‘ပုံတပုံသည် စကားလုံး ၁ ထောင်နှင့် ညီမျှသည်’ သို့မဟုတ် ပိုမိုတိကျစွာ ပြောရပါက ဒေါ်လာ ၂၈၈ သန်းတန်သည်။ ထိုပမာဏသည် နည်းပညာလုပ်ငန်းရှင် မစ္စတာ အီလွန်မတ်စ်က မစ္စတာ ဒေါ်နယ်ထရမ့်၏ သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ပွဲအတွက် လှူဒါန်းခဲ့သော ပမာဏဖြစ်သည်။
သူ့အတွက် ဆုလာဘ်ကို ဖေဖော်ဝါရီလ ပထမပတ် တိုင်းမ်မဂ္ဂဇင်းအဖုံးတွင် ခမ်းနားစွာ ဖော်ပြသည်။ အီလွန်မတ်စ်၏ပုံသည် ကော်ဖီခွက်ကို လက်တွင်ကိုင်ထားကာ ဂျင်မီကာတာမှစတင်ပြီး အမေရိကန်သမ္မတများ အသုံးပြုသည့် Resolute စားပွဲတွင် ထိုင်နေသည်။
“သမ္မတ မတ်စ်” အဖြစ် သရုပ်ဖော်ထားသော ထိုပုံသည် အရေမထူသော မစ္စတာ ထရမ့်ကို ဆွပေးရန် ရည်ရွယ်သည်ဟု အချို့က ခန့်မှန်းကြသည်။ မစ္စတာ ထရမ့်သည် တိုင်းမ်မဂ္ဂဇင်းကို လွန်စွာ သဘောကျသည်ဟု သိကြပြီး “တနှစ်အတွင်း အထူးခြားဆုံးပုဂ္ဂိုလ်” အဖြစ် နှစ်ကြိမ် ဖော်ပြခံရဖူးသည်။ မစ္စတာ ထရမ့်က ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဟာသတခုဖြင့် တုံ့ပြန်သည်။ “တိုင်းမ်မဂ္ဂဇင်းက ထုတ်ဝေနေသေးလား။ ကျနော် အဲဒါတောင် မသိဘူး” ဟု ပြောသည်။
မစ္စတာ မတ်စ်ကလည်း သူ၏လူမှုကွန်ရက် X တွင် “စစ်မှန်တဲ့ ဒေါ်နယ်ထရမ့်ကို အမျိုးသားချင်း မေတ္တာထားနိုင်တဲ့ အတိုင်းအတာအထိ ချစ်ခင်တယ်” ဟု ရေးသားသည်။
ထိုကိစ္စသည် အမေရိကန်အတွက် ခြောက်ခြားတုန်လှုပ်စရာ တော်လှန်ရေးတခုကို သယ်ဆောင်လာသော မဖြစ်နိုင်သည့် ဆက်ဆံရေး ပေါ်ပေါက်စေခြင်းဖြစ်သည်။ ထရမ့်နှင့် မတ်စ်တို့သည် နှောင့်ယှက်ဖျက်ဆီးခြင်း၊ စည်းမျဉ်းချိုးဖောက်ခြင်းနှင့် လစ်ဘရယ်များကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခြင်းတို့တွင် အကြိုက်ချင်း တူကြသည်။ ကမ္ဘာ့အာဏာအရှိဆုံးလူနှင့် ကမ္ဘာ့အချမ်းသာဆုံးလူ ပေါင်းစည်းမိခြင်းသည် ဝေဖန်သူများအမြင်တွင် ဒီမိုကရေစီအတွက် ဒုက္ခ နှစ်ဆတိုးစေသည်။
ထရမ့်-မတ်စ် မဟာမိတ် ပြိုကွဲမည်ဖြစ်ကြောင်း ထိုမဟာမိတ် စတင်သည့် အချိန်ကပင် သံသယရှိသူများက ဟောကိန်းထုတ်ကြပြီး အလွန်အတ္တကြီးသူ နှစ်ဦး ထိပ်တိုက်တွေ့မည့်သဘော ပြောသည်။
