ယခင်အပတ်က အဆက်
နပိုလီယန် ဘိုနာပတ် (၁၇၆၉ – ၁၈၂၁)
NAPOLEON BONAPARTE (1769 – 1821)
ရုရှတပ် (Russian Army)၊ ရုရှ ဆောင်းတွင်း (Russian Winter) နဲ့ စစ်ရိက္ခာ မလုံလောက်တာတွေကြောင့် ပြင်သစ် တပ်ဟာ စနစ်တကျ ဆုတ်ခွာလာတာမဟုတ်။ အသက်လုပြီး ပြေးရတာ (Rout) ဖြစ်သွားပါတယ်။
တပ်မတော်ကြီးရဲ့ ၁၀ ရာခိုင်နှုန်းပဲ မသေဘဲ၊ ရုရှက ပြန်ထွက်လာနိုင်ပါတယ်။
သြစတြီးယား (Austria)၊ ပရပ်ရှား (Prussia) ဆိုတဲ့ တခြား ဥရောပ နိုင်ငံတွေက ဒီလို အခြေအနေဟာ၊ ငါတို့ ပြင်သစ် လက်အောက်က လွတ်မြောက်ဖို့ အချိန်ပဲလို့ သိလာကြပြီး နပိုလီယန်ကို လိုက်ပဇစ် (Leipzig) မှာ ၁၈၁၃ အောက်တိုဘာ မှာ ဝိုင်းတိုက်ကြပါတယ်။
နပိုလီယန်ဟာ နောက်တကြိမ် မရှုမလှ ရှုံးနိမ့်ရပြန်တယ်။
ရှေ့နှစ်မှာ ရာထူးက ထွက်ပြီး အီတလီ ကမ်းခြေ အနား အယ်လဗာ (Elba) ကျွန်းငယ်ကို ပြည်နှင်ဒဏ် ပေးခံရပါတယ်။
အယ်လဗာမှ ၁၈၁၅ မှာ ထွက်ပြေးပြီး၊ ပြင်သစ်ကို ပြန်လာတဲ့အခါ သူ့ကို ကောင်းမွန်စွာ ကြိုဆိုပြီး အာဏာ ပြန်အပ် ကြပြန်တယ်။
ဒီအခါ တခြားဥရောပ တန်ခိုးကြီး နိုင်ငံတွေ (European Powers) က ချက်ချင်း စစ်ကြေညာကြတယ်။
အာဏာပြန်ရပြီး ရက် ၁၀၀ အကြာ၊ ဝါတာလူး (Waterloo) မှာ နောက်ဆုံး ရှုံးနိမ့် ကျဆင်းရပါတော့တယ်။
ဝါတာလူး အပြီး နပိုလီယန်ကို ဗြိတိသျှက ဖမ်းပြီး တောင်အတ္တလန်တစ် (South Atlantic) စိန့်ဟယ်လီနာ (St.Helena) ကျွန်းငယ်မှာ အကျဉ်းချထားတယ်။
အဲဒီမှာပဲ ကင်ဆာရောဂါ နဲ့ ၁၈၂၁ မှာ ကွယ်လွန်သွားပါတယ်။
နပိုလီယန်ရဲ့ စစ်မှုထမ်းသက်မှာ အံ့သြစရာ ကောင်းလောက်အောင် တကယ်ဖြစ်ခဲ့တဲ့ ဆန့်ကျင်ဘက် (Paradox) တွေကို တွေ့ပါတယ်။
စစ်ပရိယာယ်၊ တိုက်ခိုက်ရေး ပြင်ဆင်ပုံကို ကြည့်ရင် သူဟာ တကယ်ထူးတဲ့ ပါရမီရှင် ဖြစ်တယ် ဆိုတာ တွေ့မယ်။
အဲဒါ တခုတည်းကြည့်ပြီး ဆုံးဖြတ်ရင် သူဟာ ခေတ်အဆက်ဆက်မှာ အတော်ဆုံး ဂုဏ်သတ္တိ အကြီးမြင့်ဆုံး ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။
အကြီးအကျယ် စစ်ဆင်ပြီ (Grand strategy) ဆိုရင် သူလည်း အကြီးအကျယ်မှားပြီလို့ ဆိုရမယ်။ သူဦးဆောင်ပြီး အီဂျစ်ကို သွားတိုက်တာ၊ ရုရှကို ဝင်တိုက်တာတွေကို ကြည့်ပါ။

သူ့စစ်ထွက်ပုံ အမှားဟာ ရက်ရက်စက်စက် မှားတာဖြစ်လို့ နပိုလီယန်ကို ဘယ်နည်းနဲ့မှ စစ်ဦးစီးတွေထဲမှာ ရှေ့တန်း နေရာကို မပေးနိုင်တော့ပါ။
