်။
အာဏာ လက်ရှိနှစ်တွေမှာ နပိုလီယန်က ပြင်သစ် အုပ်ချုပ်ရေး (French administration) နဲ့ ပြင်သစ် တရား ဥပဒေရေး (French legal system) တွေမှာ အရေးပါတဲ့ ပြင်ဆင်ချက်တွေ လုပ်ခဲ့ပါတယ်။
ဥပမာ၊ ငွေကြေး လည်ပတ်တဲ့ပုံစံ (Financial structure) နဲ့ တရားဥပဒေ ထိန်းသိမ်းရေးကို ပြင်တယ်။ ပြင်သစ်ဘဏ် (Bank of France)၊ ပြင်သစ် တက္ကသိုလ် (University of France) ကို တည်ထောင်တယ်။
ပြင်သစ် အုပ်ချုပ်ရေးကို ဗဟိုက ပိုပြီး ချုပ်ကိုင်စေတယ်။
ဒီပြုပြင်ရေးတွေဟာ ပြင်သစ်မှာတော့ ထိရောက် အရေးပါတာ မှန်ပေမယ့် ကမာ္ဘအဝန်းနဲ့ ချင့်ချိန်ကြည့်ရင် မကြီးကျယ်ပါ။
နပိုလီယန်ရဲ့ ပြုပြင်ရေးတွေထဲမှာ ပြင်သစ် နယ်နိမိတ်ကို ကျော်လွန်ပြီး ထင်ရှားသွားတာက ပြင်သစ် တရားမကျင့်ထုံး (Civil Code) ဖြစ်တယ်။
အများက ကို့ဒ်နပိုလီယန် (Code Napoleon) လို့ ခေါ်ပါတယ်။ ပြင်သစ် တော်လှန်ရေးရဲ့ ဖြစ်စေချင်တဲ့ဝါဒ (Ideals) တွေ အများကြီး ထည့်သွင်း ပေါင်းထားပါတယ်။
ဥပမာ၊ ဒီထုံးနည်း အရ အမျိုးအရိုး ကြီးတဲ့လူတွေက မထိုက်တန်တဲ့ အခွင့်အရေးကို အရယူတာ ဖြစ်တယ်။
ဥပဒေ မျက်စိနဲ့ကြည့်ရင် လူချင်း အတူတူပဲ၊ နောက်တချက် ပြောနိုင်တာက ဒီထုံး (Code) ဟာ ရှေးဟောင်း ပဝေသဏီက ပြင်သစ် ဥပဒေတွေနဲ့ သိပ်နီးစပ်တယ်။
ရှေးနည်းဖြစ်လို့ ပြင်သစ် လူအများက လက်သင့်ခံတယ်။ ဥပဒေနဲ့ အသက် မွေးတဲ့သူတွေကလည်း ဒီထုံးနည်းကို နှစ်သက်တယ်။
ခြုံကြည့်ရင် ဒီထုံးဟာ မတင်းလွန်း မပျော့လွန်း၊ အနေတော် စေ့စေ့စပ်စပ် ရှိတယ်။ လေမရှည်ဘဲ ပြည့်စုံ လုံလောက်အောင် ရေးသားထားတယ်။ ရှင်းလင်း ပြတ်သားတယ်လို့ ထင်ရှား ကျော်ကြားတယ်။ ပြင်သစ်မှာ တာရှည်ခံတယ်။
အခု ဥပဒေဟာ မူလ ကို့ဒ်နပိုလီယန်နဲ့ သိပ်တူနေသေးတာကို အံ့သြစရာတွေ့မယ်။ တခြား နိုင်ငံ ခပ်များများမှာလည်း သူတို့ ဒေသစရိုက်နဲ့ ညီအောင် ညှိပြီး ယူငင် သုံးစွဲခဲ့ကြပါတယ်။

နပိုလီယန် ဝါဒကလည်း တော်လှန်ရေးကို ကာကွယ်တယ်လို့ ဆိုတယ်။
ဒါပေမယ့် ၁၈၀၄ ခု ရောက်တဲ့ အခါ သူ့ကိုယ်သူ ပြင်သစ် ဧကရာဇ် (French Emperor) လို့ ကြေညာလိုက်ပါတယ်။
အဲဒါအပြင် သူ့ညီ ၃ ယောက်ကို ဥရောပထဲက ၃ နိုင်ငံမှာ ရှင်ဘုရင် ခန့်လိုက်တယ်။
ဒါမျိုး တွေ့ပြန်တော့ ပြင်သစ် သမ္မတ နိုင်ငံကို တည်မြဲစေလိုသူတွေ (French Republicans) က သူဒီလို လုပ်တာဟာ ပြင်သစ် တော်လှန်ရေးရဲ့ အရင်း မူလကျတဲ့ စွဲမြဲယုံကြည်ချက်ကို သစ္စာဖောက်တာ ဖြစ်တယ်လို့ ပြောလာကြတယ်။
ဒါပေမယ့် သူ့အပေါ်မှာ ဘယ်လိုမှ အရေးတယူ ဆန့်ကျင်ပြောဆိုတာ မရှိ၊ သူအကြီးအကျယ် ခံရတဲ့ ဒုက္ခက သူတိုက်တဲ့ နိုင်ငံခြား စစ်တွေသာ ဖြစ်ပါတယ်။
နပိုလီယန်ဟာ အင်္ဂလန်နဲ့ ၁၈၀၂ မှာ အေမိယန် (Amiens) စစ်အေး စာချုပ်ကို လက်မှတ်ထိုးတယ်။ စစ်မပြတ်တိုက်ခဲ့တဲ့ ၁၀ နှစ် စစ်ကို ခေတ္တ ရပ်လိုက်လို့ ပြင်သစ် အနေနဲ့ အသက် ရှူခွင့် ခေတ္တရပါတယ်။
ဒါပေမယ့် နောက် ၁ နှစ်မှာပဲ စာချုပ်ပါ အချက်တွေကို မထေမဲ့မြင် ပြုကြလို့ အင်္ဂလန်နဲ့ မဟာမိတ်တွေက ပြင်သစ်ကို ဝိုင်းတိုက်ကြပြန်တယ်။