ထိုအမျိုးသား နှစ်ဦးအကြား ချစ်ခင်ရင်းနှီးမှု ရေရှည်ခံမည်လား။ မကြာသေးမီက သမိုင်းတွင် သူ့အပေါ် အာရုံစိုက်မှုအချို့ကို ရယူရန် ခြိမ်းခြောက်သည့် ထရမ့်နောက်လိုက်များသည် တန်ဖိုးပေးဆပ်ရသည့် ဥပမာများဖြင့် ပြည့်နှက်နေသည်။ ထရမ့်-မတ်စ် မဟာမိတ် ပြိုကွဲမည်ဖြစ်ကြောင်း ထိုမဟာမိတ် စတင်သည့် အချိန်ကပင် သံသယရှိသူများက ဟောကိန်းထုတ်ကြပြီး အလွန်အတ္တကြီးသူ နှစ်ဦး ထိပ်တိုက်တွေ့မည့်သဘော ပြောသည်။
သို့သော် အခြားသူများက အပြန်အလှန် မှီခိုအကျိုးခံစားနေသည့် ဆက်ဆံရေးသည် ခရီးရောက်နိုင်သည်ဟု မြင်သည်။ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်ဟောင်းနှင့် ထရမ့်ကို ဝေဖန်သူ ဂျိုးဝက်ရှ်က “သူတို့ နှစ်ယောက်ဟာ လတ်တလောမှာ ကမ္ဘာ့အာဏာအရှိဆုံး နှစ်ယောက်ဖြစ်နေတယ်။ သူတို့ဟာ တဦးကိုတဦး အရမ်း လိုအပ်နေတယ်” ဟုပြောသည်။
“သူတို့က ရေရှည်အတွက် ဆက်ဆံနေကြတာ။ ဒါကြောင့် ဒီကိစ္စဟာ တလ ဒါမှမဟုတ် နှစ်လအတွင်း လမ်းခွဲမယ်လို့ ထင်နေသူတွေဟာ တစုံတခု ဝေဝါးနေတာပဲ။ အဲဒီ နှစ်ယောက် ဒီကိစ္စတွေ လုပ်နေတာကို လေးနှစ်အထိ တွေ့ရတော့မယ်။ သူတို့ဟာ မကောင်းဆိုးရွား သတ္တဝါကြီးတွေဖြစ်ပြီး နေ့စဉ် အင်အားကြီးထွားနေတယ်” ဟု ဂျိုးဝက်ရှ်က ပြောသည်။

အပေါ်ယံအားဖြင့် ကြည့်ပါက မစ္စတာ ထရမ့်နှင့် မစ္စတာ မတ်စ်တို့တွင် တူညီသောအချက် အနည်းငယ်သာရှိသည်။ မစ္စတာ ထရမ့်သည် နိုင်ငံရေးလောကသို့ နောက်ကျမှ ရောက်လာသည့် နယူးယောက်မှ အသက် ၇၈ နှစ်အရွယ် အိမ်ခြံမြေလုပ်ငန်းရှင်နှင့် အဖြစ်အပျက်၊ အခမ်းအနားများကို ချက်ချင်း ရိုက်ကူးတင်ပြသည့် ရုပ်သံသရုပ်ဆောင်ဖြစ်ပြီး ဂေါက်ကွင်းတွင် နာရီပေါင်းစွာ အချိန်ဖြုန်းကာ ၁၉၈၀ ပြည့်နှစ်များတွင် အမြစ်တွယ်သည့် လောကအမြင်ရှိသည်။