ဒီလို စောစောက ပြောစကားကို ဖျက်ပစ်တာ သင့်တော်ပါ့မလား မေးပါ။ သင့်တော်ပါတယ်။
တကယ်တမ်း ပြောကြစို့ဆိုရင် ဗိုလ်ချုပ်ကြီး တဦးရဲ့ အကြီးမားဆုံး အရည်အချင်းဟာ မရှုမလှ အမှားကို ရှောင်ကွင်း နိုင်ရမယ်ဆိုတဲ့ အချက်ဖြစ်တယ်။ အဲဒါပဲ အပိုင်ဆုံးဖြတ်ဖို့ အချက်လို့ သတ်မှတ်ထားပါ။
အင်မတိအင်မတန် အစွမ်းကြီးမားတယ် ဆိုတဲ့ မဟာ အလက်ဇန္ဒား၊ ဂျဲန်ဂျစ်ခန် နဲ့ တမာလိန်း တို့ဆိုရင် တခါမှ အရေး ရှုံးနိမ့်တာ မရှိဘူးပါ။
နပိုလီယန်ကတော့ နောက်ဆုံးမှာ အရေးရှုံးနိမ့်ရတဲ့ အတွက် နိုင်ငံခြားစစ်တွေ အောင်နိုင်ဖူးသမျှဟာ တခဏနဲ့ ကြေပျက် ပျောက်ကွယ်သွားရ ရှာတယ်။
၁၈၁၅ နောက်ဆုံး အရေးရှုံးနိမ့်ပြီးတဲ့ အခါမှာ ပြင်သစ် ပိုင်နက်ဟာ တော်လှန်ရေး မတိုင်ခင် ယခင် ၁၇၈၉ က ပိုင်နက် လောက်တောင် မကျယ်ပြန့်တော့ပါ။
နပိုလီယန် (Napoleon) ဟာ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးတဲ့ အရူးတမျိုး (Egomaniac) ဖြစ်တယ်၊ ဟစ်တလာ (Hitler) လိုပဲ။
ဒါပေမယ့် ဒီနှစ်ယောက်မှာ အရေးပါတဲ့ ကွဲလွဲချက်ရှိတယ်။
ဟစ်တလာက စက်ဆုပ် ရွံရှာဖွယ်ကောင်းတဲ့ ဝါဒစွဲက လှုံ့ဆော်လို့ မလုပ်သင့်တာတွေ အများကြီး လုပ်တယ်။
နပိုလီယန်ကတော့ အင်မတန် လောဘကြီးတဲ့ အခွင့်အရေးသမား သက်သက် ဖြစ်ပါတယ်။ သူ့မှာ တဆုံးတစ နက်ရှိုင်းအောင်၊ ထိတ်လန့်စရာ ကောင်းအောင် လူသတ်ပွဲတွေ လုပ်ဖို့ စိတ်ကူးမရှိပါ။
နပိုလီယန် လက်ထက်မှာ နာဇီ (Nazi) စစ်သုံ့ပန်းစခန်း (Concentration Camp) လို ရက်စက်တဲ့ နေရာတွေ နည်းနည်းလေး ဆင်တူတာမျိုးတောင် မရှိပါ။
နပိုလီယန်က နာမည်ကြီးလွန်းလို့ လွယ်လွယ်ပဲ သူ့ကို သိပ်ပြီး အထင်ကြီးပစ်လိုက်တယ်။ သူ့သြဇာ ကြီးမားလိမ့်မယ် လို့လည်း တွက်ကြတယ်။
ရေတို (Short-term) ခဏတဖြုတ်တော့ သူ့ကို သိပ်ကြိုက်တဲ့သူ တကယ်ပဲ များပါတယ်။ မဟာ အလက်ဇန္ဒားထက် များတယ်။
ဟစ်တလာ ကိုတော့ မမီပါ။
(အကြမ်း ခန့်မှန်းခြေမှာ နပိုလီယန် စစ်ပွဲ Napoleon Wars တွေကြောင့် ပြင်သစ် စစ်သား (French Soldiers) ၅ သိန်း ကျဆုံးတယ်။ ဒုတိယ ကမ္ဘာစစ်မှာ ဂျာမန် (German) အစုစု ၈ သန်း သေတယ်လို့ ထင်ရတယ်။)
ဘယ်လိုစံနှုန်းနဲ့ တွက်တွက် နပိုလီယန်ကြောင့် ခေတ်ပြိုင်လူတွေမှာ အသက် အိုးအိမ် စည်းစိမ် ပျက်ပြုန်းရတာဟာ ဟစ်တလာထက် အများကြီး သေးငယ် ပါတယ်။