နပိုလီယန်ရဲ့တပ်တွေက ကြည်းကြောင်းစစ်မှာ အကြိမ်ကြိမ် အောင်နိုင်ပေမယ့် အင်္ဂလန်ကို နှိမ်ဖို့ဆိုတာ အင်္ဂလိပ် ရေတပ် ပျက်မှ ဖြစ်နိုင်မယ်လို့ သိလာတယ်။
ဒီအတောအတွင်းမှာပဲ နပိုလီယန် အတွက် အဆမတန် ကံဆိုးဖို့ ဖြစ်လာတဲ့ အချက်ကတော့ ၁၈၀၅ မှာ အင်္ဂလိပ် ရေတပ်က ပြတ်ပြတ်သားသား ထရာဖောဂါ (Trafalgar) ရေကြောင်း စစ်ပွဲမှာ အနိုင်ရတယ်။
နှစ်ဦးနှစ်ဖက် အနိုင်အရှုံးကို ထင်ရှားအောင်ပြတဲ့ပွဲ ဖြစ်တယ်။ အဲဒီနောက် အင်္ဂလန်ဟာ ပင်လယ်မှာ ဗိုလ်စွဲတယ် ဆိုတာကို ငြင်းမရအောင် စွဲမြဲခိုင်မာတဲ့ အချက် ဖြစ်သွားပါပြီ။
နပိုလီယန်ရဲ့ အကြီးဆုံး အောင်ပွဲဖြစ်တဲ့ (သြစတြီးယား နဲ့ ရုရှ တပ်ပေါင်းကို သြစတာလစ်ဇ် Austarliz မှာ တိုက်ခိုက် အောင်နိုင်တာဟာ) ထရာဖောဂါ နောက် သီတင်း ၆ ပတ်ကြာမှ ဖြစ်ပေမယ့် ရှေ့က ရေတပ် ပျက်စီးတာကို ထေမိတဲ့ပွဲ ဖြစ်မလာပါ။
နပိုလီယန်ရဲ့ အမိုက်မဲဆုံး ချွတ်ယွင်းချက်က ၁၈၀၈ ခုနှစ်မှာ အိုင်ဗေရိယန် ကျွန်းဆွယ် (Iberian peninsular, Spain and Portugal) မှာ ပြင်သစ် တပ်တွေ လွှတ်ပြီး နှစ်ပေါင်းများစွာ အကျိုး ကြီးကြီးကျယ်ကျယ်မရဘဲ တလည်လည် ချည်ထား သလို ခံနေကြရတာ ဖြစ်ပါတယ်။
နပိုလီယန် နာလန် မထူနိုင်အောင် မှားတဲ့အချက်က ရုရှ (Russia) ကို ချီတက် တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။
နပိုလီယန်ဟာ ၁၈၀၇ ကပဲ ဇာ (Czar) ဧကရာဇ်မင်း နဲ့ တိလ်ဆစ် (Tilsit) မှာ ဆုံပြီး ထာဝစဉ် မိတ်ဖြစ်ကြပါတော့မယ်လို့ စာချုပ် ချုပ်ဆိုခဲ့ပြီးမှ တဖြည်းဖြည်း မိတ်ပျက်ပြီး နပိုလီယန်က ဇွန် ၁၈၁၂ မှာ ရုရှကို သူ့ရဲ့ တပ်မတော်ကြီး (Grande Arme’e) ချီတက် တိုက်ခိုက်စေတယ်။
ဘယ်လို ရလဒ်လဲ ဆိုတာ အများသိပြီး ဖြစ်ပါတယ်။
ရုရှတပ်က နပိုလီယန်ကို ရင်ဆိုင် တိုက်ခိုက်ဟန့်တားခြင်း လုံးဝမလုပ်ပါ။ ရှောင်တယ်။ ချီတက်လိုရာကို အနှောင့်အယှက် မရှိ အလွယ်တကူ ချီတက်နိုင်လို့ ခရီးတွင်တယ်။ စက်တင်ဘာလ ဆိုရင် မော်စကို (Moscow) ကို သိမ်းပြီးပြီ။
ဒါပေမယ့် ရုရှတွေက မြို့တော်ကို မီးတိုက် ဖျက်ဆီးထားတယ်။ အားလုံးနီးနီး ပျက်နေပြီ။
မော်စကိုမှာ ရုရှက ငြိမ်းချမ်းရေး စကား ကမ်းလာမလားလို့ သီတင်း ၅ ပတ်စောင့်တယ်။
ဘာမှမထူးတဲ့ အဆုံးမှာ တပ်သိမ်းပြီး ပြန်ဆုတ်ဖို့ နပိုလီယန်က ဆုံးဖြတ်တယ်။
သိပ်နောက်ကျသွားပါပြီ။ ။
ဆက်လက် ဖော်ပြပါမည်။
(သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း မြန်မာပြန် ရေးသားသည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက် က ၂၀၁၀ ပြည့်နှစ် မတ်လတွင် ထုတ်ဝေသော “ကျော်စွာ ၁၀၀” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းမှာ The 100 A Ranking of the Most Influential Person in History by MICHAEL H. HART စာအုပ်ဟု သိရပါသည်။ ဆရာကြီး မြန်မာပြန်ထားသည့် ဆောင်းပါးများထဲက ယခု တပုဒ်ကို ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဒေါက်တာ သန်းထွန်းသည် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)