အသက် ၅၃ နှစ်အရွယ် မစ္စတာ မတ်စ်ကို အသားအရောင်ခွဲခြားမှု ပြင်းထန်သောခေတ်အတွင်း တောင်အာဖရိကတွင် မွေးဖွားပြီး သူ၏ကြွယ်ဝချမ်းသာမှုကို ဆီလီကွန်တောင်ကြားတွင် တည်ဆောက်ကာ လျှပ်စစ်ကားထုတ်လုပ်သည့်လုပ်ငန်း Tesla နှင့် ကြယ်များသို့ ရည်ရွယ်သည့် ဒုံးပျံကုမ္ပဏီ SpaceX ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ သူက သူ့တွင် အော့တစ်ဇင် စိတ်ဝေဒနာ တစိတ်တပိုင်းဖြစ်သော Asperger ရောဂါရှိကြောင်း လူသိရှင်ကြား ကြေညာထားသည်။
ထရမ့်သည် အမေရိကန် ပြည်ထောင်စုကို ကောင်းစွာထင်ဟပ်သည့် စရိုက်လက္ခဏာမျိုး ရှိပုံမရကြောင်း ၂၀၁၆ ခုနှစ်တွင် မတ်စ်က ပြောသည်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်များတွင် သူ၏အတိုက်အခံများကို ထောက်ခံခြင်းအတွက် မတ်စ်ကို ချဲ့ကားပြောဆိုတတ်သူဖြစ်သည်ဟု ထရမ့်က ၂၀၂၂ ခုနှစ်တွင် ဖော်ပြသည်။ လွန်ခဲ့သောနှစ် ရောက်သောအခါ ၎င်းတို့ နှစ်ဦးလုံးသည် ထင်မြင်ပြောဆိုချက်များက ပြောင်းလဲသွားကြပြီး ပေါင်းမိသွားသည်။
မတ်စ်သည် ရွေးကောက်ပွဲတွင် ထရမ့်အတွက် သူ၏ သြဇာကို သုံးပြီး ထရမ့်၏ ထိပ်တန်းအလှူရှင် ဖြစ်လာကာ မဲဆွယ်လူထုအစည်းအဝေးများတွင် စကားပြောပြီး သူ၏လူမှုကွန်ရက် X တွင် ထရမ့်လိုလားသည့် ဝါဒဖြန့်ချိမှုများကို အားပေးသည်။ သူသည် ရွေးကောက်ပွဲညတွင် ဖလော်ရီဒါရှိ ပမ်းလ် ကမ်းခြေမှ ထရမ့်၏ မာအာလာဂို ခြံဝင်းတွင် ကုန်ဆုံးသည်။ ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုခြင်းကို အတိအလင်းဖြစ်သော နာဇီအလေးပြုသည့်ပုံစံဖြင့် ကျင်းပသည်။
မစ္စတာ မတ်စ်သည် လက်ရှိအချိန်အထိ ထရမ့်၏ သမ္မတရာထူး ပထမသက်တမ်းနှင့် ဒုတိယသက်တမ်းအတွင်း တခုတည်းသော အကြီးမားဆုံး ကွဲပြားခြားနားသူ ဖြစ်နေသည်။ သမ္မတ၏ မိတ်ဆွေဟု အခေါ်ခံရပြီး မတ်စ်သည် အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) အကြီးအကဲ ခန့်အပ်ခံရသည်။ ထိုဌာနသည် ဖက်ဒရယ်အေဂျင်စီများ ပြန်လည်ဖွဲ့စည်းရေး၊ အသုံးစရိတ် ဖြတ်တောက်ရေး၊ ဖြုန်းတီးမှုနှင့် အဂတိလိုက်စားမှု အမြစ်ဖြတ်ရေး၊ ဝန်ထမ်းများကို အလုပ်ဖြုတ်ရေးတို့ကို ရည်ရွယ်သည့်ဌာနဖြစ်သည်။