တာရှည်သြဇာ (Long-term influence) ကို တွက်ကြစို့ဆိုရင်၊ နပိုလီယန်ဟာ ဟစ်တလာထက် သာတယ်။
အလက်ဇန္ဒား ကိုတော့ မမီပါ။

ပြင်သစ်မှာ နပိုလီယန်က အုပ်ချုပ်ရေးစနစ်မှာ အကျယ်ပြန့် ပြင်ဆင်ချက်တွေ လုပ်တယ်။ ဒါပေမယ့် ပြင်သစ်လူမျိုး အရေအတွက်ဟာ ကမာ္ဘ့လူဦးရေ ခုနစ်ဆယ် ပုံမှ တပုံပဲ ရှိတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အခုလို အုပ်ချုပ်ရေးကို ပြင်တယ် ဆိုရင် အခြေအနေမှန်နဲ့ ထင်ဟပ်ကြည့်မှ သဘော သရုပ်မှန်ကို မှန်းဆလို့ ရမယ်။
ပြင်သစ် အမျိုးသားတွေရဲ့ဘဝမှာ အရင် နှစ် ၂၀၀ အတွင်းက နည်းပညာ တိုးတက်လို့ ခံစားရတဲ့ အကျိုးလောက် အရာမရောက် မလေးနက်ပါ။
နပိုလီယန် ခေတ် (Napoleon era) ပေါ်လာပေလို့ ပြင်သစ် တော်လှန်ရေး ခေတ်က ပေါ်လာတဲ့ ပြောင်းလဲဖို့ စိတ်ကူးတွေ ဆောင်ရွက်ခွင့်ရတယ်။
ပြင်သစ် လူလတ်တန်းစား (French bourgeoisie) ဟာလည်း သူတို့ ရသင့်ရထိုက်တဲ့ အကျိုးအမြတ်တွေကို တာရှည် ခိုင်မြဲအောင် လုပ်ခွင့်ရတယ်။
၁၈၁၅ ရောက်တဲ့အခါ ပြင်သစ်မင်း အုပ်ချုပ်ရေးစနစ် (French monarchy) ဟာ နောက်ဆုံး ပြန်တည်ထောင်ခွင့် ရတယ်။
ဒီ အပြောင်းအလဲတွေဟာ လူမှုဆက်ဆံရေး အထိ အမြစ်ခိုင်ခိုင် တွယ်ပြီးဖြစ်လို့ အရင်က ရှေးမင်းလက်ထက် (Ancient regime) ပုံစံကို ပြန်ရောက်ဖို့ စိတ်ကူးမျှပင် စဉ်းစားလို့ မရနိုင်တော့ပါ။
အရေးအကြီးဆုံး အပြောင်းအလဲတွေက နပိုလီယန် မပေါ်မီကပဲ လုပ်ပြီးနေပြီ။
၁၇၉၉ မှာ နပိုလီယန် အာဏာရတော့ “ရှေးပုံစံအတိုင်း စွဲမြဲကြစို့” လို့ ပြောဖို့ အချိန် သိပ်နှောင်းသွားပြီ။
ဒါပေမယ့် နပိုလီယန်က ကိုယ်တိုင် ရှင်ဘုရင် လုပ်ချင်တဲ့ တိုင်အောင် ဥရောပ တခွင်မှာတော့ သူ့ကြောင့် ပြင်သစ် တော်လှန်ရေး ရဲ့ အကောင်းဆုံး ဝါဒရေးရာကို ပျံ့နှံ့အောင် ဖြန့်ပြီး ဖြစ်ခဲ့ရပါတယ်။
နပိုလီယန်ကြောင့် တိုက်ရိုက် မဟုတ်ပေမယ့် လက်တင် အမေရိက (Latin America) မှာ အကျိုးအများကြီး ရပါတယ်။
သူက စပိန် (Spain) ကို ဝင်တိုက်တော့ စပိန် အစိုးရဟာ သိပ်အားနည်းသွားလို့ သူ့ကိုလိုနီတွေရှိရာ လက်တင် အမေရိကကို ရှေးကလို ထိထိရောက်ရောက် မထိန်းကွပ်နိုင်တော့ပါ။
အဲဒီအခါ တကယ် (Defacto) မကြေညာပေမယ့် လက်တင် အမေရိက ကိုယ်ပိုင် အုပ်ချုပ်ရေး (Autonomy) အတွက် လွတ်လပ်ရေး ကြိုးပမ်းမှုတွေ စလာပါတော့တယ်။