အလုပ်သမားများထံမှ အကြောက်တရားနှင့် အကြွင်းမဲ့သစ္စာခံမှု ရစေရန် ဖန်တီးသည့် ခေါင်းဆောင်မှုပုံစံအတွက် ကျော်ကြားသည့် မတ်စ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ဘဲ ဖက်ဒရယ်အစိုးကို ဖြတ်တောက်ရေးနှင့် ပတ်သက်ပြီး ဆီလီကွန်တောင်ကြားပုံစံ “မြန်မြန်လုပ်၊ ရဲရဲချိုးဖောက်” ချဉ်းကပ်ပုံနည်းလမ်းကို မျှော်လင့်ထားသည့်အတိုင်း ယူဆောင်လာသည်။
အလုပ်သမားများထံမှ အကြောက်တရားနှင့် အကြွင်းမဲ့သစ္စာခံမှု ရစေရန် ဖန်တီးသည့် ခေါင်းဆောင်မှုပုံစံအတွက် ကျော်ကြားသည့် မတ်စ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ဘဲ ဖက်ဒရယ်အစိုးကို ဖြတ်တောက်ရေးနှင့် ပတ်သက်ပြီး ဆီလီကွန်တောင်ကြားပုံစံ “မြန်မြန်လုပ်၊ ရဲရဲချိုးဖောက်” ချဉ်းကပ်ပုံနည်းလမ်းကို မျှော်လင့်ထားသည့်အတိုင်း ယူဆောင်လာသည်။
လူငယ်ဆော့ဖ်ဝဲလ် အင်ဂျင်နီယာများ ပါဝင်သည့် သူ၏ DOGE အဖွဲ့သည် တနှစ်လျှင် ဒေါ်လာ ၅ ဘီလီယံပေးချေမှုအတွက် တာဝန်ရှိသော ဘဏ္ဍာရေးဌာန ငွေပေးချေမှုစနစ်သို့ အလျင်အမြန် ချဉ်းကပ်ခွင့်ရသည်။ ထိုစနစ်တွင် ဘဏ်ငွေစာရင်းများနှင့် လူမှုဖူလုံရေး ငွေပေးချေမှုများ ပါဝင်သည့် အရေးပါသော အချက်အလက်များ ပါဝင်သည်။
DOGE သည် အမေရိကန် ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) ကို ကွန်ဂရက်ထံမှ လိုအပ်သော အခွင့်အာဏာ မတောင်းဘဲ ပိတ်ပစ်လိုက်ပြီး အမေရိကန် စီးပွားရေးနှင့် နိုင်ငံရေးသြဇာ အသုံးချလည်ပတ်မှုကို ဖျက်ဆီးပြီး ကမ္ဘာတဝန်း အရေးပါသည့် အစားအစာနှင့် ဆေးဝါးအစီအစဉ်များကို ဖြတ်တောက်လိုက်သည်။ မစ္စတာ မတ်စ်က “မိမိတို့သည် ရက်သတ္တပတ်ကုန်အတွင်း USAID ကို ကြိတ်စက်ထဲ ထည့်ပစ်လိုက်သည်” ဟု ဝမ်းသာအားရ ရေးသည်။

DOGE ၏ နည်းဗျူဟာများတွင် အလုပ်သမားများကို လုပ်ပိုင်ခွင့်ပိတ်ပင်ခြင်း၊ ရန်ပုံငွေများကို ဆိုင်းငံ့ခြင်း၊ ခွင့်များကို ပယ်ဖျက်ခြင်း၊ အလုပ်သမားများကို အလုပ်ဖြုတ်ခြင်း အစီအစဉ်များ ပါဝင်သည်။ မတ်စ်သည် ထရမ့်၏ အစီအစဉ်များကို အားပေးရန် သူ၏ X စင်မြင့်ကိုလည်းသုံးပြီး ဝေဖန်သူများကို တိုက်ခိုက်ကာ စော်ကားပြောဆိုမှုများ ပြုလုပ်သည်။ USAID သည် “မကောင်းဆိုးရွား” နှင့် “ရာဇဝတ်အဖွဲ့အစည်း” ဖြစ်သည်ဟု သက်သေအထောက်အထားမဲ့ ပြောသည်။
မစ္စတာ မတ်စ်သည် အချိန်ပြည့် အစိုးရဝန်ထမ်း မဟုတ်ဘဲ အထူးအစိုးရဝန်ထမ်း အဆင့်အတန်း ရယူကာ ဘဏ္ဍာရေးပိုင်ဆိုင်မှုကို ကြေညာရန်နှင့် အများပြည်သူ စိစစ်မှုကို ရှောင်လွှားနိုင်စေသည်။ အထက်လွှတ်တော် ဒီမိုကရက် လူနည်းစုခေါင်းဆောင် မစ္စတာ ချတ်ရှူးမားက “ရွေးကောက်ခံ မဟုတ်တဲ့ နောက်ကွယ်ကအစိုးရက ဖက်ဒရယ်အစိုးရကို အငြိုးတကြီး သိမ်းပိုက်မှု လုပ်နေတယ်” ဟု ရေးသားသည်။
သို့သော် သမ္မတ ထရမ့်သည် စိုးရိမ်ပူပန်သည့်ပုံစံ မရှိဘဲ “ကျနော်တို့ ခွင့်ပြုချက်မရှိဘဲ အီလွန် ဘာမှ မလုပ်နိုင်သလို လုပ်လဲလုပ်မှာ မဟုတ်ဘူး။ သင့်တော်တဲ့ကိစ္စမှာ ကျနော်တို့က သူ့ကို ခွင့်ပြုချက်ပေးတယ်။ မသင့်တော်ရင် ပေးမှာ မဟုတ်ဘူး” ဟု ပြောသည်။ သမ္မတသည် ညစ်ပတ်သည့် နိုင်ငံရေး အောက်လုံးထိုးရန် မစ္စတာ မတ်စ်ကို ခေါ်ယူပြီး မတ်စ်ကလည်း ဖြည့်ဆည်းပေးသည်ဟု အိမ်ဖြူတော် သတင်းရင်းမြစ်တဦးက ဂါးဒီးယန်းသတင်းစာသို့ ပြောသည်။
အချို့ ဝေဖန်သုံးသပ်သူ ဆောင်းပါးရှင်များအတွက် ထိုနှစ်ယောက်အတွဲအစပ်သည် အဓိပ္ပာယ်ရှိသည်။ “ဒေါ်နယ်ထရမ့်က ချမ်းသာကြွယ်ဝမှုကို အမြဲတမ်းလေးစားချီးကျူးပြီး ချမ်းသာကြွယ်ဝမှုအရ အထင်ကြီးစရာ လူအနည်းငယ်ပဲ ရှိတယ်။ အဲဒီထဲမှာ မတ်စ်က တယောက်အပါအဝင်ပဲ” ဟု ကယ်လီဖိုးနီးယားရှိ စတန်းဖို့ဒ်တက္ကသိုလ်၊ ဟူးဗားအင်စတီကျူးရှင်း သုတေသနမှ သုတေသီ ဘီလ် ဝှာလန်က ပြောသည်။
“ထရမ့်မှာ မတ်စ်ကို အောင်မြင်တိုးတက်စေနိုင်တဲ့ အာဏာရှိတယ်။ ဒါပေမယ့် ဒီနေရာမှာ တူညီနိုင်တဲ့ အချက်တခုကတော့ နှစ်ယောက်စလုံးဟာ နှောက်ယှက်ဖျက်ဆီးသူတွေနဲ့ ပြဿနာရှာသူတွေ ဖြစ်နေတာပဲ” ဟု ၎င်းကပြောသည်။
မစ္စတာ မတ်စ်တွင် ဘဏ္ဍာရေးသာမက အတွေးအခေါ်အရလည်း စေ့ဆော်မှုများရှိနေသည်။ သူ၏ ကုမ္ပဏီများသည် ဖက်ဒရယ်အစိုးရနှင့် ကျယ်ပြန့်သော ကန်ထရိုက်များရှိနေပြီး DOGE အကြီးအကဲအဖြစ် ထိုကုမ္ပဏီများ တိုက်ရိုက် အကျိုးခံစားရစေရန် လုပ်ထုံးလုပ်နည်းများကို ချောမွေ့အောင် လုပ်ပေးနိုင်သည့် အနေအထားတွင် ရှိသည်
မတ်စ်သည် ထရမ့်နှင့် ထရမ့်၏ “အမေရိက ပြန်လည်ကြီးမြတ်ရေး (MAGA)” လှုပ်ရှားမှုနှင့် တူညီသည့် အကြောင်းရင်းလည်းရှိပြီး သူသည် မမျှတသည့် အစီအစဉ်ခေါ်သောကိစ္စများ အမြစ်ဖြတ်ရေးကို အာရုံစိုက်ကြောင်း ထင်ရှားသည်။ သူသည် ကွဲပြားစုံလင်မှု၊ တန်းတူညီမျှမှုနှင့် အားလုံးအကျုံးဝင်မှု (DEI) အစီအစဉ်များကို ယခင် Twitter ဟုခေါ်သည့် X တွင် ဖယ်ရှားပြီး ထိုပုံသေကားကျအတွေးအခေါ်ကို သူ၏ အစိုးရလုပ်ငန်းသို့ ဆောင်ယူလာပုံရသည်။
သူသည် ထရမ့်နှင့်တူညီသည့် လူမျိုးရေးဆိုင်ရာ ကမ္ဘာအမြင်လည်း ရှိသည်။ တောင်အာဖရိက အစိုးရသည် လူဖြူ လယ်သမားများကို “လူမျိုးတုံးသတ်ဖြတ်မှု” လုပ်ခွင့်ပေးသည်ဟု မတ်စ်က မှားယွင်းစွာ ပြောသည်။ ထရမ့်ကလည်း မြေယာအခွင့်အရေး ဥပဒေသစ်ပုံစံဖြင့် “ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှု” ဟု သူခေါ်သည့်ကိစ္စအတွက် တောင်အာဖရိကသို့ အကူအညီများ အားလုံးကို ပိတ်ပင်မည်ဟု ကြေညာသည်။
မည်သည့် ပျားရည်ဆမ်းခရီးမှ ထာဝရ မကြာပေ။ မတ်စ်အပေါ် လူထုထောက်ခံမှုနှုန်း အလျင်အမြန် ကျဆင်းပြီး ရီပတ်ဘလစ်ကန်များအကြားတွင်ပင် ကျဆင်းသည်။ ပြန်လည်ဖြေကြားသူ ရီပတ်ဘလစ်ကန်များ၏ ၄၃ ရာခိုင်နှုန်းက မတ်စ်၏သြဇာ “အနည်းငယ်သာ” ရှိစေလိုပြီး ၁၇ ရာခိုင်နှုန်းက သူ့သြဇာ “လုံးဝ မရှိစေလို” ကြောင်း မကြာသေးမီက The Economist/YouGov မှ စစ်တမ်းအရ သိရသည်။
သို့သော် မည်သည့် ပျားရည်ဆမ်းခရီးမှ ထာဝရ မကြာပေ။ မတ်စ်အပေါ် လူထုထောက်ခံမှုနှုန်း အလျင်အမြန် ကျဆင်းပြီး ရီပတ်ဘလစ်ကန်များအကြားတွင်ပင် ကျဆင်းသည်။ ပြန်လည်ဖြေကြားသူ ရီပတ်ဘလစ်ကန်များ၏ ၄၃ ရာခိုင်နှုန်းက မတ်စ်၏သြဇာ “အနည်းငယ်သာ” ရှိစေလိုပြီး ၁၇ ရာခိုင်နှုန်းက သူ့သြဇာ “လုံးဝ မရှိစေလို” ကြောင်း မကြာသေးမီက The Economist/YouGov မှ စစ်တမ်းအရ သိရသည်။
ယခုအပတ်အတွင် အစိုးရအဆောက်အအုံများ ပြင်ပတွင် ဆန္ဒပြသူများက “မည်သူမှ အီလွန်ကို ရွေးကောက်ခြင်း မရှိ” ဆိုသည့် လက်ရေးဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြသည်။ ကွန်ဂရက်မှ ဒီမိုကရက်များသည် သူ့ကို အဓိကပစ်မှတ်လုပ်ပြီး တရားမဝင် အာဏာသိမ်းသည်ဟု စွပ်စွဲသည်။ “ကျနော့်ရဲ့ မဲဆန္ဒရှင်တွေနဲ့ ဒီနိုင်ငံက လူအများစုက ထရမ့်ကို အိမ်ဖြူတော်ကို ပို့တယ်၊ ဒီရွေးကောက်မခံရတဲ့ လူထူးလူဆန်း ဘီလျံနာက အိမ်ဖြူတော်ကို ပို့တဲ့အထဲ မပါဘူး” ဟု မိန်းပြည်နယ်မှ အောက်လွှတ်တော် ကိုယ်စားလှယ် မစ္စတာ ဂျရက်ဂိုးလ်ဒင်းက X တွင် ရေးသားသည်။

ထိုကိစ္စသည် မစ္စတာ မတ်စ်ကို မစ္စတာ ထရမ့်အတွက် အသုံးဝင်သော ဇာတ်ပို့ဖြစ်စေပြီး သမ္မတအပေါ် အာရုံစိုက်မှု လျှော့ချပေးသည်။ သို့သော် ထိုကိစ္စသည် နောက်ဆုံးတွင် မတ်စ်သည် နိုင်ငံရေးအရ ထိုးကျွေးစရာဖြစ်စေပြီး မည်သူက အရှင်သခင်နည်း၊ မည်သူက ရုပ်သေးနည်းဟု မဲဆန္ဒရှင်များက မေးခွန်းထုတ်စရာ ဖြစ်စေသည်။
မစ္စတာ မတ်စ်နှင့် အခြားနည်းပညာ သြဇာကြီးမားသည့် သူဌေးများကို အပြင်းအထန်ဝေဖန်သည့် မစ္စတာ စတိဗ် ဘန်နွန်ကဲ့သို့ မဟာမိတ်များနှင့် ကွန်ဂရက်မှ ရီပတ်ဘလစ်ကန်များထံမှ ဖိအားသည် လာမည့် ကြားကာလရွေးကောက်ပွဲများ မတိုင်မီ ကြီးထွားလာမည်မှာ သေချာသည်။
“သမ္မတ မတ်စ်” ခေါင်းစဉ်ဖြင့် တိုက်ခိုက်သည့်ကြော်ငြာကို ဖေဖော်ဝါရီလ ပထမအပတ်အတွင်း ထုတ်ပြန်သည့် ဒီမိုကရေစီလိုလားသော အဖွဲ့အစည်းဖြစ်သည့် လင်ကွန်းစီမံချက်ကို ပူးတွဲတည်ထောင်သူ ရစ် ဝီလ်ဆင်က “နောက်ဆုံးကျရင် သူတို့ ထိပ်တိုက်တွေ့မှာပဲ။ အီလွန်က သူ့အတွက် နိုင်ငံရေး ထိခိုက်ပျက်စီးမှု ဖြစ်စေတယ်လို့မြင်ရင် ထရမ့်က အနှေးနဲ့အမြန် အဆက်အသွယ်ဖြတ်မှာပဲ” ဟု ပြောသည်။
“နှလုံးခုန်သံ ငါးချက်တောင် ကြာမှာမဟုတ်ဘူး။ အီလွန်က သူ့ကို လူထုထောက်ခံမှုနှုန်း ဆွဲချနေတယ်လို့ သူ (ထရမ့်) မြင်ရင် အီလွန်ဟာ ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ရမယ်။ အီလွန်က လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်း သိသိသာသာ လူကြိုက်နည်းလာတယ်” ဟု ၎င်းကပြောသည်။
တဖက်တွင်လည်း မစ္စတာ မတ်စ်သည် မစ္စတာ ထရမ့် ယခင်က ရင်ဆိုင်ခဲ့ဖူးသည့် မည်သူနှင့်မှ မတူပေ။ သူ၏ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၄၂၆ ဘီလီယံသည် သမ္မတထက် များစွာမြင့်မားသည်။ သူသည် X မှတဆင့် ကြီးမားသော အာဏာနှင့်သြဇာ ရှိသည်။ သူ့ကို စွန့်ပစ်ရခြင်းသည် ယခင် လက်ထောက်များကို ဖြုတ်ချခြင်းထက် ပိုမိုခက်ခဲနိုင်သည်။
“အီလွန်လို ပြဿနာမျိုးကို သူဘယ်လိုရှင်းမလဲ ကျနော် မသိဘူး။ သူက ဘယ်သူ့ကိုမဆို ဖြုတ်ချ ဒါမှမဟုတ် ဖျက်ဆီးလို့ရတယ်။ မာကို ရူဘီရိုကို သူ ရှင်းပစ်လို့ရတယ်။ Truth လူမှုကွန်ရက် ပို့စ်တခုနဲ့ ဂျေဒီဗန့်စ်ရဲ့ နိုင်ငံရေး အနာဂတ်ကို သူဖျက်ဆီးလိုက်လို့ ရတယ်။ ဒါပေမယ့် အီလွန်မတ်စ်ကို လုပ်လို့မရဘူး” ဟု ကွန်ဆာဗေးတစ် စာရေးဆရာနှင့် ရုပ်သံလွှင့်သူ ချာလီ ဆိုက်စ်က ပြောသည်။
“အီလွန်မတ်စ်မှာ သူ့သီးခြား အာဏာအခြေခံရှိတယ်။ သူ့သီးခြား လူပုဂ္ဂိုလ်ကိုးကွယ်မှု ရှိတယ်။ ဒီအတ္တတွေ ပဋိပက္ခဖြစ်စေမယ့် ကာလတခုရှိတယ်။ တချိန်တပြိုင်တည်းမှာ စကြာဝဠာရဲ့ အရှင်သခင်က တဦးပဲရှိနိုင်တယ်။ ဒါပေမယ့် ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ။ ထရမ့်က သူခေါ်လာပြီး ဖန်တီးထားတဲ့ သတ္တဝါကြီးကို သူဘယ်လို ရှင်းမှာလဲ” ဟု ၎င်းကပြောသည်။
(The Guardian ပါ David Smith ၏ ‘They will collide eventually’: how long will the Trump-Musk relationship survive? ကို ဘာသာပြန်သည်။)
You may also like these stories:
အီလွန်မတ်စ်နှင့် DOGE က အမေရိကန်အစိုးရထဲ ထိုးဖောက် မွှေနှောက်နေသည်
ထရမ့်အစိုးရ၏ အပြောင်းအလဲများက တရားရုံးချုပ်ကို အကဲစမ်းနေ
ထရမ့် နဲ့ ဆက်ဆံရေးကြောင့် အီလွန်မတ်စ် အကျိုးအမြတ် ကြီးမားလာဖွယ်ရှိ
အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ
ကမ္ဘာ့အချမ်းသာဆုံး လူများက ကမ္ဘာ့အဆင်းရဲဆုံး ကလေးများကို မစာနာကြ
အမေရိကန် အစိုးရဝန်ထမ်းများ နုတ်ထွက်ရန် ထရမ့် တွန်းအားပေး