နပိုလီယန် ဆောင်ရွက်သမျှမှာ အရှည်ကြာဆုံး၊ အဖိုးတန်ဆုံး ကိစ္စကတော့ သူ့ပဓာန စီမံကိန်းနဲ့ ဘာမှ မဆိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။
နပိုလီယန်က ၁၈၀၃ မှာ အမေရိကန် ပြည်ထောင်စု (USA) ကို မြေတွေ အများကြီး ရောင်းပါတယ်။

မြောက်အမေရိကမှာ ရှိတဲ့ ပြင်သစ် ပိုင်နက်ကို ဗြိတိသျှက သိမ်းမယူဘူးလို့ မပြောနိုင်၊ သူ့မှာလည်း ငွေအကျပ်အတည်း ရှိနေတယ်။
ဒီတော့ လူဝီစီယားနား အဝယ် (Louusiana Purchase) ဆိုတဲ့ သမိုင်းမှာ မကြုံဘူးတဲ့ အသာတကြည် မြေဧရိယာ အများကြီးကို လက်ကူးလက်ပြောင်း လုပ်ကြတော့ အမေရိကန် ပြည်ထောင်စုဟာ တိုက်ကြီးတတိုက်နီးပါး (Nearcontinatal size) ကြီးမား ကျယ်ပြန့်သွားပါတယ်။
ဒီလူဝီစီယားနား အဝယ်သာ မဖြစ်ခဲ့ရင် အမေရိကန်ပြည်ထောင်စု (USA) ဘယ်လိုနေမလဲလို့ အစဉ်းစားရ ခက်ပါတယ်။ အခုနဲ့တော့ အများကြီး ကွာခြားတဲ့ဒေသ ဖြစ်စရာအကြောင်း ရှိပါတယ်။
အမှန်ပြောရရင် ဒီလူဝီစီယားနား အဝယ်သာ မဖြစ်မြောက်ခဲ့ရင်၊ အမေရိကန် ပြည်ထောင်စုဟာ အခုလို ကမ္ယာ့တန်ခိုးကြီး နိုင်ငံ ဖြစ်လာနိုင်စရာ မရှိလို့ ထင်စရာ ရှိပါတယ်။
နပိုလီယန် တဦးတည်း ဒီလူဝီစီယားနား အဝယ်ကို ဆောင်ရွက်တာတော့ မဟုတ်ပါ။ အမေရိက အစိုးရက တဖက်ကလည်း စိတ်ပါဝင်စားတယ်။
ဒါပေမယ့် ပြင်သစ်က ဈေးပေါပေါပေးနေတော့ ဘယ်အစိုးရဖြစ်ဖြစ် ဝယ်မှာပါပဲ။
ပြင်သစ်က ရောင်းမယ်လို့ ဆိုရာမှာတော့ နပိုလီယန် ဘိုနာပတ် (Napoleon Bonaparte) တဦးတည်း ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။
4, October, 2000.
(သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း မြန်မာပြန် ရေးသားသည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက် က ၂၀၁၀ ပြည့်နှစ် မတ်လတွင် ထုတ်ဝေသော “ကျော်စွာ ၁၀၀” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းမှာ The 100 A Ranking of the Most Influential Person in History by MICHAEL H. HART စာအုပ်ဟု သိရပါသည်။ ဆရာကြီး မြန်မာပြန်ထားသည့် ဆောင်းပါးများထဲက ယခု တပုဒ်ကို ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဒေါက်တာ သန်းထွန်းသည် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)
You may also like these stories: